” သူတို့တွေရဲ့ စေတနာ “
” သူတို့တွေရဲ့ စေတနာ “
မန္တလေးရန်ကုန်ကုန် အမြန်လမ်းမကြီးအတိုင်း ကျုပ်ကားလေးမောင်းပြီး ရန်ကုန်ကိုသွားနေတုန်း အချိန်အားဖြင့် မနက် ရ နာရီခွဲကျော်လောက်အချိန်မှာ မိုင်တိုင် ၃၂ဝလောက်မှာ အဖြူနဲ့အစိမ်းဝတ် ကျောင်းဆရာမနှစ်ဦး လက်လေးပြပြီး ကားတားနေတာကို လှမ်းမြင်နေရလို့ ကားအရှိန်လေးမှေးရင်း သူတို့အကျော်နားလောက်မှာ ကားလေးရပ်လိုက်တယ်ဆိုရင်ဘဲ ခုနကျောင်းဆရာမနှစ်ဦး ကျုပ်ကားဆီကိုလျှောက်လာပြီး
” မိုင်တိုင် ၃၂၈/၁ ကို ကားကြုံလေးလိုက်လို့ရမလားလို့ပါ” ဆိုတာနဲ့
” ဟုတ် ရပါတယ် ” ဆိုပြီး ဆရာမနှစ်ဦးကို ကားကြုံလိုက်ခွင့်ပြုပြီး ကားဆက်မောင်းလာတော့ ကျုပ်ဇနီးသည်က ကားပေါ်ပါလာတဲ့ ဆရာမနှစ်ဦးကို စပ်စုပြီးမေးတယ်လေ
” ဆရာမတို့ သွားမယ့်မိုင်တိုင်နဲ့ အခုဆရာမတို့တားစီးတဲ့နေရာနဲ့ဆို ၂ မိုင်လောက်ခရီးရှိတာ နေ့တိုင်း အခုလိုဘဲ ကားတားစီးရတာဘဲလားဟင် ”
” ဟိုအရင်တုန်းကတော့ ဆရာမတို့နေတဲ့ရွာကနေ အခုသွားမယ့်ကျောင်းကို ဆရာမတို့နှစ်ယောက်ဆိုင်ကယ် တစ်စီးနဲ့ ဒီအမြန်လမ်းဘေးကကပ်ပြီးမောင်းသွားခဲ့တာပါ နောက်ပိုင်းအမြန်လမ်းပေါ်မှာ ဆိုင်ကယ်မောင်းတာ လိုက်ဖမ်းတာနဲ့ရယ် မိုးတွင်းမိုးရွာထားရင် အမြန်လမ်းဘေးကဆင်းပြီးမြေသားပေါ်မောင်းဖို့ကျတော့ တစ်ချို့ နေရာကမြေ တွေကရွံစီးတွေလိုမို့မောင်းလို့အဆင်မပြေတာနဲ့ ကားကြုံစောင့်ပြီး အခုလိုဘဲ အကူအညီယူ သွားကြရတာ ပါဘဲ”
” ကျောင်းဖွင့်ရက်နေ့တိုင်းပေါ့နော် ”
” ဟုတ်ပါတယ် နေ့တိုင်း ဒီလိုဘဲ သွားရတာလေ ”
” အကယ်လို့ ကားကြုံမရပ်ပေးတဲ့အခါ ကြုံရရင် ဘယ်လိုလုပ်မလဲ ”
” များသောအားဖြင့်ရပ်ပေးကြပါတယ် ဆရာမတို့စောင့်တဲ့နေရာကို မနက် ၈ နာရီဝန်းကျင်လောက်ဆို မန္တလေး ကနေ ရန်ကုန် ဒါမှမဟုတ် နေပြည်တော် သွားတဲ့အမြန်ခရီးသည်ကားတွေဖြတ်ကြတယ်လေ သူတို့က ရပ်တင် ပေးကြ ပါတယ် အမတို့လို ကိုယ်ပိုင်ကားလေးတွေလည်း အခုလိုရပ်တင်ပေးကြလို့ ခုထိတော့ အဆင်ပြေ နေတယ် အမ ကားကြုံမရတဲ့နေ့မျိုးဖြစ်လာရင်တော့ လမ်းလျှောက်သွားရတော့မှာပေါ့လေ ”
” အပြန်ကြတော့လည်း တားစီးပြန်ရတာဘဲပေါ့ ”
” အပြန်ကတော့ တစ်ခါတလေလည်း အမြန်ခရီးသည်ကားတွေနဲ့ကြုံရင်လည်း တာစီးသလို ကလေးတွေနဲ့ စကားပြောပြီး လမ်းလျှောက်ပြန်လာတဲ့အခါလည်း ပြန်ဖြစ်ပါတယ် အသွားကတာ ကျောင်းချိန်မှီအောင် လို့လေ”
” ဆရာမတို့ အခုဆင်းမယ့်မိုင်တိုင်လမ်းမပေါ်ကနေ ကျောင်းကို ဘယ်လောက်လမ်းလျှောက်ရသေးလဲ ” လို့ ကျွန်တော်က ဝင်စပ်စုတော့ ဆရာမတစ်ယောက်က
” ဒီအမြန်လမ်းကနေ ဆယ်မိနစ်သာသာလောက်တော့ လမ်းလျှောက်ရတယ် ရွာလမ်းလေးအတိုင်းပေါ့ ”
” ကားရောဝင်လို့ ရလား ”
” အခု မိုးမရွာထားဘူးဆိုတော့ ရပါတယ်”
” ဒါဆို ကွေ့ဝင်ရမယ့်လမ်းရောက်ရင်ပြောလေ ကျောင်းထိပို့ပေးပါ့မယ် ” ဆိုတော့ ဆရာမနှစ်ယောက်လုံးက
” ဟာ မဟုတ်တာ ရပါတယ် အမြန်လမ်းမှာဘဲရပ်ပေးရင်ရပါပြီ အခုလိုလမ်းကြုံတင်ခေါ်လာတာဘဲ ကျေးဇူး တင်လှပါပြီး မလုပ်ပါနဲ့အားနာစရာ ” လို့ဆိုသမို့ ကျုပ်ဇနီးသည်က
” မဟုတ်ပါဘူး ဆရာမတို့ကျောင်းလည်း မြင်ဘူးချင်လို့ပါ ”
” အဲဒါဆိုလည်း အမ တို့သဘောပါ ကျေးဇူးအရမ်းတင်တယ်နော် ”
ဒီလိုနဲ့သူတို့ ညွှန်ပြတဲ့ ရွာလမ်းလေးအတိုင်း ကားကိုမောင်းလာပြီး မူလတန်းကျောင်းဆိုတဲ့ ဆိုင်းဘုတ်နဲ့ ကျောင်းဝင်းကိုလည်းတွေ့လို့ ကျောင်းပေါက်ဝနားကားရပ်လိုက်တယ်ဆိုရင်ဘဲ ကျောင်းပေါက်ဝက ကျောင်းသားကျောင်းသူတွေက သူတို့ကျောင်းရှေ့ကို ကားတစ်စီးဆိုက်ရပ်လာတာမို့ အငေးသားကြည့် နေကြ ရင်းက ” ကျေးဇူးအရမ်းတင်ပါတယ်နော် ” လို့ပြောရင်း ကားပေါ်က ဆရာမနှစ်ယောက်ဆင်းလာတာလဲ မြင်ရော ကျောင်းသူတစ်ချို့က ” ဟာ ငါတို့ဆရာမတွေ ” ဆိုပြီး အပြေးလေးလာကြကာ သူတို့ဆရာမတွေ ဆီက ခြင်းတောင်းတွေယူသူယူ လက်ပွေ့ထားတဲ့ စာအုပ်တွေယူသူယူနဲ့ သူ့တို့ဆရာမတွေကို ခရီးဦးကြို ခေါ်ဆောင်သွားကြကာ ဆရာမနဲ့ကျောင်းသူတစ်သိုက် ကျောင်းဝင်ပေါက်နားရောက်တော့ ရပ်ကြည့်နေတဲ့ ကျောင်းသားကျောင်းသူတစ်သိုက်က လက်ကလေးတွေ တိုင်ပင်ခေါ်မထားဘဲ ( စစ်တပ်စစ်ရေးပြတွေမှာ ရဲဘော်တို့ သတိတို့ ညာညှိတို့ တိုင်ပင်အော်ရတာမျိုး အဲလို ဆိုစရာမလို) အသိစိတ်ဓာတ်ညီတူ လက်ကလေး တွေပိုက်လို့ ” မင်္ဂလာပါ ဆရာမ ” လို့နုတ်ဆက်ကြလေတော့ ဆရာမတွေကလည်း ” အေး မင်္ဂလာပါ ကလေး တို့ရေ ” ဆိုတဲ့မြင်ကွင်းတို့ကို ကျုပ်တို့ငေးကြည့်ကာ သူတို့ တွေရဲ့ စေတနာ ကို ပိတိဖြစ်ပြီး ခရီးဆက်ဖို့ ကားမောင်းထွက်တော့ ဆရာမနဲ့ ကျောင်းသားကျောင်းသူ တစ်သိုက်က လက်ဝှေ့ကာ နုတ်ဆက်လေရဲ့ဗျာ။
ကျောင်းဖွင့်ကာလ နေ့တဒူဝ ဒီလိုမျိုးနဲ့ သွားလာမှုတွေကြားထဲမှာ ကလေးတွေကို စာသင်ပေးနေကြတဲ့ ဒီလို ဆရာ ဆရာမတွေ တောနယ်တွေ ကျေးရွာတွေမှာ ရှိနေကြမှာပါ ကျုပ်တို့မြို့ပေါ်မှာ ကြားကြားနေရသလို အခြေခံပညာရေးဝန်ထမ်း ဆရာ ဆရာမတွေဟာ ကျောင်းမှာကျောင်းစာကို ကောင်းကောင်းသင်ကြတာ မဟုတ်ဘူး သူတို့ဆီမှာ လခနဲ့ကျုရှင်ယူမှ ကျုရှင်ကြမှ စာကောင်းကောင်းသင်ကြတာ သူတို့ဆီမှာ ကျုရှင်ယူမှ အဲဒီကလေးမျိုး စာမေးပွဲအောင်တာ တတ်ကြတာဆိုတာတွေက အများဆုံးကြားနေ မြင်နေရလေတော့ အခြေခံ ပညာရေး အခုခေတ် ကျောင်းဆရာ ဆရာမတွေဟာ စေတနာ အနစ်နာဆိုတာတွေ မရှိဘူး အသပြာဆရာတွေ ဖြစ်နေကြပြီဆိုတဲ့ အပြောအတွေးတွေဟာ အမြဲမမှန်နိုင်သလို တစ်နိုင်ငံလုံးရဲ့ ကျောင်းဆရာ ဆရာမတွေနဲ့ ယှဉ်တွက်ကြည့်ရင်လည်း အားလုံးမဟုတ်လေဘူးလို့ဆိုရနိုင်ပါတယ်။
အဲဒီမှာတစ်ခုက ၂မိုင်၃မိုင်လောက်ဝေးတဲ့နေရာကို သွားလာသင်ကြားနေရတဲ့ဆရာ ဆရာမတွေအတွက် သူတို့ သင်ကြားနေရသော ကျောင်းဝန်းမှာ ဆရာ ဆရာမများ အဆောင်တွေတည်ဆောက်ထားပေးရင် ဘယ်လောက် ကောင်းလေမလဲ မြို့ကြီး မြို့ငယ် အတော်များများမှ စစ်တပ်ဆိုတာတွေရှိတတ်ကြပြီး ထိုစစ်တပ်အတွင်းမှာတော့ အရာရှိရိပ်သာတို့ အိမ်ထောင်သည်လိုင်း လူပျိုလိုင်းဆိုပြီ သူ့အိမ်ယာ နေစရာအပြည့်အစုံနဲ့ တပ်တစ်ခုကို ဖွဲ့စည်းတည်ဆောက်ပေးထားသော်လည်း တက္ကသိုလ်ပညာရေးမှလွဲပြီး အရပ်သားများ၏ အခြေခံပညာရေး နယ်ပယ်မှာတော့ အခုလိုဘဲ အဆင်ပြေရာ အလျဉ်းသင့်သလို ကျောင်းကိုသွားလာပြီး ဟိုအရင်ခေတ်အဆက် ဆက်ကနေ အခုထိတိုင် အခြေခံပညာ ဆရာ ဆရာမတွေဟာ သွားလာ သင်ပေးနေ ကြရစဲ ဒီအတွက်ကိုလည်း တောနယ်ကျေးရွာ ပြည်သူတွေကိုယ်စားပြုတဲ့ ပြည်သူလွှတ်တော်အမတ်တွေကလည်း လွှတ်တော်ထဲမှာ အပြု သဘောဆောင်တဲ့တင်ပြ ဆွေးနွေးတာမျိုး ငါးနှစ်သက်တမ်းတာပြည့်တော့မယ် ကြားရတာမရှိလေဘူး ရန်ကုန် မြို့ထဲ ခွေးလေခွေးလွှင့်တွေများ နေတဲ့အကြောင်း သူတို့ရဲ့ ရုံးအဆောက်အဦးလမ်း၏ ကျောက်ကြမ်းလမ်း ကိုဘယ်တော့ကတ္တရာခင်းမလဲ ခရိုနီတွေ သိမ်းထားတဲ့ မြေတွေကို ပြန်မပေးရင်ရနိုင် မရနိုင် ထမင်းစား ကောင်းလား ရေသောက်ပြီးလား စတဲ့ အရေမရ အဖတ်မရ နိုင်ငံတော်ပြည်သူတွေအတွက် အရေးမကြီး သောစကားရပ်များကို အမေးအဖြေဇာတ်တိုက်လုပ်ပြီးနဲ့သာ အချိန် ကုန်နေတာဘဲ ဖြစ်နေလားရယ်လို့ တွေးတောရင်းနဲ့ ၂၈၅မိုင် ကားခေတ္တရပ်နားရာနေရာထဲကို ချိုးကွေ့ ကား ရပ်နားပြီး အစာပြေတစ်ခုခု စားရန် အတွက် ကျုပ်တို့ဇနီးမောင်နှံ နှစ်ယောက် စားသောက်ဆိုင်ဆီသို့ ခြေလှမ်းခဲ့ ကြပေတော့သတည်း။
ဤစာဖြင့် ခင်ခအား မူလတန်း အလယ်တန်း အထက်တန်းတွင် စေတနာအပြည့်နှင့် ပညာသင်ကြားပေးခဲ့သော ဆရာ ဆရာမများကို သတိရခြင်းများစွာဖြင့် ကျေးဇူးတင်လျှက်-
ခင်ခ။
4 comments
kai
July 25, 2014 at 4:43 pm
ကယ်လီဖိုးနီးယားမှာတော့. .ကောင်မလေးတွေက.. ကားတား.. ကားပေါ်ရောက်မှ.. သူ့ကိုင်ပါတယ်ပြုပါတယ်လုပ်.. ငွေညစ်တတ်တာတွေရှိတာမို့.. (အမှတ်မမှားရင်) အဲလိုကားဖြတ်တားပြီး တက်စီးတာ.. တချို့နေရာတွေမှာ.. ဥပဒေအရတရားမဝင်ဖူးလို့.. ထင်တယ်..။
ရဲကတွေ့ရင်.. ဖမ်းချင်ဖမ်းမယ်.. မဖမ်းချင်မဖမ်းဖူးတဲ့..။
ဒါပေမယ့်.. ပယ်လီဖိုးနီးယား၊ နီဗားဒါ..ယူတားပြည်နယ်တွေဖက်.. ဖရီးဝေးနဲ့သွားရင်.. တချို့ဘိုအဖြူတွေက.. ကားတားနေတာ.. စက္ကူမှာ သူသွားချင်တဲ့နေရာရေးပြီးထောင်ပြထားတာ.. တွေ့ရတာပဲ..
တင်တဲ့သူကလည်းတင်နေတာပဲ…။
တချို့..ထရပ်ပားတွေနောက်မှာ ပါသွား.. အဲလိုနဲ့.. ပြည်နယ်တွေတခုနဲ့တခု.. ကူးပြီးတိုးရစ်လုပ်နေသူတွေလည်းရှိတယ်…။
ကားတားရင်.. လက်မထောင်ပြီး.. တားတာက.. ယူအက်စ်နဲ့အနောက်နိုင်ငံတွေရဲ့ ဆိုင်းခင်ဗျ…
ခင် ခ
July 25, 2014 at 4:58 pm
( ကယ်လီဖိုးနီးယားမှာတော့. .ကောင်မလေးတွေက.. ကားတား.. ကားပေါ်ရောက်မှ.. သူ့ကိုင်ပါတယ်ပြုပါတယ်လုပ်.. ငွေညစ်တတ်တာတွေရှိတာမို့.. )
လူအရိပ်အကဲ အခြေအနေနဲ့ ဘေးမှာလည်း ဇနီးသည်ပါလို့ပေါ့ဗျာ ကျုပ်တစ်ယောက်ထဲဆို ဘယ်ရပ်လိမ့်မလဲ သဂျီးရေ ကျုပ်လဲအဲဒါမျိုးတော့ တွေးကြောက်တတ်ပါတယ်ဗျ။
alinsett (gazette)
July 26, 2014 at 11:21 am
ဲဘာတွေ ကွာသွားလဲ..တော့မသိဘူး.. ။
ကျနော်ာတို ့တော်တော်များများ ငယ်ငယ်တုန်းက..တွေ ့ဆုံခဲ့ ရတဲ ့..ဆရာ / ဆရာမ တွေက…
ပို အနစ်နာတွေ…ခံခဲ့ကြသလားလို ့… ။
ဒါ ဖတ်ပြီး..တွေးမိသွားတာလေး…
ခင်ဇော်
July 27, 2014 at 12:40 pm
အမှန်ဆို ဆရာ ဆရာမ ဖြစ်ရမဲ့ သူတွေကို သေချာရွေးချယ်ရမှာလားလို့ပဲ။
ပညာရေး အဆင့်မြှင့်ဖို့ တစ်ကြောင်း က ဒါပေါ့။
ဆရာ အတတ်သင်ကျောင်း တက်ဖို့ကို အမှတ်တွေ ဘယ်လောက် နိမ့်ရင် ဝင်လို့ မဖြစ်တာတို့။
ကျောင်းဝင်ခွင့် စာမေးပွဲတွေမှာ EQ/IQ test စစ်တာမျိုးတို့ (ရှိလားတော့ မသိ) လုပ်ပေးနိုင်ရင် ကောင်းမယ်။
ကလေးတွေ အနာဂတ်က သူတို့လက်ထဲမှာ ဆိုတော့ နိုင်ငံတော် အနေနဲ့လည်း မြှောက်စားထားသင့်တယ်လို့ ထင်တယ်။
အိမ်မှာ လမ်းမှာ အစစ မပြေလည်တဲ့ ဆရာမ တစ်ယောက်က စာသင်ခန်းမှာ ဘယ်လိုလုပ် စိတ်ကောင်း ရာနှုန်းပြည့်ထားနိုင်မှာတဲ့လဲ။