သူ့ဖာ သူ ဖြစ်သွားပါလိမ့်မယ်
” သူ့ဖာသူ ဖြစ်သွားပါလိမ်မယ် ” တဲ့
ဗမာတွေ ပြောလေ့ရှိတဲ့စကားပါ ။ ပြီးတော့ နောက်တစ်ခုရှိသေးတဲ့ ။ တစ်ဆက်ထဲ ပြောလေ့ ရှိတဲ့ စကားပါ ။ ” မိုးပြိုတော့လဲ အများပေါ့ ” တဲ့လေ ။
ပထမစကားက သူ့အလိုလို အရာအားလုံး အချိန်တန်ရင်ပီးမြောက်သွားမှာပဲ ။ ဘေးကနေ ဘာမှ တွန်းအားပေးဖို့ရာမလို ။ တိုက်တွန်းမေးဖို့ အားပေး အားမြှောက် ပြုဖို့မလို ( တစ်ကယ်တော့ တွန်းဖို့အားမရှိတာ ၊ တိုက်တွန်းဖို့ အားပေးအားမြှောက်လုပ်ပေးဖို့ ထပ်ပြီး လိုက်စရာ / ရင်းစရာ အချိန်ငွေ လူ လုပ်အား ထပ်ပီးမထည့်နိုင်တော့တာ ) ။ အဲ့ဒိလိုနေရင်းနဲ့ အချိန်တန်တော့ ရသမျှ လေး လက်ထဲပိုက် အိမ်ပြန်ကြသူတွေချည့်ပဲ ။
တစ်ညက လက်ဖက်ရည်ဆိုင်က အိမ်ပြန်မလို့ ပိုက်ဆံရှင်းပြီး ထလိုက်တော့ မှ အတူထိုင်နေကျ သူငယ်ချင်း ကိုဇော် ရောက်လာတယ် ။ လက်ဖက်ရည်ဆိုင်မှာ စကားပြောဖော်ပေါ့ ။ သူက မြို့အရှေ့ဘက် ရွာသစ်ဆိုတဲ့ ရွာက ။ ခုတော့ အနော်ရထာရပ်ကွက်ပေါ့ ။ ရပ်ကွက်သာ ဖြစ်လာလို့ အရင် မြို့ပေါ်က သူတွေ လို အိမ်ခွန်တွေ မီးခွန်တွေ အမှိုက်ခွန် ဘာခွန် ညာခွန် တွေ သာတန်းတူ လိုက်ဆောင်နေရတယ် ။ လူနေမှု စနစ်က ပြောပါ့လောက်အောင်တိုးမလာသေးပါဘူး ။ အရင် ရွာလို့ သတ်မှတ်တုန်းကလည်း နွားနဲ့ဖက်ရုန်းပြီး လယ်ထွန်ရတယ် ။ ခုလည်း ထိုနည်းလည်းကောင်းပဲ ။ အရင်ကလည်း နွေရာသီ တော တက်ပီး မိုးတွင်းအတွက် ထင်းဝါး ခုတ်ရတယ် ။ ခုလည်းထူးမခြားနား ။
” ဟ မှောင်တောင်နေပီ ခုမှလာတာလား ” ပေါ့ သူနေတဲ့နေရာက ခုရောက်နေတဲ့ လက်ဖက်ရည်ဆိုင်နဲ့ ဆို တစ်မိုင်ခွဲ နှစ်မိုင်က အနဲဆုံးကိုး ။
” ဟုတ်တယ်ဗျ ပဲတီစိမ်းခင်း ရေသွင်းနေလို့ ”
ဟိုက် ။ ကြားဖူးကြလား ??? ပဲတီစိမ်း ရေသွင်းစိုက်သတဲ့ ။ မိုးကလည်း ကြီးကြီးမားမား မရွာသေးပါဘူး ။ သင်္ကြန်ပီးမှ ခုထိ သုံးကြိမ်လောက်ပဲ ဖုန်သိပ်ရုံ မျက်စေ့နာကောင်းရုံ ရွာလိုက်သေးတာ ။ နောက်ရွာမလိုလိုနဲ့ မရွာပါဘူး ။ မြန်မာပြည်အလယ်ပိုင်း ဆိုတာကလည်း ဘင်္ဂလား ပင်လယ်အော်ထဲ မုန်တိုင်းရှိမှ မိုးရွာတာကလား ။ ဘင်္ဂလား ပင်လယ်အော်ထဲ နေ့တိုင်းမုန်တိုင်းကျရမလိုဖြစ်နေပြီ ။ ပိုက်ဆံ တတ်နိုင်တဲ့သူ အချိန်နဲ့ လုပ်အား(ခ) စိုက်ထုတ်နိုင်တဲ့သူတွေက ပဲတီစိမ်း ရေသွင်းစိုက်နေတယ် ဆိုတဲ့အချိန်မှာ စိုက်ချိန်တုန်းကလည်း ဟိုက ဒီက ချေးငှားပေါင် နှံ စိုက်ထားရတဲ့သူတွေက မိုးမှမရွာရင် ဘာဆက်လုပ်နိုင်မှာလဲ ။
” သူ့ဖာ သူဖြစ်သွားပါလိမ့်မယ်ကွာ ။ ရေမသွင်းနိုင်တာ ငါ တစ်ယောက်ထဲမှ မဟုတ် ။ မိုးပြိုတော့လည်း အများပါ ။ မသကာ သီးနှံ ပျက်သွားတော့လည်း ဘယ်တတ်နိုင်မလဲ ။ ဒီတစ်သီ း မရတော့လည်း နောက်စိုက်ရမဲ့ သီးနှံတွေ ကျန်သေးတာပဲ ။ ”
အဲ့ဒိလိုအပြောလေးနဲ့ မိုးစုန်းစုန်း ချုပ်ရတာလည်း အခါခါပေါ့ ။
ပြောချင်တာက ” မလုပ်တတ်လို့ မဟုတ် ” မလုပ်နိုင်လို့ အားမတန်မာန်လျော့ နေရတဲ့ အခြေခံ လူတန်းစားတွေ အကြောင်းပါ ။
တစ်ချို့ကိစ္စတွေကျတော့ နည်းပညာ အားနည်းလို့ ။ ဒီလိုလုပ်ရမှန်းမသိလို့ သမရိုးကျ မိရိုးဖလာအတိုင်းလုပ်လိုက်ကြတာလည်းရှိရဲ့ ။ ကြာလာတော့လည်း ခေါက်ရိုးကျိုးနေပြီ ။ ဘယ်ကနေစပြင်မလဲ ။ ဆင်းရဲ မွဲတေမှု ပပျောက်ရေး ဆိုပြီး ပိုက်ဆံချည့် လိမ့်ချေးနေလိုမဖြစ်ပါဘူး ။ ခေါက်ရိုးကျိုးနေတာလေးတွေ လည်း ပြန်ဖြည်ဖို့ လိုလိမ့်မယ်နဲ့ တူရဲ့ ။ ဖတ်မိသူရဲ့ အတွေးထဲ အမှိုက်လေး တစ်စ ထည့်ပေးလိုက်တာပါ ။
နေဝန်းနီ
8 comments
lu lu
May 25, 2014 at 6:26 am
ဒါအမှိုက်တစမဟုတ်ပါဘူး
တခါတ လေဒီလိုပဲအားမတန်လို ့မာန်လျော့ရတဲ့အချိန်
တွေရှိပါတယ် ။ အ တွေးတစယူသွားပါပြီ ။
🙂
alinsett (gazette)
May 25, 2014 at 9:13 am
အဲဒီ စကားနှစ်ခွန်းလုံးက အားမရှိတဲ့လေသံကြီးနော်
ကျနော်တော့ သိပ်မကြိုက်ဘူး
စစ်မရောက်ခင် မြှားပလိုင်းကျပျောက်နေလို့တော့ ဘယ်ရမလဲပေါ့
ဘာပေါ့ ညာပေါ့
naywoon ni
May 25, 2014 at 6:56 pm
အားလျော့ကျတာပေါ့ကွယ် ။ မိုးလေကမမှန် …. လုပ်သမျှက အဆင်မပြေ နောက်ဆုံးတော့ ကံကိုပဲ ပုံချပြီး လည်စင်းခံနေရတဲ့ လူတန်းစားပေါ့ ။ ဒါပေမဲ့ အထင်မသေးနဲ့မောင်ရင် သူတို့တွေ ပေါက်ကွဲရင် ငလျင်လှုပ်သလိုပဲ အပေါ်ထပ်အဆောက်အအုံ တစ်ခုလုံး ပြိုလဲကျသွားနိုင်ရဲ့ ။ အဲ့အခြေခံ လူတန်းစားကို ဘယ်လို မြှင့်တင်ပေးမလဲ ။ သုံးသပ်ကြပါဦး ။
Ma Ma
May 25, 2014 at 7:55 pm
မီလျှံနာတွေလို ချမ်းသာအောင်တော့ ဘယ်လိုလုပ်ရမလဲ မသိဘူး။
(ကိုယ်တိုင်လည်း အဲလိုမချမ်းသာတော့ ) 🙁
တော်ရုံထမင်းမငတ်အောင်တော့ ရိုးသားပြီး ကြိုးစားချင်စိတ်ရှိရင်ရပါတယ်။
ငွေအရင်းအနှီးမရှိရင် ပခုံးထမ်း၊ အလုပ်ကြမ်းလုပ်လို့ရတယ်။
ငွေအရင်းအနှီး နည်းနည်းနဲ့ ကြုံရာကျ ဘမ်းဈေးရောင်းစားလို့ရတယ်။
ရောင်းတတ် ဝယ်တတ်ဖို့တော့လိုတာပေ့ါ။
ရောင်းရင်းဝယ်ရင်းနဲ့ပဲ ရိုးသားရင် အကြွေးပေးမယ့်သူ မရှားလို့ ရှိတဲ့ငွေရင်းထက် ပိုပြီး ရင်းနှီးရောင်းဝယ်နိုင်လို့ ကြီးပွားသွားကြသူတွေ အများကြီးပဲတွေ့ဖူးတယ်။
တချို့တော့လည်း ရောင်းရင်းဝယ်ရင်း စားရင်းသောက်ရင်း(သောက်လို့ကုန်တာနဲ့ အလုပ်ပျက်တာနဲ့) တစ်နှစ်သုံးတွေ လုပ်ရင်း ပြုတ်ပြုတ်ပြုန်းသွားသူတွေလည်း အများကြီးပေ့ါ။
ဟိုတလောက ဖဘမှာ ဘွဲ့ရ အလုပ်ကြမ်းလုပ်မယ်ဆိုပြီး သရုပ်ပြဆန္ဒထုတ်ဖော်တာ တွေ့လိုက်မိတယ်။
လုပ်ငန်းရှင်တွေမှာလည်း ဝန်ထမ်းအလိုရှိသည် ကြော်ငြာတွေချည်းပဲမို့ စဉ်းစားရ ခပ်ခက်ခက်ပဲ။
naywoon ni
May 25, 2014 at 10:17 pm
ကျွန်တော်ရေးပြနေတာက စိတ်ကူးယဉ်မဟုတ်ဘူးနော် ။ အခြေခံ လူတန်းစား တောသူတောင်သားတွေရဲ့ ဘဝနဲ့ လက်တွေ့ လူနေမှု ခေါက်ရိုးကျိုးနေတာကို ချပြတာပါ ။ ၁၉၈၉ ကနေ ၁၉၉ရ လောက်ထိ တောင်သူတွေနဲ့ လက်ပွန်းတစ်တီး နေရတဲ့ ရုံးမှာ အလုပ်လုပ်ခဲ့ဖူးတယ် ။ အဲ့ကာလ အတွင်းမှာ မြို့နယ် သုံးခု ပြောင်းရွေ့ ခဲ့ ရဖူးတယ် ။ ရှစ်နှစ်လောက်ကာလ အတွင်းမှာ တောင်သူ ငါးသောင်းလောက်နဲ့ လက်ရည် တစ်ပြင်တည်း နေထိုင်ခဲ့ဖူးတယ် ။ ခုထိလည်း ဆွေမျိုးသားချင်း တွေထဲမှာ ဆင်းရဲတဲ့ တောင်သူ ချမ်းသာတဲ့ တောင်သူ တွေနဲ့ လက်ပွန်းတစ်တီး နေ နေရတုန်းပဲ ။ တောင်သူ ဆိုတာ ကြိုးစားတိုင်းအရာမရောက်တတ်ဖူး ။ ရာသီဥတုလေးကလည်း ကိုယ့်ဖက်ကပါမှ အဓိက ကျန်းမာရေး မိသားစုလိုက်ကောင်းနေပါမှ ။ ရွာတွေမှာ ဆေးပေးခန်းမရှိဘူး ။ သားဖွားဆရာမ ဆိုတာကလည်း ရွာမှာအမြဲ မရှိတတ် ။ ရှိပြန်တော့လည်း သူ့ဝမ်းရေး အရ တစ်ခြားအလုပ်နဲ့ တွဲဖက်လုပ်နေပြန် ။ ရောဂါတစ်ခု စွဲကပ်လာရင် ဗဟုသုတမရှိလို့ ကုန်သင့်တဲ့ အတိုင်းအတာထက်ငွေကုန်တတ်တယ် ။ တစ်ရာသီ ရတဲ့ ငွေထက် ကြွေးပါတင်သွားပြန်ရော ။ သွားပီ နောက်တစ်ရာသီ စိုက်ဖို့ ပျိုးဖို့ ငွေတိုးနဲ့ ရှာပေတော့ ။ ဒီကြားထဲ ပါးစပ်ပေါက်တွေက စားဖို့ အကြွေးယူရသေး ။ အကြွေးဆိုရင် တင်ထားတဲ့ ဈေးက ခေါင်ခိုက် ။ ရွာမှာ ကျင်လည်ပီး တောထဲ တောင်ထဲမှာ ကျက်စားတဲ့ သူ မြို့ပေါ်တက်လာဆိုတော့ ရေထဲကငါး ကုန်းပေါ်ပစ်တင်လိုက်သလိုပဲ ။ အဲ့ ရွာမှာ လုပ်စားစရာ မြေ မရှိတော့ဘူးဆိုရင်တော့ ရောက်တဲ့နေရာ တဲထိုးပီး နေရမှာပဲ ။ အဲ့ဒ ိအချိန် ဘာကိုမှလဲ ဂရု စိုက်မှာ မဟုတ်တော့ဘူး ။
Foreign Resident
May 26, 2014 at 6:21 am
အဘ နီ နှင့်ကတော့ ၊ ရွာသားဟောင်း အခြင်းခြင်းမို့ ၊ ဒဲ့ပဲပြောမယ်နော် ။
လယ် ဧက ၂ဝ အောက် ပိုင်တဲ့သူတွေ ၊ လယ် ဆက်လုပ်မနေနှင့်တော့ ။
ရှိတဲ့ လယ်တွေရောင်း ၊ မြို့တက်ပြီး ၊ အလုပ်ကြမ်း လုပ်ကြ ။
လယ် ဧက ၂ဝ အောက် ဘဲ ပိုင်ပြီး ၊ လယ် ဆက်လုပ်နေသူ ဟာ ၊
အခြေအနေကို နားမလည်တဲ့ ၊ ဆင်ခြင်ဉာဏ် နည်းတဲ့ ငတုံး ။
( ဆင်းရဲသင့်လို့ ၊ ဆင်းရဲနေတဲ့သူ ၊ မ သနားဘူး )
မြို့ မှာ ၊ လက်ကြောတင်းအောင် လုပ်ပြီး ၊ ရိုးသားရင် ထမင်း မငတ်ဘူး ။
ဉာဏ် နဲနဲ ရှိပြီး ၊ အပျော် အပါး ကင်းရင် ၊ သူဋ္ဌေးတောင် ဖြစ်နိုင်သေး ။
naywoon ni
May 26, 2014 at 10:24 am
ခက်တယ်အဘ ဖောရေ ကျွန်တော်တို့ နယ်မြို့လေးတွေမှာ က ကျွန်တော်အခနေထိုင်နေတဲ့ မြို့ဆိုရင် မြို့ပေါ်နေ လူဦးရေ လေးသောင်းခွဲလောက်က တောရွာမှာနေတဲ့ လူဦးေ ရ တစ်သိန်းခြောက်သောင်းလောက်ရဲ့ လယ်ယာထွက် စိုက်ပျိုးသီးနှ့ကို မှီပီး စီးပွားရှာနေရတာ ။ ရာသီဥတု မှန်လို့ သီးနှံ အထွက်ကောင်းရင် မြို့လေးက ပိုစည်တယ် ။ သီးနှံ အထွက်ညံ့လို ရွာလေးတွေမှာ ကြပ်တည်းရင် မြို့လေးက ခြောက်ကပ်သွားတာ ။ တစ်ခြား လက်မှု ပစ္စည်းမထွက်ဖူးလေ ။ ပီးတော့ ၈၀% က တောနေလူတန်းစား သူတို့တွေ ဝယ်စားမှ ဝယ်ဝတ်မှ ဝယ်သုံးနိုင်မှ ငွေလည်ပတ်မှုက များလာတာ ။ ပြီးတော့ ကျေးလက်နေလူတန်းစားက မြို့ပေါ်တက်လာရမှာ သမလောက်ကြောက်တာကလား ။ သူနေထိုင်ရာဝန်းကျင်မှာပဲ ပျော်တာကိုးဗျ ။
kyeemite
May 26, 2014 at 10:49 am
” သူ့ဖာသူ ဖြစ်သွားပါလိမ်မယ် ” ဆိုတာကတော့ လက်လျှော့တဲ့စကားပဲဗျ….
“မိုးမှမရွာရင် ဘာဆက်လုပ်နိုင်မှာလဲ ” ….
ဟုတ်တယ်ဗျာ..ခုထိသဘာဝတရား(မိုးနတ်မင်း) ကြီးကို အားကိုးနေရသေးတယ်ဆိုတော့..
အားလျှော့စကားမျိုးပြောမိကြတာ အပြစ်တင်ရခက်ပြန်ရော…