ဘယ်အမျုိုးကိုစောင့်မှာလဲ…
စာမရေးဖြစ်တာလည်းကြာပါပြီ… အကြောင်းမှုကား…စီပွါးရေး..လူမှုရေးများနဲ့ခရီးထွက်တာလည်းများနေ..မြန်မာပြည်ရဲ့ကိုးနတ်ရှင်ကလည်း တစ်နာရီကို ၂၀ဝကျပ် နဲ့အဝိုင်းလေးလည်တာထိုင်ကြည့်ရင်းနဲ့တရားသဘောနဲ့သည်းခံခြင်းပါရမီ အားကောင်းလာပေ၏… ရွှေမြို့တော်ရန်ကုန်မြို့ကြီးမှာ နေ့စဉ်မြင်တွေ့နေရတဲ့ဒုက္ခတွေကိုလည်း အားရပါးရရေးခြင်ပါ၏…မိမိနေထိုင်ရာလှိုင်မြို့နယ်မှပန်းဆိုးတန်း ိဆေူးလေသို့အချိန်တစ်နာခွဲလောက်ကြိုသွားမှတော်ရုံကျပေမည်…နံနက်၈းဝဝ နာရီနောက်ပိုင်းဆိုရင်တော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့သေပြီဆရာပါပဲ…ဟံသာဝတီအဝိုင်းမှစ၍ရှင်လောင်းလှည့်ရပါတော့မည်…မိုးကလည်းရွာလိုက်တာနဲ့ ရေကလည်း ဒူးဒူးလောက်ပေါင်လောက်ကိုရောက်ဖို့ နာရီဝက်မျှပင်မစောင့်ရပေ…တက္ကစီဆရာသမားများကလည်း လမ်းနည်းလောက်ချောင်သွားတာနဲ့ တစ်နာရီကို မိုင်၁၀ဝနှုံးနဲ့ဆော်ကြတော့တာပဲ…ကိုရွှေလိုင်းကားဆရာသမားတွေကတော့ ညာသံပေးဟွန်းတီး၍လမ်းပြောင်းပြန်တွေမောင်းပြီး ဖော်မြူလာဝမ်း မှာဝင်ပြိုင်နေတယ်မှတ်လေရော့လားမသိ…သွားသတိ လာသတိနဲ့ တရားမှတ်နေမှသာဘဝကူးကောင်းပေလိမ့်ဟု မှတ်ယူရပေမည်…နယ်ခရီးသွားသွား ဘယ်ခရီးပဲသွားသွား ဂုဏ်တော်တွေကိုမပြတ်ရွှတ်နေမှတော်ယုံကြပေမည်…တန်တော့ ရေးခြင်တဲ့အကြောင်းအရာကို ဦးတည်လိုက်အုံးမယ်…
စာမရေးဖြစ်ပေမယ့် ရွာထဲကိုတော့မကြာမကြာဝင်ရောက်စာဖတ်ဖြစ်ပါတယ်…ဒီနေ့ရေးစာရေးခြင်တဲ့ပိုးကပြန်ထလာတယ်ပဲဆိုရမှာပေါ့လေ…
အကြောင်းအရာက ဒီနေ့ထုတ် Messenger Journal Vol4,N0 52 26 th May 2014 မှာပါလာတဲ့ ဆောင်းပါးလေးကိုဖတ်ပြီးရေးခြင်စိတ်တွေ တစ်ဖွါးဖွါးပြန်ပေါ်လာတော့တယ်…
ဤဆောင်းပါးကို ရဟန်းတော်များအတွက် အဓိကရည်ရွယ်ပါသည်။မိကျောင်းမင်းရေကင်းပြခြင်းမဟုတ်ပါ၊နွားရှေ့ထွန်ကျူးခြင်းလည်းမဟုတ်ပါ၊ပညာရှိသတိဖြစ်ခဲဟူသောစကားအရ သတိမမူ ဂူမမြင်ဖြစ်နေသော ရဟန်းတော်များအတွက် သတိမူရန်လမ်းကြောင်းပေးခြင်းသာ။
တစ်ခါကမြတ်စွာဘုရားသည် သူ့ခမည်းတော်နေထိုင်ရာ သူ့ဆွေမျိုးများရှိရာ ကပိလဝတ်ပြည်သို့ ကြွသွားရာခမည်းတော်နှင် ဆွေမျိုးတော်များက သောင်းသောင်းဖြဖြကြိုဆိုကြသည်။တရားဓမ္မများ နာကြားကြသည်။တရားဓမ္မများနာကြား၍ ဆွမ်းစားချိန်နီးကပ်လာသောအခါ မြတ်စွာဘုရားက သပိတ်ပိုက်ပြီး ဆွမ်းခံကြသွားသည်။ဆွမ်းခံခြင်း အလေ့အထမရှိသေးသော ဗုဒ္ဓဘာသာအမြစ်မတွယ်သေးသောသူများဖြစ်၍ ဆွမ်းခံကြွခြင်းကို မြင့်မြတ်သည်ဟုမထင်ဘဲ တောင်းစားခြင်းသက်သက်အဖြစ်ယူဆကာ မှူးမတ်များက ဘုရင့်ထံမှောက်သွားရောက်၍ ” အရှင်မင်းကြီးရဲ့ သားတော်က အိမ်စဉ်လှည့်ပြီး ထမင်းလိုက်တောင်းနေတယ် ” ဟုတိုင်ကြားကြသည်။
ထိုအကြောင်းကြားလျှင်သုဒ္ဓေါဒနမင်းကြီးသည် ဝတ်လဲတော်ပုဆိုးကိုမှ သေချာစွာမဝတ်နိုင်ပုဆိုးစွန် တောင်စွဲကာ ဘုရားထံမှောက် အပြေးသွား၍ ” သားတော် ဘယ်လိုလုပ်လိုက်တာလဲ ခမည်းတော်နဲ့ဆွေမျိုးတွေကို အရှက်ခွဲတာလား သားတော်ရဲ့ ရဟန်းတော်တွေကို မကျွေးနိုင်ဘူးထင်လား၊ဘာဖြစ်လို့အိမ်စဉ်လှည့်ပြီးလိုက်တောင်းနေရသလဲ ” ဟုလျှောက်ထားလေသည်။
ဗုဒ္ဓက “မင်းကြီး ဒီလိုဆွမ်းခံတာဟာ ငါဘုရား ဆွေမျိုးစဉ်ဆက်ကျင့်သုံးလာတဲ့ကျင့်ဝတ်ကို ကျင့်သုံးတာဖြစ်တယ်” ဟုမိန့်လျှင် ” သားတော်ဘုရား မဟာသမ္မတခတိ္တယ မင်းမျိုးက စပြီး ယနေ့အထိ တပည့်တော်တို့ မျိုးရိုးမှာ တောင်းစားတဲ့သူဆိုလို့ တစ်ယောက်မှမရှိပါဘူး။ဘာဖြစ်လို့ သားတော်ကမျိုးရိုးစဉ်လာလို့ ပြောရတာလဲ။
“မင်းကြီး မဟာသမ္မတိ္တယ မင်းမျိုးဆိုတာ သင်မင်းကြီးအမျိုးပဲ ငါ့အမျိုးမဟုတ်ဘူး၊ငါ့ဘုရား အမျိုးဆိုတာ က ရှေးဘုရားစဉ်ဆက် သာသနာစဉ်ဆက်က (အမှား ကံဗုဒ္ဓဝံသော) ငါ့ဘုရားအမျိုးပဲ” ဟုမိန့်လေသည်။ဝိနည်းအဋ္ဌကထာမှာပါသည့် ဖြစ်ရပ်လေးပါ။
ဖြစ်စဉ်က ရိုးရိုးသာမန်ပါ၊ဒါပေမဲ့ စဉ်းစားစရာကတော့တစ်ပုံတစ်ပင်ပါပဲ၊ဗုဒ္ဓကဘုရားဖြစ်သွားသည့်အတွက် သာသနာ့နွယ်ဝင် ဖြစ်သွားသည့်အတွက် သာကီဝင်မင်းမျိုးတို့သည် သူနှင့်မဆိုင်တော့၊သူ့အမျိုးမဟုတ်တော့၊မှန်လှပေသည်၊ဘုရားဟူသည် တစ်လောကလုံး တစ်စကြဝဠလုံး သတ္တဝါအားလုံးကို ကိုယ်စားပြုသည် မဟုတ်လား၊သူ့အမျိုးအတွက်ပွင့်လာသည်မဟုတ်ပေ။ဤသို့ဆိုလျှင် ရဟန်းတော်များကကော ဘယ်လူမျိုးကို ကိုယ်စားပြုမည်လဲ ရဟန်းတော်များလည်း ဗုဒ္ဓဝံသ သာသနာဝံသပါပံ၊သို့အတွက် မြတ်ဗုဒ္ဓဟောကြားသည့် ဓမ္မကိုသာ ကိုယ်စားပြုရပါမည်။
ဓမ္မဟူသည် မြန်မာမဟုတ်၊တရုတ်မဟုတ်၊အမေရိကန်မဟုတ်၊မူဆလင်မဟုတ်ပေ။ဓမ္မသည် တစ်ကမာ္ဘလုံး၏အမှတ်တံဆိပ်ဖြစ်သည်၊တစ်စကြဝဠာလုံး၏ သင်္ကေတဖြစ်သည်။ဓမ္မကိုဖြန်းဖြူးရသောဓမ္မကိုယ်စားလှယ်ဖြစ်သော ရဟန်းတော်များသည် လူမျိုးကိုသာ ကိုယ်စားမပြုသင့်ပါ။ မှားနေလျှင် လမ်းကြောင်းပေးသင့်သည်။ချော်နေလျှင် တည့်ပေးသင့်သည်၊ထိုထက်ပို၍ ကိုယ်ထိလက်ရောက်မပါဝင်သင့် မပါဝင်ကောင်း။ ဓမ္မသည် မြန်မာလူမျိုးတို့၏ ဓမ္မမဟုတ်ပါ။ထိုဓမ္မကို ကိုယ်စားပြုသော သာသနာဝံသ ဗုဒ္ဓဝံသရဟန်းတော်များသည်လည်း မြန်မာမဟုတ်ပါ၊ ဓမ္မသည် International Law ဖြစ်သည်။ဓမ္မကို ကိုယ်စားပြုရသော ရဟန်းတော်များသည် မြန်မာလူမျိုးတစ်မျုိုးကိုသာ ကာကွယ်သည်ဆိုလျှင် ဓမ္မသည်ဘောင်ကျဉ်းသွားပေလိမ့်မည်။မြန်မာလူမျိုးပိုင် ဓမ္မဖြစ်သွားပေလိမ့်မည်။
မြန်မာလူမျိုးပိုင် ဓမ္မနှင့်ကမ္ဘာကိုမည်သို့စည်းရုံးမည်နည်း၊ဘောင်ခက်ထားသောဓမ္မဖြင့် ကမ္ဘာကိုကျယ်ပြန့်အောင် မည်သို့ဖြန့်မည်နည်း၊ရဟန်းတော်များ အမြင်မကျဉ်းသင့်ပါ၊လူတွေသူ့တို့ကိစ္စ သူတို့လုပ်ပါလိမ့်မည်။သူတို့နားမလည်ရင် သူတို့ခံပေါ့၊ သူများ ဓါးခုတ်ရာလက် ဝင်မလျှိူပါနှင့် ပေါက်ကွဲမည့် ဗုံးတစ်လုံးကို စနက်တံ ဝင်မဖြတ်နှင့်၊ သမိုင်းမှာ ကိုယ်တရားခံဖြစ်သွားပေလိမ့်မည်။
မြန်မာလူမျိုးတစ်မျိုးကိုသာကာကွယ်ရန်တာဝန်သည် ရဟန်းတော်များတွင်မရှိပါ၊တစ်ကမ္ဘာလုံး တစ်စကြဝဠာလုံးကို သံသရာ ဘေးဒုက္ခမှ ကယ်တင်ရန်သာ ရဟန်းတော်များ၏ တာဝန်ဖြစ်သည်။တစ်ကမ္ဘာလုံး တစ်စကြဝဠာလုံးကို ကယ်တင်ရန် တာဝန်ယူထားသော ရဟန်းတော်များသည် လူမျိုးတစ်မျိုး သို့မဟုတ် အဖွဲ့အစသည်းတစ်ခုကို ကိုယ်စားပြုသင့်ပါ။
ပညတ်နယ်ပယ်ထဲမှာနေထိုင်ကြသည့် နိုင်ငံတော်သမ္မတ၊လွတ်တော်ဥက္ကဋ္ဌဆိုသူများဆိုသူများပင် ပြည်သူများကို ကိုယ်စားပြုသည့်အတွက်ပါတီနိုင်ငံရေးကင်းစင်ရသည်မဟုတ်ပါလား၊ပရမတ်နယ်ပယ်မှာ နေထိုင်ကြသည့် ရဟန်းတော်များသည် ဓမ္မကိုဖြန့်ဖြူးဖို့ တစ်ကမ္ဘာလုံးကို ကိုယ်စားပြုနေသူများဖြစ်သည့်အတွက် လူမျိူးရေးသံယောဇဉ်၊ဂိုဏ်းဂဏသံယောဇဉ် ကင်းစင်နေရပေမည်။သို့မှသာလျှင် ကမ္ဘာကအမြင်ကြည်ပေမည်။ဘက်လိုက်မူကင်းသော ဓမ္မအဖြစ်ကမ္ဘာကလက်ခံလာပေမည်။
ဗုဒ္ဓလက်ထက်က ကျောင်းအမကြီး ဝိသာခါယူသည့် အမျိူးသားက ဘာသာခြားပါ။ကျောင်းဒကာကြီး အနာထပိဏ်သူဌေး၏သမီး စူဋ္ဌသုဘဒ္ဒါယူသည့် အမျိူးသားကလည်း ဘာသာခြားပါပဲ။မည်သည့်ရဟန်းကမှ ဥပဒေပြုဖို့မတောင်းဆိုခဲ့ပါ။ထိုဥပဒေ၏အမှားအမှန်ကို မိမိတင်ပြနေခြင်းမဟုတ်ပါ၊ဥပဒေပြုခြင်း လူတို့၏ကိစ္စသာ၊မှန်တိုင်းကောင်းတိုင်း ရဟန်းတော်များ လုပ်သင့်ပါသလား၊ဤသို့ဆိုလျှင် ဆေးကုခြင်းသည် ကောင်းသောလုပ်ရပ် မှန်သောလုပ်ရပ်ပါပဲ။မည်သည့်အတွက်ကြောင့် ဗုဒ္ဓကခွင့်မပြုခဲ့ပါသလဲ။
နောက်တစ်ခုက ဘယ်ပါတီကို မဲပေးပါ၊ဘယ်ပါတီကို မဲမပေးနဲ့ ဟုရဟန်းတော်များမပြောသင့်ပါ။ကောင်းခြင်းဆိုးခြင်းကိုတော့ ခွဲခြားပြသင့်ပါသည်။ဓမ္မဓိဋ္ဌန်အားဖြင့်ပေါ့။ပုဂ္ဂလဓိဋ္ဌန်အနေနှင့် တိုက်ရိုက်ပြောခြင်းကားဝိနည်းဒေသနာတော်နှင့်လွတ်ပါရဲ့လား။မိကျောင်းမင်း ရေခင်းပြခြင်းမဟုတ်ကြောင်း ဆောင်းပါစ၌ ဝန်ခံပြီးပါပြီ။လောက က မှန်တိုင်းကောင်းတိုင်း ရဟန်းတော်များလက်မခံသင့်၊မိမိတို့မှာ ဓမ္မပေတံရှိသည်။ ဓမ္မပေတံနှင့်တိုင်းတာ၍ မှားနေသည်ဆိုလျှင် လောက ကဘယ်လောက်မှန်မှန် ပယ်ချရမည်။ဓမ္မပေတံနှင့်တိုင်းတာ၍မှန်နေသည်ဆိုလျှင်ကား လောက ကဘယ်လောက်မှားမှားကျင့်သုံးရမည်သာ။
မေတ္တသုတ်၌ ကုလေသုအနနုဂိဒ္ဓေါ ဘယ်လူမျိုးကိုမှ ငဲ့ကွက်တွယ်တာမှု မပြုရ၊ကိုယ်စားမပြုရ ဟုဆိုထားပါသည်။ရိုးရိုးသာမန်မေတ္တာပွားများသူအတွက်ပင် ထိုကဲ့သို့ ဆိုထားလျှင် တစ်ကမ္ဘာလုံးကို သာသနာပြုမည့် ဓမ္မကိုယ်စားလှယ် ရဟန်းတော်များစဉ်းစားကြပါ။လူမျိုးမပျောက်ဖို့ကအရေးကြီးသည်။မှန်ပါသည်။ထိုကိစ္စကို လူတွေဆောင်ရွက်ပါလိမ့်မည်။မိမိတို့မှာ ထို့ထက်အရေးကြီးသည့် ကိစ္စရှိပါသည်။ထိုအရာကား ဓမ္မမပျောက်ဖို့၊လောကနှင့် ဓမ္မကိုခွဲခြားနားလည်ကြပါ။မိမိတို့မှာ ဓမ္မကိုကာကွယ်ဖို့တာဝန်ရှိသည်။
ဓမ္မဟူသည် ဘာသာတစ်ခုမဟုတ်ပါ။ဘာသာဟု ခေါင်းစဉ်တပ်ခြင်းသည် အုပ်စုနှစ်စုအကြား၊လူမျိုးတစ်မျိူးအကြား နံရံခြားပေးလိုက်သည်နှင့်တူ၏။ မှန်ကန်သောဓမ္မက နံရံအားလုံးကို ဖြိုသည်။တံတိုင်းအာလုံးကို ဖျက်သည်။အဆီးအတားအားလုံးကို ဖယ်ရှားသည်။ဓမ္မဟူသည် ဆေးဖြစ်သည်။လူတို့၏ စိတ်နှလုံးမသာယာမှု၊မငြိမ်းမှုစိတ်ယောက်ယှက်ခက်မှုများက အနာရောဂါဖြစ်သည်။
ဆေးသည် ဗုဒ္ဓဘာသာလည်းမဟုတ်။ခရစ်ယာန်လည်း မဟုတ်၊မူဆလင်လည်းမဟုတ်၊ဖာရစီလည်းမဟုတ်၊ရဟူဒီလည်းမဟုတ်။အနာရောဂါသည်လည်း ဗုဒ္ဓဘာသာမဟုတ်၊ခရစ်ယာန်မဟုတ်၊မူဆလင်မဟုတ်၊ဖာရစီမဟုတ်၊ရဟူဒီမဟုတ်ပါ။ ဗုဒ္ဓကတော့ ခမည်းတော်ကို သူသည် သူ့ခမည်းတော်၏အမျိုးမဟုတ်ကြောင်း၊သူ့ခမည်းတော်၏မျိုးရိုးစဉ်လာများကို မလိုက်နာနိုင်ကြောင်း၊ဗုဒ္ဓအမျိုး သာသနာအမျိုးဖြစ်၍ ဗုဒ္ဓအမျိုး သာသနာအမျိုးတို့၏ ထုံးတမ်းစဉ်လာများကိုသာလိုက်နာ စောင့်ရှောက်မည်ဖြစ်ကြောင်း အတိအလင်းမိန့်တော်မူခဲ့ပြီ။ကမ္ဘာကို ဓမ္မဆေးတိုက်ကျွေးကြမည့် ရဟန်းတော်များ ဗုဒ္ဓသားတော်ဟု ဝန်ခံပါလျှင် ဘယ်အမျုူိးကို စောင့်မှာလဲ။
အရှင်ဉာဏိသာရာဘိဝံသ သနိ္တသုခဆရာတော် (ဒါးက)
စာဖတ်သူအပေါင်း ရဟန်းသံဃာတော်အပေါင်း ရပ်ဝေးမှစာဖတ်ပရိတ်သပ်အပေါင်းတို့ကို မိမိနှစ်သက်သောဆောင်းပါးလေးတစ်ကို ဝေမျှခြင်းနှင့် ကုသိုလ်ပြုုခြင်းသာဖြစ်ပါသည်။
မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ…
9 comments
lilith erlang
May 27, 2014 at 4:30 pm
ပေါက်ကျိူင်းရေ အရမ်းထောက်ခံပါတယ်။
alinsett (gazette)
May 27, 2014 at 5:20 pm
အခုတလော
မန်ဘာအသစ်စက်စက်လေးတွေ comment ဝင် ဝင်ပေးနေတာတွေ ့နေရတာ မနည်းဘူးကိုး
သဂျီး ဆိုက်ကတော့ မန်ဘာဝင်သူတွေနဲ့ စည်စည်ကားကားဖြစ်တော့မှာ မြင်ယောင်ပါရဲ့။
ကြိုဆိုပါတယ်ဗျို့။
———–
အတွေး /ဆောင်းပါးလေး ဝေမျှတင်ပြပေးတဲ့အတွက်
သာဓုပါဗျာ
ဘာသာရေးကိစ္စဆိုတော့ သိပ်မဝေဖန်တတ်ဘူးဗျ
ခေါင်းစဉ်ကို ကြည့်ပြီး ဖတ်ချင်စိတ်ဖြစ်လာလို့
ဝင်ဖတ်သွားပါကြောင်း
naywoon ni
May 27, 2014 at 5:40 pm
အတ္တ နဲ့ ပရ မခွဲ ခြားနိုင်လို့ဖြစ်ကုန်တာပါ ။ လူဆိုတာ အတ္တ ကို ရှေ့တန်းတင်လွန်းရင် ………………….
lu lu
May 27, 2014 at 6:08 pm
အင်းးး ဒါက ဒီနိုင် ငံမှာသီတင်းတုန်းနေရတဲ့ ရဟန်း
ရှင် တွေအ နေနဲ ့လည်းကိုယ့်ဆွမ်းအလှူရှင် တွေ
ကိုဓမ္မ နဲ ့တင် မဟုတ်ဘဲ တဖက်တလမ်းကပါဝင် ကူညီ ကျေးဇူးဆပ်တာလည်းဖြစ်နိုင် ပါတယ်
တက်ယ်တော့ ရဟန်းတွေလည်းရုပ်နဲ ့နာမ်ပါပဲ
အခု လိုဝင် ပါနေရတာက ကိုယ့်နိုင် ငံကကိုယ့်လူမျိုး
တွေငြိမ်းချမ်းစွာကိုးကွယ်နေတဲ့ ဓမ္မ ကိုထိပါးစော်ကား
လာတဲ့အတွက် ဝင် ပါလာရတာတွေပါ ။
မှန်ကန်တဲ့တရားအတွက်ဆိုဘယ်နိုင် ငံ ဘယ်လူမျိုး
အတွက် မဆို အမှန်ဘက်ကရပ်တည်ကြမယ့် သူတွေပါ လူမျိုးစွဲတာမဟုတ်ပါဘူး ဗုဒ္ဓရဲ ့ဓမ္မကို နိုင် ငံ
တကာမှာပြန် ့ပွားလာအောင် လုပ်ဆောင် နေကြတာ
ရဟန်းတွေပါ မြန်မာပြည်ကိုချစ်တဲ့မြန်မာရဟန်းတွေပါ
ပဲ 🙂
Mr. MarGa
May 27, 2014 at 9:24 pm
ဝင်ဖတ်ပြီး အတွေးပွားသွားပါကြောင်း
မျှဝေပေးလို့ ကျေးကျေးဗျို့
Paing Lay
May 28, 2014 at 9:13 am
“သာသနာကို ပြန့်ပွားအောင်လုပ်ရမှာ နယ်ကန့်သလို မဖြစ်စေနဲ့” လို့ ဟောတဲ့ ဆရာတော်များလားမသိဘူး? နောင်တော်ပေါက်ကျိုင်းရေ
padonmar
May 30, 2014 at 11:54 pm
ခုမှ ဖတ်မိတယ်။
ကျေးကျေးပါ နဂါးနိုင်မင်းရေ။
သာသနာဆိုတာ အဆုံးအမတဲ့။
မြတ်စွာဘုရား အဆုံးအမကို လိုက်နာရင် ဘုရားသာသနာမှာ နေတာပါ။
မလိုက်နာရင် သာသနာပဖြစ်နေပါပြီ။
ဘယ်လိုပင် ကိုယ်ရေးရာဇဝင်မှာ ဗုဒ္ဓဘာသာဝင်လို့ ရေးသော်လည်း ဘုရားအဆုံးအမနဲ့ အညီမနေရင် သာသနာပ လူ သာသနာပ ရဟန်း ဖြစ်သွားမှာပဲ။
ခေတ်သစ်ပေါက်ကျိုင်း
May 31, 2014 at 1:34 am
အားလုံးပဲ မင်္ဂလာပါခင်ဗျာ…ပိုစ့်တင်ပြီးကတည်းက ကွန်မန့်တွေလည်းပြန်မရေးနိုင်တာကိုခွင့်လွှတ်တော်မူကြပါခင်ဗျာ…ကိုးနတ်ရှင်ကလည်း နိုပ်စက်တယ်ခင်ဗျ..
စာရေးပြီးတင်လိုက်တာနဲ့ကွန်နက်ရှင်ကပြုတ်နေပါရော…
ညီလေးအလင်ဆက်ရေ..သူကြီးရဲ့ဆိုက်က ရွာကြီးမဟုတ်တော့ဘူးလေ..မြို့ကြီးပြကြီးဖြစ်နေပြီလေ…ကွက်သစ်တွေမှာတောင် ကန်ထရိုက်တွေဆောက်ဖို့ ကိုကြီးမိုက်တို့ ကိုဘလက်တို့အလုပ်ရူပ်နေပါရော့လား…
ဘနီ..ဦးမာဃ..လုလု..ပိုင်လေး..အားလုံးကိုကျေးဇူးတင်ပါတယ်…
ဆရာမကြီးအန်တီ ပဒုမ္မာ ရေ…အမှန်ဆုံးလို့ယူဆပါတယ်ဗျာ…ကျနော်ရဲ့ကိုယ်ပိုင်ယူဆချက်နဲ့ကိုက်ညီလို့ပါပဲ…
ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေအားလုံး ဗုဒ္ဓရဲ့ အဆုံးအမ ဟာ ဓမ္မအစစ်ပါပဲ…အဲဒီအဆုံးအမအတိုင်းလိုက်နာကျင့်ကြံနေထိုင်မှာသာလျှင် ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်နိုင်မယ်လို့ယုံကြည်ထားပါတယ်…မည်သူကိုမှတိုက်ခိုက်လိုခြင်းလုံးဝမရှိပါ..မိမိရဲ့ကိုယ်ပိုင်ယုံချက်သာဖြစ်ပါတယ်…
ရွာသူရွာသားအားလုံး..ကမ္ဘာသူကမ္ဘာသားအာလုံး ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာနိုင်ကြပါစေ…
kyeemite
June 12, 2014 at 10:22 am
ဆောဒီးပါ ကိုဇော်မင်းရေ…အလုပ်များတဲ့ရက်မို့ ပို့စ်လေးကိုအခုမှဖတ်မိတယ်…
ရှယ်ပေးတဲ့အတွက်ကျေးဇူးပါဗျ…
အရှင်ဉာဏိသာရာဘိဝံသ သနိ္တသုခဆရာတော် (ဒါးက) ဆရာတော်ကိုလည်း ကြည်ညိုချီးကျူးမိပါတယ်