” စမ်းချောင်းရေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်”
” စမ်းချောင်းရေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်”
နေရာသည်က ညစဉ်အလွန်စည်ကားသော ဘီယာနှင့်အကင်ဆိုင်တစ်ခုတွင်ဖြစ်လေသည်။
” လေးလေး ထီလေးအားပေးပါအုံး ”
” လေးလေး ထီလေးအားပေးပါအုံး ”
” လေးလေး ထီလေးအားပေးပါအုံး ”
” လေးလေး ထီလေးအားပေးပါအုံး ”
” လေးလေး ထီလေးအားပေးပါအုံး ”
ကလေးတစ်ယောက် လွယ်အိတ်ဟောင်းလေးကို စလွယ်သိုင်းလွယ်ရင် လက်ထဲမှာအောင်ဘာလေထီစောင် တွဲများကိုင်ကာ ကျွန်တော်တို့ဝိုင်းဖွဲ့ထိုင်နေသည် ဘေးတွင် ရေရွတ်နေခြင်းဖြစ်လေသည်
” လေးလေး ထီလေးအားပေးပါအုံး ”
” ဟာကွာ ဒီမှာလူကြီးတွေ စကားပြောနေတာ မင်းကတစ်မှောက် သွား သွား အခြားနေရာ သွားရောင်းခြေကွာ”
” ဆယ်စောင်တွဲတစ်ခုလောက်ဖြစ်ဖြစ် အားပေးပါလား လေးလေးရာ”
” ဒီကောင် ပြေနေတာ နားမပါဘူးလား ဒီမှာစကားပြောနေတယ် အခြားနေရာသွားရောင်းဆိုတာ”
ဒါနဲ့ ကလေးလည်း မျက်နှာငယ်လေးနဲ့ ကျွန်တော်တို့စားပွဲဝိုင်းက ထွက်သွားတော့
“ကိုအောင်ကလည်း သူလည်း ရောင်းချင်လို့ပြောတဲ့ဉ္စာကို”
“ရောင်းချင်လို့ပြောတာ လက်ခံပါတယ် ဒါပေမယ့် ဒီမှာက စီးပွားရေးအကြောင်း ပြောဆိုနေတာလေဗျာ”
“သူလည်း စီးပွားရေးအတွက် လာရောင်းတာမဟုတ်ဘူးလားဗျာ”
“သူတို့စီးပွာရှာတာ ထောင်ဂဏန်းလောက်ပါဗျာ ကြီးပွားမဲ့ဟာမှမဟုတ်တာ ဒီမှာက သောင်းနဲ့သိန်းနဲ့ချီပြီး ရမယ့်ကိစ္စပြောနေတာ ခင်ဗျနဲ့ပြောရတာနဲ့တင် ခုနစကားဘယ်ရောက်သွားမှန်းမသိဘူး”…………… ဆိုပြီး ခုနပြောလက်စ မြေအရောင်းအဝယ်ကိစ္စကို ကျွန်တော်မိတ်ဆွေတွေ ဆက်ပြောကြငြင်းနေတဲ့အချိန်မှာ ကျွန်တော်ကတော့ ခုနကလေးဘယ်များရောက်သွားလည်း ဟိုဟိုဒီဒီကြည့်မိတော့ ဆိုင်ရဲ့ထောင့်တစ်ခုက စားသောက်သူဧည့်သည်မရှိတဲ့ စားပွဲနားမှ မတ်တပ်ရပ်လျှက် ဆိုင်ထဲနောက်ဝင်လာမည့် ဧည့်သည်အသစ်ကို မျှော်လင့်သည်ဟန်အကြည့်နဲ့ လမ်းမဆီငေးနေတာတွေ့လိုက်ရင်ဘဲ
” ကျွန်တော်ဟိုဘက်ခဏသွားအုံးမယ်” ဆိုကာ ခုနကလေးရပ်နေတဲ့ စားပွဲနားကို ဘီယာခွက်ကိုင်ရင်း ရွှေ့ခဲ့ကာ
“ချာတိတ် အခုထီဘယ်နှစ်တွဲ ရောင်းပြီးပြီလဲ”
“ငါးတွဲဘဲ ရောင်းရသေးတယ်ဗျ လေးလေးရော အားပေးပါအုံးလား”
“အေး ငါအားပေးမလို့ဒီရွှေ့လာတာ မင်းကြိုက်တဲ့ ဆယ်စောင်တွဲ နှစ်တွဲရွှေးလိုက်ကွာ”
“ဘယ်နံပါတ်ဖြစ်ဖြစ် ရလားလေးလေး”
“ရတယ်ဘယ်နံပါတ်ဖြစ်ဖြစ် ဒါနဲ့ ဆယ်စောင်တွဲတစ်တွဲဘယ်လောက်တုန်းကွ”
“၃၃၀ဝ ပါလေးလေး”
“ဟ ဆိုင်တွေမှာ ၃၀၀ဝ ပါကွ မင်းက ဘာလို့ ၃၃၀ဝ ဖြစ်ရတာလဲ”
“ဟုတ်ပါတယ်လေးလေး ဆိုင်ကြီးတွေမှာက တစ်တွဲ ၃၀၀ဝပါ အဲဒီကနေ ကျွန်တော်တို့က ၃၀၀ဝ နဲ့ယူပြီး အခုလို ၃၃၀ဝ နဲ့လိုက်ရောင်းရတော့ ပိုတဲ့ ၃၀ဝ က ကျွန်တော်တို့ရတာပါ”
“ဪ အဲလိုလား ဒါနဲ့ ညဖက်က ဒီဘီယာဆိုင်တွေလိုက်ရောင်းတာတော့ဟုတ်ပါပြီ နေ့ခင်းကျတော့ ဘယ်မှာ သွားရောင်းသလဲ”
“နေ့ခင်း အရင်လတွေက ရေခဲချောင်းလိုက်ရောင်းတယ် အခုကျောင်းပြန်ဖွင့်တော့ နေ့ခင်းကျောင်းတက်ရလို့ ဈေးမရောင်းဖြစ်ဘူးဗျ မနက်တော့ ကျောင်းမုန့်ဈေးတန်းမှာ အမေနဲပအတူ ကြာဇံကြော်သုတ် ခေါက်ဆွဲကြော် သုတ်ကူရောင်းတယ်လေ”
“ဒါဆို မင်းက တယ်အလုပ်လုပ်တာကို မိဘကိုလည်းကူညီတော့ လိမ္မာတာပေါ့ လေးလေးကိုပြောပြပါလား မင်းတစ်နေ့တာ လုပ်ရတာတွေကို”
“ဟုတ်ပြောပြပေးပါ့အခု လေးလေးအမည်နဲ့ ဖုန်းနံပါတ်လေးပြောပေးပါလား ကျွန်တော်စာအုပ်ထဲမှတ်မလို့”
ဆိုတာနဲ့ အမည် ခင်ခ ဖုန်းနံပါတ်က ၄xxxxxxxx လို့ရွတ်ပေးလိုက်တော့ ထီမှတ်တမ်းစာအုပ်လေးထဲ မှတ်ရေးလေရဲ့ ပြီးတော့ သိန်း ၁၅၀ဝ ဆုကြီးပေါက်ပါစေ ဆိုပြီးထီလက်မှတ်လေး လက်နှစ်ဖက်နဲ့ပေးလေရဲ့
“ဟုတ်ပါပြီ ထီပေါက်ရင်အကြောင်းကြားနော် မုန့်ဖိုးပေးမယ် ပြောတာပြောရတယ် ထီကောတိုက်ရဲ့လား”
“တိုက်ပါတယ် လေးလေးရ အဲဒါကြောင့် ဖုန်းနံပါတ်ရေးယူထားတာလေ ကျွန်တော်ဆီမှာ သိန် ၅ဝ ဆုတစ်ခါ ၁ သိန်းဆု နှစ်ခါ ပေါက်ဖူးတယ် သိန်း ၅ဝ ဆုပေါက်တဲ့ ဦးကြီးကဆို ကျွန်တော်ကို မုန့်ဖိုးဆိုပြီး ၂ သိန်းပေးသွားလို့ အဲဒါလေးရင်းပြီး ကျောင်းမှာ အမေဈေးထွက်နိုင်တာပေါ့ဗျာ”
“ကဲ ဒါဆို ဆိုစမ်းပါအုံးမင်းရဲ့ တစ်နေ့သာအလုပ်တွေ မင်းတစ်ခုခုစားပါလား ကြိုက်တာမှာလေး လေးလေး ကျွေးပါ့မယ်”
“ကျေးဇူးတင်ပါတယ်လေးလေးရယ် မစားတော့ပါဘူး အိမ်ပြန်ရောက်မှဘဲစားတော့မယ် အမေက ပြောတယ် ဝမ်းဆိုတာ အချိန်မတိုင်မှီ အကျင့်မလုပ်နဲ့ ဒုက္ခပေးတတ်တယ်တဲ့”
သူတို့ဘဝ သူတို့ဝင်ငွေ သူတို့အခြေအနေနဲ့ နေတတ်သုံးတတ်အောင် ချင့်ချိန်စေတဲ့ ဘဝအသိ၏ ဆုံးမစကား ပါလားလို့ တွေးမိသွားတယ် ပြီးတော့သူစက်ပြောတဲ့စကားကို နားစွင့်လိုက်တယ်
” လေးလေးက မနက် ၄နာရီခွဲဆို အမေနဲ့ အမက အိပ်ယာကထပြီး မနက်ဈေးရောင်းဖို့ ကြော်ရချက်ရ စီစဉ်ကြတာပေါ့ အဲဒါဆို ခဏနေ ကျွန်တော်လည်းနိုးလာပြီး ကျွန်တော်ကတော့ မျက်နှာသစ် စာကျက်တာပေါ့ မနက် ရ နာရီခွဲလောက်ဆို ရေးချိုးကျောင်းအဝတ်အစားလဲပြီး အမေနဲ့အတူကျောင်းသွားပြီး ဈေးရောင်းဖို့ ခင်းပေးကာအမေနဲ့နှစ်ယောက်ဈေးရောင်းရတာပေါ့”
“အဲလိုကျောင်းမှာ မင်းဈေးရောင်းတော့ သူငယ်ချင်းတွေနဲ့ မရှက်ဖူးလား”
“အား လေးလေးကလည်း မရှက်ပါဘူး သူများပစ္စည်းခိုးတာမှမဟုတ်တာ သူငယ်ချင်းတွေကတောင် ဖိုးသခွား ကြာဇံသုတ်စားမယ်ဆိုပြီး လာလာပြီးအားပေးကြသေးတယ် တစ်ချို့ဆို ကူတောင်ပုဂံဆေးပေးကြသေး တာဗျ”
” အင်း ဆက်ပါအုံး”
” ကျောင်းတက်ခေါင်းလောင်းမထိုးခင် ကုန်တဲ့အခါ သိမ်းစဲပြီးအမေပြန်တယ် တစ်ခါတလေ မကုန်သေးရင်တော့ ကျောင်းတက်ခေါင်းလောင်းထိုးရင် ကျွန်တော်က အတန်းထဲကိုပြေးပေါ့ အမေကတော့ ၁ဝနာရီ၁၅ မုန့်စား ဆင်းချိန်ကို အမေကျန်တာဆက်ရောင်းပြီးမှပြန်တယ်လေ၊ ညနေကျောင်းဆင်းရင် ကျောင်းလွယ်အိတ် အိမ်မှာ ချ အိမ်စာပါရင် ခဏလုပ်ပြီး ညနေ ၆ နာရီဆို ဒီစားသောက်ဆိုင်တန်းကို အခုလို ထီလာရောင်းဖို့ ထီဆိုင်မှာ ထီလက်မှတ်ဝင်ယူပြီး လိုက်ရောင်းပေါ့ဗျာ”
“ခုန မင်း အမ ရှိတယ်ပြောတယ် သူကရော မင်းနဲ့အတူတူကျောင်းမတက်ဘူးလာ”
” မိန်းခလေးက စာဖတ်တတ်ရင် ပေါင်းနုတ်မြှောက်စားရရင် တော်ပြီဆိုပြီး ၅ တန်းအောင်ပြီးကျောင်းဆက် မတက်တော့ဘူးလေ သူက မနက် ရ နာရီဆို စက်ဘီးနဲ့ ဆပ်ပြာစက်ရုံသွားတယ်ဗျ”
“မင်းတို့ မိသားစု ၃ ယောက်ဘဲပေါ့ အဖေကရော”
“အဖေက ကျွန်တော် ၄ တန်းထဲက ဖားကန့်မှာ အလုပ်သွားလုပ်တာ ခုထိပြန်မလားဘူးဗျ”
” အခု မင်းက ဘယ်နှစ်တန်းလဲ”
” ၆ တန်း တက်နေတာပါ”
အဲဒီအချိန်မှာဘဲ ဆိုင်ထဲကို စားသောက်မည့်သူ လေးငါးယောက်လောက်ရောက်လာပြီး စားပွဲမှာထိုင်တာလှမ်း တွေ့တော့
” လေးလေး ကျွန်တော်သွားရောင်းလိုက်အုံးမယ်”
ဆိုပြီး နုတ်ဆက်ကာထွက်သွားတာကို လှမ်းကြည့်ရင်း ခုနကျွန်တော့်မိတ်ဆွေ ပြောတဲ့စကားထဲက “သူတို့စီးပွာ ရှာတာ ထောင်ဂဏန်းလောက်ပါဗျာ” ဆိုပေမယ့်လည်း သူတို့အတွက်တော့ ထို ထောင်ဂဏန်းလောက် ရှာတာ ပင် နဖူးကချွေး ခြေမကျမတတ်မို့ သူ့အခြေနေ သူ့စွမ်းဆောင်ရည်အရ ဘဝကို အရှုံးမပေး ရှိသမျှအားမာန် အပြည့်နဲ့ စွမ်းဆောင်နေသူတွေပင် ဖြစ်ပေတော့သတည်း လို့သာကောက်ချက်ချရင်း
မြစ်ပြင်ကျယ်လည်း သူလှိုင်းယက်နှင့် သိုင်းကွက်နှင့်
စမ်ချောင်းရေလည်း သူ့ချောင်းရေနှင့်လောင်းလှေနှင့်…………..ဟုသာ ငယ်ငယ်တုန်းက ကျက်ဖူးသော ကဗျာတစ်ပိုဒ်ကို ရေရွတ်မိရင်း ဘီယာတစ်တမော့ မော့မိလေတော့သည်။
ခင်ခ။
14 comments
အရီးခင်
June 12, 2014 at 1:20 am
ဒီကလေးဆီက ထီဝယ်သူလဲ သန်းထီကြီးပေါက်ပါစေ။ :-))
ဒီလို ကိုယ့်အားကိုယ်ကိုးစိတ် ရှိတဲ့ ကလေးတွေ အများကြီးရှိနေမှာပါ။
သူတို့ ကို အသေအချာပံ့ပိုးပေးရင် တိုင်းပြည်က အားထားရမဲ့ လူ့စွမ်းအားတွေ ဖြစ်လာမှာ။
အခုတော့ အိမ်မက်များဘဲပေါ့။
ခင် ခ
June 12, 2014 at 7:54 am
ဟုတ်တယ်အရီးရေ ဒီလို လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ လူငယ်လေးတွေရဲ့ အားမာန်ကို အစိုးရက အသုံးဝင်အောင် လုပ်သင့်တယ်လေ ဒါပေမယ့် အပေါ်ထပ်အဆောက်အအုံ ပြင်ဆင်နေတာနဲ့ အချိန်ကုန်နေလေရဲ့ဗျာ
Mr. MarGa
June 12, 2014 at 10:48 am
ခေါင်းစဉ်ဖတ်ပြီးတော့ ကဗျာလား ဒါမှမဟုတ်… မဟာရန်ကုန် ရေလွှမ်းတာကို ပြောတာလား လို့ တွေးမိနေတာ
ဖတ်ကြည့်တော့မှ မဟုတ်မှန်းသိတယ်
သူ့အရပ်နဲ့ သူ့ဇာတ် သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ဒီလိုဘဝတွေ ရှိသေးပါလား ဆိုတာလေးး
မှတ်သွားရင်း…… အတွေးတွေ ထပ်ပွားသွားတယ်ဗျို့
Novy
June 12, 2014 at 11:26 am
ကိုယ့်အားကိုကိုယ်ပြိး ရိုးသားစွာပိုက်ဆံရှာတဲ့ ကလေးတွေကို အရမ်းဂုဏ်ယူပါတယ်
ဒါမှလုပ်အားတန်ဘိုးကိုသိမှာ အချောင်ပိုက်ဆံလိုက်တောင်းနေတဲ့ ကလေးတွေထက်
အလုပ်လုပ်ပြီးပိုက်ဆံရှာတဲ့ကလေးတွေကို ပိုက်ဆံပိုပေးလိုက်တယ်
ကိုပေါက်(မန္တလေး)
June 12, 2014 at 11:36 am
ကလေးသူ ငယ် တွေ အလုပ် လုပ် တာ ကို နိုင်ငံတကာ စံ နဲ့ နိူင်းပြီး ပြော နေ ကြ တာ များ ပါတယ်။
မြန်မ ာပြည်အနေအထားကတော့ အိမ်ရှိလူကုန် လက် လှုပ် မှ ထမင်း စာ း ရ တဲ့ ဘဝ ဆို တော့
ကလေး တွေ အလုပ် လုပ် တာကို မတတ် သာ ပေ မယ့် ကြည့်နေရာ တာအမှန်ပါဘဲ။
တချို့သော စား သုံး သူ များ က ကလေး စား ပွဲုထိုးလေးတွေ ကို နိုင် ထက့် စီး နင်းေ ပြာ တာ ကြားရင်
ထရိုက်ချင်စိတ် ကို မနည်း မျို သိပ် ထား ရ ပါတယ် ကို ခ ရေ
ခင် ခ
June 12, 2014 at 12:37 pm
ဦးမာဃ က ခေါင်းစဉ်ဖတ်ပြီး ပြန်မလို့ လုပ်တယ်ပေါ့ ဟုတ်လားဗျာ။
မနိုဗွီရေ အမှန်ဘဲဗျာ ပိုက်ဆံကို လုပ်အားနဲ့ရှာတဲ့ကလေးတွေကို ဂုဏ်ယူရမယ်လေ။
ကိုပေါက်ရေ တစ်ခါတလေ သူတို့ဘဝထဲကိုဝင်ပြီး နေကြည့်ကာခံစားမိရင် ခံစားချက်တွေက စာဖွဲ့မကုန်နိုင်ဘူးဗျ ကိုယ်လက်က လိုက်မရေးနိုင်လို့သာ။
ကေဇီ
June 12, 2014 at 7:00 pm
အာ့မျိုး အနော်တို့ နိုင်ငံမှာ အများကြီးပဲနော်။
:hint:
ခင် ခ
June 12, 2014 at 10:37 pm
ရေကန်မြင့်ရင် ကြာတင့်တာပေါ့ဗျာ အခုဟာက ကန်ထဲ ရေကိုမရှိတော့လည်း ကြာမပြောနဲ့ ဒိုက်တောင်မလန်းရှာဘူး မကေဇီရေ
naywoon ni
June 13, 2014 at 12:24 am
ထီရောင်းတဲ့ ကလေးဘဝ နားထောင်ရင်း ရင်နာတာနဲ့ ဘီယာမော့သောက်ပစ်တယ်ပေါ့ ။
လမ်းပေါ်က အပေအတေ ကလေးတွေကိုမေ့ပစ်
သောက်ခဲ့ဖူးတဲ့ ဘီယာဖန်ခွက်တွေကိုမေ့ပစ်
မူးမလာနဲ့နော်ဆိုတဲ့ အိမ်သူရဲ့စကားကိုလဲမေ့ပစ်
လာ….. နိုက်ကလပ်သွားရအောင် ။
ရွှေတိုက်စိုး
June 13, 2014 at 12:44 pm
အေးဗျာ သူဘဝနဲ.သူတော့ ပျော်နေရှာတာပေါ့ဗျာ…. ကလေးလေးတွေ ဈေးရောင်းတာတွေ.ရင် ကျနော် အမြဲအားပေးတယ်…. သူတို.ဆီမှာ ဝယ်ရတာ ပျော်စရာကောင်းတယ်ဗျ…. သူတို.ကိုအားပေးရင် သူတို.ပျော်နေတဲ့ မျက်နှာလေးတွေက ကျနော်တို.ဝယ်လိုက်တာ တစ်ရာနှစ်ရာ အလွန်ဆုံး တစ်ထောင်နှစ်ထောင်ပေါ့…. ဒါပေမယ့် သူတို.လေးတွေအတွက် ဘဝ ရုန်းကန်ဖို. သတိ္တတွေ အများကြီး ဝယ်ပေးလိုက်သလိုပါပဲဗျာ……
လေးခ နဲ.တွေ.တဲ့ကလေးက စည်းစနစ်ကျတဲ့ကလေးပဲဗျ…. သူဘဝ သူသိတယ်ထင်တယ်… သူအောင်မြင်အုံးမယ်…. သူလို ဈေးရောင်းရင်း ကျောင်းတက် နေတဲ့သူထက် ကျောင်းမတက်ပဲ အရွယ်မတိုင်ခင် အလုပ်လုပ်နေကျတဲ့ ခလေးလေးတွေ များမှများပဲဗျာ…..
အင်းတစ်ခါတလေတွေးမိတယ် လေးခရေ… ကျနော်သာ အကောင်းကြီးကြီး အမြီးရှည်ရှည်တစ်ယောက်ဖြစ်ခဲ့ရင်ဆိုပြီးလေ………….. ဖြစ်မှာလဲမဟုတ်ပါဘူး…. ဟိဟိ
ခင် ခ
June 13, 2014 at 1:58 pm
ဆရာရွှေတိုက်စိုး (အင်းတစ်ခါတလေတွေးမိတယ် လေးခရေ… ကျနော်သာ အကောင်းကြီးကြီး အမြီးရှည်ရှည်တစ်ယောက်ဖြစ်ခဲ့ရင်ဆိုပြီးလေ…………..)အဲလို အတွေးလေးကြောင့် ကြိုက်ပစ်လိုက်တာ။
kyeemite
June 13, 2014 at 1:11 pm
အဲလိုကျောင်းတစ်ဖက်နဲပမိဘကူနေတဲ့ကလေးတွေ ဒုနဲ့ဒေးပါ..ကိုခရေ
ကိုယ်တိုင်လည်း အဲ့ဘဝကလာခဲ့တော့ စာနာမိပါတယ်..
ခင် ခ
June 13, 2014 at 2:27 pm
ကိုကြီးမိုက်ရေ ကျွန်တော်တို့ ကြီးပြင်းဖြတ်သန်းခဲ့ရတဲ့ဘဝခရီးက မိုးကျရွှေကိုက မစခဲ့ပါဘူးဗျာ။ ကြမ်းခဲ့ပေမယ့် မရမ်းခဲ့လို့ အခုလိုသုံးနိုင်ရုံမျှ နေကြရတာပါ။
alinsett (gazette)
June 13, 2014 at 4:28 pm
အဲ့လို ဘဝလေးးတွေကို မြင်ရင်
တစ်ထောင့်တစ်နေရာက ကူညီချင်တဲ့စိတ်လေးတော့ ဖြစ်မိတယ်