ကျွန်တော်တို့ ဗုဒ္ဓဟာ ဝိဘဇ္ဇဝါဒီပါ
သာသနာဆိုတာအဆုံးအမပါ။ သာသနာကွယ်တယ်ဆိုတာ အဆုံးအမကွယ်တာပါ။ ဘုရားအဆုံးအမကိုလိုက်နာနေသမျှ သာသနာမကွယ်သေးပါဘူး။ ဗုဒ္ဓဘာသာဝင်တိုင်းဟာ ဂရုဓမ္မနိစ္စသီလ(ငါးပါးသီလ)မြဲနေဘို့လိုပါမယ်။
ကျွန်တော်တို့ ဗုဒ္ဓဟာ ဝိဘဇ္ဇဝါဒီပါ၊ ကံနဲ့ကံ၏အကျိုးကို အခြေခံကျစွာ လက်ခံယုံကြည်ပါတယ်။ ကံဆိုတာအလုပ်ပါ၊ ဘယ်လိုအလုပ်မျိုးကိုပြုလုပ်ခဲ့လို့ ရရှိလာတဲ့ အကျိုးရလဒ်က ဘာတွေလဲ။
တင်ပြမယ့် အကျိုးရလဒ်တွေ ဖြစ်လာစေတဲ့ အဓိကအကြောင်းတရားတွေကို ရှာကြစေလိုပါတယ်။ ဝါယာရှော့ဖြစ် မီးလောင်နေတာကို မိန်းမချဘဲ ရေနဲ့ပက်ရင် အန္တရာယ်ရှိပါတယ်ခင်ဗျာ။
တစ်ချိန်က ဗုဒ္ဓဘာသာနိုင်ငံအများအပြားဟာ အခုချိန်မှာ ဗုဒ္ဓဘာသာဝင်မရှိသလောက်ဖြစ်နေတာ ဘာလို့ပါလဲ…..
ဗုဒ္ဓဘာသာအမျိုးသမီးတွေ ဘာသာခြားကိုလက်ထပ်ကြတာ ဘာလို့ပါလဲ…..
ဗုဒ္ဓဘာသာဝင်လူငယ်အများစုဟာ ၃၈ဖြာမင်္ဂလာတရားတော်ကို မသိ၊ မရ၊ မလိုက်နာကြတာ ဘာလို့ပါလဲ…..(လူငယ်တွေတင်မကပါဘူး၊ လူကြီးတွေလဲပါပါတယ်)
ဘာသာခြားတွေမြို့လယ်မှာအစားထိုးဝင်ရောက်လာဘို့ ဗုဒ္ဓဘာသာမြန်မာ တော်တော်များများ မြို့ပြင်ထွက်ပေးကြတာ ဘာလို့ပါလဲ…..
ဗုဒ္ဓဘာသာမြန်မာ ဈေးဆိုင်တွေမှာဝယ်ယူအားပေးမှုမပြုကြဘဲ ဘာသာခြားဆိုင်တွေမှာအားပေးကြတာ ဘာလို့ပါလဲ…..
ထေရဝါဒ ဗုဒ္ဓဘာသာဝင်လို့ လက်ခံယူဆထားသူများဟာ ကံနဲ့ကံ၏အကျိုးကို ယုံကြည်မှုနည်းပြီး ဘာသာခြားတွေရဲ့အယူဝါဒတွေ ဝင်ရောက်ပူးသတ်ခြင်း ခံနေကြတာ ဘာလို့ပါလဲ…..
ဘာသာခြားတွေက သူ့တို့မျိုးဆက်တွေကို ဘာသာရေးအသိဖြန့်ဝေပြီး ဘာသာရေးသတိရှိအောင် ဆောင်ရွက်နိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ်မျိုးဆက်ကိုယ် ဘာသာရေးအသိဘယ်လောက်ဖြန့်ဝေပြီးပြီလဲ?။
5 comments
Ko chogyi
July 24, 2014 at 4:48 pm
မသိဘူးဗျ ပြောပြပါဦး
အရီးခင်
July 24, 2014 at 10:54 pm
“ဝိဘဇ္ဇဝါဒီ” ဆိုတာ ဘာမှန်းမသိလို့ လိုက်တော့ “ဝေဖန်ခံနိုင်တဲ့ဝါဒ” လို့ တွေ့လိုက်တယ်။
တစ်ခါတစ်လေ တွေးမိတယ်။ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေး က အရေးကြီးတာလား၊ ဘာသာတရား တွေ က အရေးကြီးတာလားလို့။
လူလူချင်း မေတ္တာထားတာ ကို ရှေ့တန်းတင်လိုက်ရင်တော့ အဲဒီ ငါ့ဘာသာ သူ့ဘာသာ ဘာမှ မရှိတော့ဘူး ထင်ရဲ့။
အဓိကကတော့ တရားစစ် ကို ကိုယ့်ကိုယ်ထဲ မှာ နှလုံးသွင်း နေနိုင်မှ ဗုဒ္ဓစကား လိုက်နာတာလို့ ထင်ပါတယ်။
မဟုတ်ဘဲ သူများ ဘာသာ ကို တိုက်ချင်စိတ် နဲ့ ဆောင်ရွက်နေကြရင်တော့ လူ့ဘဝ တိုတို လေးမှာ အမုန်းတရား တွေ ဘဲ ကြီးစိုးနေပါလိမ့်မယ်။
အခု မြန်မာပြည်မှာ ဆီးရီးယားမှာ အစ္စရေး မှာ ဖြစ်နေတာမျိုး တွေပေါ့။
ဗုဒ္ဓ တရား အစစ် ကို လူတိုင်း ဘာသာ လူမျိုး မရွေး ဖတ်နိုင် လေ့ကျင့်နိုင်ပါတယ်။
ဗုဒ္ဓ တရား အစစ် ဆိုတာ ဗုဒ္ဓ ဘာသာ ကို မှ ရွေး ဟောပြီး ဗုဒ္ဓ ဘာသာ ဆိုသူ တွေသာ လေ့ကျင့်နိုင်တဲ့ တရားမဟုတ် ပါဘူး။
တကယ်တော့ ရိုးရိုးရှင်းရှင်း လေးပါဘဲ။
လူတိုင်း ဘာသာတိုင်း သေဖို့ ကြောက်တယ်၊ သေပြီး ရင် နောက်ဘဝ အတွက် လဲ ကြောက်တယ်။ ဒါကြောင့် အများစု က ဘာသာရေး ကို လုပ်နေကြတာ လဲ ဖြစ်နိုင်တယ်။
ဒီမှာတင် တလွဲ အယူ တွေ နဲ့ နောက်ဘဝ အတွက် အခု ဘဝ မှာ တစ်ခြား လူတွေ၊ ဘာသာ တွေ ကို နှိမ်တာ သတ်တာ ဖယ်တာ တွေ လုပ်နေကြတာ။
တကယ် ကို လွဲ တဲ့ အလွဲ ကြီးပါ။ ကမ္ဘာကြီး ကို အမုန်းတွေ နဲ့ ဖုံး အောင်လုပ်နေတဲ့ အလွဲကြီးပါ။
မိတ်ဖြစ် ဆွေဖြစ် ဝင်ပြီး စကားပြောသွားတာပါ ဦးပြောင်ကြီး ရှင့်။
နဲနဲ လေရှည် သွားတာ စောဒီးပါ။
:-)))
အရီးခင်
July 24, 2014 at 10:57 pm
Post နဲ့ ဘာမှတော့ မဆိုင်ပေမဲ့ ရွာထဲ မျှချင်တာ ဘယ်မှာ မျှရမယ် မသိလို့ ဒီမှာ ဝင်မျှလိုက်ပါတယ်။
“တရားကျင့်သောသူကို တရားက ပြန်ပြီး စောင့်ရှောက်ပါတယ်” ဆိုတာလေး ကို သဘောကျလွန်းလို့ပါ။
ဒေါက်တာဖေသက်ထွန်း facebook စာမျက်နှာမှ ကူးယူ ဖော်ပြပါသည်။
===============
” သေရမှာ ကြောက်စရာလား ”
မိမိရဲ့ဆရာဝန်သက်တန်းတစ်လျှောက်မှာ လူနာများစွာ၊ ရောဂါပြင်းထန်သူများစွာ၊ သေတဲ့သူ များစွာနဲ့ လုပ်ငန်း သဘာဝအရ ရင်းနှီးစွာ ဆုံခဲ့ရဘူးပါတယ်။ အများစုကတော့ ပုထုဇဉ်ပီပီ သေရမှာကြောက်တဲ့ သူတွေသာများပါတယ်။ တချို့ဆိုဘာမဟုတ်တဲ့ အနာရောဂါလေးဖြစ်တာ ခေါင်းကိုက်တာ တုတ်ကွေးဖျားလေး ဖျားတာလောက်ကိုပဲ မျက်စိမျက်နှာတွေ ပျက်ပြီး တခွေခွေနဲ့ အိပ်ရာထဲ လဲနေလောက်အောင် စိတ်ဆင်းရဲနေကြပါတယ်။ ဦနှောက်သွေကြောပြတ်ပြီး သေသွားသူတွေ အကြောင်းကို ကြားဘူးနားဝနဲ့ သာမာန် ခေါင်းမူးတာလေးကိုပဲ ဦးနှောက်သွေးကြောပြတ်ပြီး သူ့ကိုယ်သူ သေတော့မှာပဲဆိုပြီး ငိုကာယိုကာ ထိမ်းမနိုင် သိမ်းမရ သေမှာကြောက်နေတဲ့ သူတွေကိုလည်း မကြာခဏ ဆေးကုပေးခဲ့ရ ပါတယ်။
နေမကောင်းတာနဲ့ အိပ်ရာထဲက မထတော့ပဲ မျက်နှာငယ်ကလေးနဲ့ တငြီးငြီး တငြူငြူလုပ်နေတဲ့ တရားသမား အရင့်အမာကြီးတွေကိုတောင် တွေ့ဘူးပါတယ်။
ကျန်းမာရေးကောင်းနေတဲ့အခါမှာတော့ သေရမှာ မကြောက်ဘူးလို့ ပြောတတ်တဲ့ သူတွေလည်း ရှိပါတယ်။
အများစုကတော့ အခုလောလောဆယ်တော့ ကိုယ်ကိုယ်ကို မသေနိုင်လောက်သေးဘူး ဆိုတဲ့ အထင်နဲ့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေရင်း ဟန်ဆောင်ကြွားဝါပြီး မကြောက်ဘူး ပြောနေ ကြတာများပါတယ်။
တကယ့်အရေးမှာကျတော့ လူအများစုဟာ သေရမှာကို သေမတတ် ကြောက်ကြပါတယ်။
တစ်ချို့လူတွေလည်း သေလောက်တဲ့ရောဂါတွေ ဖြစ်နေပြီလို့ သိကာစမှာ ကြောက်တဲ့စိတ်နဲ့ ငိုကာရီကာတွေ ဖြစ်တတ်ပေမဲ့ တကယ်တမ်း ကြိူးစားကုသရင်း ဘယ်လိုမှ ကုသလို့ မရနိုင် တာကိုသိပြီး တကယ်သေရတော့မှာကို နားလည်သွားတဲ့ အခါမှာတော့ စိတ်လျှော့ပြီး လက်ခံနိုင် လိုက်တာမျိုးလည်း ရှိပါတယ်။
အဲဒီလို သေချာပေါက် သေရတော့မယ်ဆိုတာကို သိသွားတဲ့ အချိန်မှာ စိတ်လျှော့လက်လျှော့နဲ့ သေခြင်းတရားကို ကျေကျေနပ်နပ် လက်ခံ လိုက်တာတောင်မှ အလွန် အကျိုးများပါတယ်။
အဲဒီလို လက်ခံနိုင်လိုက်တဲ့စိတ် ထားနိုင်တဲ့ သူတွေဟာ ငြင်းဆန်နေတဲ့သူတွေစာရင် သူတို့ရဲ့ နောက်ဆုံးခရီးဟာ ပိုပြီး သက်တောင့်သက်သာနဲ့ ငြင်ငြင်သာသာ ရှိတတ်ပါတယ်။
နိုင်ငံခြားက ရောဂါပြင်းထန်လို့ သေခါနီးတဲ့ လူနာတွေကို သီးသန့် ပြုစုစောင့်ရှောက်ပေးတဲ့ ဋ္ဌာနတွေက မှတ်တမ်းတွေမှာ ရေးထားတာတွေ ရှိပါတယ်။
အဲဒီလို သေလောက်တဲ့ရောဂါတွေနဲ့သေဖို့စောင့် နေကြတဲ့ လူနာတွေထဲမှာ သေမှာကို ကျေကျေ နပ်နပ် လက်ခံလိုက်တဲ့ သူတွေဟာ နာကျင်မှုတွေ ကို ဆိုးဝါးစွာ မခံစားရပဲ တည်ငြိမ်အေးဆေးစွာ သေခြင်းတရားကို ရင်ဆိုင်သွားကြတဲ့ အကြောင်း သုတေသန လုပ်ထားတာတွေနဲ့ အထင်အရှား သက်သေပြထားပါတယ်။
သေမှာကို ကျေနပ်စွာ လက်ခံလိုက်တဲ့စိတ်ကလေး ထားနိုင် လိုက်တာနဲ့ သေခြင်းတရားကို ရင်ဆိုင်တဲ့ နေရာမှာ များစွာလွယ်ကူ သက်သာသွားစေ ပါတယ်။
တကယ်သေရမှာမကြောက်ပဲ သေခြင်းတရားကို စိတ်အေး လက်အေးနဲ့ ရင်ဆိုင်သွားတဲ့ သူတွေလည်း ရှိပါတယ်။
အဲဒီအထဲက မှတ်မှတ်ရရ ဖြစ်ခဲ့ရတဲ့ သေရမှာ မကြောက်တဲ့သူ ( ၂ )ယောက် အကြောင်းကို ဥပမာပေးပြီး ပြောပြချင်ပါတယ်။
တစ်ယောက်ကအသက် ၉ဝ လောက် အမေကြီး တစ်ယောက် ပါ။မိမိသိသလောက် နှစ်ပေါင်းများစွာ ဘယ်သူ့ကိုမှ အပြစ်တင်တာမျိုး ဒုက္ခပေးတာမျိုး မရှိပါဘူး။
မသေခင် (၂ )နှစ် လောက်ကထဲက သူသေရင် လာကြည့်ပြီး သေမသေ ဆုံးဖြတ်ပေးဖို့ မိမိကို မှာထားပါတယ်။ ပြီးတာနဲ့ ချက်ချင်း အသုဘချဖို့ ကြိုပြောထားတာပါ။ သူအသည်း အသန်ဖြစ်တော့ မိမိသွားကြည့်ပေးရပါတယ်။
ဘယ်လိုမှ အခြေအနေမကောင်းတဲ့ ကြားက မိမိကို ခပ်ယဲ့ယဲ့ပြုံးပြရင်း
” ဆရာလေး မရတော့ဘူး မဟုတ်လား”လို့ မေးလိုက်ပါသေးတယ်။ တစ်နာရီလောက်ကြာတော့ ဆုံးသွားပါတယ်။ တချက်မှမငြီးပါဘူး။ အေးအေးဆေးဆေး သေသွားတာပါပဲ။
သမထ ဝိပဿနာတွေ အားထုတ်မထားပေမဲ့ သူဟာနှစ်ပေါင်း များစွာ သီလတွေ လုံခဲ့ပါတယ်။ စိတ်ကောင်းတွေ ရှိခဲ့ပါတယ်။
အဲဒီနှစ်ချက်နဲ့ သေခြင်းတရားကို မတုန်မလှုပ် ရင်ဆိုင် သွားနိုင်ခဲ့ပါတယ်။
နောက်တစ်ယောက်ကတော့ နည်းလမ်းမှန်စွာ တရား အားထုတ်ထားတဲ့ မိတ်ဆွေတစ်ယောက်ပါ ။ သေခါနီးမှာ
” နီးပြီနဲ့တူတယ်” ဆိုတဲ့စကား တစ်ခွန်းသာပြောပြီး တည်ငြိမ်အေးဆေးစွာ တရားနဲ့ သေသွားခဲ့တာပါ။ သူတိုနှစ်ယောက်လုံးဟာ အားလုံး ကြားဘူးထားကြသလို ဝေဒနာတွေ ပြင်းပြင်းထန်ထန် ခံစားသွားရတာမျိုး မရှိပါဘူး။
တစ်နေ့က အရေးပေါ် လူနာလာပင့်တာနဲ့ လိုက်ကြည့်ပေးရပါတယ်။ လူနာနေတဲ့အိမ်က မိမိအိမ်နဲ့ နီးနေတာမို့ ချက်ချင်းဆိုသလို ရောက်သွားပါတယ်။
မိမိရောက်သွားတော့ လူနာကပက်လက် ကုလားထိုင် မှာထိုင်နေရက်သား တွေ့ရပါတယ်။အိပ်ပျော်နေသလိုပါပဲ။ စမ်းသပ်ကြည့်တော့ အသက်တော့မရှိတော့ပါဘူး။
အသက် ၇၈ နှစ် ရှိပါပြီ။ အထွေအထူး ရောဂါမရှိပါဘူး။
နေ့တိုင်းဒီကုလားထိုင်မှာ ထိုင်ရင်း သားသမီးတွေနဲ့ စကားပြောနေကျပါ။ ဆုံးတဲ့နေ့ကသမီး တစ်ယောက်က အနားမှာ ဆန်ရွေးနေတာပါ။ သူ့အမေနဲ့ စကားပြောနေရင်း သူ့ကိုဘာမှပြန်မပြောလို့ အိပ်ပျော်နေတယ်ပဲ ထင်နေခဲ့တာ။
တော်တော်ကလေးကြာမှ စိတ်ထဲမှာ မသင်္ကာလို့ သေချာကြည့်တဲ့အခါ အသက်ရှုတာ မတွေ့တာနဲ့ တခုခုမှားတယ် ထင်ပြီး မိမိကို လာပင့်တာပါ။
ရုန်းရင်းဆန်ခတ် မရှိရုံမက ဘာတခုမှတောင် မသိသာလိုက်ပါဘူး။
ဒီလူနာ ဘဝကူးသွားပုံဟာ ညင်သာလှပါတယ်။ အကြောင်းသိတဲ့ လူနာတွေမို့ မိမိ သိထားတာတွေ ရှိပါတယ်။
သူဟာ တရားတွေကြိုးစား အားထုတ်ထားတာ လုံးဝ မရှိပါဘူး။ သာမာန်မိရိုးဖလာ ဗုဒ္ဓဘာသာပါပဲ။
မိမိရဲ့ဆရာဝန်သက်တမ်း ၂၅ နှစ်ကျော်အတွင်းမှာ မြိုခံ ဆရာဝန်ဆိုတော့ အခုလိုဆေးကုစရာ မလိုတဲ့ လူနာတွေ များစွာကို လုပ်ငန်းသဘာဝအရ ကြည့်ခဲ့ရပါတယ်။ တချို့လည်းသေခါနီးဆဲဆဲပါ။
စောစောကလူနာလိုပဲ တချို့လူတွေ သေဆုံးသွားကြတာဟာ အလွန် ငြင်သာ ပါတယ်။ ခြုံထားတဲ့စောင်ကလေးတောင် မတွန့်ပါဘူး။ တစ်ချို့ကျ တော့ လဲ cancer လိုရောဂါမျိုးနဲ့ ဆိုတော့ မသေခင်မှာ နာကျင်မှုကို တော်တော် ခံစားကြရ ပါတယ်။
ဘာဘဲပြောပြော လူအများစုဟာ သေမှာကို တော်တော် ကြောက်ကြပါတယ်။တချို့အစ အနောက်တောင် မခံနိုင်ပါဘူး။ အစမ်းသေကြည့်တာတောင် စိတ်ထဲမှာမခံနိုင်ပါဘူးဆိုတဲ့ သူတွေလည်း အများကြီးရှိနေပါတယ်။ မိမိလေ့လာကြည့်မိသလောက်လူတွေဟာ
(၁)ကြားဘူးနားဝ စကားတွေနဲ့ မသေခင်မှာ သေလောက်အောင် နာမှာပဲဆိုပြီး အဲဒီနာမဲ့ အနာကြီးကို တွေးပြီးကြောက်နေကြတာမို့ သေရမှာကို ကြောက်ကြပါတယ်။
(၂)ထားခဲ့ရမဲ့ သက်ရှိသက်မဲ့အရာတွေ အပေါ်မှာ စွဲလန်းတဲ့ စိတ်နဲ့လည်း သေမှာကို ကြောက်ကြပါတယ်။
(၃)နောက်ဆုံးအချက်က သေပြီးရင် အပါယ်ကျမှာစိုးလို့လည်း ဒီဘဝကိုစွန့်ပြီး မသေရဲကြပါဘူး။
သေတာနဲ့ပါတ်သက်ပြီး ဒီအကြောင်းတွေကို နည်းနည်း စဉ်းစားကြည့် စေချင်ပါတယ်။
တကယ်တော့ သေတယ်ဆိုတာဟာ အလွန်ကြောက်စရာ ကောင်းတဲ့ အရာကြီးတစ်ခု ကိုယ့်ဆီရောက်လာတာ မဟုတ် ပါဘူး။မနေရတော့တာ တစ်ခုပါပဲ။
နေခွင့်မရှိတော့တာ၊ နေခွင့်တစ်ခု ကုန်ဆုံးသွားတာဟာ သေတာပါပဲ။ ရှေ့ကလူတွေလည်း ဒီလိုပဲ နေခွင့်တွေ ကုန်ဆုံးသွားခဲ့ရတာပါ။
ကြောက်တဲ့သူလည်း ကြောက်ရင်းသေရတာပါပဲ။ မကြောက်တဲ့သူလည်း မကြောက်ပေမဲ့ သေရတာပါပဲ။ ခံစားချက်တွေ ဘယ်လိုပဲရှိရှိ နောက်ဆုံးမှာတော့ သူတို့လည်း ဒီလိုပဲ ရင်ဆိုင်သွားခဲ့ကြတာပါ။
ကိုယ်လောက်အသိဉာဏ်မရှိ၊ ကိုယ်လောက် ပြင်ဆင်ထားတာ မရှိတဲ့ သူတွေတောင် ရင်ဆိုင်နိုင်သေးတာ။
ဘုရားရှင်ရဲ့တရားတော်တွေကို ကျင်ကြံပွားများ အားထုတ်ခွင့်ရနေတဲ့ ကိုယ်က ဘာလို့ကြောက်နေရမှာလဲ။
နေခွင့်မရှိရင် မနေရုံပဲပေါ့။
သေရင်တော မသေခင်လေးမှာ သေလောက်အောင်နာမှာပဲ ဆိုတဲ့စကားကိုလည်း သေချာစဉ်းစားဖို့လိုပါတယ်။
စောစောက ပြောခဲ့တဲ့လူနာတွေလို ဘာမှ သိပ်မခံစားရပဲ သေသွားတဲ့ သူတွေကိုလည်း အားလုံးကြုံဖူးကြမှာပါ။ ကိုယ့်အလုပ်နဲ့ ဆက်စပ်နေတာမို့ သေခါနီးလူနာများစွာကို နောက်ဆုံးအချိန်အထိ ထိုင်စောင့်ပေးခဲ့ရဘူးပါတယ်။ တကယ်သေခါနီး အချိန်မှာ တချို့ ဆယ့်ငါးမိနစ်/ နာရီဝက်လောက် အလိုမှာ အသက်ရှူတယ်ဆိုရုံ ရှူရင်း ငြိမ်ကျသွားပါတယ်။ နာလွန်းလို့ တွန့်လိမ် ရုန်းကန်နေရတာမျိုးတွေ မရှိတော့ပါဘူး။ ငြိ်မ်းခါနီးမီးတောက်တစ်ခုလိုပဲ တချို့ဆို သေခါနီးမှ စကားတွေ ဘာတွေတောင် ပြောသွားလိုက်ပါသေးတယ်။
သေလောက်အောင် ဖေါက်ပြန်လို့သာ သေသွားတယ် ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ အဲဒီ ဖေါက်ပြန်တာကို အလွန်နာမှာပဲ လို့တော့ မယူဆစေချင်ပါဘူး။
Cancer လိုရောဂါမျိုးမို့နာကျင်မှုတွေ ခံစားရမယ်ဆိုရင်လည်း နာစရာရှိတာနာပေါ့။ အနာ သက်သာတဲ့ ဆေးတွေနဲ့လည်း ကုမှာပေါ့။
အစပိုင်းဘယ်လိုပဲနာနေပေမဲ့ နောက်ဆုံးအချိန် သေခါနီးမှာတော့ မနာတော့ပါဘူး။
အဲဒီအချက်နဲ့ပါတ်သက်ပြီး ဘုရားရှင် ဟောကြားထားတာ ရှိပါတယ်။
သေခါနီးမှာ ကာယပသာဒတွေ အရင်ဆုံး ချုပ်ပါတယ်။ ကျန်တာတွေလည်း တဖြည်းဖြည်းချုပ်သွားရင်းနဲ့ တဖြည်းဖြည်း ဆုပ်သွားလိုက်တာ နောက်ဆုံး မနောဝီဉာဉ် စိတ်ကလေး တစ်ခုသာကျန်ပါတယ်။
ကာယပသာဒချုပ်ကထဲက ဘာနာကျင်မှုမှ မရှိတော့ပါဘူး။ ဘာထိတွေ့မှုကိုမှ မသိတော့ပါဘူး။
ဒီအကြောင်းတွေကို မြတ်စွာဘုရားဟောတဲ့ ဖက္ခုနသုတ္တန် မှာ အသေးစိတ်ပါပါတယ်။
သေခါနီးလူတွေ အစက ဘယ်လောက်ပဲ နာလို့ အော်ဟစ် ရုန်းကန် နေပေမဲ့ တကယ်သေတော့မဲ့ အချိန်နီးလာရင် ငြိမ်သွားတတ်တာ ဆရာဝန်တွေ ဆေးဝန်ထမ်းတွေ တော်တော်များများ သတိထားမိမယ် ထင်ပါတယ်။
ဆိုလိုချင်တာက မိမိတို့အများစု ကြောက်နေကြတဲ့ နာကျင် မှုဆိုတာတွေ လုံးဝမရှိဘဲနဲ့ သေခါနီးမှာ တရားနှလုံးသွင်း ဖိုု့အချိန် ကောင်းစွာရပါတယ်။ ကိုယ့်စိတ်ကလေးကိုကြည့်နေရင်းနဲ့ သေရမှာပါ။ ဆရာတော်ဦးဇောတိကလည်း ဒီအကြောင်းတွေဟောခဲ့ ဘူးပါတယ်။အသက်ရှုရပ်ပြီး မိနစ် ၂ဝ လောက် ကြာတဲ့အထိ သိတဲ့စိတ်ကဆက်ရှိနေပါတယ်။ အဲဒီအချိန်လေးမှာသာ မိမိတို့အနေနဲ့ အားထုတ်ရင်း သေနိုင်ခဲ့မယ်၊ ကုသိုလ်စိတ်တွေနဲ့ သေနိုင်ခဲ့မယ်ဆိုရင် ဘာမှကို ပူစရာ မလိုတာပါ။
မိမိအနေနဲ့ pressure 40/0 နဲ့ ( ၉ )နာရီ လောက် ဘယ်လိုနာကျင်မှုမျိုးကိုမှ မခံစားရတော့ပဲ အချိန်ကောင်းစွာ ရပြီး တရားအားထုတ်ရင်း ဆုံးသွားတဲ့ အစာအိမ် cancer လူနာ တစ်ယောက်ကို တွေခဲ့ဘူးပါတယ်။
မိမိတို့သာ သူတော်ကောင်းတရား တွေနဲ့ထိုက်သင့်သလောက် ပြည့်စုံအောင်၊ ရင့်ကျက်အောင် လေ့ကျင့်ထားမယ် အားထုတ်ထားမယ် ဆိုရင် အဲဒီအချိန်လေးမှာ ဆက်ပြီး အားထုတ်သွားရုံပါပဲ။ အဲဒီလိုသာအားထုတ်နိုင်ရင် အခုဘဝ တရားမရ ရင်တောင် ဒုတိယဘဝမှာ ရနိုင်တဲ့ အကြောင်းကို ဘုရားရှင် အာမခံထားတော်မူခဲ့ပါတယ်။
အဲဒီလို quality ကောင်းတဲ့စိတ်နဲ့သာ သေနိုင်သွားရင် ကျန်ခဲ့တာတွေကို ဘာများစွဲစရာ ရှိသေးလို့လဲ။
နောက်ဘဝ ဘာဖြစ်မယ်ဆိုတာကိုလည်း တွေးပူစရာ မရှိပါဘူး။ အပါယ်ကျဖို့ဆိုတာ ခေါင်းထဲမှာ ထည့်ထား စရာတောင် မလိုတာပါ။
အရေးကြီးတာက မိမိတို့ဘက်က အခုလို ကျန်းမာရေး ကောင်းလို့ စွမ်းနိုင်တုံးမှာ သီလ၊ သမာဓိ၊ ပညာ အကျင့်တွေကို နည်းလမ်းမှန်စွာ ကြိုးစားအားထုတ်ဖို့ပါပဲ။
နေတဲ့အချိန်မှာ ကာယကံ၊ ဝစီကံ၊ မနောကံတွေ ကောင်းသည်ထက်ကောင်းအောင်၊ စိတ်ထားတွေ မြင့်မြတ်သည် ထက် မြင့်မြတ်အောင်၊ ကုသိုလ်စိတ်တွေ အမြဲဖြစ်လို့ ယဉ်ကျေးသည် ထက်ယဉ်ကျေးအောင်၊ စိတ်ထားတွေ စင်ကြယ်သည်ထက် စင်ကြယ်အောင် လေ့ကျင့်ထားမယ် ဆိုရင် သေတဲ့အခါမှာလည်း ဒီအလေ့အကျင့်တွေက သူ့အလုပ်သူ လုပ်ဆောင်သွားပါလိမ့်မယ်။
တကယ်လေ့ကျင့်ထားတဲ့ အားကိုးလောက်တဲ့ တရားအသိတွေ ရှိနေသူအတွက် သေတော့လည်း ” ဂွပ် “ကနဲ သေလိုက်ရုံပါပဲ။
” ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ ”
တရားကျင့်သောသူကို တရားက ပြန်ပြီး စောင့်ရှောက်တယ်ဆိုတဲ့ ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်ကို အကြွင်းမဲ့ယုံစေချင် ပါတယ်။
ကဲ…သေရမှာကြောက်စရာလား။
မေတ္တာဖြင့်
(ဤစာစုကို မိမိကဲ့သို့ တရားအသိဉာဏ် မရရှိ သေးသူများကိုု အားပေးလိုတဲ့ စေတနာနဲ့ ရေးရပါတယ်)
ဒေါက်တာဖေသက်ထွန်း
===================
ခင် ခ
July 24, 2014 at 11:08 pm
“တရားကျင့်သောသူကို တရားက ပြန်ပြီး စောင့်ရှောက်တယ်ဆိုတဲ့ စကားရပ်ကိုတော့ သဘောကျသွားပြီ အရီးရေ
kai
July 25, 2014 at 1:15 am
သစ္စာပေါ့…
ဆိုတော့…
မြန်မာပြည်ကြီးကမ္ဘာ့အလယ်.. အခုလိုအခြေအနေရောက်နေတာ.. သစ္စာစူးနေတယ်လို့.. လုံဝ(လုံးဝ)(ယောင်လို့တောင်)မထင်မိဘူးမဟုတ်လား..
မြန်မာပြည်ကြီး.. သစ္စာစူးနေ….။