ရှေးကံကြောင့် ..
တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့
မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။
မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။
နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အဝတ်အစား သပ်သပ်ရပ်ရပ်
ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
“အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ”
“မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက်
ရောက်ရှိလာခြင်း ဖြစ်ပါတယ်”
“ဘာကျေးဇူးများလဲ”
“မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း
စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး
နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ
ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ”
“အင်း…နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး
မရှိဘူးဆိုပေမဲ့ သတ္တဝါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။
အကျွန်ုပ်က ကျေးငှက်တိရိစာ္ဆန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့
သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး”
“ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး
သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို
နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း
သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို
အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင်
အစွမ်းပြယ်သွားလိမ့်မယ်”
နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက
နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး
စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။
ပိုးဖလံတစ်ကောင်က “တော်… ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို
သွားကောက်ပါလား” လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က “စားချင်ရင်
ကိုယ်တိုင်သွားကောက်ပါလား”
“ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို
ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့တောင် တော်မလုပ်နို်င်တော့ဘူးလား”
“အစားပဲရှိပြီ အလှုပ်မရှိလို့ ဝနေတာပေါ့။ ဝိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။
ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွားကောက်ခိုင်းတာ
သေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို
သေကြောင်းကြံတာလား”
ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက
မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက
ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။
ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က
အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။
“ဘေးဖယ် ရှင်မရေ..”
“ဒီလောက်ညဉ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား”
“ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။
လူတကာကို မစွပ်စွဲနဲ့”
“အော်… ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။
နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင်
ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ”
“ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး
အပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ”
“မဖယ်နိုင်ဘူး ရှင်ရေ… အစကတော့ ကျွန်မကို မခွဲမခွါဘဲ
တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို
ခွါချင်ပြီလား”
အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး
အမြီးတွေ ပြတ်ကုန်တယ်။ “တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ”
ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ
ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။
အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့
မိဖုရားက “ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့
မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး” ဆိုပြီး ဘုရင်ကြီးရယ်တဲ့
အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက
ခြိမ်းခြောက်တော့တယ်။
ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ “ခဏနေအုန်း..
ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်”
ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့
ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။
“ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ”
“လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ”
“ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်”
“ရော်… ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား
ဘယ်က သင်ခဲ့တာလဲ ပြောစမ်း”
“ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက
ကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ
လိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။
ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား…? မချစ်ဘူးလားလို့
စမ်းကြည့်တာ”
“ဟား…ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ
ကမာ္ဘပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။
သတ္တဝါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တဝါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း
မရွေးဘူး။ သတ္တဝါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့
ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး
လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား.
ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့”
ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က
သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး “ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင်
ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဉာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဉာဏ်လောက် တောင်
မရှိပါလား” လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ
ပြန်ခဲ့တယ်။
မိဖုရားကိုတွေ့တော့ ဘုရင်က”နှမတော်နဲ့ အတူနေချိန်
မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့
အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။
အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်”
“ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ”
“စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ
နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။
အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်”
ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ဝမ်းသာပီတိဖြစ်ရတယ်။
ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။
“လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ”
“ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး”
ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။
————————————————————————————————————
“နှစ်သက်တယ်”ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
“ချစ်တယ်”ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။
အချစ်တွေ အများကြီးရလိုက်လို့ ဘဝဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘဝဟာ ပိုတန်ဖိုးရှိသွားတာ။
လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။
ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး
ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့
တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့
ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?
စကြဝဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင်
မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ
ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..?
နှုတ်ဆက်ခွင့်ရနိုင်မလဲ?
လူ့ဘဝထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ ….
“တန်ဖိုးထား မြတ်နိုးပါ”
တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
“ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့်
ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး”
တဲ့…..
2 comments
kopauk mandalay
August 28, 2010 at 11:47 am
မှန်လိုက်တာ ကံပါလို့တွေ့ရ
ကံနည်းတော့ ခဏနဲ့ဝေးရ
ကံမရှိတော့ သိတောင်မသိလိုက်ကြရ
ကြံကြံဖန်ဖန်လောကကြီးပါဗျာ။
ရှေးကံကိုပြောတာနော်။
kai
August 28, 2010 at 6:29 pm
ဘာရယ်မဟုတ်ပါဘူး..။ ဒီလိုပုံပြင်တွေမှာ တိရိစာ္ဆန်တွေကျ လူစကားမသင်ပဲ အလိုလိုနားလည်နေပြီး လူကျတော့ တိရိစာ္ဆန် အလိုလိုမသိတာချည်းပဲလားလို့..။
နောက်တခုက အခုလိုအင်တာနက်ခေတ်ကြီးမှာ မိုင်းသောင်းချီဝေးတဲ့နေရာကလူတွေ ရင်းနှီးခွင့်ရကြတာ ရှေးကံကြီးကြောင့်ပေါ့နော..။ ကြည့်ရတာ အင်တာနက်နဲ့အတူတူ ရှေးကံကြီး နယ်ချဲ့လာတယ်နဲ့တူတယ်..။