အချိန်မှီ ချုပ်ကြည့်ကြစို့

sofiadimpleAugust 15, 20101min1102

နောက်ထပ်ဆက်တွေ့မယ့် အန္တရာယ်တွေကို မစဉ်းစားသေးမီ ဒီရှေ့ (၃)ခုကို ပြန်ပြီး အနှစ်ချုပ်ကြည့် ကြပါဦးစို့။ တကယ့်လက်တွေ့မှာ လုပ်ရမယ့်လုပ်ငန်းတွေကို အစဉ် အတိုင်းစီကြည့်ကြရအောင်။ အရင်ဆုံး အရေးကြီးဆုံးက သီလကိုလုံအောင်အရင်ကြိုးစားရပါမယ်။ ဒါကတော့ ရေလယ်မှာမြှုပ်မသွားစေဖို့ အတွက်နော်။ ဆိုလိုတာကတော့ သောင်း ကျန်းလာမယ့်တဏှာကို အရင်ငြိမ်အောင်သီလနဲ့ထိန်းလိုက်တာပါပဲ။ နောက်တော့မှ သမာဓိထူထောင်ရပါမယ်။ အဲဒါကလည်းထကြွတဏှာတွေ မလာစေဖို့ စိတ်တံခါး လေး ကို သတိ နဲ့ အစောင့်ချထားတဲ့သဘောပါပဲ။ ကဲဒီနှစ်ခုကတော့ အန ္တရာယ်နံပါတ်-၃ ကို အရင်ကာကွယ်လိုက်တာပါပဲနော်။ အဲဒါပြီးရင် ဒီဖက်ကမ်းမှာကပ်ခြင်းဆိုတဲ့ အန္တရာယ် နံပါတ်-၁ က လွတ်ဖို့ရုန်းရပါမယ်။ ဘယ်လိုမှတ်ရမလဲဆိုရင်တော့ ဝင်လေ၊ထွက်လေလေးကို ရုပ်၊နာမ် ခွဲပေးဖို့ပါပဲ။ ကိုယ်အာရုံစိုက်ထားတဲ့ အပေါ်မှာရုပ်၊ နာမ်လိုက် ခွဲပေး ရပါမယ်။ ဒီလိုလေး ခွဲပေး နေမယ်ဆိုရင် သက္ကာရဒိဋ္ဌိ ခွာပြီးသား ဖြစ်သွားပြီပေါ့နော်။ ငါစွဲလေးကို မှတ်ဆဲခဏမှာခွာထားခြင်းပါပဲ။ ကဲဒါဆို အန ္တရာယ်နှစ်ခု ကနေ တော့လွတ်နေ ပြီပေါ့။ နောက်ထပ် ကာကွယ် ရဦး မှာ က တော့ ဝင်လာမယ့်အာရုံငါးပါးအပေါ်မှာ ဥပါဒါန်မဆက်မိစေဖို့ မြင်သိပျက်၊ ကြားသိပျက်၊ နံသိပျက်၊ စားသိပျက်၊ ထိသိပျက် ဆိုတဲ့ပျက် သွားတာလေးကိုမြင်စေဖို့ အတွက်နှာသီးဖျား ထိသိ အပေါ် မှာပဲ ဝင်လေလေးလည်းထိပြီးပျက်သွားသလို ထွက်လေလေးလည်းထိပြီး ပျက်သွားပါလား ဆိုတာလေးကို အရင် စ လေ့ကျင့် ရပါမယ်။ ဒါမှဝင်လေ၊ ထွက်လေအပေါ်မှာ အဖြစ်ရောအပျက်ပါ မြင်နိုင်လာမယ်။ တနည်းတော့ ဖြစ်ပျက်မြင်တဲ့ ဉာဏ်လေးပေါ် လာမယ်လို့ ဆိုလိုတာပါပဲ။ အဲလို မြင်တော့ ဘာဖြစ်လဲဆိုရင် အဲဒီအချိန်မှာပဲ အရာရာကို ခိုင်တယ်၊ မြဲတယ် လို့စွဲထားတဲ့ သဿတဒိဋ္ဌိ လည်းကင်း နေမယ်နော်။ နောက်ပြီး ပျက်ပြီးရင်အကုန် ပြတ်ပြီ ဘာမှထပ်မဖြစ်တော့ဘူး။  ခုမသေခင် မှာလုပ်ချင်ရာလုပ်နိုင်တယ် ဆိုတဲ့ အယူတွေကလည်း ဒီဖြစ်ပျက်ဉာဏ် လေးရတာနဲ့ ရှင်းလင်းစွာ မြင်သိသွားမယ်နော်။  ဒါဆိုရင် ဥစ္ဆေဒဒိဋ္ဌိ ပါကွာနေပြီပေါ့။ ကဲ ဒီအခြေအနေထိရောက်အောင်လေ့ကျင့်နိုင်ရင်ပဲအန ္တရာယ်(၃) မျိုးလုံးက လွတ်နေပြီ လို့သိထား လို့ရပြီပေါ့။ ဒါဆို အရင်ဆုံးလုပ်ရမှာက ဒီအဆင့် ထိရောက်နိုင်ဖို့ သီလ၊ သမာဓိ၊ပညာ (၃)ပါးလုံး နဲ့ပြည့်အောင်အရင်ဖြည့်ရပါမယ်လို့ ထပ်ပြီးသတိချပ်ထားပါတော့နော်။ အင်း အားလုံးရဲ့ အခြေခံ အုတ်မြစ် ကတော့ သတိ ဆိုတာလေး လည်း မမေ့ပါနဲ့။ စိတ်ဆင်ရိုင်း ကလေ သတိချွန်းနဲ့မှ ငြိမ်တာပါနော်။ သူကြောက်တာလည်း ဒီသတိလေးကိုပါပဲလား။ သတိလေးများ မရှိတဲ့ အချိန်ဆိုရင်လေ ဘာပြော ကောင်းမလဲ ။ ထကြွ သောင်း ကျန်းချင်တိုင်း သောင်းကျန်းနေတာလေ။ သတိလေး ခဏရောက်ရင်ခဏတော့ ငြိမ်သွားလိုက်တာပဲ။ နောက်သတိလေးများ လွတ်သွား လိုက်ပြန်တော့ တစ်ခါ ထကြွ လာပြန်ရော ဆိုတော့ ကိုယ့်ခန္ဓာအိမ်လုံခြုံအေးချမ်းဖို့ ကတော့ ဒီသတိကမရှိမဖြစ် အလိုအပ်ဆုံး အရာလို့ တောင် ပြောလို့ရပါတယ်နော်။ အင်းဒါဆိုရင်တော့ ဒို့အနေနဲ့ ဒီနေ့မှပဲ အန ္တရာယ်သုံးခု လုံးက လွတ်စေဖို့ လုပ်ရမယ့် လုပ်ငန်းစဉ် တွေကိုသိရပါပြီနော်။
ကဲဒါတွေလွတ်အောင်အရင် ရုန်းထွက်နိုင်ပြီးရင်တော့ နောက်ထပ်ဘာအန ္တရာယ်တွေ နဲ့ကြုံတွေ့ရဦးမလဲဆိုတာ နောက်နေ့ ရေးမယ ့်စာထဲမှာပဲ စောင့်ဖတ်လိုက်ကြတာ ပေါ့နော်။ အန ္တရာယ်နံပါတ်-၄ ကတော့ ကျွန်းပေါ်မှာတင်သွားခြင်း လို့ပြောထားတာပဲနော်။ ဘာကိုဆိုလိုတယ်ဆိုတာလေး ကြိုတင်စဉ်းစားထားပြီးမှ အတွေးချင်း ဖလှယ် ကြပါစို့လား။
တစ်စုံတစ်ရာလိုအပ်ချက်များရှိခဲ့ပါကလမ်းညွှန်ပေးကြစေလိုပါတယ်။ dimplemit@gmail.com

2 comments

  • fatty

    August 16, 2010 at 3:01 am

    စာရေးသူဟာကိုယ့် စီးရီးနဲ့ကိုယ်သွားနေတယ်လို့ထင်ပါတယ်။ …..တကယ်လို့များ ဖြစ်နိုင်ရင် ဝီစိကိစ ္ဆာ ဖြစ် ပုံလေးကို ရှင်းပြစေချင်ပါသေးတယ်။
    နောက်တခုကတော့ …. လူ့လောက အတွင်း တိုးရင်းဝှေ့ရင်း ဆိုတော့ သမာဓိ ထူထောင်ပြီး မှ ဝိပဿနာတက်ရမလား ……….
    မြင်မြင် သမျှကို ဝိပဿနာ တင် ရှု့တာပိုကောင်း မလား ဆိုတာကို ..အကြံပြု ပေးစေလိုပါတယ်။

  • sofiadimple

    August 17, 2010 at 4:31 am

    ဟုတ်ကဲ့ပါ။ comment လေးတွေ့ရလို့ ဝမ်းသာပါတယ်။ မေးထားတာလေးတွေကိုလည်း ကိုယ်ဉာဏ်မှီသလောက် ကိုယ်သိသလောက် အတိုင်းအတာနဲ့ဖြေပေးပါ့မယ်။ အကယ်၍ လိုအပ်ချက်များရှိခဲ့မယ်ဆိုရင်လည်း ပြုပြင်ပေးစေလိုပါတယ်။
    ၁။ ကိုယ့်စီးရီးနဲ့ကိုယ်သွားနေတယ်ဆိုတာလေးကို အရင်ရှင်းပါရစေ။
    ဒီဘလော့လေးကို စရေးဖို့ ကြံရွယ်စဉ်က ဘယ်အကြောင်းက စရရင်ကောင်းမလဲလို့ စဉ်းစားနေတုန်းမှာပဲ မထင်မှတ်ပဲ MRTV-4က လွင့်တဲ့ တရားလေးဖြစ်တဲ့ သစ်တုံးပမာ ဆိုတဲ့ဒီတရားလေးကို နာလိုက်ရပါတယ်။ ဟောတဲ့ဆရာတော် အမည်တောင် မမှတ်မိလိုက်ပါဘူး။ ဒါပေမယ့် နောက်နေ့ထိ ဒီတရားလေးကို စိတ်ထဲက စဉ်းစားမိနေတာနဲ့ပဲ သူ့ပြောထားတဲ့ အန္တရာယ် (၈)မျိူး အကြောင်းလေးကို တွေးနေရင်းနဲ့ အင်းဒီအကြောင်းလေးကို ဆွေးနွေးရရင်ကောင်းမယ်ဆိုပြီး တင်ဖြစ် သွားတာပါ။ ကိုယ်တွေးမိတာလေးကို share ရင်း အများရဲ့idea လေးတွေပါ သိချင်တာကြောင့် တနေ့တခုသဘောနဲ့ တင်ထားလိုက်တာပါ။ တချို့လည်း ဒီစာလေးကိုဖတ်မိရင်းက မေးလ်ကတဆင့် ဆွေးနွေးလာတာတွေလည်း ရှိနေတာကြောင့် ဒီအန ္တရာယ် (၈)မျိုးလုံး စုံအောင်ထိ ဆက်ဆွေးနွေးမယ်ဆိုပြီး ဆက်တင်ဖြစ်သွားတာပါ။
    ၂။ ဝီစိကိစ္ဆာ ဆိုတာလေးမေးထားတဲ့ အပေါ် ကိုယ်နားလည်သလိုပြန်ပြောပြပါ့မယ်။ ယုံမှားခြင်း၊သံသယဖြစ်ခြင်းကို ဝိစိကိစ္ဆာလို့သိကြပါတယ်။ ဘာကိုသံသယဖြစ်တာလဲ ဆိုရင်
    -ဘုရား၊တရား၊သံဃာ အပေါ်သံသယဖြစ်တယ်။
    ဘယ်လိုဖြစ်သလဲဆိုတော့ တို့ကိုးကွယ်တဲ့ဘုရားဟာ တကယ်ရောဘုရားစစ်ရဲ့လား။? နောက်သဗ္ဗညုတ ဉာဏ်ရတယ်ဆိုတာကရော ဟုတ်လို့ လား။…စသဖြင့် ဘုရားအပေါ်မှာ သံသယတွေဖြစ်နေတယ်။ ဒါကြောင့်ပဲ ဗုဒ္ဓဘာသာအချို့ဟာ အလွယ်တကူ ဘာသာပြောင်းသွား တတ်ကြတာ အထင်ကရပါပဲ။ ကြားဖူးတာလေးတခု ပြောပြပါဦးမယ်။ ဗုဒ္ဓဘာသာ ဈေးသည်တစ်ယောက်နဲ့ ဘာသာခြား ဈေးသည် တစ် ယောက် ဈေးယှဉ်ရောင်းကြရင်း စကားပြောဖြစ်ကြရာက ဘာသာခြား ကဘာပြောလ ဲဆို တော့ သူတို့ဘာသာမှာကအပြစ်တစ်ခု လုပ်မိ လို့ သူတို့ ဘုရားကခွင့်လွတ်ရင် ဘာမှပြန်မခံရဘူး။ ဗုဒ္ဓဘာသာမှာက ကိုယ်ပြုတဲ့ အပြစ်ကို ကိုယ်ပဲပြန်ခံရတယ်ဆိုတော့ ငါတို့ ဘုရားက ငါတို့ကို စောင့်ရှောက်တယ်။နင်တို့ဘုရားကဘယ်မှာစောင့်ရှောက်လို့လဲ ။ ဒါကြောင့် ငါတို့ယူတဲ့ဘုရားကို ကိုးကွယ်ရင် နင်လုပ်ခဲ့ပြီးသား တွေကို ဘုရားသခင်က ခွင့်လွတ်တာနဲ့ နင်အပြစ်ကလွတ်သွားမယ် ဆိုတော့ ဒီဗုဒ္ဓဘာသာယူ ထားတဲ့ ဈေးသည်က ဒီမှာပဲ ဝိစိကိစ္ဆာ ဖြစ်သွားတယ်။ အော် သူပြောတာမှဟုတ်သလိုလိုပဲ ။ ငါတို့ဘုရားထက်စာရင် သူတို့ဘုရားကမှ ကယ်နိုင်သေးတယ် ဆိုပြီး ဘာသာပြောင်းသွားတယ်လေ။ အင်း ဒါသည်ပင် ဘုရားအပေါ်ရှိနေတဲ့ယုံမှားသံသယပဲပေါ့။
    -နောက်တရားအပေါ်မှာလည်း သံသယဖြစ်တယ်။
    ဒါကတော့ ကိုယ့်ကိုယ်တွေ့ကိုပဲပြောပြပါမယ်။ ငယ်ကတည်းက ဘုရား၊တရား၊သံဃာကို ရှိခိုးလာခဲ့ပေမယ့် နားလည်လို့မရတာကတော့ တရားကို ရှိခိုးတယ်ဆိုတာပါပဲ။ တရားကို ဘာလို့ရှိခိုးရမှာလည်း? ဆိုတာရယ် ဘာကိုရှိခိုးရမှာလည်း? ဆိုတာရယ်။အမြဲရှိခိုးတိုင်းတွေးမိ နေတာလေ။ စာအုပ်ထဲကတရားစာပေတွေကိုလား။ ဒါမှမဟုတ်ဘယ်လိုပုံဖော်ပြီး ဒီတရားဆိုတာကြီးကို မှန်းကြည့်ရမှာလဲဆိုတဲ့ သံသယ တွေက တရားအားမထုတ်ဘူးသေးခင်အထိ ဖြစ်ပေါ်ခဲ့တဲ့ဝိစိကိစ္ဆတွေပါပဲ။ ဒီဝိစိကိစ္ဆကြောင့်ပါပဲ ။ ကိုယ်ရှိခိုးနေတဲ့တရားဆိုတာကို သိချင်တဲ့ဆန္ဒလေးတွေ ဖြစ်ပေါ်ခဲ့ရတာပေါ့။ နောက်ပြီးတရားထိုင်ရင်းကနေလဲ သံသယတွေဖြစ်ပြန်တယ်။ ငါမှတ်တာဟုတ်မှ ဟုတ်ပါ့မလား။ မှန်မှမှန်ပါ့မလား ရယ်လို့ အားထုတ်ရင်းနဲ့ ကပဲ ဒီဝိစိကိစ္ဆာတွေက ဝင်နေပြန်တယ်နော်။
    -နောက်သံဃာအပေါ် မှာလည်းယုံမှားသံသယဖြစ်တယ်။
    သံဃာတော်တွေအပေါ် သီလ စင်ကြယ်ပါ့မလား၊ အရိယာသံဃာတွေမှ ဟုတ်ပါ့မလား၊ဆိုပြီး အမြဲသံသယနဲ့ သံဃာတော်တွေအပေါ် ဆန်းစစ်ဝေဖန်နေတာမျိုးပေါ့။ ဘယ်ဆရာတော် ကတော့ ဘယ်အဆင့်တဲ့။ဒီဆရာတော်ကရော ဘယ်အဆင့်လောက်ထိရောက်နေပြီလဲဆိုတဲ့ အတွေးတွေနဲ့ စိတ်တွေရှုပ်နေတတ်တာမျိုးပေါ့။
    -နောက်ပြီး အတိတ်ဘဝဆိုတာ တကယ်ရောရှိလို့လား။ အခုဘဝသေပြီးရင် နောက်ထပ်ဘဝသစ်ဖြစ်ဦးမယ်ဆိုတာရောဟုတ်လို့လား။ ဆိုတဲ့သံသယတွေဝင်နေတယ်။
    -နောက်အတိတ်က လုပ်ခဲ့တဲ့ကုသိုလ်၊အကုသိုလ်ကြောင့် ဒီဘဝမှာ ပဋိသန္ဓေဖြစ်ရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။အင်းသူများဘာသာတွေလို ဖန်ဆင်းရှင်တစ်ဦးဦးကများ ဖန်ဆင်းပေးလိုက်တာများလား…ဆိုပြီး စဉ်းစားတိုင်းလည်းအဖြေမထွက်ဘူး။သို့လော၊သို့လောနဲ့သာ သူများ ပြောတဲ့ နောက် ဟုတ်မှာပါဆိုတာနဲ့ပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရယ်လို့တိတိကျကျမချနိုင်ပဲ အခက်ကြုံနေတတ်တယ်။ အဲဒါသည်ပင် ဝိစိကိစ္ဆာရဲ့ သဘောတွေပါပဲ။ တကယ်တော့ အကြောင်းကြောင့် အကျိုးဖြစ်ရပါလားဆိုတဲ့ ကံ၊ကံရဲ့အကျိုးကိုတောင်လက်ခံနိုင်တဲ့ ဉာဏ်မျိုးမရသေးတဲ့ အတွက် တစ်ယောက်က တစ်မျိုးပြောလိုက်ရင် ဟုတ်မှာပါလေ။ နောက်တစ်ယောက်က နောက်တစ်မျိုးပြောလိုက်ပြန်တော့ တစ်ခါ ပြောင်းသွားပြန်တယ်။
    အဓိက ကတော့ဖြင့် အမှား ၊ အမှန်ကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်တဲ့ ဉာဏ်မျိုး မရသေးလေတော့ မယုံသင်္ကာစိတ်နဲ့ တွေးတောပြီး စိတ်မတည်မငြိမ်တွေနဲ့ သို့လော သို့လောတွေဖြစ်ပြီးသာ အဆုံးသတ်သွားတာမျိုးပေါ့။ ဒါကဘာကြောင့်ဖြစ်ရသလဲဆိုတော့ အမြင်မှန်မရသေး လို့ပဲလို့ပြောလို့ရတယ်။ တနည်းပြောရင်တော့ ဉာဏ်မျက်စိ မရှိခြင်းကြောင့် အမှန်ကို မသိမမြင်နိုင်လေတော့ သူများပြောတဲ့နောက် လိုက်ပြီးအဟုတ်ထင်တိုင်း လိုက်လုပ်တော့တာပါပဲ။ စိတ်မှာအမြဲဒွိဟတွေနဲ့ သာ ဝေခွဲမရဖြစ်ပြီးအခက်ကြုံနေတာမျိုးပေါ့။ ဒါတွေဟာ ဝိစိကိစ္ဆာ ရဲ့ သဘောတွေပါပဲလို့ ကိုယ်သိသလောက်လေး ပြန်ပြောပြလိုက်ပါတယ်။
    ၃။ သမာဓိထူထောင်ပြီးမှ ဝိပဿနာတက်ရမလားဆိုတဲ့မေးခွန်းလေးကို ဖြေပါ့မယ်။
    ဝိပဿနာ အားထုတ်တဲ့အခါမှာ အားထုတ်ပုံ (၂)မျိုးနဲ့ အားထုတ်နေကြပါတယ်။ လယ်တီနည်းကတော့ သမာဓိကို အခြေခံပြီးမှ ဝိပဿနာ တက်လှမ်းပါတယ်။ သမာဓိ အုတ်မြစ်ချပြီးမှ စိတ်လေးတည်ငြိမ်မှု ရလာတဲ့အခါကျမှ ဖြစ်ပျက်ရှု့မှုကို ကူးပြောင်းပေးပါတယ်။ ဒါကတော့ ကိုယ်လည်း ဒီနည်းနဲ့ အားထုတ်ခဲ့တာမို့ ကိုယ်အားထုတ်ထားသလိုပြောဖြစ်သွားတာပါ။ နောက် တခြားနည်းတွေအနေနဲ့ သမာဓိကို တမင်အားမထုတ်ပဲ ဝိပဿနာကို တိုက်ရိုက်ရှုတာတွေလည်းရှိတယ် လို့ ဖတ်ဖူးပါတယ်။ ဒါကတော့ ကိုယ်လည်းအားမထုတ်ခဲ့ဖူးလို့ သေချာမသိဘူးပေါ့။ အဓိက ကတော့ ကိုယ့်မှာ ဖြစ်ပျက်မြင်နိုင်တဲ့ ဉာဏ်လေး ရနေဖို့ ပါပဲ။ ဒါကြောင့် ကိုယ့်ကျင့်စဉ်အတိုင်း အဆင်ပြေသလို ကျင့်နိုင်ပါတယ်။ လိုရင်းကတော့ဖြင့် သတိမထားရင်မထားသလို တရစပ် ဝင်လာပြီးနှိပ်စက်မယ့် ကိလေသာတွေကို ပါးစေဖို့ ပဲမို့ သတိကိုတော့ အမြဲ ခံတပ်သဖွယ် ထားမှ တော်ကာ ကျပါလိမ့်မယ် ….လို့ ကိုယ်သိသလောက် လေးနဲ့ပြန်ဖြေလိုက်ပါရစေ။
    လိုအပ်ချက်လေးများရှိပါကလည်း လမ်းညွန်ပေးစေလိုပါတယ်။

    အနှစ်ချုပ်အနေနဲ့တင်ပြရသော်
    ***ကိုယ်မရောက်ဖူးသော အရပ်ကို သူများက အဲဒီအရပ် အကြောင်း ဘယ်လိုပဲပြောပြော အင်း…အင်း..နဲ့သာ ရောယိမ်းလိုက်နေရပေမယ့် စိတ်ထဲမှာ မရှင်းလင်းဘူး။အဲဒီအရပ်ကို ကိုယ်တိုင်ရောက်သွားမှပဲ မရှင်းသောသံသယတွေ ရှင်းသွားပါမယ်။ ဒီအတိုင်းပါပဲ တရားတွေ့ပြီးမှ ဝိစိကိစ္ဆာပျောက်ပါ့မယ်။
    ***ယခုအခါ အားထုတ်ကြတာကတော့ သမာဓိထူထောင်မနေပဲ အားထုတ်ကြတာများပါတယ်။ အဆင်ပြေတာတွေလည်းရှိကြပါတယ်။ ဖြစ်နိုင်ရင် ဆရာ့ထံနည်းခံပြီးအားထုတ်တာ အကောင်းဆုံးပါပဲ။ လို့ အကြံပြုပါရစေ။

Leave a Reply