ဪ…..ရဲဘော်တွေ…ရဲဘော်တွေ…
ဒီကနေ့ခေတ်ရဲဘော်တွေ အတော်ဂွကျတာဘဲ။
ဗိုလ်ချုပ်အောင်ဆန်းကပြောခဲ့တယ်…
စားစရာကျောက်ခဲ၊ အိပ်စရာမြေကြီးတဲ့။
ဒီနေ့ခေတ်မီတပ်မတော်ကြီးက အဲလိုတောင်မဟုတ်ဘူး၊ အောက်လက်ငယ်သားတွေအပေါ် ဘယ်လောက်စေတနာထားလဲ ဆိုတာ ပြောချင်လို့ပါ။
ငယ်သားတွေရဲ့ စား၊ ဝတ်၊ နေရေး အားလုံးစီစဉ်ပေးထားပါတယ်။
စားစရာဆိုရင် ကျန်းမာရေးအရ သင့်တင့်မျှတအောင် ယခင်က စားဆီရသင့်နှုန်းတွေ လျှော့ပြီး ရဲဘော်တွေ အဆီမဖုံးအောင် စေတနာထားတဲ့အပြင်၊ ကျန်းမာကြံ့ခိုင်တဲ့ စစ်သည်တော်တွေဖြစ်အောင် ရိက္ခာအစိုအတွက် ပေးတဲ့ငွေကို ရိက္ခာအစိုဝယ်မစားဘဲ တခြားပစ္စည်းတွေ ဝယ်သုံးမှာစိုးလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ရိက္ခာစိုဝယ်ပြီး ကျွေးခိုင်းနေတာပဲကြည့်။ ဝယ်ကျွေးတဲ့ ရိက္ခာစိုကို အေးအေးဆေးဆေးယူမစားဘဲနဲ့ ပြင်ပဈေးထက်များသလေး၊ လတ်ဆတ်မှုမရှိဘူးလေးနဲ့ ပြောချင်ကြ သေးတယ်။ ဪ…..ရဲဘော်တွေ…ရဲဘော်တွေ…
ဝတ်စရာဆိုရင်လဲ တပ်မတော်အထည်ချုပ်စက်ရုံနဲ့ ဖိနပ်စက်ရုံတွေမှာ အဆင့်မီ စစ်ဝတ်ပစ္စည်းတွေ ထုတ်လုပ်ခိုင်း၊ ယခင်က အဟောင်းနဲ့ အသစ်လဲရတဲ့စနစ်ကို ဖျက်သိမ်းပြီး သက်တမ်းစေ့တာနဲ့ အသစ်ထုတ်ပေးနေတယ်လေ။ အဲဒါကို အဆင့်မမီဘူးလေး၊ သက်တမ်းစေ့တာနဲ့ ချက်ခြင်းမရဘူး၊ ကြွေးကျန်ဖြစ်သလေးနဲ့ ပြောချင်ကြသေးတယ်။ အဆင့်မမီဘူး ဆိုရင် အဲဒီစစ်ဝတ်ပစ္စည်းတွေ ဝယ်/ရောင်းလုပ် စီးပွားရှာပြီး ကြီးပွားနေတဲ့ အရပ်သား ကုန်သည် လူတန်းစားတစ်ရပ်ပေါ်လာစရာ အကြောင်းကို မရှိဘူး။ ဪ…..ရဲဘော်တွေ…ရဲဘော်တွေ…
နေစရာဆိုရင်လဲ အိမ်ထောင်သည် လိုင်းခန်းတွေ၊ လူပျိုရိပ်သာတွေကို တပ်မှာ ရှိတဲ့အင်အားထက် ပိုပြီး နေနိုင်အောင်ဆောက်ပေးထားတယ်။ မီး/ရေ/မိလ္လာ ဆိုရင်လဲ အဆင့်နဲ့လျော်ညီအောင် သက်ဆိုင်ရာ ဆောက်လုပ်ရေး တပ်တွေကို တာဝန်ပေး ဆောက်လုပ်/ပြုပြင်ခိုင်းထားတာဘဲ။ ဒါတောင် စံချိန်မမီတဲ့ အဆောက်အဦတွေ ဆောက်သွားတယ်လို့ ပြောချင်သေးတယ်။ စံချိန်မမီတဲ့ အဆောက်အဦတွေဆိုရင် လက်ခံတဲ့ တပ်က တာဝန်ရှိသူတွေက ဆောက်လုပ်ပြီးစီးကြောင်း လက်မှတ်တွေ ထိုးပြီး ဘာလို့လက်ခံကြမှာလဲဗျာ။ ဪ…..ရဲဘော်တွေ…ရဲဘော်တွေ…
ဒါတင်လားဆိုတော့….. ဘယ်ကလိမ့်မလဲဗျ။ နိုင်ငံတော်အတွက် အသက်တောင်ပေးလှူထားတဲ့ စစ်သည်တွေအတွက် အရပ်သားဝန်ထမ်းတွေထက် အကျိုးခံစားခွင့်တွေ သာအောင် ဆောင်ရွက် ပေးထားသေးတယ်။ အရပ်သားဘဝမှာ ဘယ်လောက်ဂျလေဘီ ကျခဲ့ကျခဲ့၊ စစ်တပ်ထဲ ဝင်ပြီးတာနဲ့ ပညာအရည်အချင်း ရေးတတ်/ဖတ်တတ် အဆင့်လဲ နှစ်ရစ်လောက် ရတာနဲ့ အလယ်တန်းပြ လစာ လောက် ပေးထားတဲ့အပြင် အရပ်သားဝန်ထမ်းတွေ ခံစားခွင့်မရှိတဲ့ သက်စွန့်တာဝန် ထမ်းဆောင်မှု စရိတ်ကို ခံစားခွင့်ရှိသေးတယ်။ အဲလောက်လုပ်ပေး ထားတာတောင် အရာခံဗိုလ်ကြီးတစ်ယောက်က ပြောသေးတယ်၊ အသက် ၆ဝ ပြည့်အောင် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူ့ရဲ့ လစာက မနေ့က ကျောင်းဆင်းတဲ့ ဒုတိယဗိုလ်ရဲ့လစာ တစ်ဝက်လောက်ဘဲရတယ်တဲ့။ အရာရှိ တစ်ယောက်ရဲ့ တာဝန်ခံမှုနဲ့ တာဝန်ရှိမှု အတိုင်းအတာ တူမလားဗျနော်။ စာသင်ကျောင်းကို အမေ လွှတ်တုံးက လမ်းဘေးမှာ ဂျလေဘီ ရိုက်နေပြီးတော့ ခုမှ အဲလိုရချင်လို့ မဖြစ်ဘူးလေ။ ပြီးတော့ ပြောသေးတယ် အသက် ၆ဝ ပြည့်လို့ တပ်က သက်ပြည့်နဲ့ထွက်လိုက်ရတဲ့ အချိန်မှာ နေစရာအိမ်မရှိလို့ တပ်ထဲက လိုင်းခန်းမှာ ကပ်နေရတယ်တဲ့၊ အရာခံဗိုလ် အသစ်ရောက်လာလို့ အကြပ်/တပ်သား လိုင်းခန်းကို ရွှေ့ပေးလိုက်ရတယ်တဲ့။ စဉ်းစားကြည့်ကြပါဗျာ… တပ်ထဲမှာနေတုံးက ရတဲ့ အိမ်နဲ့ဝိုင်းကို သားလုပ် တဲ့သူ တက္ကသိုလ် တက်ဖို့ ရောင်းသုံးလိုက်တယ်တဲ့။ ကိုယ့်အဆင့်နဲ့ကိုယ် သားသမီးကို အလုပ် တစ်ဖက်နဲ့ အဝေးသင်လေး တက်ခိုင်းရင် ရရဲ့သားနဲ့ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်မှ ထားချင် တာတဲ့။ ကဲခုတော့ ဘယ့်နှယ့်ရှိစဗျာ။ ဪ…..ရဲဘော်တွေ…ရဲဘော်တွေ…
အခုလဲ ကျွန်တော်တို့ လူကြီးတွေက အောက်လက်ငယ်သားတွေအတွက် သုံးသပ်ပြကြပါတယ်။ တပ်မတော် တစ်ရပ်လုံး ရှေ့တန်းစစ်ဆင်ရေးမှာ ကျဆုံးတဲ့ အင်အားရယ်၊ နောက်တန်းမှာ ရောဂါရလို့ ဆေးရုံတက်ပြီး သေဆုံးတဲ့အင်အားရယ် နှိုင်းယှဉ်ပြတဲ့အပြင်၊ နောက်တန်းမှာ ရောဂါကြောင့် သေဆုံးတဲ့ အရေအတွက် နဲ့ ဆိုင်ကယ် မတော်တဆဖြစ်လို့ သေဆုံးတဲ့ အရေအတွက်ကိုလဲ နှိုင်းယှဉ် ပြကြတယ်။ သေဆုံးမှုအများဆုံးက မော်တော်ဆိုင်ကယ် မတော်တဆဖြစ်မှုကြောင့်တဲ့။ မော်တော် ဆိုင်ကယ်ကြောင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်ရတာဟာလဲ စစ်ဆင်ရေးမှာ ထိခိုက်ဒဏ်ရာရတာထက် များနေတယ်လေ။ နိုင်ငံတော်က ငွေတွေ၊ အချိန်တွေ အကုန်အကျခံပြီး မွေးထုတ်ပေးထားတဲ့ စစ်သည်တော်တွေဟာ ဘာမဟုတ်တဲ့ ဆိုင်ကယ် မတော်တဆဖြစ်တာလေးကြောင့် သေကြရ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ကြရ နဲ့ဗျာ။ ဘယ်လောက်ရင်နာစရာကောင်းလဲ။ ဒါကြောင့် စစ်မှုထမ်းတွေ အားလုံး မော်တော်ဆိုင်ကယ် မစီးရ၊ စီးရင်လဲ ရုံးချိန်ပြင်ပ ညနေဖက် မမှောင်ခင် အချိန်လေးမှာပဲ စီးခွင့်ပြုတယ်၊ အဲဒါတောင် အရာရှိတွေမပါဘူး၊ အရာရှိတွေကတော့ လုံးဝ၊ ကွင်းစကွင်းပိတ် လုံးဝ စီးနင်းခွင့်မပြုပါဘူးတဲ့။ ခိုးစီးလို့ မတော်တဆဖြစ်ခဲ့ရင် အရေးယူ အပြစ်ပေးဦးမှာတဲ့။ ရုံးတာဝန်နဲ့စီးလို့ မတော်တဆမှုဖြစ်လဲ ခွင့်မလွှတ်ဘူးတဲ့။ အုပ်ချုပ်မှု မော်တော်ယာဉ် စီစဉ်မပေးဘဲ မော်တော်ဆိုင်ကယ် နဲ့ တာဝန်ပေးတဲ့ သူကိုလဲ အရေးယူ မယ်တဲ့။ ကဲ….. လက်အောက်ငယ်သားတွေအပေါ် ဘယ်လောက်တောင် စေတနာထားလိုက်သလဲ။ အဲလိုအမိန့်ထုတ်တော့ ပြောကြပြန်ရောဗျာ….. တပ်တွေမှာ သုံးနိုင်တဲ့အုပ်ချုပ်မှုယာဉ် ဘယ်လောက်ရှိတယ်ဆိုတာရော သိကြရဲ့လား၊ အစီရင်ခံစာ၊ ပြန်တမ်းထဲမှာ သုံးနိုင် ဆိုတာနဲ့ပဲ တစ်ကယ်သုံးနိုင်တယ် ထင်နေကြလား၊ မသုံးနိုင်ဘဲ အသုံးပြ စက်သုံးဆီထုတ်ရောင်းပြီး တပ်အတွက် တခြားလိုအပ်တာတွေ သုံးနေတာ မသိကြဘူးလား၊ လုပ်ငန်း အမြန်ပြီးစေချင်လို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဆိုင်ကယ်ဝယ်၊ ဆီထည့်စီးနေတာ မသိကြဘူးလား တဲ့လေ။ လူကြီးတွေက မကုန်သင့်တာ မကုန်အောင်၊ မဖြစ်သင့်တာ မဖြစ်အောင် လုပ်ငန်းပြီးမြောက်မယ့်အချိန် ကြာချင်ကြာပလေ့စေ၊ တာဝန်ထမ်းဆောင်တဲ့သူ သက်သာမှု ရှိချင်မှရှိမယ်ဆိုပြီး စဉ်းစား စီစဉ်ပေးတာ ကို မြင့်တယ်ထင်ပြီး ခုန်ချနေကြတာ…..။ ဪ…..ရဲဘော်တွေ…ရဲဘော်တွေ… လူ့အသက်ထက်ပိုအရေးကြီး တန်ဖိုးထားစရာ မရှိဘူးဆိုတာ မသိရှာကြဘဲကိုး။ ။
5 comments
surmi
July 22, 2014 at 8:41 am
kyeemite
July 22, 2014 at 9:29 am
စစ်တပ်အကြောင်းတော်တော်အသေးစိတ်သိတာပဲဗျ…စစ်သားနဲ့တူရဲ့
အော်..စစ်သားတွေ..စစ်သားတွေ… 😀
ခင်ဇော်
July 22, 2014 at 11:01 am
ဪ ဂလိုကြောင့်လည်း နိုင်ငံတကာ အဆင့်မှီ တတ်မဒေါ်ဂျီးဖစ်နေတာပေါ့လေ။
😀
alinsett (gazette)
July 22, 2014 at 1:09 pm
အော်….ရဲဘော်တွေ….ရဲဘော်တွေ….
အဲ့လိုပဲ။။ရွတ်သွားတော့တယ်ကွယ်…
Paing Lay
July 22, 2014 at 3:29 pm
ကြည့်ရတာ နောင်တော်က တပ်မတော် အသိုင်းအဝိုင်းနဲ့ သိပ်မစိမ်းသလိုပဲ