ရွှေတိဂုံစေတီတော် အံ့ဖွယ်ကိုးဌာန…

ကုိ ထြဋ္July 19, 20141min1475

Shwe Dagon Pagoda

 

ရွှေတိဂုံစေတီတော် အံ့ဖွယ်ကိုးဌာန
========================
၁။ တဝဂူ ဆုတောင်းပြည့်ဘုရား

ရွှေတိဂုံစေတီတော်ကြီးရဲ့ အထက်ပစ္စယာ အရှေ့ဘက်တည့်တည့်တွင် တည်ထားကိုးကွယ်သည့် ထိုတဝဂူ ရုပ်ပွားတော်မြတ်ကို ယောက်ျားများသာ တက်ရောက် ဖူးမြှော်ခွင့် ရှိပါတယ်။ မိန်းမများ ဖူးခွင့်မရှိပါသဖြင့် ယခင်က ဓာတ်ပုံတွင်သာ ဖူးခွင့်ရရှိကြပြီး ယခုအခါမှာတော့ တန်ဆောင်း လေးခုမှာ တီဗွီများနှင့် လွှင့်ပြပြီး ဖူးခွင့်ရပါတယ်။ တဝဂူပတ္တမြား မျက်ရှင် ဘုရားဟုလည်း ခေါ်တွင်ပါတယ်။

တဝဂူပတ္တမြား မျက်ရှင်ဘုရားတွင် လိုရာကို ဆုတောင်းက ဆုတောင်းပြည့်ပါသည်။ ရှေးက မင်းညီမင်းသား များ တဝဂူဆုတောင်းပြည့်ဘုရားသို့ တက်ရောက် ဆုတောင်း ဆုယူပြုလုပ်ကြသည်။

သစ္စာအဓိဌာန် ပြုလုပ် ကြသည်။ အောင်လည်း အောင်မြင်ကြသည်။ အချင်းချင်းသတ်ဖြတ်ပြီး နန်းရပ်ထီးဖြူ လုယူကြသည်။ ထီးနန်း စိုးအုပ် မင်းလုပ်ကြသည်။ ထို့ကြောင့် အချင်းချင်း မသတ်ဖြတ်စေရန်နှင့် ကြီးစဉ်ငယ်လိုက် မင်းလုပ်စေရန် အတွက် မင်းညီမင်းသားများ တဝဂူ ဆုတောင်းပြည့် ဘုရားသို့ တက်ရောက် ဖူးမြှော်ခြင်း မပြုရဟု ရွှေနန်းရှင် မင်းတရားကြီးတို့က အမိန့် စာချွန် ထုတ်ပြန်တော် မူခဲ့ရကြောင်း မှတ်သားဖူးသည်။

ထို့အပြင် တချို့ပုဂ္ဂိုလ်တို့ ကလည်း ဆုတောင်းတိုင်း ပြည့်သဖြင့် တဝဂူ ဘုရားကို လူတိုင်း အလွယ်တကူ ဖူးမြှော်ခြင်း မရနိုင်စေရန်နှင့် ဆုတောင်းမှု မပြုနိုင်ကြစေရန် အထက်ပစ္စယာ လူသူအရောက်အပေါက်နည်းသည့် နေရာတွင် လျှို့ဝှက် တည်ထား ကိုးကွယ်ကြသည်ဟု ဆိုရိုးရှိပါသည်။

(ယခုအခါတွင်လည်း ထို တဝဂူဘုရားသို့ ယောက်ျားများ တက်ရောက် ဖူးမြှော်လိုသည့်တိုင်အောင် တက်ခွင့် ကဒ်ပြားဖြင့်သာ ဝင်ရောက်တက်ဖူးနိုင်ခြင်း ဖြစ်ပါတယ် လောလောဆယ် တဝဂူပုံတော် မတင်ပြနိုင်သေးတဲ့ အတွက် တစ်ဦးတစ်ယောက်ဆီက အကူအညီယူပြီး အဆင်ပြေတဲ့အခါမှသာ တင်ပေးပါ့မယ်နော်)

၂။ ဝိဇ္ဇာဇော်ဂျီ ဘုရား

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် စနေထောင့် တည့်တည့်တွင် တည်ရှိသည်။ စေတီငယ်ပေါ်တွင် ဇော်ဂျီရုပ်များ ထုလုပ်ထားသည်ကို တွေ့ရသည်။ ရှေးအခါက လောကီပညာရပ် အစီအမံများဖြင့် စီရင်ပြုလုပ် တည်ထားသည့်ဘုရားဟု သိရှိရပေသည်။

၃။ ဆုတောင်းပြည့် ဘုရား
ရွှေတိဂုံရင်ပြင်တော် ရာဟုထောင့်ရှိ သံတန်ဆောင်းကြီးဘေးတွင် တည်ရှိပါသည်။ အချို့က ဘားလေးဘား ဘုရားဟု လည်းကောင်း ရှင်စောပုဘုရားဟု လည်းကောင်း ခေါ်တွင်ကြပါသည်။ ဘုရားအနီးအပါးတွင် စကား စိမ်း စကားဝါ စသော စကားပင်လေးပင်ရှိသည်။

၄။ရှင်မထီးဘုရား
ရွှေတိဂုံဘုရားကြီး ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးဘုရား မြောက်ဘက် အာရုံခံတန် ဆောင်းတွင်းရှိ တည်ထားကိုးကွယ်သော ရုပ်ပွားတော်ဖြစ်သည်။ ရှင်မထီးတန်ဆောင်း ဟူ၍လည်းခေါ်သည်။ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)နှစ်ခန့်က ရှင်မထီးဆရာတော် တည်ထားကိုးကွယ်ခဲ့သည်ဟု သိရှိပါသည်။

၅။ ရှင်အဇ္ဇဂေါဏ ဘုရား
ရွှေတိဂုံဘုရားကြီး၏ ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးစေတီတော်၏ တောင်ဘက် အာရုံခံ တန်ဆောင်းတွင်းတွင် တည်ထားကိုးကွယ်သော ရုပ်ပွားတော်ဖြစ်သည်။
ရှင်အဇ္ဇဂေါဏ ဆရာတော်ကား ဆိတ်မျက်လုံးတစ်ဘက် နွားမျက်လုံးတစ်ဘက်ရှိသော ကိုယ်တော်ဟု ထင် ရှားသည်။ အဂ္ဂိရပ်တန်ခိုးဖြင့် ပုဂံခေတ်တွင် ရွှေမိုးငွေမိုး ရွာစေခဲ့သော ဆရာတော်ဟု ထင်ရှားသည်။ ပြည်သူ ပြည်သားတို့ကို ရွှေမိုးငွေမိုး ရွာစေ၍ စောင်မတော်မူသည်ဟူ၏။ ရှေးဟောင်းသမိုင်း စာပေ ပုရပိုက်တို့တွင် အထက်ပါအတိုင်း ဆိုခဲ့ပေသည်။ ထိုရုပ်ပွားတော်ကို ရှင်အဇ္ဇဂေါဏ ဆရာတော် တည်ထားခဲ့၍ မိမိတည်မှန်း လူအများသိစေရန် မျက်လုံး တစ်ဘက်ကျဉ်း တစ်ဘက်ကျယ် ထုလုပ်သွားကြောင်း အဆိုရှိသည်။

၆။ ဆံတော်တွင်း ရုပ်ပွားတော်
ရွှေတိဂုံရင်ပြင်တော် မြောက်ဘက်တွင်ရှိသော ဆံတော်တွင်း တန်ဆောင်းအတွင်း၌ တည်ရှိသည်။ ဆံတော် တွင်း တန်ဆောင်းမှာ ရွှေတိဂုံစေတီတော်ကြီး၏ မြောက်ဘက် အာရုံခံတန်ဆောင်းနှင့်ကပ်လျက် တည်ရှိ သော တန်ဆောင်းဖြစ်ပါသည်။
ရွှေတိဂုံစေတီတော်ကြီး တည်ထားကိုးကွယ်စဉ်က ဆံတော်များ ဆေးကြောသည့်တွင်း ဖြစ်သည်ဟု မှတ်သား ကြသည်။ ထိုဆံတော်တွင်းမှာ လွန်ခဲ့သောနှစ် ၅ဝကျော်က အောက်သို့ဆင်းရာ ဥမင်လိုဏ်ခေါင်းရှိသည်။ ဆံတော်တွင်းမှ ရေသည် ဧရာဝတီမြစ်ရေနှင့် တစ်ကြောတည်းဖြစ်၍ ပင်လယ်မှ ဒီရေအတက်အကျ ရှိတိုင်း ဆံတော်တွင်း၌လည်း အတက်အကျရှိသည်ဟု ဆိုကြသည်။ ဆံတော်တွင်း အုတ်ပြာသာဒ်ကိုငုံ၍ ၁၈၇၉-ခုနှစ် က တန်ဆောင်း ဆောက်လုပ်လေသည်။

၇။ ဘိုးဘိုးအောင်ဘုရား
ရွှေတိဂုံစေတီတော် အရှေ့ဘက်မုဒ်ဦးအနီးရှိ ဘိုးဘိုးအောင် တန်ဆောင်းတွင်းတွင် တည်ထားကိုးကွယ်သော ဘုရားဖြစ်သည်။ တန်ဆောင်းတွင်ရှိ ရုပ်ပွားတော်ကို ထွက်ရပ်ပေါက် ဘိုးဘိုးအောင်တည်ရစ်သည်ဟု ပြောစ မှတ် ပြုကြ၏။ ဘိုးဘိုးအောင် တန်ဆောင်းနှင့် ကျောချင်းကပ်လျက်တွင်မူ ဓမ္မစေတီမင်းကောင်းမှုစေတီတော် တည်ရှိသည်။ ဓမ္မစေတီဘုရား ရှေ့တွင်ခြင်္သေ့ရုပ်နှင့် ကျားရုပ်တည်ရှိသည်။

၈။ လက်ပက်လက်ဘုရား
လက်ပတ်လက်ဘုရား ရုပ်ပွားတော်မှာ စေတီတော်အရှေ့မုခ် အာရုံခံတန်ဆောင်းတွင်းတွင် တည်ထားပါ သည်။ ကကုသန်ဘုရားရှင် ရုပ်ပွားတော်ဖြစ်သည်။ လိုဏ်အတွင်းရှိ ကကုသန်ရုပ်ပွားတော်၏ လက်ယာဘက် လက်တော်မှာ လက်တော်ပက်လက် ထုလုပ်ကိုးကွယ်ထားလေသည်။ အခြား ရုပ်ပွားတော်များကဲ့သို့ လက် မှောက်ခုံ မဟုတ်ပေ။ ထို့ကြောင့်ပင် လက်ပက်လက် ဘုရားဟု ခေါ်တွင်သည်။

၉။ ပြဒါးရှင်ဘုရား
ရင်ပြင်တော်အရှေ့မုခ်နှင့် အင်္ဂါထောင့်အကြားရှိ စေတီတစ်ဆူ၏ တောင်ဘက်မုခ် အတွင်းရှိ ကြေးဆင်းတု ရုပ်ပွားတော်ဖြစ်သည်။ အချိုးအစား အလွန်ပင် ကျနပြေပြစ် လှသည်။ နဖူးတော်တွင် မို့မောက်နေ၍ ပြဒါးရှင် လုံး ဌာပနာ၍ တည်ထားသည်ဟု ဆိုကြ၏။
ထိုကြေးဆင်းတု ရုပ်ပွားတော်မှာ အထူးပင် သပ္ပါယ်လှ၍ အချိုးအစားကျနပြီး မြတ်ဗုဒ္ဓရှင်တော်ဘုရား၏ ပုံဟန် တော်ကို ရည်မှတ် ပူဇော်ဦးခိုက်ရာတွင် နှလုံးပီတိ ဂွမ်းဆီထိသလို နှလုံးစိတ်ဝမ်း အေးချမ်းကြောင်း ဖူးဖူးသူ တိုင်း ဝန်ခံရပါသတည်း။

Credit: Express Time

Ps: အံ့ဖွယ်ကိုးဌာနကို ကြားပဲ ကြားဖူးတယ်.. ဖူးတာတော့ မစုံခဲ့ဘူး.. နောက်တခေါက် ဘုရားသွားမှ ဓာတ်ပုံတွေနဲ့ သေချာ ပြန်တင်ပေးပါ့မယ်..

အခုကတော့ ကြားဖူးသူတွေလဲ ဂဃနဏ သိရအောင် စာကိုပဲ သူများဆီက ကူးပြီး ပူဇော်ရပါတယ်…

ရှင်စောပုဘုရား( ၃ ဆုတောင်းပြည့်ဘုရားကတော့ ဖူးဖူးတယ်)

၆ ဆံတော်တွင်း ရုပ်ပွားတော်က မြစ်ရေကြည့်တာက အရင်က ရပေမဲ့ အခု မရတော့ပါ.. ဝန်းခတ်ထားလိုက်ပါပြီ…

နေလ ဘုရား၊ ပတ္တမြားမျက်ရှင်၊ လက်ညှိုးတော်ရေကျ ဘုရား၊ အဲဒါတွေလဲ သိတဲ့လူတွေ တင်ပေးကြပါလို့… 🙂

5 comments

  • ဇီဇီ

    July 19, 2014 at 9:50 am

    နူးဘာ ဂီ ဆီမှာ ဒီ ကိုးဌာန ပုံ ဓာတ်ပုံတွေရှိတယ်။
    🙂

  • Kaung Kin Pyar

    July 21, 2014 at 10:13 am

    အံ့ဖွယ် ကိုးဌာနအပြင် ယက္ခညီနောင်ဘုရားတို့ ထန်းသုံးပင်သိုက်နန်းတို့လဲ ရှိသေးတယ်…။ ဒီပိုစ့်လေး မြင်မှ ရွှေတိဂုံမရောက်တာ ဘယ်နှနှစ်တောင် ရှိပါ့…..။

    😥

  • black chaw

    July 21, 2014 at 2:03 pm

    သာဓု…သာဓု…သာဓု…ပါဗျာ…။
    :mrgreen:

  • Yae Myae Tha Ninn

    July 22, 2014 at 9:14 pm

    ကျွန်တော် နည်းနည်းရှာဖတ်ပြီး.. တင်ပေးပါ့မယ်… ဟဲ.. အားကိုးတယ်ပေါ့… မိန်းမက ပြောတယ်.. ပို့စ်အတွက် ရွှေတိဂုံသွားရတော့မယ်ဆိုပြီး.. ပျော်နေလေရဲ့… 🙂

Leave a Reply