ကြတ်ဂူဆီသို့ အလည်တစ်ခေါက်
2013 ဒီဇင်ဘာလတုန်းက လွိုင်ကော်မြို့ကို အလည်တစ်ခေါက် ရောက်ဖြစ်ခဲ့ပေမယ့် အခြေအနေအရ ကြတ်ဂူနဲ့ ရေတံခွန်ဆီကို မရောက်ဖြစ်ခဲ့တဲ့အတွက် အခု 2015 ဇန်နဝါရီမှာ လွိုင်ကော်မြို့ကို ဒုတိယအကြိမ်သွားခဲ့ပြီး ကြတ်ဂူဆီကို ရောက်အောင် သွားခဲ့ပါတယ်။
လွိုင်ကော်မြို့ကနေ မိုင် ၂ဝ ခန့် သွားရပါတယ်။ လမ်းကျဉ်းကျဉ်းနဲ့ တောတောင်တွေကို ဖြတ်သွားခဲ့ရပါတယ်။ အနဲဆုံး နေ့တစ်ဝက်လောက်အချိန်ယူပြီး သွားရမယ့် နေရာတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ကို လိုက်ပို့ပေးတဲ့သူက လက်နှိပ်ဓါတ်မီးအကြီးတွေယူလာခဲ့ပေးတယ်။ အထဲမှာ မှောင်တဲ့အတွက် ဓါတ်မီးမပါလို့ မဖြစ်ပါဘူး။
တောင်ခြေတစ်ခုမှာ ကားရပ်ထားလိုက်ရပြီး ကြတ်ဂူအပေါက်ဝဆီကို လှေကားအတိုင်း တက်ရပါတယ်။ တော်တော်မြင့်ပြီး လူသွားလူလာနဲတာ သတိထားမိတယ်။
နေ့လည် ၁ နာရီအချိန်လောက်ရောက်သွားတာမို့လို့ လှေကားအတက်မှာ တော်တော်လေး မောသွားတယ်။ လှေကားထစ်ပေါင်း (၁၃၀) တက်ခဲ့ရပါတယ်။ (credit to nozomi) အမြင့်ကနေ အောက်ခြေဘက်ကို ပြန်မြင်ရတဲ့ မြင်ကွင်းက အရောင်စုံပြီး လှပနေလို့ အမောပြေပါတယ်။
ဂူပေါက်ဝမှာ စေတီလေးတစ်ဆူနဲ့ ဘုန်းကြီးကျောင်းဆောင်တစ်ခု ရှိပါတယ်။ အင်ဗာတာနဲ့ မီးသီးတွေ ဖွင့်ထားရတာမို့လို့ မီးအလင်းရောင်အား အလုံအလောက်မရတဲ့အတွက် ဓါတ်မီး မဖြစ်မနေယူသွားဖို့ လိုပါတယ်။
ဂူပေါက်နေ သစ်သားတံတားလေးအတိုင်းဆင်းပြီး ဝင်သွားရပါတယ်။ ကျွန်မအတွက် အခက်ခဲဆုံးကတော့ ဖိနပ်မစီးရတာပဲ။ ဂူအတွင်းပိုင်းအောက်ခြေတွေက နင်းရတာ ကြမ်းနေပါတယ်။ အရမ်းသတိထားရတဲ့အနေအထားမှာ ဖိနပ်မပါတဲ့အတွက် ခြေဖဝါးတွေနာတယ်။ သစ်သားတံတားဆုံးတာနဲ့ အထဲကို ဆက်ဝင်ဖို့ အခက်အခဲစတွေ့ပါတယ်။ ကျွန်မကိုယ်တိုင် အထဲဝင်ရမှာ ကြောက်သွားခဲ့တယ်။ ဒါပေမယ့် ဓါတ်ပုံရိုက်ချင်စိတ် လွွှမ်းမိုးနေခဲ့လို့ ကြိုးစားပြီး ဝင်သွားခဲ့ပါတယ်။ ခေါင်းတလား အပျက်အစီးတွေ တွေ့ခဲ့ရပြီး ဂူရဲ့ အမြင့်ဆုံးနေရာတစ်နေရာမှာ အကောင်းအတိုင်းကျန်နေတဲ့ ခေါင်းတလားတစ်ခုကို တွေ့ရတယ်။ ဓါတ်မီးတွေဝိုင်းထိုးပြီး ဇွန်းဆွဲပြီး ရိုက်ခဲ့လိုက်ရတယ်။ အထဲကိုရောက်လေလေ ခေါင်းတလားအပျက်တွေ များလေလေပါပဲ။ ကျောက်တုံးလေးတွေဆင့်ပြီး စေတီပုံလေးတွေ လုပ်ထားကြတာတွေ့ခဲ့ရတယ်။ ကျောက်တုံးစေတီပုံလေးတွေမြင်တော့ တိဗက်ခရီးစဉ်ကို သတိရမိသေးတယ်။ ကျောက်တုံးလေးတွေဆင့်ပြီး စေတီတည်ကြတဲ့ဓလေ့က တိဗက်ဘက်က ဆင်းသက်လာတယ်လို့ ကျွန်မက ယူဆမိလို့ပါ။
ထူးခြားတာတစ်ခုကတော့ ဂူထဲမှာဖြစ်နေပေမယ့် အသက်ရှူလို့ကောင်းပါတယ်။ ပေ 1800 လောက်အထိ ဝင်သွားပြီးချိန်မှာ ဆက်သွားဖို့ မလွယ်တော့ဘူးလို့ လိုက်ပို့တဲ့ကောင်လေးက ပြောပါတယ်။ သူကတော့ ရောက်ဖူးတယ်လို့ပြောပါတယ်။ ဆက်သွားရင် ပေ ၂ဝ လောက် ချောက်တစ်ခုကို နံရံကပ်ထောင်ထားတဲ့လှေခါးကနေ ဆင်းရမယ်တဲ့။ ပြီးရင် ချောင်းတစ်ခုကိုရောက်မယ်။ ပြီးရင် ဂူကကျဉ်းသွားလို့ လေးဖက်ထောက်ပြီး သွားရမယ်တဲ့။ အဲဒါကို ကျော်သွားရင် ဘောလုံးကွင်းကြီးလို လွင်ပြင်ကျယ်တစ်ခုဆီရောက်ပါတယ်တဲ့။ သူလဲ အဲဒီအထိပဲသွားဖူးလို့ ဘယ်လောက်အထိ ဆက်သွားလို့ ရမှန်း မသိပါဘူးလို့ ပြောပြပါတယ်။
ကျွန်မတို့ ရပ်စကားပြောနေတဲ့အချိန်မှာ လူငယ်အဖွဲ့တစ်ဖွဲ့ ရေတွေစိုပြီး ပြန်လာတာတွေ့ရတယ်။ သူတို့ကို မေးကြည့်တော့ စမ်းချောင်းအထိပဲရောက်ခဲ့ပြီး ပြန်လှည့်လာတယ်လို့ပြောတယ်။
ထူးခြားတာတော့ အမှန်ပါပဲ။ ခေါင်းတလားတစ်ခုရဲ့ အရှည်က ၁၅ ပေ လောက်ရှိလို့ သာမန်လူအခေါင်းတော့ မဖြစ်နိုင် ကြတ်တွေအခေါင်းသာဖြစ်နိုင်တယ်လို့ ယူဆကြပြီး ကြတ်ဂူလို့ ခေါ်တယ်လို့ သိခဲ့ရပါတယ်။ ဒီလောက် ခေါင်တဲ့ဒေသ ဒီလောက်မြင့်တဲ့တောင်ပေါ်က ဂူထဲကို ဒီလို ခေါင်းတလားတွေရောက်နေတာ ထူးဆန်းပါတယ်။ ခေါင်းအပျက်တွေကိုကြည့်ရသလောက် ကြိုးကွင်းစွပ်နိုင်တဲ့ ချိတ်တွေ အပေါက်တွေ ပါနေတဲ့အတွက် ကြိုးနဲ့ဆွဲတင်ထားတယ်လို့ ယူဆလို့ရပါတယ်။
ဒီလို ထူခြားတဲ့နေရာတစ်ခုကို ပြုပြင်ထိန်းသိမ်းထားသင့်ပါတယ်။ လက်ရှိအခြေအနေအရ ပြုပြင်ထိန်းသိမ်းမှု အားနဲနေတာ တွေ့ရပါတယ်။ ဒါပေမယ့် ကောင်းတာတစ်ခုကတော့ သဘာဝအတိုင်း တွေ့မြင်ခဲ့ရတယ်။
လွိုင်ကော်ရောက်ရင် သွားသင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။
15 comments
ခင်ဇော်
February 16, 2015 at 2:46 pm
ဟမငေးးး
ကျနော် ဆို သွားဘူးးး
သတ္တိခဲ။
ဟီးဟီးးး
သွားတဲ့ သူတွေ ရှိလို့ သာ ကြည့်လို့ ရတယ်။
🙂
Kaung Kin Pyar
February 16, 2015 at 2:49 pm
.ဂူကအရှည်ကြီးဆိုတော့ လင်းနို့လိုအကောင်တွေရော မရှိဘူးလား မဝေ….
.ရုံးက ပြန်ချိန်တိုင်း ရွှေတိဂုံဘုရားဘက်ကနေ ပျံပျံလာတဲ့ လင်းနို့ကောင်ရေ သန်းချီကို နေ့တိုင်းတွေ့တယ်…။
.မဝေ ကျေးဇူးနဲ့ ကြတ်ဂူထဲ ရောက်ဖူးသွားပြီ….
.ကိုယ်တိုင်လဲ သွားကြည့်ချင်တာ…
.မန်းလေးသွားမယ်၊ ပြင်ဦးလွင်သွားမယ်၊ လွိုင်ကော်သွားမယ်၊ စက်စဲသွားမယ်၊ ငွေဆောင်သွားမယ်၊ ဖားအံသွားမယ်…
weiwei
February 16, 2015 at 3:20 pm
လင်းနို့ မတွေ့ဘူး။ လေကောင်းလေသန့်ရတယ်။ မြွေရှိတယ်လို့တော့ ပြောတယ်။
Ma Ei
February 16, 2015 at 3:23 pm
.ဝေဝေ ရဲ့စာရယ်…
.တစ်ခြားသူတွေရေးထားတဲ့ ကြတ်ဂူအကြောင်း စာများကိုဖတ်ပီးသကာလ
.ကိုယ်မသွားရဲတာသေချာသွားပီ…
🙂
weiwei
February 16, 2015 at 4:02 pm
ရောက်ဖူးမှ သေချာသိတာမို့လို့ သွားကြည့်လိုက်ပါ။
ကြောက်စရာမကောင်းပဲ အံ့ဩစရာပဲ ကောင်းတယ်။
kai
February 16, 2015 at 6:22 pm
ခေါင်းတလားဆိုတာ.. ပုံ b မှာပါတဲ့..ရွှေရောင်လိုလို.. သင်္ဘောလိုလိုဟာကြီးကိုပြောတာလား..။
ရှေးတုံးက..သတ္တုတွေတူးဖို့.. သယ်ဖို့.. သုံးတဲ့ဟာမဖြစ်နိုင်ဘူးလား…။
ဘာပဲပြောပြော.. ဝေမမသတ္တိတော့ချီကျုးကြောင်း..။
ကျုပ်များဆို.. ဇိုင်ယွန်ကင်ညွှန်ဆိုတဲ့နေရာသွားတာမှာ.. ကျောက်တောင်ကြား..ရေကလေးစီးနေပြီး.. ရေကအချိန်မရွေးတက်လာနိုင်တယ်..
ကိုယ့်တာဝန်ကိုယ်ယူဆိုတဲ့သတိပေးစာတွေ့တာနဲ့.. ရှေ့ကိုဆက်မသွားရဲတော့…။ :k:
မွသဲ ( 17082011 )
February 16, 2015 at 7:34 pm
ပုံတွေတော့စုံအောင်မပေါ်သေးလို့ ကြည့်ရသလောက်လေးရယ် မဝေရေးတဲ့စာရယ်ဖတ်ပြီးသကာလ ဆုံးဖြတ်ချက်ချလိုက်တယ်။ လုံးဝမသွားတော့ဘူးလို့ ဟီးဟီး။ ယာကူစာဝေပီသပါပေတယ် သတ္တိကောင်းလိုက်ချက်
weiwei
February 16, 2015 at 8:10 pm
တွေ့ခါစက အထဲမှာ အရိုးစုတွေပါ တွေ့တယ်လို့ ပြောကြတာပဲ။
အောက်ဆုံးကပုံမှာ မပျက်စီးသေးတဲ့ ခေါင်းတလားတစ်ခု တွေ့ရတယ်။
ရွာထဲမှာ ကြောင်ဝတုတ် ပို့စ်တင်ဖူးကထဲက သွားချင်နေတာ …
ကိုနိုဇိုမိလဲ တစ်ခါရေးဖူးတယ် .
သွားရကျိုးနပ်တဲ့ နေရာတစ်ခုပါ ..
Mike
February 17, 2015 at 10:27 am
.“ကျွန်မအတွက် အခက်ခဲဆုံးကတော့ ဖိနပ်မစီးရတာပဲ။ ”
.အဲ့တာကတော့ မကောင်းဘူးဗျာ..ခြေထောက်ထိရှနိုင်တယ်..သက်သက်အယူသီးတာထင်ရဲ့
.ပုံတွေကြည့်ရတာ သဘာဝအတိုင်းရှိသေးတာပဲ
pooch
February 17, 2015 at 11:32 am
အဲ့ဒါပြောမလို့ ဘာဖြစ်လို့ ဖိနပ်ပေးမစီးတာလဲ
တယောက်လောက်က အမိုက်ခံစီးပြီး ဟိုဘက်ရောက်တဲ့အထိ movie လေးပါ ဆွဲလိုက်ရမှာ
ကျမသာဆို အဆုံးထိသွားဖြစ်လောက်တယ် မဝေ
ဘာဖြစ်လို့လဲ ဆိုတော့ သိပ်ကြမ်းတဲ့လမ်းတွေရဲ့ အဆုံးမှာ မြင်ရတဲ့ မြင်ကွင်းက တမူထူးနေတတ်လို့
ပေ ၂ဝ ချောက်ကို အပေါ်စီးကနေသာ ဓာတ်ပုံရိုက်ခဲ့ရင် အတော်လှမှာ
လူတွေ ဆင်းနေတက်နေတဲ့အချိန်ပေါ့
weiwei
February 17, 2015 at 12:07 pm
လှေခါးက သစ်သားတန်းတစ်ခုကို အလယ်မှာထားပြီး သစ်သားတန်း ရိုက်ထားတာဆိုတော့ လက်လျော့လိုက်ပါတယ်။ အမေ အဖေ တို့နဲ့သွားတာဆိုတော့ ဒီလောက်ရောက်ခဲ့တာတောင် ကံကောင်းလို့
အလင်းဆက်
February 17, 2015 at 3:58 pm
အဲ ရောက်နိုင်ခဲတဲ့နေရာကို ရောက်အောင် ခေါါ်ပြသွားလို့ ဇူးဇူးပါ
အရေးဖတ်ပြီး အပြကြည့်လိုက်တာ
အတူလိုက်လာရသလိုကို ဖြစ်လို့
မြစပဲရိုး
February 18, 2015 at 6:27 am
ငယ်တုန်းက ကြတ်ဂူ ဆိုတာ ကြားဖူးနေတာ အခုမှဘဲ ပုံ နဲ့ တွေ့ဖူးတော့တယ်။
ကျေးဇူးပါ ဝေ။
မအိလိုဘဲ ဂူထဲ ဝင်ရဲဘူး။
တောတောင် ရှူခင်းတွေ ကတော့ လှတာ တစ်အားဘဲ။
ပုံ(၂) မှာ ဘုရားလေး လား။
Ma Ma
February 18, 2015 at 3:05 pm
လှေကားအတက်မှာ တော်တော်လေး မောသွားတယ် ဆိုတဲ့နေရာမှာတင် လှည့်ပြန်ချင်နေပြီ။
မှောင်မှောင်မဲမဲမှာ ခေါင်းတလားတွေ တွေ့ရင်တော့…. အမငီးးးးးးးးးးးးး :'(
ဦးကြောင်ကြီး
February 23, 2015 at 12:31 pm
ကွားမတွေ သိပ်ချောမှာပဲစ်နော်…