ပုံပြင်မဟုတ်တဲ့. . .တကယ့်ဘဝဆိုးတွေ…
သူတပါးရဲ့ နာကျင်မှုကို မြင်ရုံနဲ့ ကိုယ်တိုင်နာကျင်သလို ခံစားတတ်တဲ့ စိတ်နှလုံးဟာ အခုအချိန်မှာမှ ရှိလာတာ မဟုတ်ပါဘူး။
မောင်သူရ ရဲ့ စိတ်နှလုံးက ငယ်စဉ်ကတည်းက
သူတပါး ရဲ့ နာကျင်မှ ုတွေကို
ကိုယ်နဲ့ ထပ်တူထပ်မျှ ခံစားမိခဲ့တာပါ။
မောင်သူရ အသက် ဆယ်နှစ်အရွယ်လောက်က တခြားမိသားစုတစ်စုရဲ့ ဆင်းရဲမွဲတေမှုကို ကြည့်ပြီး
မျက်ရည်တောက်တောက်ကျမိခဲ့ဖူးတာလေး ပြန်ပြောပြချင်ပါသေးတယ် ။
**********
အဲဒီတုန်းက . . .
မောင်သူရ အသက်က ဆယ်နှစ်လောက်ပဲရှိဦးမယ် ။
မောင်သူရရဲ့ မေမေက တောင်ဒဂုံ / လေးဒေါင့်ကန်ရွာဘက်မှာ မြေကွက်လေးတစ်ကွက် ဝယ်ပြီး
ပျဉ်ထောင် သွပ်မိုး အိမ်ကလေးတစ်လုံး ဆောက်ထားတာ ။
ဘယ်သူမှလည်း မနေသေးတော့ အိမ်ကို သော့လေးခတ်ပြီး ဒီအတိုင်းပဲ ပိတ်ထားတာပေါ့ဗျာ။
အဲဒီအိမ်နဲ့ ခြံလေးကို တစ်နှစ်ကျော်လောက် ပစ်ထားမိတာက စတော့တာပါပဲ။
မေမေက မောင်သူရကို လက်ဆွဲပြီး ပစ်ထားတာကြာပြီဖြစ်တဲ့ အိမ်ကလေး သွားကြည့်ဦးမှ ဆိုပြီး ခေါ်သွားတာ. . . .
ဟိုရောက်တော့. . .
အိမ်က သောကြီး ပွင့်လျက်သား…
အိမ်ပေါ်မှာလည်း မိသားတစ်စုက . . .
အခန့်သား. . . တက်နေပြီ ။
သော့ကို ဖျက်ပြီး ဝင်နေတာပေါ့လေ။
ခြံက စည်းရိုးအခိုင်အမာမရှိတော့ ဝင် နေဖို့က မခက်ဘူးပေါ့။
ဒါပေမယ့် အိမ်ရှင်ဖြစ်တဲ့ ကိုယ်တွေကို အသိမပေးပဲ တက်နေတာကတော့ လွန်တာပေါ့ ။
မိုက်ရိုင်းလိုက်လေခြင်း ဆိုပြီး မေမေက ရှင်းမယ်. . . ပေါ့။
ဒေါနဲ့မောနဲ့ အိမ်ပေါ်တက်. . .
ခါးကိုထောက်ပြီး ရန်တွေ့ဖို့ နှင်ချဖို့အလုပ်. . . . .
မောင်သူရရဲ့မေမေလေ. . .
အင်မတန် အားနာတတ်သော
အင်မတန်မှ သနားလွယ်တတ်သော . . .မေမေ . . .
ရန်တွေ ့ဖို့ ပြင်နေတဲ့ စကားလုံးတွေကို ဘရိတ်အုပ်ပြီး
ရန်မတွေ ့ရက်တော့ပဲ ငြိမ်သွားတာဗျ ။
ငြိမ်သွားမှာပေါ့. . .
မြင်လိုက်ရတဲ့ မြင်ကွင်းက ကြည့်ရက်စရာမှ မရှိတာ ။
**************
ပိန်ချုံးနေတဲ့ ကလေးငယ်သုံးယောက် . . .
ညစ်ထေး စုတ်ပြတ် နေတဲ့ အဝတ်အစားများ. . .
ကလေးတွေရဲ့ အမေဖြစ်ပုံရတဲ့…
မွဲခြောက် ပိန်ကပ်နေတဲ့ အမျိုးသမီးတစ်ယောက်. . .
သူတို့ ရုပ်ရည်တွေကို ကြည့်ရတာကိုက . . .စိတ်မသက်သာစရာ ဖြစ်နေရတဲ့အထဲ. . .
သူတို့. . . .အနေအထားက. . .
ပိုမကြည့်ရက်စရာဖြစ်နေတယ်။
သူတို့. . . ထမင်းစားနေကြတာပါ။ ဒါပေမယ့်. . .
မည်းညစ်ညစ်ဆန် အကျိုးအကြေ(ဆန်ကွဲ)ကို ချက်ထားတဲ့ ထမင်းအိုးတစ်လုံး ဘေးမှာချထားတယ် ။
အဲဒီအိုးထဲက ထမင်းလက်တစ်ဆုပ်သာသာလောက်က အဲဒီကလေး သုံးယောက်နဲ့ အမေတစ်ယောက် စားဖို့ ဘယ်လိုမှ မလောက်နိုင်/မဝနိုင်လောက်ပါဘူး ။
နည်းနည်းလေးလေ ။
နေပါဦး. . . ဘာဟင်းလဲ??
ဟင်. . .
ဂေါ်ဖီဖက်တွေ. . .
ဒါပေမယ့် စိမ်းရင့်ရင့် . . .
ဒါဆို ဂေါ်ဖီထုတ်ရဲ့ဘေးက ခွါချထားတဲ့ အရင့်အဖက်တွေပေါ့. . .
(အဲဒီဂေါ်ဖီထုတ်ဘေးကခွါချထားတဲ့ ဂေါ်ဖီဖက်အရင့်တွေကို သူတို့သားအမိတွေဟာ ဈေးထဲက ဈေးသည်တွေ ချွေချ ပစ်ထားတဲ့အမှိုက်ထဲက ကောက်ပြီး. . . စားဖို့ ချက်ရတာတဲ့. . .)
အဲ. . . ကြော်ထားတာလည်း မဟုတ်ဘူး ။
ဆီနဲ့ပြားနဲ့ ကျကျနနကြော်ထားတာမှ မဟုတ်တာ ။
အခုဟာက ရေလုံပြုတ်ပုံစံပါပဲ။
အဲဒီဟင်းမမည်သောဟင်းနဲ့ ငရုပ်သီးမှုန့် မထည့်နိုင်လို့ ဖြူကျဲကျဲ ဖြစ်နေတဲ့ ငါးပိရည်တစ်ခွက်. . .
ကော်ပန်းကန်
ပေတူးတူးလေးတွေထဲ…အမေလုပ်သူက ထမင်းဟင်းးတွေကို အချိုးကျခွဲဝေထည့်ပေးနေတာ…
သူတို့အားလုံး ဆာလောင်ငတ်မွတ်နေတာ. . .
အသိသာကြီးပါဗျာ. . .
မောင်သူရနဲ့ မောင်သူရရဲ့မေမေလေ. . .
အဲဒီမြင်ကွင်းကို ကြည့်ပြီး. . .
ကြောင်ငေးတွေဝေသွားတာပေါ့။
ရင်ဆို့လောက်တဲ့မြင်ကွင်းကိုးးး။
ကိုယ့်အိမ်ပေါ် ခွင့်မတောင်းပဲ တက်နေတဲ့ လူတွေကို နှင်မချရက်တော့ပဲ ထမင်းဖိုးဆိုပြီး ပြန်ပေးခဲ့တဲ့အဖြစ်ဗျ . . .
အဲဒီက အပြန်မှာ. . .
”မေမေ. . .သူတို့ သနားပါတယ်နော်” ဆိုတဲ့ ဂရုဏာစကားလေးကို အသံတုန်တုန်နဲ့. . .
မေမေ့ကို မောင်သူရ ပြောဖြစ်ခဲ့တယ် ။
မေမေလည်း. . .
သူတို့ကို သနားနေတယ် ။
————————-
အဲဒါနဲ့. . . .
အဲဒီမိသားစုကို မောင်သူရရဲ့မေမေက နှင်မချတော့ပဲ. . .အိမ်စောင့်သဘောမျိုး ဖြစ်အောင် ဆိုပြီး. . . အိမ်ရဲ့ ခြေရင်းဘက်မှာ အဖီလေးဆွဲချ ဆောက်ပေးလိုက်တယ်လေ ။
နေပေါ့။
အိမ်မရှိတဲ့ သူတို့မိသားစုအဆင်ပြေပြေတော့ နေလို့ရသွားတာပေါ့။
ဒါပေမယ့် အိမ်ငှားသဘောမျိုးဖြစ်အောင် တစ်လတစ်ခါအိမ်လခပေးရမယ်ပေါ့။ အိမ်လခ ဆိုပေမယ့်လည်း စတိသဘောပါ ။ အဲဒီတုန်းက အိမ်ငှားခ ဈေးထက် ဆယ်ဆလောက် လျှော့ပြီး တောင်းတာပါ ။
ဒါတောင် ပေးနိုင်လားဆိုတော့ မပေးနိုင်ပါဘူး ။ သူတို့ဘာသာတောင် စားဖို့အနိုင်နိုင် အငတ်ငတ်အပြတ်ပြတ် ။
သနားတာနဲ့ပဲ မပေးနိုင်လည်း ရှိစေကွယ် ဆိုပြီး ဆက် ထားခဲ့တာပါ ။
နှစ်လတစ်ခါ သုံးလတစ်ခါလောက်တော့
အဲဒီ အိမ်ကို မေမေက သွားကြည့်တယ် ။
သွားကြည့်တိုင်း . . .မောင်သူရတို့ ညီအစ်ကိုကို ခေါ်သွားတာပဲ ။
အဲဒီအိမ်နားမှာက ကြာကန်ကြီးနဲ့ ဘုန်းကြီးကျောင်းဝန်းကျယ်ကြီးရယ် စေတီတော်တွေရယ် ရှိတယ် ။
မောင်သူရတို့ဟာ. . .
ဝါးရုံတောအုပ်အုပ်ဆိုင်းဆိုင်းး မန်ကျည်းပင်တန်းမှိုင်းမှိုင်းကြီးနဲ့
ကြာကန်ကြီးဘေးမှာ အေးအေးလူလူသွားထိုင်ကြတယ်။
မနက်သွား ညနေမှပြန်တာဆိုတော့ ထမင်းချိုင့်တွေပါထည့်ပြီး သားအမိတွေ အဲဒီအိမ်မှာ စားကြသောက်ကြ ကြာကန်ကြီးဘက် သွားထိုင်ကြနဲ့ အေးအေးလူလူနေပြီး ညနေမှ အခု စံပြဈေးနားက အိမ်ကလေးကို လေးဘီးကားငှားပြန်ကြတာပေါ့ ။
တစ်ခါသား. . .
အဲဒီ အိမ်ထဲမှာ ထမင်းစားနေကြတုန်း. . .
ဟို ဆင်းရဲသား ကလေးတွေက မောင်သူရတို့နဲ့ ကစားဖို့တဲ့. . .
မောင်သူရတို့ အိမ်ပေါ်ထိ ပြေးတက်လာပြီး ခေါ်တာ . . .
မောင်သူရတို့က . . . ပါလာတဲ့ထမင်းချိုင့်တွေ ဖွင့်ပြီးစားနေချိန်. . .
မောင်သူရတို့. . .စားနေတဲ့ ထမင်းချိုင့်ထဲက ထမင်းဟင်းတွေကို အဲဒီကလေးသုံးယောက်က တွေတွေကြီး စိုက်ကြည့်ပြီး. . .
တံတွေးမျိုချနေကြတာာာာဗျ. . .
သူတို့. . .သူတို့. . .
ဗိုက်ဆာနေကြတယ်ထင်တယ်။
မောင်သူရရဲ့ မေမေက. . .
”သားတို့. . .လာ . . .ထမင်းစားသွား” ဆိုပြီး . . .ခေါ်လိုက်တော့. . . ခေါင်းလေးတွေခါ. . .
ပြန်ဆင်းပြေးသွားပြီး . . .
အိမ်ရဲ့ ခြေရင်းက
သူတို့ အဖီလေးထဲ ဝင်သွားရော. . . .
ဒါပေမယ့်. . .
သူတို့ အမေကို ပြောလိုက်တဲ့အသံလေးတစ်ခု မောင်သူရတို့ ကြားလိုက်ရတယ်။
” အမေ. . .ဟိုအိမ်ရှင်အန်တီတို့ စားနေတဲ့ ထမင်းရှည်ရှည်ကြီးတွေနဲ့. . .အဲဒီလိုဟင်းတွေစားချင်တယ်”တဲ့
ပေါ်ဆန်းမွှေးကို ထမင်းရှည်ရှည်တဲ့။
အင်းလေ . . .ပေါ်ဆန်းမွှေးထမင်းနဲ့ ဖွယ်ဖွယ်ရာရာ ဆီပြန်ဟင်းတွေကို သူတို့လေးတွေ စားချင်ရှာမှာပေါ့။
သူတို့ဘဝမှာ ငါးပိရည်နဲ့ ဆန်ကွဲထမင်းကိုတောင် နပ်မှန်ဖို့အနိုင်နိုင်နဲ့ အသက်ဆက်နေရတာကိုး။
အဲဒီ စကားသံလေးကြားတော့. .
မောင်သူရရဲ့ မေမေက ချက်ချင်းပဲ. . .
မောင်သူရတို့စားလက်စ ချိုင့်ထဲက . . . ထမင်းနဲ့ ဟင်းတွေကို ခွဲဝေပြီး သူတို့ကို သွားကျွေးလိုက်တယ် ။
စားကြကွယ်။
မောင်သူရတို့မေမေက ”ကုသိုလ်ရပြီ သားတို့ရေ ” လို့ ပြောပြီး ဝမ်းနည်းဝမ်းသာတွေ ဖြစ်လို့. . .
နောက်တစ်နေ့ကျတော့. . .
အဲဒီမိသားစု စားဖို့ဆိုပြီး
ပေါ်ဆန်းမွှေးဆန်တစ်အိတ် . . .
မောင်သူရတို့မေမေက ဝယ်ပေးခဲ့တယ် ။
ဒါနတစ်မျိုးပေါ့ဗျာ။
တကယ်လိုအပ်နေတဲ့နေရာတစ်ခုကို ကွက်လပ်ကလေးဖြည့်ခဲ့ဖူးတယ်ပေါ့။
————-
အဲဒီမိသားစုကို . .
(၂)နှစ်လောက် . . .အဲဒီအိမ်လေးမှာ ပေးနေခဲ့ပါတယ်။
တတ်နိုင်သလောက်လည်း ကျွေးမွေးပေးကမ်းခဲ့ပါတယ် ။
တစ်ချိန်မှာတော့. . .မောင်သူရတို့လက်ရှိနေ နေတဲ့ သင်္ကန်းကျွန်း/စံပြဈေးနားက အိမ်ကို ရောင်းလိုက်ချိန်မှာတော့ အဲဒီလေးဒေါင့်ကန်က အိမ်ကလေးဆီမှာ သွားနေကြစို့ဆိုပြီး. . .
ပြောင်းရွှေ့ဖို့ လုပ်ကြတယ်။
မောင်သူရတို့မိသားစု ကိုယ့်အိမ်ကိုယ် လာနေတော့မယ် ဆိုတော့. . .
ဟိုမိသားစုကို
”မင်းတို့ အဆင်ပြေမယ့်နေရာ ပြောင်းကြပေတော့ကွယ် ” လို့ မတတ်သာလို့ ခပ်ခွါခွါနေခိုင်းခဲ့ရပါတော့တယ်။
အဲဒီမှာ ပြဿနာက တက်တော့တာပဲ ။
အဲဒီဆင်းရဲသားမိသားစု ကို သနားလို့ အိမ်ပေါ်ခေါ်တင်ထားရတာ ငါးပါးမှောက်တာပဲ ။
အဲဒီ အမျိုးသမီးနာမည်က မတင်ဝင်းတဲ့။ သူ ့ကလေး တွေရဲ့ နာမည်လေးတွေကိုတော့ မောင်သူရတို့ မမှတ်မိတော့ဘူး။
ပြဿနာက. . .
သနားလို့ အိမ်ပေါ်ခေါ်တင်ထားတဲ့ မတင်ဝင်းတို့ မိသားစုက. . .
” ဒီအိမ်ပေါ်က မဆင်းနိုင်ဘူး” တဲ့။
. . . . .
. . . . .
. . . . .
. . . . .
(နောက်တစ်ပိုင်းမှာ ဆက်ရေးပါဦးမယ်)
လေးစားစွာဖြင့်. . .
အလင်းဆက်(Gazette)
18 comments
myatpone nya
June 26, 2014 at 12:33 pm
ခြေနှစ်ချောင်း မကယ်ကောင်းဆိုတာ အလကားပြောတာ မဟုတ်ဘူးနဲ့တူတယ်…….။ အဖြစ်တူတွေ ကြားဖူးတယ်……..။ ပေးတော့ အိမ်လခက ဆန်တစ်ပြည်ဖိုးတောင်မရှိဘူး………။ ရပ်ဆွေရပ်မျိုးလိုနေတာ တစ်ကယ်တမ်း အိမ်ရောင်းမယ်ဆိုတော့ မဆင်းပေးတော့ဘူး……..။တော်တော်ကြာတော့ အိမ်ပ်ိုင်ရှင်က လက်ပိုက်ကြည့်နေရတော့တာပဲ။ မကြည့်လို့လဲ မရဘူး သူတို့က လူဆ်ိုးလူမိုက်ပုံစံ ဂိုက်ဖမ်းထားတယ်။
myatpone nya
June 26, 2014 at 12:39 pm
ခြေနှစ်ချောင်း မကယ်ကောင်းဆိုတာ အလကားပြောတာ မဟုတ်ဘူးနဲ့တူတယ်…….။ အဖြစ်တူတွေ ကြားဖူးတယ်……..။ ပေးတော့ အိမ်လခက ဆန်တစ်ပြည်ဖိုးတောင်မရှိဘူး………။ ရပ်ဆွေရပ်မျိုးလိုနေတာ တစ်ကယ်တမ်း အိမ်ရောင်းမယ်ဆိုတော့ မဆင်းပေးတော့ဘူး……..။တော်တော်ကြာတော့ အိမ်ပ်ိုင်ရှင်က လက်ပိုက်ကြည့်နေရတော့တာပဲ။ မကြည့်လို့လဲ မရဘူး သူတို့က လူဆ်ိုးလူမိုက်ပုံစံ ဂိုက်ဖမ်းထားတယ် ။
alinsett (gazette)
June 26, 2014 at 1:29 pm
ဟုတ်တယ်။
သူတို့က ပညာသိပ်မတတ်
အသိ မရှိတော့ စာချုပ်စာတမ်းမရှိပဲ တရားလက်လွတ် မောင်ပိုင်စီးချင်တာလေ
ဘယ်ရမလဲကွယ်
နောက်တစ်ပိုင်းကို ဆက်အားပေးပါဦးနော်
JackSkellington
June 26, 2014 at 1:18 pm
အရင်က အမေတို့ ရှိတဲ့ မြေကွက်လေးမှာ အဲ့လို မိသားတစ်စု ရှိဖူးသဗျ။
မြေကွက်ပဲ ရှိတာ ခြံတောင် မခတ်ရသေးဆိုတော့ သူတို့ လဲ ဝင်နေနေသပေါ့လေ။
ကံကောင်းထောက်မစွာနဲ့ပဲ အဲ့ဒီ မြေကွက်ပေါ်မှာ အိမ်ဆောက်မယ်လဲ လုပ်ရော ဘာမှ ပြဿနာ မဖြစ်ရပါဘဲ
အေးအေးသက်သာ ပြောင်းပေးသွားကြသတဲ့။
alinsett (gazette)
June 26, 2014 at 1:26 pm
တော်သေးတာပေါ့နော်
ကျနော်တို့မှာတော့ ရှင်းလိုက်ရတာ
ပြီးတော့ သက်ရောက်မှုတွေက တန်ပြန်လာသေးတယ်
အဲဒီ အဆက်ကို နောက်တစ်ပိုင်းနဲ့အပြတ် ရေးပါ့မယ်နော်
Mee Wah
June 26, 2014 at 1:21 pm
နောက်တပိုင်း မျှော်နေတယ်ဗျိူးးးးးးးးးးးးး
alinsett (gazette)
June 26, 2014 at 1:24 pm
ဟုတ်ကဲ့
အားပေးတာ ကျေးဇူးဗျို့
နောက်တစ်ပိုင်းမှာ
သူတို့ကို နှင်ချမိတဲ့အဖြစ်နဲ့
သက်ရောက်မှုတစ်ခုကို ရေးထားပါတယ်
မကြာခင်မှာ ပိုစ့်တင်ပါ့မယ်ခင်ဗျ
Crystalline
June 26, 2014 at 2:31 pm
အဲဒါတွေကြောင့် သနားလည်း မျက်နာလွှဲမိတာအခါခါပေါ့… အစ်မဝမ်းကွဲတစ်ယောက်ဆို အခုပဲ အဲ့လိုပြသနာဖြစ်နေတယ်.. သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ့အစ်ကိုကို ကူညီတဲ့သဘောထားမိတာ.. ပိုက်ဆံလည်းတပြားတချပ်မှမယူ..အိမ်စောင့်ရတယ်ဆိုပြီးလေ.. ခုတော့ ကျေးဇူးရှင်တွေက မဆင်းဘူး.. ရုံးရောက်တော့လည်း ဗြောင်ကိုလိမ်တာ.. နှုတ်ကတိတို့..စာနာမှု..ခင်မင်မှုတို့နဲ့ချည်နှောင်လို့မရတဲ့တော့..
alinsett (gazette)
June 26, 2014 at 7:39 pm
သံယောဇဉ်တို ့…အားနာတာတို ့…
အဲဒီလို…. စိတ်နဲ ့… ပြုမိတာတချို ့က…အဲဒီလို.ကိုယ့်ကို ထိခိုက်စေတယ်နော်..
😆
ဇီဇီ
June 27, 2014 at 8:03 am
ခါတလေကျ။
သနားတာနဲ့ တန်တဲ့သူရှိတယ်။
မတန်တဲ့သူလည်း ရှိတယ် ဆက်ဆက်ရဲ့။
😥
alinsett (gazette)
June 27, 2014 at 11:46 am
ဟုတ်တယ်မမဂျီး
အမှန်ပဲ
TNA
June 27, 2014 at 6:35 pm
ထင်တော့ထင်သားနောက်တပိုင်းစောင့်မျှော်နေပါတယ်
စုန်းမ
June 28, 2014 at 4:02 am
ကျေးဇူးကို ပြန်သိတတ်ဖို့က ထမင်း မဝ ရင် ပြန်ကျေးစွပ် ဖို့များနေသလားဘဲ။
ဒါမျိုးက % အတော်များများ ဖြစ်နေတာစိတ်မကောင်းစရာပါ။
ဇာတ်သိမ်း ကို စိတ်ဝင်စားပါတယ်။
alinsett (gazette)
June 28, 2014 at 7:17 am
အရီးလာ ဖတ်တာ ဝမ်းသာလိုက်တာ
ဇာတ်သိမ်းဖြစ်တဲ့နောက်တစ်ပိုင်းမှာ ဝဋ်လည်တယ်ခေါ်မလား
သေချာ မပြောတတ်တော့တဲ့အဖြစ်အပျက်လေးတွေ ဖြသ်ခဲ့တာ
ရေးပြီးပြီ။
စာရိုက်ရင်း တန်းလန်းမို့. . .
မကြာခင် တင်နိုင်အောင် အားထုတ်ပါဦးမယ် ချစ်သော အရီးရေ
Ma Ma
June 28, 2014 at 8:56 am
ဖြစ်တတ်တဲ့ သဘောတရားလေးတွေပဲ မောင်သူရရေ။
အဲလိုတွေကြောင့် စေတနာက ဝေဒနာဖြစ်လို့ ဆိုကြရတာ။
ကဲ- နောက်တစ်ပိုင်းကို စောင့်ကြအုံးစို့ရယ်။
alinsett (gazette)
June 28, 2014 at 9:31 am
ဟုတ် တီမမ
စေတနာက ဝေဒနာအဖြစ် ရောက်သွားတာ
အဲဒါ ဘယ်လောက် ဆိုးလိုက်သလဲ နော်
နောက်တစ်ပိုင်း မကြာခင် တင်ပါ့မယ်။
လာဖတ် ခံစား comment ပေးသွားတဲ့အတွက် ကျေးဇူးပါခက်ဗျ
မ " တတ် ပါ့ "
August 21, 2014 at 5:18 pm
ဒီစာ နောက်တစ်ပိုင်း ရေးဖြစ်လားဆိုတာ သိချင်ပါတယ်လို့ … တော့ ရှည်ရှည်ဆက် ဖြေပါ။။။။။ 😀
အလင်းဆက်(24/05/2011)
August 21, 2014 at 5:39 pm
http://myanmargazette.net/199702
အဲ့ဒီလင့်ခ်ကနေ သွားရမှာပါခည
ဒီပိုစ့်ရဲ့ အဆက်ပါခည
ပိုစ့်နာမည် မတူအောင် နာမည်ပြောင်းပေးထားးလို့ပါခည
ကြွေးဟောင်းဆပ်တဲ့တစ်နေ့ ရောက်တဲ့အခါ လို့ ပေးလိုက်တာပါခည
ဒီပိုစ့်ရဲ့ အဆက်ပါခင်ည
ရှာဖွေ ဖတ်ရှု ခံစားပေးတဲ့အတွက် ဇူးဇူးပါနော့
🙂