ကျနော် ဖုံးခဲ့သော စာအုပ်များ အကြောင်း
ဇွန်ရောက်ပြီလေ… (ဇွန်သင်ဇာ ရောက်လာခြင်းမဟုတ်ပါ)
ကျောင်းတွေ ပြန်ဖွင့်ပြီ ..
သည်၂ရက်အတွင်းတော့ ..သားတော်မောင် အတွက် ဗလာစာအုပ်တွေ အဖုံးဖုံးပေးရင်း
ငယ်ဘဝကို ပြန်အောက်မေ့မိရဲ့ ….
ကျနော် စာအုပ်ဖုံးသမား ပေါ့ဗျာ….။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဟုတ်တယ်.. ငယ်တုန်းက ပြည်တွင်းဖြစ်ကို အားပေး ဆိုသော
ဆိုရှယ်လစ် လက်ကျန် အမွေဆိုးကြောင့် ..ဗလာစာအုပ်တွေမှာ စာရွက်အသား မကောင်းသလို
အဖုံးကလည်း ချာတူးလန်သည်.. သည်တော့ … နှစ်မကုန်ခင်မှာပင်… စာအုပ်တွေ
အဖုံးနှင့်ကိုယ်ထည်ကျွတ်ပီး ခွံကွာရေလန် ဖြစ်ကြရ၏။ ဂျေဗီ ဘလားဘလား တွေ မှတ်မိ စိတ်နာသေးသပေါ့ဗျာ..
သည်တော့ မိဘများက ဗလာစာအုပ်မှန်သမျှ အဖုံးဖုံးခိုင်းလေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဦးလေးတွေ အဒေါ်တွေ လက်ထဲ ကြီးရသည့်ဘဝမယ်… ကလေးပေမင့် ကျနော် စာအုပ်ဖုံး
ကောင်းကောင်း ဖုံးတတ်ခဲ့သည်။ လွန်ခဲ့သောနှစ်က ပြကဒိန် အဟောင်းများသည် ကျနော့် စာအုပ်အဖုံးများ
ဖြစ်ခဲ့၏။ ၁၉၉ဝပြည့်လွန်အလယ်ပိုင်းနှစ်တွေမှာတော့ စာရွက်သားချော ပီး အဖုံး ထူလာလင့်ကစား .. ကျနော်ကတော့
စာအုပ်များကို စွဲစွဲမြဲမြဲ အဖုံးဖုံး တတ်သည်ချည်းသာ..။ ကျနော် အဖုံးမဖုံးဖြစ်တာကတော့ ..လယ်ဂျာဘုတို
နှင့်တူသော (သချင်္ာ စာအုပ်အဖြစ်သုံးသည့်) အနှောင့်ထူသော စာမျက်နှာ ၄၀၀-၅၀ဝ ပါ စာအုပ်များနှင့်
ဖတ်စာ စာအုပ်များသာ။ သည်စာအုပ်တွေက အဖုံး ကတ်ထူ သုံးသည်ကိုး .. ဖုံးရန်လည်း မလိုအပ်ဟု ထင်ခဲ့ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျန်စာအုပ်တွေဖုံးပြီး သည်စာအုပ်တွေ ချန်ထားခဲ့ရတာကိုလည်း စိတ်ထဲတော့ သိပ် မကောင်းလှ..။
ဒီကိစ္စသည် ကြာကြာမခံဖို့ ဖြစ်လာပါသည်။ထိုအချိန်က အလယ်တန်းကျောင်းသား ကျနော်သည်
အနီးအနားက စာအုပ်အငှားဆိုင်တွေ အား အဝင်အထွက် ရှိလာသည်ကိုး ..။ ရှေ့ဖလင်ပြာ နောက် ကတ်ထူ သားစက္ကူကို
ဆူးဖြင့်ဖောက် …ကြိုးနှင့်သီ သာ နောက်ဆုံး မီးမြှိုက်ပြီး မီးခြစ်နှောင့်ကလေးနှင့် ထုရိုက် လက်စသတ်ပေးတတ်သော လက်ရာကို
အတော် နှစ်သက်ခဲ့ပါသည်။ သည်တော့ … ဖတ်စာအုပ်တွေ ဆိုင်အပ်သည့် အကျင့်လည်း ရခဲ့ပြန်သေးသည်။
အနှောင့်ထူ စာအုပ်များ သက်သက်တော့ ကျနော် ချန်မထားချင်ပေ သည်စာအုပ်တွေက သည်တိုင်းဖုံးလို့လည်းမရ ..
ဖောက်ချုပ်ရင်လည်း လှန်ရလှောရခက်…။ နောက်ဆုံး ကျနော် စာအုပ်မျက်နှာစာ တပြင်လုံး ကော်သုတ်ပြီး … အဖုံးစက္ကူ
(ပြက္ခဒိန်အဟောင်း) ဖြင့် ကပ်သည့် အဖြစ် ဖုံးနည်း ပင်ဖြစ်သည်..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆိုတော့ … ပြဿနာကား ထိုနေရာမှာ စသည်..။ ပြက္ခဒိန်များ၏ အရွယ်အစားသည် ကျနော် စာအုပ်ဖုံးရန်အတွက်
အဆင်ပြေစေခြင်းငှာ တိုင်းထွာ ထုတ်လုပ်ထားခြင်းမဖြစ်ရကား… ပုံမှန်စာအုပ်များအတွက်မူ ပြက္ခဒိန် ထိပ်ပိုင်းနေရာများ
(ရှုခင်းပုံ လူပုံဆိုရင်လည်း ခေါင်းပိုင်း) စသည်များ ရလေ့ရှိသည်။ စာအုပ်ထူများအတွက်မှာမူ .. သာမန်စာအုပ်များ ဖုံးရန်
အဆင်မပြေသော … မလိုချင်သော အပိုင်းများဖြစ်သည့် … ရက်စွဲ ဂဏန်းများ ပါသည့် စက္ကူများ. .. သို့တည်းမဟုတ်
လူပုံ ဆိုမူ … ကိုယ်ဟန်ပြမယ် အောက်ပိုင်းများသာ ဖြစ်လေ့ရှိတော့၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တရက်တွင်မူ သချင်္ာ ဆရာမ တယောက် ကျနော့် ကို ရုံးခန်းခေါ်ပြီး ရယ်ရယ်မောမောနှင့် စကားနာထိုးသလို ဆူပါတော့သည်။
စာအုပ်များကို တရိုတသေ စာအုပ်ဖုံးပြီး သုံးတတ်တာ ..သိသူကြောင်း.. အလေ့ကျင့်ကောင်းမို့ ချီးကျူးပါကြောင်းနှင့် ..သို့သော်
သူ့ သချင်္ာ-၁ သချင်္ာ-၂ စာအုပ်၂အုပ်စလုံးအတွက် ဖုံးထားသည့် အဖုံးများ မှာမူ ..သူ့အား ..ပြောင်လှောင်နေသလို.. အခြားဘာသာရပ်
များနှင့် ခွဲခြားနှိမ့်ချ နေသလို ဟု ပြောပါသည်…။ ဟုတ်ပ ..ခုမှ ကြည့်မိသည်။ သူ့စာ၂အုပ်ကို ဖုံးထားသည်မှာ ထိုစဉ်က
(ကျောင်းသူဟောင်း စီနီယာ လည်းဖြစ်သော) မင်းသမီး တဦး၏ အောက်ပိုင်း များ… (အံမယ် မော်ဒယ်ဘယ်သူ ဆိုပီး
နာမည်ထိုးထားတာတောင်ပါသေး။) ကျနော်လည်း အထက်ပါ အပိုဒ်တွင် ရေးခဲ့သည့်အတိုင်း စာအုပ်အရွယ်အစား တို့အကြောင်း
ပြောပြီး ရှင်းပြ တောင်းပန်ရပါတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်ထပ် ဖြစ်လာလတ္တံ့သော ပြဿနာ ကား တခြားတော့မဟုတ်.. ခေါင်းပိုင်းပုံ တို့နှင့် ဖုံးထားသော စာအုပ်တို့တွင်လည်းသူငယ်ချင်း ဗရုတ်တချို့ က ..
ကြုံလျင် ကြုံသလို လက်စွမ်းပြကြခြင်းပင်ဖြစ်သည်။ မင်းသမီး နှာဖူးတွင် ပေါင်ချိန်လခြမ်း ရေးခြင်း.. အမာရွတ်တပ်ခြင်း…
ရှေ့သွား၂ချောင်းချန်ပြီး ကျန်သွားတွေကို မင်အမည်းနှင့်ခြယ်ခြင်း စသည်တို့…။ ဆိုတော့ ..စာအုပ်ထပ်သည့်အခါ
တိုင်း ဆိုင်ရာ ဘာသာရပ်က ဆရာတွေကို ကျနော်က ပြောင်နေသလိုလို။ ကျနော်တို့သည် ထိုအချိန်က ဆယ်ကျော်သက်
ချာတိတ်များဖြစ်သည်…။ ဒါကို ငိုယိုတိုင်တန်းရမည့် အရွယ်လည်းမဟုတ်တော့သလို … ရန်ဖြစ်ဖို့မှာလည်း မသင့်တော်ပါ…။
သည်တော့ ဆုံးဖြတ်ချက် တခုချလိုက်သည်။ ပြောင်းပြန်လှန် ဖုံးခြင်းပင်ဖြစ်သည်။ အကြင်သူသည် ၁၉၉ဝပြည့် နှောင်းပိုင်းနှစ်များတွင်
ကျနော့် လွယ်အိတ်အား လာဖွင့်ကြည့် ပါက။ ပြက္ခဒိန် ကျောလှန် တူညီဝတ်စုံဝတ် မှတ်စုစာအုပ်တို့က
သင့်အား မျက်နှာပြောင်တိုက်ကာ ကြိုဆိုပါလိမ့်မည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ထို့နောက်တွင်ကား စာအုပ်ဖုံးခြင်း နှင့်ပတ်သတ်ပြီး ပြသနာ တစုံတရာကား မရှိတော့သော်ငြား ထိုအစွဲအလမ်းကို ပိုမို ပြင်းထန်စေမည့်
အကြောင်းတခုတော့ ပေါ်လာခဲ့သေးသည်…။ ငယ်စဉ်အတော် ခြေစွာခဲ့သည့် စီနီယာ တချို့ထံမှ.. ပန်းဆွဲစာလုံးများ လက်ဝဲစာလုံး
ရေးဟန် တချို့ နှင့်အတူ သမားရိုးကျမဟုတ်သော စာအုပ်ဖုံးနည်း တချို့ကိုပါ သင်ကြားတတ်မြောက်ခဲ့သောကြောင့်ပင်..။
ဒါက အထက်တန်းကျောင်းသားဘဝမှာ အတော်လေး နေရာကျခဲ့တဲ့ ..ပညာရပ် တချို့လို့ တင်စားရမလားပင် မဆိုနိုင်ပါ…။
ဘောပင်ဆို ပွိုင့် ၃-၄မျိုး ၃-၄ရောင် ဆယ်လိုတိပ် အရွယ်အစား ၂-၃ ခုနှင့် ကပ်ကြေး ဓား၂မျိုး တို့ပါဆောင်ထားတတ်သောအကျင့်
ရလာပြီး .. နောက်ဆုံး… စက္ကူသား ပါကင်ပေပါများပင် အဆင်တူ ၁ဝရွက် တစီး ဝယ်ထားတတ်တာမျိုး ဖြစ်လာခဲ့၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သည်လိုနှင့် အထက်တန်းပြီးတော့ .. စာအုပ် အဖုံးဖုံးသည့် အကျင့် ပျောက်သွားသလား ဆို …
ပိုမို ဆိုးရွားလာသည် ဟုပင် ပြောရမည်ဖြစ်သည်။ ဖတ်စရာစာ ကုန်နေသည့် အခိုက်အတန့်ဝယ်.. တွေ့ကရာ စာလျောက်ဖတ်ခဲ့သည့်
လွတ်လပ်လွန်းသော ကာလ လို့လည်း ပြောနိုင်ပါသည်။ အထူးသဖြင့် နည်းပညာ စာအုပ်များကို ရူးရူးမူးမူး ဝယ်ဖတ်သည်။
အများစုမှာ မဂ္ဂဇင်း ဆိုက်ဇ်များမို့ အဖုံးဖုံးခြင်းငှာ မစွမ်း…။ ငယ်တုန်းကလိုလည်း စာအုပ်အငှားဆိုင် သွားမအပ်လို… ။
(ငယ်တုန်းကမှ မုန့်ဖိုးလေး ခြစ်ခြုပ်စုပီး သွားအပ်ခဲ့တာ) ခု.. အရွယ်လေး ရောက်လာတော့ .. ဆိုင်အပ်ရမှာ အောက်တယ် ထင်လာသည်။
သည်တော့ … စာမုဆိုး လုပ်ရင်း … ပန်းဆိုးတန်း ကိုရောက်သွားသည်။ (စာအုပ်တန်းပြောပါတယ်) စာအုပ်အဟောင်းလည်းရောင်း
ရောင်းသည့်စာအုပ်များလည်း ချုပ်ပေးသည့် ဦးလေးကြီးများ ရှိရာ နေရာ (အမေ့အိမ်စာပေ မျက်နှာစာ တဝိုက်ပေါ့) ရောက်သည်…။
အရပ်ထဲက စာအုပ်ငှားဆိုင်မှာ အပ်လျင် သည်နေ့အပ် နောက်နေ့ပြန်ယူ ရတာမျိုးကများ၏။ သည်ဦးလေးတွေကတော့ မျက်စိရှေ့
၁ဝမိနစ်အတွင်းပင် ဇယ်ဆက်သလို သွက်လက်စွာ လုပ်ဆောင်ပြသွားလေသည်။ ပထမ အတုခိုးသည်..။ နောက် ဖွင့်မေး သင်ယူသည်..။
နောက်ဆုံးတွင် လိုသော နိုင်လွန်ချည်တို့ အပ်ဖျားမှာ အကောက်ကလေးပါသည့် အပ် (အရိုးတုံးတပ်) ရောင်းသည့်နေရာအလယ်
ဖလင်ပြားနှင့် ကပ်ထူစက္ကူအဆုံး ရောင်းသည့် နေရာများပါ သင်ယူမေးမြန်းခဲ့ပါတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ထို့နောက်တွင်ကား …၂၀၀ဝခုနှစ် ပြည့်လွန် နှစ်များ၏ ရုံးပိတ်ရက်တချို့တွင် ၂၉-လမ်း၃ဝ တဝိုက်၌ ကပ်ထူစက္ကူလိပ် တချို့နှင့်
ဖလင်လိပ်များ ကိုင်ဆောင်ကာ ကျောပိုးအိပ်ဖောင်းဖောင်းနှင့် ခပ်သုတ်သုတ် လျောက်လေ့ရှိသော ကျနော် ဖြစ်လာခဲ့ပါတော့သည်။
သည်ကာလတွေကတော့ .. စာအုပ်အဖုံး ဖုံးခြင်းရောဂါ ၏ အထွတ်အထိပ် ကာလများလို့ ပြောနိုင်ပါတော့သည်။
အဘယ်ကြောင့်ဆိုသော်.. တဖက်တွင် တက္ကသိုလ် စတက်သည့်အချိန်၌ ကိုယ်တိုင် ပြုစုသော စာရွက်စာတမ်း printout များ
printout (A4) များ ကို မိတ္တူဆိုင် ချုပ်နည်း ဟု အလွယ်ခေါ်သော (သွားအတုခိုးထားသော) အနှောင့်တိပ် ကပ် ပြီး ဖလင်ဖြူ အတ်ပေပါ
တို့နှင့် ချုပ်သောနည်းကိုလည်း တတ်မြောက်ခဲ့သောကြောင့်ပင် ဖြစ်သည်။ ဘယ်စာရွက်ပမာဏဆို ဘယ်ဂိတ် စတာပလာကို ဘယ်လို
လက်ဝါးစောင်းရိုက်ပီး တူခပ် ပိန်ပိန်လေးနှင့် ဘယ်လို ထု ဆိုတာမျိုးကအစ.. ဘာသာရပ်အလိုက် သုံးသော အနှောင့်တိပ် ကို အရောင်ခွဲခြား
ဝယ်ဆောင်ထားဖြစ်တာအဆုံး …ရောဂါတက်ခဲ့သောကြောင့်တည်း..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သည်လိုနှင့် ကျနော့် စာအုပ်ဖုံး ရောဂါ အရင့်ဆုံး ကာလများတွင် ကိုယ်ပိုင်စာအုပ်များသာမက အမေ့အိမ်က ဓမ္မစင်္ကြာ စာအုပ်ပိစိလေးပါ
မကျန်အောင် လက်စွမ်းပြပြီးပြီ…။ အစောပိုင်းတွေ ဖွန်ကြောင်ပြီး စကီလေးတွေကို စာအုပ်ဖုံးပေး မျက်နှာလုပ်ခဲ့သော်လည်း.. နောက်ပိုင်း
ဘော်ဒါများ စာအုပ် အသစ်ဝယ်ဖို့တောင် လန့်လာသည်အထိ… (လိုလို မလိုလို) ပေးပေး ငါစာအုပ်ဖုံးပေးမယ် ဆိုသည်အထိ
ကိုယ့်စားရိတ်နဲ့ကိုယ် လက်စွမ်းပြခဲ့ဖူးပါသည်။ တခါက သူငယ်ချင်း တယောက် ဝယ်လာသည့် စာအုပ်အကောင်းစား စာအုပ်
ခပ်ထူထူ တအုပ်ကို အတင်းကာရော ဖုံးပေးပါရစေ ဟု ပြောပေး ဖုံးပေးဖြစ်သည်။ တကယ်တမ်း ကျောင်းဖွင့်လို့ သုံးပဟေ့ ဆိုတဲ့
အချိန်မှာကား … သင်ရိုး က chapter အလိုက် သွားသမို့ စာအုပ် ခပ်လေးလေး ကို သူက မသယ်ချင်တော့…။ သည်စာအုပ်ကို ၄ခြမ်း
ခြမ်းသယ်မည်..။ ကျနော် ဖုံးထား ချုပ်ထားတာ ဖြုတ်ပေးဖို့ ပြောလာတော့၏။ ကိုယ်ကလည်း ကိုယ့်မာန နှင့်ကိုယ်… သည်လောက်
သေသပ်အောင် လုပ်ထားပေးသည်… တပြားမှမယူ (တကယ်က ကိုယ်က အတင်းဖုံးချင်ခဲ့တာ) ကိုယ့်မာစတာပိစ့်ကို ဖျက်ရကောင်းလား
ဒေါကန်သည်။ တကယ်တော့ သူမမှားပါ… သူပိုင်စာအုပ်မို့..သူကြိုက်ရာ လုပ်ခွင့်ရှိသည်…။ ကျနော့်ကို လာပြန်ပြော ခွဲပေးခိုင်းတာပင်
လွန်လှပြီ…။ ကျနော့် ဆက်တင်အချိန်အတွယ်နှင့် ကျနော်ဖောက်ခဲ့သောဖောက်ရာဟောင်းများကြောင့် .. သူအပြင်သွားအပ်ရင်
၂ပေါက် ကနေ ၄ပေါက်ဖြစ်တော့မည်…။နောက်ဆုံးတော့ လုပ်ပေးခဲ့ပါသည်.. ထိုစာအုပ်ကို ပြန်ခွဲခြားပြီး…။ သို့သော်စိတ်ထဲကတော့
သိပ်အစာမကျေပါ… မိတ်မပျက်စေလိုသဖြင့် လုပ်ပေးခြင်းသာ..။ (နောင်တော်တော်ကြာမှာ သူမှန်ပြီး ကျနော်မှားကြောင်းသိပါသည်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဲ့သည့်နောက်ပိုင်းတော့ ..ကျနော်လည်း ပညာရေးအထုံမပါတာမို့ ..ဘဝအသစ်ဘက်ရောက်ခဲ့ … အသစ်ဘဝမှာ စိန်ခေါ်မှု
သင်ယူမှု စတိုင်လ် နဲ့ ပေ့စ် က မြန်လွန်းလို့ ..စာတအုပ်ကို သနေဖို့အချိန်မရတာကတကြောင်း… အကုန်လုံးကို စက္ကူမှ အယ်လ်စီဒီ
ပြောင်းလေ့လာတာကတကြောင်းဖြင့် … စာအုပ်တို့နှင့် ကျနော် ကတ္တီပါ လမ်းခွဲခဲ့ရင်း သည်အကျင့်ကြီးနှင့် ကွာရှင်းပြတ်ဆဲနိုင်ခဲ့ပါတော့သည်။
သည်ရက်တွေမှ သားတော်မောင်အတွက်ပြင်ဆင်ရင်း.. ဒါတွေ ပြန်သတိရလို့ ရေးမိတာ ဖြစ်ပါသည်။ ခုခေတ် ဗလာစာအုပ်တွေ
ဖုံးဖို့မလိုတော့ပါ ဟု ငြင်းကောင်းငြင်းနိုင်ပါတယ်..။ ဟုတ်ကဲ့ ..မဖုံးလည်း ဖြစ်ပါတယ်.. ဖုံးရင်တော့ ပိုကောင်းတယ် ဆိုတဲ့
အားသာချက်ရှိလို့ပါပဲ …။ ကျနော့်လိုသာ အစွန်းမရောက်ခဲ့ဖို့ လိုတာပါ…။ ကျနော်လည်း တတ်နိုင်သမျှ သပ်သပ်ရပ်ရပ်ဖြစ်အောင်
သူ့စာအုပ်တွေကို ဖုံးပေးမြဲ ဖုံးပေးနေမိအုံးမှာပါ..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒါတွေပြန်တွေးမိတော့ ..ကိုယ့်ဟာကိုယ်လည်း ပြုံးမိသားဗျ…။ ငယ်ဘဝကိုလည်း လွမ်းမိသားရယ်ပါ…။
ခုချိန်တော့ အရင်လောက် မသေသပ်တော့ပေမယ့် ငယ်မူငယ်သွေးတချို့တော့ ကျန်သေးလို့ …ကျေနပ်မိကြောင်းရယ်ပါ…။
အော်… ဘာရယ်မဟုတ်… အသက်တောင် တော်တော် ထွားလာဘီ… မိဂီ တို့များ မလုပ်ရင် အရှင်း လုပ်ရင် လက်တဆုံး..။
တခုခုဆို နှုတ်မရ… သည်ကြားထဲ အသည်းကမမာ …။
တော်သေးဘီ…။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
P.S စိတ်အခြေအနေ ခြေခင်းလက်သာရှိတဲ့အခါ… စာအုပ်ဖုံးနည်းတချို့ ..DIY ရေးပါမယ်ဆိုတဲ့အကြောင်းရယ်ပါ..။
30 comments
alinsett (gazette)
June 3, 2014 at 9:46 am
ဒါလည်း တတ်တာပဲဂိုးးး
😆
အနော်တော့ စာအုပ်တော့ ဖုံးတတ်တယ်။
အပျင်းတော့ ထူသား. . .
ROssI
June 3, 2014 at 5:35 pm
ဟုတ်တယ် ကျော်လည်း ခုနောက်ပိုင်း တော်တော် အပျင်းတစ်နေတယ်..
ဒါပေမယ့် တခုခု စမိရင် ရပ်မရဘူးဗျ…
ဖုံးအုံးမှာ…
Wow
June 3, 2014 at 10:09 am
State ကျောင်းသူဘွကို ပြန်သဒိရစရာပေါ့အေ၊ စာအုပ်ဖုံးလေးတွေ အလှပြိုင်ကြတာ 🙂
ROssI
June 3, 2014 at 4:25 pm
ဟုတ်ပါ့ဗျာ…
ငယ်က နယူးစဝိခ် တွေ တိုင်မ်းတွေ ပြန်သတိရမိသေးတယ်..
ကြော်ငြာ စာရွက်တွေဆို ပိုထူလို့ …ပိုဖုံးလို့ကောင်းတယ်ခည …
ဟိ…
အဲ့လာကြောင့် မာလ်ဘိုရို ကြိုက်တတ်ခဲ့တာလားလည်း မဆိုနိုင်
ကြောင်ဝတုတ်
July 15, 2014 at 10:11 am
(၈)တန်းကျောင်းသားလောက်က ကျုပ်စာအုပ်အားလုံး တိုင်းမဂ္ဂဇင်းအလယ်စာရွက်ဖြစ်တဲ့…
မာလဘိုရိုတွေချည်းပဲ… ဟီးဟီး…
စာရွက်အရွယ်အစားအရလဲ ဗလာစာအုပ်ကို ဖုံးဖို့ ကွက်တိ…
နင်နဲ့ငါ ဒါလဲတူပြန်ပဟ…
ခင်မင်လျက်-
ဖက်ဖက်ကက်
weiwei
June 3, 2014 at 11:23 am
ငယ်ဘဝကို ပြန်သတိရမိတယ်။ စာအုပ်အဖုံးအတွက် တော်တော်လေး ရူးသွပ်ခဲ့ဖူးတာ ..
ငယ်ငယ်တုန်းက စာအုပ်တွေ သပ်သပ်ယပ်ယပ် ရှိပုံများ အခုအခြေအနေသိတဲ့လူတွေကို ပြန်ပြောရင် ဘယ်သူမှ ယုံမယ်မထင် ..
ROssI
June 3, 2014 at 4:27 pm
ဟုတ်ပါ့ဗျာ …
ကျော် ထောင့်စွန်း တြိဂံချိုးလေးတွေ ပြန်ဖုံး မိနေဖြစ်တယ်….
ငယ်လက်ရာတော့ ..မီဝူးရယ်…
လက်မတုန်အောင် နည်းနည်း တော့ ဂင်အူးမှပါလေ…
ဂလု ဂလု..
Zaw Thant
June 3, 2014 at 11:27 am
.. ငယ်ဘဝ သတိရစရာပါလား.. ငယ်တုန်းက ကိုယ်တိုင်စာအုပ်ဖုံး မသပ်ရပ်လို့ အဒေါ်ဖြစ်သူက ဖုံးပေးရတာအမှတ်ရပါတယ်.. အမယ်..အဒေါ်ကလည်းခေသူမဟုတ် သာမန် သတင်းစာ၊ ရိုးရိုးစက္ကူသားတွေနဲ့ ဖုံးလေ့ မရှိ.. Swadee (ထိုင်းမဂ္ဂဇင်း) လိုမျိုးတွေနဲ့ဖုံးပေးတော့ သူငယ်ချင်းတွေကြားမှာ ကျွန်တော့်စာအုပ်တွေက အခန့်သားဗျ..
ROssI
June 3, 2014 at 5:04 pm
ထိုင်းမဂ္ဂဇင်းနဲ့လား …
ဟိ..
သူငယ်ချင်းတွေကြားမှာ ..ဆြာ့စာအုပ်တွေတော့ အတော်မျက်နှာပွင့်မှာရယ်…
သာမီးလေးတေ လန်းသဗျာ….
တိန်
ဘာမှလည်းချိုင်ဝူးးး
surmi
June 3, 2014 at 11:37 am
ကြေးမုံသတင်းစာလေးတွေနဲ့ဖုံးရတာများပါတယ်
တစ်နှစ်ကိုအဖုံးနှစ်ခါလဲရသပေါ့
တစ်ခါသား အိမ်ကိုလာတဲ့ဧည့်သည်ကျန်ခဲ့တဲ့ နိုင်ငံခြားမဂ္ဂဇင်းစာအုပ်လေးနဲ့ဖုံးရတာ အရသာရှိလိုက်ပုံများး
အော်…… ခုတော့ အိုလေပြီ နှောင်းခဲ့လေပြီ 🙁
ROssI
June 3, 2014 at 5:08 pm
ဟုတ်ပါ့ဗျာ …
စာအုပ်အဖုံးဖုံး ရတာကိုက ..အရသာတခုရယ်…
ခုတော့လည်း ….
black chaw
June 3, 2014 at 12:32 pm
ဘာရယ်မဟုတ်ပါဘူးဗျာ…
အဲဒီလိုပဲ တိုက်ဆိုင်တိုင်း ရည်းစားဦးကို လွမ်းတာတာ
ကျွန်တော့်အကျင့်ပါ။
ကျွန်တော်ရဲ့ စာအုပ်တွေကို ရည်းစားဦးလေးက အမြဲတမ်း ဖုံးပေးပါတယ်။
တမင်တကာ မေ့ထားတဲ့ အတိတ်ကအကြောင်းတွေကို လာဆွပေးသွားတယ်…လူဆိုး…။
🙁
ROssI
June 3, 2014 at 5:10 pm
တော်ကီကောင်းတဲ့ ဦးလေးတွေများ …
သာပါတယ်ဗျာ…
ကျော့် မတော့ .. ကိုယ်ကချည်း ဖုံးပေးခဲ့ရတာချည်း ရယ်..
:'(
kyeemite
June 3, 2014 at 1:10 pm
ကျုပ်တို့လည်း စာအုပ်ဖုံး သုံးတဲ့ခေတ်ကလာပါသဗျာ…
အခုလိုအချိန်ဆို ငယ်ငယ်ကတော့ အဖေလုပ်သူကဖုံးပေးလေ့ရှိတယ်…
နဲနဲအရွယ်ရောက်လာတော့ ကိုယ်တိုင်ဖုံးတတ်လာတယ်…
ဒါတင်ဘယ်ဟုတ်မတုန်း..ကျုပ်တို့ငယ်ငယ်က ဖတ်စာအုပ်တွေ
ဗလာစာအုပ်တွေ စာရွက်ဒေါင့်စွန်းခေါက်နေရင် လက်နဲ့မနဲပြန်ပြန်ဖြေချကြရတာ…
အဲလိုစာရွက်ဒေါင့်စွန်းတွေခေါက်နေတာတွေ့လို့ကတော့ အဖေက ဆော်ပလော်တီးတော့တာ….
မရိုစီပြောသလိုပဲ ငယ်ဘွကိုလွမ်းမိပါရဲ့… 😆
ROssI
June 3, 2014 at 5:14 pm
ဟုတ်ပါ့ဗျား …. စာအုပ်တွေ ထိုးကြိတ်ထည့်တာမျိုး..
ငယ်က လုပ်ဖူးပါတယ်…
သေချာ ဖုံးပေးထားတဲ့ စာအုပ်တွေမို့
ဇွန်း၂ချောင်းတပ် ပီး ကို ရှယ် .. ကောခံရသကိုးဗျ….။
အဲ… အဲ့နောက်ပိုင်းတော့ ကိုယ်တိုင်လည်း သေသေချာချာဖုံးတတ်ခဲ့သလို ..
နောက်ဆုံး ..တိုင်မ်တေဘယ်လ် ကြည့်ပီး အစဉ်လိုက် စာအုပ်လွယ်အိတ်ထဲထည့်တဲ့
အကျင့်ပါ ရခဲ့ ပါသေးတယ်…။
အော်… ကျော်ငယ်ငယ်က အတော် လိမ္မာခဲ့တာကလား ….
ကတောက်…. ဆိုးရမယ့်အချိန်ဒွေ .. နှမျောထှာ …ဟိ
လုံမလေးမွန်မွန်
June 3, 2014 at 2:40 pm
အူးလေး..
ရေးဟန်ပြောင်းနေသလားလို့…
အူးလေးစာကိုဖတ်ပြီး ကိုယ့်အကြောင်းကို ပြန်စဉ်းစားတာ သိပ်မမှတ်မိတော့ဘူး…
ဖုံးခဲ့ဖူးတယ် ထင်တာပဲ. စာအုပ်ကိုပြောပါတယ်..
အူးလေးတို့ ငယ်ဘဝလေးတွေကို စိတ်ဝင်တစားဖတ်သွားပါကြောင်း..
ROssI
June 3, 2014 at 5:12 pm
ရေးတတ်သလို ရေးတာပါဗျာ ..
ထူးပြီးပြောင်းတယ်ရယ်လည်း မဟုတ်…။
အဲ … အငုံ့စိတ် ဇောင်းထတာ လို့ ပြောရမယ်ဗျ…
ငယ်တုန်းက ပြက္ခဒိန်တွေ ဆို..
လူကြီးတွေက အထိမခံ ဘူး ..ရေးတာခြစ်တာ မကြိုက်ဘူး…
အဟဲ … နေနှင့်အုံးပေါ့ …
နံရံထက်က ဂျပန်မတွေ …
ဒီဇင်ဘာ နောက်ဆုံးပါတ်လောက် ရောက်တာနဲ့ …
တနှစ်လုံး တစိမ့်စိမ့်ကြည့်လာခဲ့တဲ့ ..ဒင်းကလေးတို့ … ကို
လူကြီးတွေက မေ့သွားကြပြီလေ…
အဲ့ဒါတွေ ကို နောက် ၆လလောက် ဥထား ..ပီး…
ခုလို ဇွန်လ ဆန်းခါနီးတိုင်း… ဒီဟာမတွေ ကျုပ်ကပ်ကြေးစာ မိတော့တာပါပဲ….
ဒချိဒချိ
nozomi
June 3, 2014 at 3:57 pm
စာအုပ်တွေကို နိုင်ငံခြား စာအုပ် အဟောင်း ရှာဝယ် ဖုံးတယ်
နှစ်ကုန်တော့ စာရွက်လက်ကျန်လေးတွေ စု ပြန်ချုပ် နောက်နှစ်အတွက် သုံးတယ်
ကိုယ်ပိုင် စာကြည့်တိုက်လေး ထားတော့ ဝယ်တဲ့စာအုပ်တိုင်းကို ကိုယ်တိုင်ဖုံးတယ်
(လိုအပ်တဲ့ ကိရိယာ အစုံအလင်ကလဲ ကိုယ့်မှာ ရှိရဲ့)
အခုတော့လဲ စာအုပ်ဖုံးခြင်းနဲ့ ဝေးနေတာ နှစ်တွေ ဘယ်လောက်တောင် ကြာသွားတယ် မသိ
ROssI
June 3, 2014 at 5:17 pm
သည်ဘက်တော့ ..ဦးနို နဲ့ ဝါသနာ တူသွားဘီ ….
ဟိ
ဟိုဘက်လည်း တူတယ် ထင်ရဲ့…
သွပ်သွပ်..
(ဦးဘလက် မသိစေနဲ့)
Ma Ma
June 3, 2014 at 8:27 pm
ကြီးမိုက်နာမည် ဦးမိုက်ဆီက ငှားရမယ်။ 😀
ကျန်ကျောင်းလေးတော့ ကျောင်းမှာ မျက်နှာပွင့်မှာ မြင်ယောင်မိပါသေးရဲ့ 🙂
Shwe Poe
June 3, 2014 at 9:17 pm
ကျနော် ဗျာ ငယ်ငယ် က ကိုယ်ကြိုက်တဲ့မင်းသားမင်းသမီး ပုံ တွေ
ကို ရသမျှစု ပြီး ရှိသမျှ စာအုပ် တွေ ကို ဖုံး ခဲ့လိုက်တာ အကြမ်းရေးတဲ့
စာအုပ်တောင် မချန်ဘူးဗျ အဲ့လောက်ထိ ရူးခဲ့မိတာ ပါ ပဲ
ဒီပို ့စ်ကိုဖတ်မိတော့ ငယ် ဘွကို ပြန်သတိရ မိပြန် ပါတယ်
နှူးဘာ မိဂီ
June 28, 2014 at 7:41 pm
စာကြမ်းပိုးတယောက် ဒီပိုစ့် ပြန်လာညွှန်းလို့
ခုမှ မန့်ဖြစ်တယ်ဗျ
ကျနော်တို့ငယ်ငယ်က ခနခန ပိတ်နေတဲ့ တက္ကသီလာ ကျောင်းသူဟောင်းကြီးတွေဆီက
သင်ထားဖူးတဲ့ (အတော်များများအခု မေ့နေတဲ့ပညာလည်း) သတိရမိပါတယ်
ကျနော်လည်း လွမ်းပါသတဲ့ဗျာ..
ခင်တဲ့
kai
June 4, 2014 at 6:04 am
အခုအိမ်မှာ မဂ္ဂဇင်း ၁ဝမျိုးလောက်ယူထားတာမှာ.. ပလေးဘွိုင်းလည်းပါသဗျ…။
နှစ်ချီလာတော့.. အိမ်က..စာအုပ်စင်.. ပုံးအကုန်ပြည့်ကုန်ပြီ..။
ပစ်ရမှာလည်းနှမြော…။
စာအုပ်ဖုံးကြမလားဟင်င်င်…
ဦးကျောက်ခဲ
June 4, 2014 at 8:19 am
ကျောက်စ် သမားရိုးကျကလွဲရင် စာအုပ်အဖုံးကို ရှယ်မဖုံးတတ်ပါဘူး…
အဲသည့်တော့ ဦးလေးလူပျိုကြီး (အဲသည့်တုန်းက) က ဖုံးပေးခဲ့ရတယ်ပေါ့…
ပြက္ခဒိန်အဟောင်းက ဘီကီနီဝတ်ဂျပန်မပုံလေးတွေနဲ့ လက်စွမ်းပြလိုက်တာ…
မောင်ကျောက်စ်စာအုပ်က အတန်းထဲမှာရေပန်းအစားဆုံးပေါ့ဗျာ…
အဟဲ… အိမ်စာ သချာင်္စာအုပ်ထပ်တော့ ဆရာမအပျိုကြီးက ကွိုင်ရှာတာပဲဗျို့…
အဖုံးကို ဆုတ်ပစ်လိုက်ပြီး သတင်းစာနဲ့ အသစ်ပြန်ဖုံးပေးလိုက်တယ်…
“မင့်ဦးလေးကို ပြောလိုက်… နောက်တခါ ဒီလိုအဖုံး ဖုံးပေးရင် ရုံးခန်းလာတွေ့ရမယ်” တဲ့…
ဦးလေး လူပျိုကြီးကတော့ တဟီးဟီးနဲ့ သဘောတွေကျလို့….
😀
Crystalline
June 4, 2014 at 2:10 pm
ငယ်ငယ်က နာလည်း စာအုပ်လှလှဖုံးတာဝါသနာပါခဲ့တာပေါ့… ပြက္ခဒိန်သားချောချော ရှုခင်းလှလှတွေနဲ့ ဖုံးတာ များတယ်… တခါတလေလည်း နိုင်ငံခြားမက်ဂဇင်းတွေနဲ့လည်းဖုံးတာပဲ… နိလိုတော့ ဆရာမကျဘူးပေါ့… အခုအိမ်မှာ VS က ကြော်ငြာစာအုပ်တွေ တစ်ထပ်ကြီးရှိတယ်… ယူမလား… :mrgreenn:
ROssI
June 4, 2014 at 4:49 pm
ဘာာာာာ…
ယူမယ် ..
ခုလား ..
လိပ်စာပြော..
padonmar
June 4, 2014 at 9:15 pm
ဒို့က TIMES တို့ NEWSWEEK တို့က ကြော်ငြာ စာရွက်လေးတွေ ရှာဖုံးတာ။
အဲဒီက လေယာဉ်ပျံ ပျံနေတုံးပုံတို့ ဝိုင်ဖန်ခွက်ထဲ ချယ်ရီသီးလေးကျနေစဲပုံတို့ သိပ်သဘောကျတာ။
ခုတော့……..
(မိဂီ ..သားလေးနဲ့ အနေနီးလို့ စိတ်တွေ နူးညံ့လာသလားလို့၊ကောင်းပါလေ့အေ)
အရီးခင်
June 5, 2014 at 3:55 am
အမယ် ။ တယ်ဟုတ် တဲ့ အရေးပါလား။
မနာလိုစရာ။
ကျန်ကျောင်းလေး ဒီနှစ် ဘယ်နှစ်တန်းလဲ။
ကလေး နား မှာ အငွေ့တွေ သိပ်ပြီးမှုတ် မနေနဲ့ဦး။
စာအုပ်အဖုံး ဖုံးရတာကတော့ စာအုပ်ဟောင်းမသွား စုတ်ပြဲမသွား ရအောင် လို့ ထင်တယ်။
ဒါမှ နောက်က အငယ်တွေ ဆက်သုံးနိုင်မှာကိုး။ :-)))
နှူးဘာ မိဂီ
June 28, 2014 at 7:48 pm
၃တန်းဗျ…
အငွေ့မှုတ်ပါဖူးဗျာ…သူ့နားတော့
အငယ်တွေသုံးဖို့ ရယ်မဟုတ်ဖူး … တနှစ်စာ တောင် မကြံ့ခိုင်တဲ့ စာအုပ်ဖုံးတွေ ဒဏ်ကြောင့်ဖုံးရတာပါ
ငယ်တုန်းက စာအုပ်ဖုံးအဟောင်းတွေ စုတ်ပီး စက္ကူဘောင်ဘောင် လုပ်ဖူးတာ သွားသတိရဖူးတယ်…
ပရော့ဒတ် ဒီဇိုင်းပိုင်း အလွဲတွေပေါ့…..
သေသေသပ်သပ် သုံးနိုင်ဖို့အတွက် အပိုဆောင်း အင်အားတွေ သုံးခဲ့ရဖူးတဲ့ ကာလတချို့မှာ
ဒီဒဏ်ကို အနုပညာတခု အနေနဲ့ မြင်တတ်ခဲ့ ထွန်းတတ်ခဲ့တဲ့ အချိန်တချို့အကြောင်း
ပြန်တွေးမိလို့ပါဗျား…
လွမ်းပါရဲ့…
(ပြန်တော့ မသွားချင်တော့)
manawphyulay
June 5, 2014 at 9:41 am
အဖုံး ဖုံးနည်းတော့ သင်ထားပါရဲ့။ ဖုံးရမှာတော့ အတော်ပျင်းသား။