အမွှာကလေး ၂ ယောက်
လွန်ခဲ့တဲ့ ၄၂ နှစ်၊ ဒီလိုရက် ၁၉၇၂ ခုနှစ် ဇူလိုင်လ ၃ဝ ရက် မနက် ၉ နာရီ ၂ဝ မိနစ်မှာ ကျွန်တော့်ရဲ့ အမေက [ခြေကျိုး၊ လက်ကျိုး သည်းချေပျက် (ဝမ်းတွင်းရူး)] နဲ့ဝမ်းတွင်းကန်း သူငယ်နာ ဝမ်းပျက်] အမွှာကလေး နှစ်ဦး မွေးစားဖို့ ကျွန်တော့ကို တာဝန်ပေးအပ်ခဲ့ပါတယ်။
ခြေကျိုး၊ လက်ကျိုး နေလို ့ သူ ့ဟာသူဘာမှ မလုပ်နိုင်တဲ့ ကလေးက သည်းချေပျက်နေတော့ ဟိုဟာလုပ်ချင်၊ ဒီဟာလိုချင်၊ ဟိုနားသွားချင်၊ ဒီနားလာချင်၊ ဟိုဟာစားချင်၊ ဒီဟာ သောက်ချင် နဲ ့ဝမ်းတွင်းရူးတို့ ထုံးစံအတိုင်း ပေါ့။
သူငယ်နာဝမ်းပျက်ကလဲ သူငယ်နာရောဂါကမွေးရာပါ၊ ဝမ်းကပျက်နေသေး ဆိုတော့ သူ ့ကို ခဏခဏ ရေအိမ် ပို ့ပေး၊ သန် ့စင်ပေး လုပ်ခဲ့ရတယ်။ ဆိုးတာက ဝမ်းတွင်းကန်း ဖြစ်နေလို့ သူ ့ဟာသူ ဘာမှမမြင်ရလို့ လိုက်ပို ့ပေး နေရတယ်ပေါ့။
သူတို ့တွေ အရွယ်နဲနဲ ရလာတော့ ခြေကောင်း၊ လက်ကောင်း သူငယ်နာဝမ်းပျက်ရဲ့ ဂုတ်ပေါ်မှာ ခြေကျိုး၊ လက် ကျိုး ဝမ်းတွင်းရူးကို အထိုင်ခိုင်းပြီး လှုပ်ရှားရုန်းကန် ရတော့တာပေါ့။
တစ်ယောက်နဲ့ တစ်ယောက် အနွံအတာတော့ ခံကြတယ်ဗျ။ အပေါ်က ဝမ်းတွင်းရူး ခိုင်းတဲ့အတိုင်း ခြေကောင်း၊ လက်ကောင်းတဲ့ သူငယ်နာဝမ်းပျက်က လိုက်ပို့ ပေးရှာတယ်။ ဝမ်းတွင်းရူးကလဲ သူငယ်နာဝမ်းပျက် ရေအိမ် သွားရင်၊ ဘယ်နေရှာမှာ ခလုပ်ကန်သင်း ရှိတယ်၊ ဘယ်နေရာကလမ်း၊ ဘယ်ကွေ့၊ ညာကွေ့ ပြောပေးရှာတယ်။
တစ်ခါတလေ တော့လဲ တစ်ယောက်နဲ့ တစ်ယောက် ငြူစူမှုလေးတွေရှိတာပေါ့။ ဝမ်းတွင်းရူးက ” နေ့တိုင်း မင်းကို ရေအိမ်ခဏခဏ လိုက်ပို့ပေးရတယ်၊ မမြင်မစမ်းနဲ့ လမ်းညွှန်ပေးရတာ မောပ၊ သူငယ်နာက ရှိပြန်တော့ သောက်ရမယ့် ဆေးကို ငါကရှာပေးရပြန်တယ်၊ မင်းက ကောင်းကျိုးပေးမယ့်ကောင် မဟုတ်ပါဘူးကွာ ” တဲ့။
သူငယ်နာဝမ်းပျက်ကလဲ ” မင်းလဲဘာထူးလဲ၊ တော်ကြာ ဟိုဟာစားချင်ပြန်ပြီး၊ တော်ကြာ ဟိုအဆင်လေး ဝတ်ချင် ပြန်ပြီ၊ တော်ကြာ သစ်ပင်ရိပ်အောက် နေချင်တယ်၊ တော်ကြာ နေပူစာလှုံချင်ရတာနဲ့၊ ကိုယ့်ဟာကိုယ် လဲ မသွားနိုင်ဘူ၊ တောင်ကြည့် မြောက်ကြည့်နဲ့ လမ်းမညွှန်လို့ ခလုပ်တိုက်ခဲ့ရတာလဲ အကြိမ်ကြိမ်၊ လိုက်ပို့ရတဲ့ ခွံ့ကျွေးရတဲ့ ငါက ပင်ပန်းနေပြီကွ ” တဲ့။
ဒါပေမယ့် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိတ်လဲ မကောက်ရဲကြဘူးဗျ။ တစ်ယောက်နဲ့ တစ်ယောက် ကင်းကွာ နေလို့လဲ မရပြန်၊ တစ်ယောက် အလို တစ်ယောက်လိုက်ပြီး အတူယှဉ်တွဲနေကြရတာ ပေါ့။
ဟုတ်ကဲ့…..
အဲဒီ အမွှာကလေး နှစ်ဦးဖြစ်တဲ့ [ခြေကျိုး၊ လက်ကျိုး သည်းချေပျက်(ဝမ်းတွင်းရူး)] နဲ့ တူတဲ့ [နာမ်တရား] ရယ်…
[ဝမ်းတွင်းကန်း သူငယ်နာ ဝမ်းပျက်] နဲ့ တူတဲ့ [ရုပ်တရား] နှစ်ခုကို ကျွန်တော် မလွှဲသာတဲ့(အမေပေးတဲ့) တာဝန် အရ ထိမ်းသိမ်း စောင့်ရှောက်ခဲ့တာ ဒီနေ့ ၄၂ နှစ် ပြည့်မြောက်ခဲ့ပါပြီ။
သူတို့ကို ကျွန်တော် မလိုချင်တော့ပါဘူး၊ မထိန်းသိမ်းချင်တော့ပါဘူး၊ သူတို့အလိုလိုက်ပြီး သူတို့အကြိုက် ဆောင်ခဲ့ရတာလဲ ပင်ပန်းလှပါပြီ။ ဆိုးတာက ကျွန်တော့နောက်ကို အရိပ်လို တစ်ကောက်ကောက် လိုက်နေ တာပဲဗျ။ သူတို့နဲ့ လွတ်တဲ့ နယ်မြေရောက်ဖို့ သွားရာလမ်း ကိုရှာရတော့တာပေါ့ဗျာ။
ပထမဆုံး အပြောအဆိုနဲ့ အပြုအမူ တွေကို စောင့်ထိန်းရမယ်တဲ့။ မပြောရမယ့် အပြောအဆို ၄ မျိုးကတော့ (၁)လိမ်မပြောရဘူး (၂) ကုန်းတိုက်စကား၊ ရန်တိုက်စကား မပြောရဘူး (၃) မဆဲ ရဘူး (၄) အကျိုးမရှိတဲ့စကား မပြောရဘူးတဲ့။ (၁)သူများအသက်သတ်ခြင်း (၂) သူများ ပစ္စည်းကို ပိုင်ရှင်က မပေးဘဲယူခြင်း နဲ့ (၃) ကာမဂုဏ် တို့မှာ မှားယွင်းစွာကျင့်ခြင်း ဆိုတဲ့ အပြုအမူ ၃ မျိုးကို မလုပ်ရဘူးတဲ့။ ပြီးတော့ အခုပြောခဲ့တဲ့ ရ မျိုးနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကြောင်းအလုပ် မလုပ်ရဘူးတဲ့ဗျ။ (သီလမဂ္ဂင် ၃ ပါး = သမ္မာဝါစာ၊ သမ္မာကမ္မန ္တ၊ သမ္မာအာဇီဝ)
ဒုတိယအနေနဲ့ သူများပစ္စည်းကို တရားနည်းလမ်း မကျဘဲ မတရား/အလကား လိုချင်တဲ့ခံစားချက်၊ သူများကို ကိုယ့်ပစ္စည်း ပေးရမှာ နှမျှောတဲ့ခံစားချက်၊ ငါ့ကို လုပ်ရက်လေချင်း ဆိုတဲ့ခံစားချက်၊ သူက ဘာမို့လဲ ဆိုတဲ့ ခံစားချက်၊ ချစ်စရာလေး ဆိုတဲ့ ခံစားချက်၊ မုန်းလိုက်တာ ဆိုတဲ့ ခံစားချက်၊ အဲလိုကောင်မျိုး သေမှအေးမှာ ဆိုတဲ့ခံစားချက်၊ အချုပ် ပြောရရင်တော့ဗျာ သူများ အကျိုးပျက်စီးရာ ပျက်စီးကြောင်း ကြံစည်နေတာမျိုးတွေ စက္ကန့်နဲ့အမျှ ခံစား/ကြံစည်မှု မရှိအောင် ဝီရိယစိုက်၊ သတိထား စောင့်ကြည့်နေပြီး ကိုယ့်ရဲ့စိတ်ကို အနှောင် အဖွဲ့ ကင်းကင်းနဲ့ အမြဲတမ်း လွတ်လပ် ပေါ့ပါး နေရမယ်တဲ့ဗျ။ (သမာဓိမဂ္ဂင် ၃ ပါး = သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာ သမာဓိ)
တတိယနဲ့ နောက်ဆုံးကတော့ ငရုပ်ပင်စိုက်ပြီး သရက်သီး စားချင်လို့ မရဘူးဆိုသလို ကိုယ်စိုက်ပျိုးတဲ့ အပင်က အသီးအပွင့်ကိုပဲ ကိုယ်တိုင်ရိတ်သိမ်း ခူးဆွတ် စားသောက်ရတယ် ဆိုတဲ့ ခံယူချက်ရှိရမယ်တဲ့၊ ပြီးတော့ အထက်မှာ ကျွန်တော် ပြောခဲ့တဲ့ အမွှာမွေးစားသား ၂ ယောက်ကို သေချာစောင့်ကြည့်ပြီး သူတို့ရဲ့ ပြုမူ၊ ပြောဆို၊ ကြံစည်၊ ထင်မြင်မှုတွေဟာ ခဏ ခဏပြောင်းနေတယ်၊ သူတို့ ၂ ယောက် လုပ်သမျှ ကိုယ့် အတွက် ဒုက္ခဆိုတဲ့ အကျိုးရလဒ်ပဲ ရနေတယ်၊ ကိုယ်ဖြစ်ချင်သလို လိုက်မလုပ်ကြဘူး၊ သူတို့လုပ်ချင်ရာ လုပ်နေတယ်၊ သူငယ်နာဝမ်းပျက် ဆိုတဲ့အတိုင်းပဲ ရေအိမ်မပို့၊ သန့်ရှင်းရေး မလုပ်ဘဲ တစ်ရက်လောက် ပစ်ထား ရင်ပဲ မတင့်မတယ် စက်ဆုပ်ရွံ့ရှာစရာ ဖြစ်တော့တာပဲ ဆိုတဲ့ အသိကို သတိနဲ့ စောင့်ကြည့်ရင်း၊ သူတို့ ၂ ဦး ပြုမူ၊ ပြောဆို၊ ကြံစည်၊ ထင်မြင်မှုတွေ လုပ်လိုက်တိုင်း အကျိုးသက်ရောက်မှု တစ်ခု ဖြစ်တယ်၊ အဲဒီ အကျိုးသက်ရောက်မှုဟာလဲ ကြာကြာမခံဘူး ပျက်စီးသွားတယ် ဆိုတာကိုလဲ စောင့်ကြည့်နေရမယ်တဲ့ဗျ။ (ပညာ မဂ္ဂင် ၂ ပါး = သမ္မာ ဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ)
ကဲ … ကျွန်တော်တော့ အမွှာ ၂ ယောက်နဲ့ ဝေးရာကို သွားဖို့ ကျိုးစားနေပြီဗျို့။ မိတ်ဆွေတို့ရော…???
6 comments
ခင် ခ
July 30, 2014 at 12:09 pm
ဒါဆို အဲဒီ အမွှာ ၂ ယောက်ကို သံဃောဇဉ် ပြတ်အောင်ဖြတ်တော့မယ်ပေါ့နော်။
အရီးခင်
July 30, 2014 at 1:05 pm
A Very Happy Birthday Ko PG!!! 🙂
ခင်ဇော်
July 30, 2014 at 1:27 pm
ဘယ်လိုပဲဖြစ်ဖြစ် ….
ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပြီး တရားထူးရနိုင်သူ ဖြစ်ပါစေ။
kyeemite
July 31, 2014 at 10:57 am
Happy Birthday ပါကိုပြောင်ဂျီး :s:
weiwei
July 31, 2014 at 11:23 am
သက်တူရွယ်တူ တစ်ယောက် ထပ်တွေ့ပြန်ပြီပေါ့ ..
Happy Birthday Ko PG!! ..
တရားထူး အမြန်ရနိုင်ပါစေ ..
•*¨နန်းတော်ရာသူ •*¨
August 2, 2014 at 4:28 pm
တရားသဘောရှု ရှု
🙂