အန်တီလတ် ပုံပြင် (Anti-Love Story) :-)
ဘာသာမပြန်ကြပါနဲ့။
ကိုယ့် အကြောင်းလဲ မဟုတ်ပါ။
သူများတွေ အကြောင်းလဲ မဟုတ်ပါ။
ရသ စာဆိုတာ ထပ်ပြီး စမ်း ချက်ကြည့်တာ။
မောင်မောင် ကြောင့် ခေါင်းစဉ်ပေး စတိုင် ကို ခိုးချ နေ၍
ဒီ စာ ခေါင်းစဉ်ကို ကြုံရာ တူတဲ့ ရင်းဂလိတ် အသံထွက် သုံးထားပါကြောင်း။ ;-))
နိဒါန်း
“You နဲ့ I ကြားမှာ အချင်းချင်း Shoot Down လုပ်တာတွေ တဖြေးဖြေး နဲ့ ပိုပို များလာတယ် လို့ ထင် တာဘဲ”
သူ့မျက်နှာကို ဖျတ်ကနဲကြည့်လိုက်ချိန်မှာ နောက်တာမဟုတ်ဘဲ တကဲ့ကို Serious ပုံစံ နဲ့ ပြောလိုက်တာလို့ တွေးလိုက်မိတာမို့ ဘာမှတော့ ပြန်ပြော မနေတော့ပါဘူး။
ပြီးတော့ ကိုယ့်ဟာကိုယ် “ငါပြောတာ ဘာမှားသွားလဲ” လို့ အမြန်ပြန်စစ် ကြည့်တော့ လဲ ကိုယ် က တော့ ပုံမှန် အတိုင်း ပြောလိုက်တာပါဘဲ။
အဲဒီနေ့က Sunday မို့ ထုံးစံ အတိုင်း ကိုယ် အပြင်သွားခဲ့တယ်။ နေ့လည်စာ မစားခင် ပြန် ရောက် ပါတယ်။ မိုးကတော်တော်သဲသဲ ရွာနေတာမို့ ထီးဆောင်းခဲ့တယ်။
အိမ်ကို ရောက် တော့ ထီးကိုအပြင်မှာ ရေခါလိုက်ပြီး အိမ်ထဲမှာဖွင့်လှန်း နေတဲ့ အချိန် ကိုယ့်နောက် က “အိမ်ထဲမှာ ထီးဖွင့် ထားရင် Bad Luck လို့ ပြောကြတာဘဲ” ဆိုတဲ့ သူ့အသံထွက်လာ တယ်။
“အဲလို ပြောလိုက် လို့ ထီးကို ပြန်ပိတ်မဲ့ မိန်းမ မဟုတ်မှန်း သိတယ် မဟုတ် လား၊ ဘာလို့ အပိုတွေ ပြောနေတာလဲ။” လို့ အေးအေးဆေးဆေး ဘဲ (ကိုယ့်အထင်ပေါ့) ပြန်ပြော ခဲ့တာပါ။
ကဲ ……. ကိုယ် ဘာမှားခဲ့လဲ။
သူကတော့ ကိုယ်ဟာ သူ့စကားကို ဆုံးအောင် နားထောင်သင့်တယ် လို့ ဆက်ပြောခဲ့သေး တယ်။
ကိုယ်ကတော့ ဘာမှ ပြန်မပြောဖြစ်ခဲ့တော့ဘူး။
စာကိုယ်
“ငါ ဒီမိန်းမ ကိုယူမိတာ မှားတာဘဲ” လို့ သူတွေးချင်တွေး နေမှာ လို့ တစ်ခါ တစ်လေ ကိုယ် စဉ်းစားမိတယ်။
အဲဒီလို အချိန်တိုင်းလဲ “ငါ ဟာဘယ်လိုမိန်းမမျိုး ပါလိမ့်” လို့ ကိုယ့်ကိုကိုယ် စမ်းစစ်မိပါရဲ့။
ကိုယ်တို့ နှစ်ယောက်ဟာ လူကြီးချင်း စပ်ပြီးမှ ယူထားသူတွေ မဟုတ်တာမို့ ကိုယ်ဟာ ကိုယ့်အမေလို မိဘပေးစားတဲ့ လူကို ယူပြီး လင်ကို ဘုရား လို ကိုးကွယ်တဲ့စိတ်ရှိတဲ့ မိန်းမမျိုး လဲ မဟုတ်။
ရုပ်ရှင်တွေထဲကလို Romantic အခေါ်အဝေါ်တွေ တွင်တွင်သုံးပြီး ကြင်နာယုယ မဆုံးနိုင်တဲ့ သမီးရီးစားဘဝမျိုး ကနေ လင်ရယ်မယားရယ် ဖြစ်လာတာလဲ မဟုတ်တာမို့
ကိုယ်ဟာ ရုပ်ရှင် ထဲက မင်းသမီးလို ချွဲနွဲ့တဲ့ စကားတွေ နဲ့ ချစ်စဖွယ်မိန်းမ လဲ မဟုတ်ခဲ့ပါ။
တော်ရုံ သိပ် စိတ် မရှည် ဘဲ တစ်ချို့နေရာတွေမှာ အတော်ခေါင်းမာတဲ့ ခပ်စပ်စပ် မိန်းမ ဖြစ်မလားလို့ ကိုယ့် ကိုကိုယ်လဲ တွေးမိပါတယ်။
တစ်ချို့ အပြုအမူတွေမှာလဲ မိန်းမ ဆန်ဆန် မနေတတ် ဘူး။
ယောကျင်္ားတွေကို ပြိုင်တာမဟုတ်ပေမဲ့ အမြဲ ရင်ဘောင်တန်း ချင်နေတာမို့ သူတို့ကို အားကိုးဖို့ ဆိုတာ ဝေလာဝေး ဆိုတဲ့ မာနရှိ နေမိတာလား။
ကိုယ်မပြောတတ်ပါ။
အဲဒီလို မိန်းမ ဟာ မင်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်လာခဲ့တယ်။
ကိုယ်တို့နှစ်ယောက်ဟာ တူနှစ်ကိုယ်ဘဝ မထူထောင်ခင် ဟိုးတစ်ချိန်တည်းက ဘဝ ရဲ့ တိုက်ပွဲဝင်ဖော် ရဲဖက်တွေ ဖြစ်ခဲ့တာကိုတော့ မင်း မမေ့သေးဘူး မဟုတ် လား။
ပညာကို အရမ်း လိုချင်သူချင်း ၊ ဘဝ မှာ တိုးတက်မှုကို အရမ်းလိုလားသူချင်း ရဲ့ ဆက်သွယ်တဲ့ စကားတွေထဲမှာ ချိုမြိန်ဖွယ် နုရွလှတဲ့ စကားလုံးတွေ မပါခဲ့ဘူး။
အဲလိုလူ နှစ်ဦးရဲ့ အကြည့်တွေ ထဲမှာ တဏှာပေမ အချစ်အတွက်တွယ်ငြိမှုတွေမပါခဲ့ဘူး။
ဘဝတက်လမ်း အတွက် နည်းပညာ တွေကို စိတ်တူစွာ မက်မက်မောမော ဖမ်းယူနေခဲ့တဲ့ ကိုယ်တို့နှစ်ယောက်ဟာ အဲဒီအချက်က လွဲလို့ ကျန်နေရာအတော်များများ မှာ မတူညီခဲ့ကြဘူး။
စာရဲ့ပြင်ပတခြား အကြောင်း ဆွေးနွေး ခဲ့ရင် ငြင်းခုန်မှုတွေနဲ့ပြည့်နေခဲ့တယ်။
ဒါပေမဲ့ အဲဒီနောက်မှာ အဲဒီအကြောင်းအတွက် ပိုကောင်း တဲ့ ရလာဒ်ကိုတွေ့တွေ့လာတယ်။
ဒီလိုနဲ့အဲဒီ အငြင်းပွါးခြင်းဆိုတာကဘဲ ကိုယ်တို့နှစ်ယောက် ကြားက ဆက်ဆံရေးကို ပိုခိုင်မြဲစေခဲ့ သလား၊
နှစ်ယောက် ကြားက ခြားနားကွဲပြားမှု ကို အချင်းချင်း အပြန် အလှန် Respect ပေးခြင်း ကဘဲ ယုံကြည်မှု တွေ ပိုတိုးပွါး စေခဲ့သလား ၊ နားလည်မှုတွေ ပိုရခဲ့ သလား။
နှစ်ယောက် လျှောက်ခဲ့ရတဲ့ဘဝလမ်း ဟာ ပြန်ကြည့်ရင် ကံကောင်းတဲ့ လူတစ်ချို့လို အဆင် ပြေ အေးချမ်းစွာ လှပတဲ့ ပန်းခင်း လမ်း၊ အလွယ်မျောပါလို့ ရတဲ့ ရေစုန်ခရီး မဟုတ် ခဲ့တာ မင်း သိပါတယ်။
အဲဒီ အခက်အခဲတွေ ကြား မှာ အပြန်အလှန် အားပေးရင်း အချင်းချင်း မှီခိုရင်း နောက်ပိုင်းမှာမှ အောင်မြင်တဲ့ နေရာတွေ ရခဲ့ကြတာ မဟုတ်လား။
“ကိုယ်အောင်မြင်ခဲ့တဲ့ Milestones တိုင်းမှာ မင်းရဲ့ Foot Print တွေ ပါခဲ့တယ်” ဆိုတာ ကိုယ် ကျေနပ်စွာ လက်ခံထားတာပါ။
အဲဒီ ခရီးကြမ်းကာလတွေမှာ မင်းဟာကိုယ့်ကို နားလည်ပေး နိုင်စွမ်း အရှိဆုံးသူ၊ ကိုယ်ဟာလဲ မင်းရဲ့စိတ်မှာ ဘာဖြစ်နေတယ်ဆိုတာကို ဖတ်ပေးနိုင်စွမ်း အရှိ ဆုံးသူ လို့ ကိုယ်မှတ်ယူ ခဲ့တာ မမှားလောက်ပါဘူး။
မင်းတစ်စုံတစ်ရာကြောင့် ဝမ်းနည်းစိတ်ပျက်နေခဲ့ရင်တော့ ကိုယ်ဟာ အကောင်းဆုံး စကားလုံး တွေ နဲ့ မင်းကို အားပေးခဲ့ပေမဲ့
တစ်စုံတစ်ရာကြောင့် ကိုယ်ဟာ ဝမ်းနည်းစိတ်ပျက်နေခဲ့ရင် အဲဒီအချိန်မှာ မင်းကို မှီပြီး အားငယ်နေရမဲ့ အစား အဲဒါကို ရင်ဆိုင် ဖို့ ကိုယ့်ဟာကို အားပေးရင်း ကိုယ့်မျက်နှာဟာ ပို ခက်ထန်နေ ခဲ့ သလား။
ဒီအကျင့် ကြောင့် “ကိုယ်ဟာ မင်းမရှိ ရင်လဲ ခိုင်ခိုင်မာမာ ရပ်တည်ရဲတဲ့မိန်းမ” လို့ နောင်တစ်ချိန် မင်း ထင်လာနိုင် တယ်လို့ ကိုယ်လုံးဝမတွေးခဲ့ မိဘူး။
တကယ်တော့ ဒီလို မဟုတ်တာကို ကိုယ်သာ အသိဆုံးပါ ဘဲ။ ကိုယ်နဲ့အရမ်းရင်းနှီးသူ တစ်ချို့ကဝေဖန်တယ်။
ကိုယ့်နှလုံးသားဟာ အပြင်က ကြည့်ရင် မာမလိုနဲ့ အတွင်းစိတ် က ခပ်ပျော့ပျော့တဲ့။
ဒါကြောင့်လဲ နောက်ဆုံး ကိုယ်မင်းကို လက်ထပ် ဖို့ ဆုံးဖြတ်ခဲ့တာပေါ့။
ကိုယ်တို့ လက်ထပ်ပြီးစမှာလဲ အရင်လို ပါဘဲ။
မင်းကလဲ မင်းဝါသနာအတိုင်း စာတွေဖတ်ရင်း၊ စာမေးပွဲတွေ တစ်ခုပြီးတစ်ခု ဖြေရင်း၊ နီးစပ်သမျှသူတွေကို မင်းပညာတွေ ဝေမျှရင်း နဲ့နေတာ ကို ကိုယ်လဲ မင်းဘေးက ပျော်ရွှင်စွာ လိုက်နေခဲ့တာ မဟုတ်လား။
မင်းကို ကိုယ် တစ်ချက် အမွှန်းတင် ချင်ပါရဲ့။ မင်းရဲ့ ငယ်ဘဝတစ်လျှောက် ကျားကုတ်ကျားခဲ ကြိုးစားလို့ ရလာခဲ့တဲ့ ပညာဗဟု သုတ တွေဟာ မင်းတစ်ယောက် ဖို့သာ ဆိုတဲ့ တစ်ကိုယ်ကောင်း စိတ် လုံးဝ မရှိတာကိုပါဘဲ။
မသိသူတွေကို မင်းပညာ တွေသင်ပေးတယ်။
ကိုယ်ဟာလဲ မင်းရဲ့ မယ်မဒီ ပါဘဲ။ ကိုယ်ဒီလိုပြောရင် မင်း လက်ခံမှာပါ။
ကိုယ် ကိုယ်တိုင် ကလဲ ငယ်ကတည်းက လူမှုရေးလုပ်ငန်း တွေလုပ်တာ ဝါသနာအတော်ပါခဲ့ တာဘဲ။
ရပ်ကွက် ထဲမှာ ကိုယ်ဟာ သာမာန်ကြည့်ရင် ဘာမှမဟုတ်သလိုနဲ့ ဝတ်အသင်းတွေ၊ သာရေးနာရေး ကိစ္စတွေမှာ တတ်နိုင်သ၍ စိတ်ရောကိုယ်ပါ စေတနာအပြည့် လုပ်ခဲ့ဘူးပါ တယ်။
ငယ်ဘဝ မှာ ပညာရှာခြင်းနဲ့ အချိန်ကုန်ခဲ့တယ်။ နောက်တော့ ပညာနဲ့ဥစ္စာ တွဲရှာရင်း အချိန်တွေ ရွေ့နေတာ သတိမထားခဲ့မိဘူး။
ငယ်တုန်းကလို မဟုတ်တော့ဘဲ ယိုယွင်းလာတဲ့ ခန္တာကြီး နဲ့ ဖောက်ပြန်လာတဲ့ ဝေဒနာ တွေကို ကိုယ်လက်မခံချင်လဲ လက်ခံရတော့မှာ ပါဘဲ။
ဒီခန္တာကြီး ဟာ တဖြေးဖြေးနဲ့ ပိုပြီးသာ အိုမင်း ပျက်စီး လာမှာ ကို တွေးမိတဲ့နောက် အရွယ်မလွန်ခင် ကိုယ်ဟာ ပညာ၊ ဥစ္စာ ပါမက ဘာဝနာ ကိုပါ ကျင့်ကြံရတော့မဲ့ အချိန်ရောက် ပြီ ဆိုတဲ့ အသိ တရား ဝင်ခဲ့တယ်။
အဲဒီနောက်မှာတော့ ဘာဝနာ နဲ့ ပင်ကိုယ်ဝါသနာအရ လူမှုရေးအလုပ်တွေကိုပါ တွဲလုပ်လာချိန် မှာတော့ အရင်လို မင်းနဲ့ နည်းပညာတွေ ကို မက်မော စွာ ဖမ်းယူခဲ့ချိန်တွေ နည်းလာခဲ့တယ်။
ဒီနေရာမှာ စကားမစပ် …
ကိုယ်ကြည့်ခဲ့ဘူး တဲ့ BBC က လွှင့်တဲ့ Charles Darwin Season Documentary – Charles Darwin ရဲ့ မိန်းမ Emma Darwin ရဲ့ Diaries ထဲက အပိုင်းလေးတစ်ခု ကို ပြောချင်ပါရဲ့။
သူမ ဟာ ဘာသာရေးကို အရမ်းယုံကြည် သက်ဝင်တဲ့ မိန်းမ ဖြစ်လို့ သူ့ယောကျင်္ားကတော့ သူနဲ့အတူ သေလွန်ပြီး Eternal Life မှာ မရှိမှာ ကို တွေးပြီး စိုးရိမ်တာကို ရေးထား တာလေး ပါ။
ဘယ်လောက် ချစ်ဖို့ကောင်းပြီး sweet ဖြစ်တဲ့ အတွေးပါလဲ။
ဒါပေမဲ့ ကိုယ်လို ခပ်ဂေါက်ဂေါက်မိန်းမ ကတော့ “ဘာသာမျိုးစုံ ရဲ့ သေလွန်ပြီးနောက် ဆိုတဲ့ သီအိုရီ အမျိုးမျိုး တွေကို တွေးပူ နေမဲ့ အစား၊ မမြင်နိုင် တာ တွေ ကို ပြသနာလုပ် ငြင်းခုံ ကြည့် နေမဲ့အစား
လက်ရှိ အချိန်မှာ လက်တွေ့ အကောင်းဆုံး ဘယ်လို လုပ်သင့်သလဲ ဆိုတာကို စဉ်းစားတာက ပို သဘာကျနိုင် ပါတယ်” လို့ တွေးမိ ပါ သေး တယ်။
ကိုယ်ဟာ မင်းရဲ့ အသိဉာဏ် ဗဟုသုတ နဲ့ စိတ်ဓာတ် ကို ယုံကြည်ထားသူဘဲ။ နည်းပညာတွေ မှာ ပျော်မွေ့နေဆဲ မင်းကို လဲ လူမှုရေး၊ သာရေး၊ နာရေးကိစ္စ တွေမှာ အချိန်တိုင်း ကိုယ် နဲ့ အတူရှိဖို့လဲ မပြောရက်ခဲ့ပါဘူး။
မင်းကိုယ်နဲ့ အတူရှိနေတဲ့ အဲလိုအချိန်တွေမှာ ကိုယ် ဘယ် လောက် ပီတိဖြစ်မိ လဲဆိုတာကိုတော့ မင်း မသိလောက်ဘူး။ မင်းကို သိစေဖို့လဲ မကြိုးစား ဘူး။
ဒါဟာ ကိုယ့်ရဲ့ အားနည်း ချက် မဟုတ်လား။
နောက်တစ်ချက်က အသက်ကြီးလာတဲ့ မိန်းမ၊ ယောကျာင်္း တွေရဲ့ သဘာဝလားတော့ မသိပါ။
အရာရာမှာ အချိန်ကို ကြည့်ပြီးလုပ်နေတဲ့ ကိုယ် ဟာ စိတ်နဲ့အတူ လူက ပိုမြန်လာချိန် မင်း က တစ်ခုခုဆို ပို နှေး လာခဲ့သလား။
ဥပမာ – အပြင်သွားရင် ကိုယ်က ကိုယ်နဲ့ တွဲပါရမဲ့ အရာတွေ ပါဖို့စစ်ပြီးတာနဲ့ ကားကို ဝူးကနဲ မောင်းထွက်သွားတယ်။
မင်း က ပထမ ကားထဲ မဝင်ခင် ဖိနပ်က အမှိုက်တွေ ကို အရင်ခါထုတ်၊ ကားထဲရောက်ရင် ကား ရဲ့ ခရီးစဉ် သုံးစွဲမှု ဇယား စာအုပ်ကိုထုတ်၊ မှတ်တမ်းရေး စသဖြင့် လုပ်ပြီးမှ ကားကို ဖြေးညင်း ညင်သာစွာ ထွက်တယ်။
ကိုယ်က အိမ်ပြန်ရောက်တာနဲ့ ကား အမြန်ရပ် ပါသမျှ ပစ္စည်းတွေ ဝရုန်းသုံးကား ထုတ်ပြီး အိမ်ထဲဝင်တယ်။
မင်းက ကားရဲ့ Instruction စာအုပ်ထဲက အတိုင်း “ဘယ်နှစ်မိနစ်ကြာမှ ကားစက်ကို ရပ်ပါ” ဆိုတာကို အမြဲလိုက်နာတယ်။
ကိုယ်ပြောချင် တဲ့ Point က ကိုယ်က Instruction Booklet ကို လိုက်နာဖို့ထက် အချိန်နဲ့ ပြီးမြောက်မှုကို ပို ဂရုစိုက်လာချိန် မှာ မင်းက အရင်က ထက်ကို ပိုပြီး ဘုတ်အုပ်ကြီး အတိုင်း ဖြစ်လာခဲ့တယ်။
ဒီတော့ နဂိုကမှ စကားအငြင်းပွါးခြင်း တွေနဲ့ ယဉ်ပါးခဲ့တဲ့ ကိုယ်တို့ နှစ်ယောက် ဟာ အငြင်းပွါးခြင်း တွေနဲ့ ဆက်ပျော်မွေ့နေတာ တကယ်တော့ သိပ်ပြီး မဆန်း ပါဘူး။
ကိုယ့်မှာ အသက် ၉ဝကျော် စစ်ပြန်အင်္ဂလိပ် အဖိုးကြီး မိတ်ဆွေ တစ်ယောက်ရှိတယ်။
တကယ်တော့ သူ့သမီး က အရင်ဆုံး ကိုယ့်မိတ်ဆွေပါ။ သူနဲ့ကိုယ့်ကို မိတ်ဆက် ပေး တုန်းက “ဘားမား” ဆိုတဲ့အသံကြားလိုက်တာနဲ့ သူ့မျက်လုံးတွေ အရောင်တောက်သွားတာ ကိုယ်သတိပြုမိလိုက်တယ်။
သူ့သမီးအပြောအရ သူ့အဖေဟာ အသက် ကြီးလာတော့ မှတ်ဉာဏ်တွေ ယိုယွင်းလာပေမဲ့ ဟိုတုန်းက စစ်သားဘဝ အကြောင်း တွေရယ်၊ အဲဒီတုန်းက သူ့ရဲဘော်၊ ရဲဖက်ရယ် ကို တော့ မမေ့ဘူးတဲ့။
အဲဒီအဖိုးကြီး ပြောပြတဲ့ စစ် အတွင်းတုန်း က မြန်မာပြည်မှာ သူနဲ့သူ့သူငယ်ချင်း တွေ အသက်ဘေးကလွတ်အောင် ဘယ်လို ပြေးခဲ့ရတာ ဆိုတာကို နားထောင်ရင်း သူ ဘာကြောင့် တိုက်ပွဲဝင်ဖော် ရဲဖက် ကို ဒီလောက် တွယ်တာနေ ခဲ့တယ် ဆိုတာကို ကိုယ် ခန့်မှန်းကြည့် နိုင်ခဲ့တယ်။
ဒုက္ခဆင်းရဲဖြစ်ချိန် ကိုယ်နဲ့ အေးအတူပူ အမျှ လက်တွဲခဲ့တဲ့ သူငယ်ချင်းဟာ တစ်ဘဝစာလုံးအတွက် အဖော်ကောင်းဖြစ်ခဲ့တယ် ဆိုတာ ကို တွေးမိခဲ့တယ်။
နောက်ပြီး ကိုယ်ဖတ်ရင်းပြုံးမိတဲ့ ကဗျာ တစ်ပုဒ် ရှိသေးတယ်။
ကဗျာဆရာ အမည်က “မင်းခိုက်စိုးစံ”၊
ကဗျာ အမည်က “တယ်လီဖုန်း” တဲ့။
++++++++++++
တယ်လီဖုန်း By မင်းခိုက်စိုးစန်
“ချစ်တယ်”လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့။
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့မရဘူး . . .။
ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ၊
(တစ်ယောက်ကိုတစ်ယောက်) နားမလည်တာလည်း မဟုတ်ဘဲနဲ့။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
သံသယဖြစ်နေကြတာလဲ . . .၊
“ယုံကြည်ပါ”လို့ ပြောစရာမလိုလောက်အောင်
ယုံကြည်ထားခဲ့ရဲ့သားနဲ့ . .။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
ဒေါသတွေဖြစ်နေကြတာလဲ . . .၊
တို့နှစ်ယောက်ရဲ့ အချစ်ဟာ
ကျိုးလွယ်ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ်။
ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့်ကြည့်အကဲခပ်နေကြပုံမျိုး . . .။
ဒါ စစ်တုရင်ထိုးနေတာလည်း မဟုတ်ဘဲနဲ့ကွယ်။
မင်း ငါ့ကို လွမ်းတဲ့အခါ ပွင့်ပွင့်လင်းလင်းပြောပါ
ငါလွမ်းတာကိုလည်း ပွင့်ပွင့်လင်းလင်းပြောမယ်။
“ချစ်တယ်”ဆိုတဲ့ စကားလုံးကိုမကြာခဏပြောဖို့ မနှမြောစမ်းပါနဲ့။
အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ
မင်းက ဘာစကားမှ မပြောပဲ ဖုန်းကိုပိတ်ထားရင်
ဘာမှအသုံးမဝင်တဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
ဘာထူးတော့မှာလဲ။
+++++++++++++
တစ်ခုသေချာတာက
အဲဒီ ကဗျာ ထဲကလို ကိုယ်ဟာ “ချစ်တယ်” ဆိုတဲ့စကားကို သုံးမဲ့သူ မဟုတ်ဘူး။
အရင်ကလဲမသုံးခဲ့ဘူး။
နောင်လဲ သုံးမှာမဟုတ်ဘူး။
ဘာကြောင့်လဲ ဆိုတော့ နှုတ်ဖျားစကား ထက် ကိုယ့်ရင်ထဲက စကားကို မင်းစိတ်နဲ့မင်း မြင်ကြည့်စေချင်လို့ဘဲ။
တကယ်တော့ မင်းကိုယ်တိုင်လဲ အဲလို ကဗျာဆန်သူမဟုတ် -ဥပမာ – အထိမ်းအမှတ် နေ့ တစ်ချို့ကိုတောင် သတိရတတ်သူမှ မဟုတ်တာ။
ကိုယ်တို့ နှစ်ယောက် အတွက်တော့ ဒါဟာ Fair Enough ပါဘဲ။
ဒါပေမဲ့
ကိုယ်ဟာ အရင်လို မဟုတ်ဘူးလို့မင်းမြင်ခဲ့ရင်၊
ကိုယ်ဟာ အရင်လို မင်းကို ဂရုမစိုက်ဘူးလို့ မင်းထင်ခဲ့ရင်၊
ကိုယ့်ကို မကျေနပ်တာများ မင်းမှာ ရှိခဲ့ရင်
ကဗျာထဲ ကလို ချစ်တယ် ဆိုတာကို သုံးစရာမလို ပါဘူး။
ကိုယ်ပြောတဲ့ အင်္ဂလိပ်အဖိုးကြီး ကို သတိရ လိုက်ပါ။
ပြီးရင် အဲဒီ အဖိုးကြီး ရဲ့ တိုက်ပွဲဝင်ဖော် ရဲဖက် ကို တွယ်တာမှု နဲ့ ကိုယ့် ရဲ့ တိုက်ပွဲဝင် ဖော် ရဲဖက် ကို တွယ်တာမှုကို ညီမျှချင်း ချကြည့်လိုက်ပါ။
မများရင်သာရှိမယ် အနည်းဆုံး တော့ အတူတူ ဆိုတာကို မင်းတွေ့ပါလိမ့်မယ်။
နိဂုံး
ကိုယ်တို့ တစ်ယောက်ကိုတစ်ယောက် Shoot Down လုပ်နေတယ်လို့ ကိုယ်တော့ မထင် ပါဘူး။
ကိုယ်တို့ အချင်းချင်း အန္တရာယ်ဖြစ်စေ မဲ့ ဘာလက်နက်ကိုမှ ကိုင်မှမထား ဘဲ။
အသက် တွေကြီး ပြီ။ ကိုယ်တို့နှစ်ယောက် လုံး မျက်စိတွေ မှုန်လာကြပြီ ပေါ့။
ဒီတော့ အဲလို မဟုတ် ဘူး ဆိုတာကို သေသေချာချာ မြင်နိုင်အောင် မင်းလဲကိုယ့်ဖက်ကို နည်းနည်းတိုးလာပါ။
ကိုယ်လဲ မင်းဖက်ကို နည်းနည်း တိုး လိုက်ပါ့ မယ်။
နောက်တစ်ချက် ရှိပါသေး တယ်။ ကိုယ်တို့ ရဲ့ မှတ်ဉာဏ်တွေ လဲ တဖြေးဖြေး အားနည်းလာမှာပါ။
ဒါပေမဲ့ ကိုယ့်ရဲဘော် ကို တော့ ကိုယ် ဘယ်တော့မှ မမေ့ဘူး ၊ အစဉ်တွယ်တာ နေဆဲ ဆို တဲ့ အကြောင်းကိုတော့ မင်းလဲ အမှတ်တရ ရှိနေစေချင်ပါတယ်။
အဟိ။
ဒီတော့ ….
အဟမ်း အဟမ်း …
ပိတ်သတ်ကြီး
အထက်က ကျော ခဲ့ ဒလို ပါ။
ဘာသာမပြန်ကြပါနဲ့။
ဘာသာပြန်လိုက်ရင် တစ်ချို့ စကားလုံးလှလှ လေးတွေက အကျည်းတန် သွားတတ်လို့ပါ။ lol:-)
ရသစာဖွဲ့ပြောင်မြောက်သူ
စိန်ကြက်ဆင် ရဲ့ ဆင်ပြိုင် စာရေးဆြာမကြီး
မြစာကလေး :-)))
Image From – maryannbuffam.com
18 comments
ဇီဇီ ခင်ဇော် (15102012)
August 24, 2014 at 5:09 am
အဟိ။
ကို ဘလှိုင် သွားးးးခေါ်မှာ ဗျ။
ဘာသာပြန်ဖို့……
:kwi:
လူ ၂ ယောက် Relationship မှာ အချစ် ထက် အရေး ပါ တာ တွေ ရှိတယ် ဆိုတာ သိတာ မကြာသေးးးးး
မနေ့ ကမှ…!!
အဟွတ်!!!
😉
မွသဲ ( 17082011 )
August 24, 2014 at 5:39 am
ဟမ်မလေူအရီးရယ် ဘာသာမပြန်နဲ့ပြောပေမဲ့ ဘာသာလိုက်လိုက်ပြန်နေမိတယ်။ သာဖတ်ရင်းအရီးကိုပဲ မြင်မြင်နေမိတယ်။ တောက်လျောက်ဆွဲခေါ်သွားတာကောင်းချက်
pooch
August 24, 2014 at 6:26 am
အခိုက်အတန့်ပါအရီး အယ် ပိုဝေးသွားမှာတော့ မဟုတ်ဖူး
အသက်ကြီးလာလို့ အရီးစဇီဇာကြောင်တာ
အရင်ထဲက ဩိပြီး သားအကြောင်း အကျင့်တွေကို ခုမှပိုသတိထားမြိပြီး အလိုမကျတာ
အိ်မ်က အဒေါ် တသက်လုံး ဦးကြီး ဇီဇာကြောင်သမျှ သီးခံလာြပြီးနောက်ပိုင်း ပွစိပွစိနဲ့ ပြန်ရစ်တာ
ခုတော့ ရုတ်တရက်ကြီး ဦးကြီးဆုံးသွားတော့ သူတို့နှစ်ယောက်အခန်းက်ို ခုထိပြန်မအိပ်တော့ဘူး
ရှိတုန်း ရှင်နေတုန်းပဲ ချစ်လို့ ရစ်လို့ Shoot လို့ရတာပါ
ဘဝကတိုတိုလေး
ခုဖြစ်နေတာကလည်း သက်ကြီးစုံတွဲတို့ရဲ့ဖြစ်ရိုးဖြစ်စဉ် လမ်းကိုလိုက်လာြပြီ
ဒါ Normal ပဲ
အရီးမနူးညံ့လို့ မိ်န်းမမဆန်လို့လည်းမဟုတ်ဖူး အလုပ်များလို့လည်း မဟုတ်ဖူး
ပုံစံကွဲစုံတွဲတို့ရဲ့ စပ်ကူးမတ်ကူး ဖြစ်ရိုးဖြစ်စဉ် မဟုတ်ရင်ပျင်းစရာကြီး
ရွှေညာသား
August 24, 2014 at 9:53 am
ဒေါ်မြစာကလေး(ခ) အရီးလတ်(ခ) ညီမလေးအရီသို့
ခွင့်လွှတ်ပါ အကိုဂျီးရယ်… (တုန်ရီနေသော အသံဖြင့်သာဖတ်ပါရန်)
ခွင့်လွှတ်ပါတယ် ….. ညာ .. မ .. လေး… ရယ် ( သော်တာဆွေ၏ ဖိုးလသော်တာကိုကွယ် ဝတ္တုမှ အသံဖြင့်ဖတ်ပါ )
မျက်ရေများနှင့်စိုရွှဲနေသော အရီ၏ခေါင်းလေးကို အကိုဂျီး ရွှေညာသားမှ ဆံနွယ်တို့ကိုပွတ်သပ်ရင်း ခွင့်လွှတ်ပြုံဖြင့်
ဆို၏….
(အဟဲ .. စတာနော် )
ဒီလိုပါ ညီမလေးအရီ …. (ကောလိပ်ဂျင်နေဝင်းအသံဖြင့်ဖတ်ပါ ……. )
စိတ်မဆိုးပါဘူး အရီးလတ်ရယ်
ဘာကြောင့်လဲဆိုတော့ ဝင်ဖတ်မှတော့ စိတ်ဝင်စားလို့ပေါ့။စိတ်မဝင်စားရင် ဝင်မှာတောင်မဟုတ်ဘူး
ဒေါက်တာလှဘေ(လန်ဒန်ကောလိပ် ) ဒေါက်တာသန်းထွန်း(မြန်မာစာ – လန်ဒန်ကောလိပ်)တို့ရှေ့မှာသာ
အရီးလတ်ဒီလိုပြောရင် ဟိုဆရာကြီးတွေက ကော်ဆဲမှာသေချာတယ်။ရွှေညာသားလည်း တွေ့ဘူးတာကိုး။
တစ်ချို့က ဒေါက်တာသန်းထွန်းဆိုရင် သမိုင်းသန်းထွန်းလောက်သာသိကြတာကိုး။မြန်မာစာသန်းထွန်းလည်းရှိပါတယ် ဆိုတာအသိနည်းကြပါတယ်။တက္ကသိုလ်အသိုင်းအဝိုင်းလောက်သာ သိကြတာပါ။
ဆိုလိုတာက ကျွန်တော်လည်း Computer သမားစစ်စစ်ပါ။နောက်တစ်ချက်က လစ်ထရေးချာ ရမှ ( မိခင်ဘာသာအနုစာပေ ရမှ )
ကျန်တဲ့ မေဂျာတွေကို လေ့လာလို့ရနိုင်မှာပါ။စိတ်ဆိုးရင် ကျွန်တော်ပြန်ပြောမှာပေါ့ ။ ဒေါက်တာလှဘေ ဘာကြောင့် လန်ဒန်ကောလိပ်မှာ
မြန်မာစာပါမောက္ခဖြစ်သလဲပေါ့။အမှန်ကတော့ မိခင်ဘာသာစကားဟာ အလွန်အရေးပါပါတယ်။အရီးတောင်မှ အခုပြန်ပြီး မြန်မာလိုတွေး
ရေးနေရသေးသပေါ့။နောက်အချက်က မလိမ်တမ်းပြောရရင် အရီး ဖတ်လိုက်တဲ့ အင်္ဂလိပ်(ရှ်) ဆန်း(န်း)တန်((စ်)ကို မြန်မာလိုပဲခေါင်းထဲမှာ
တွေးတာမဟုတ်လား။ဒါမှမဟုတ် English To English ပဲတွေးမိတာလား။အမှန်အတိုင်းဖြေနော်။ကဲ အဖြေပေါ်ပြီလေ။ဒါပဲလေ။
UCC ရဲ့ ကနဦး ရက်တွေထဲကမှ အရီးသိရင် လန့်သွားမယ်။
စီးပွားရေးတက္ကသိုလ်ကို ဆိုဗီယက်ရှရှား က လာလှူတဲ့ Mainframe Computer ကြီးတွေကို လာရောက် သင်ကြားပေးရတဲ့အကြောင်းတွေ
နောက် စက်ကြီးပျက်မှ အီကိုကကောင်မလေးတွေကို UCC ကိုခေါ်သင်ရတာလည်း သိတယ်ဆိုရင် အရီးအကိုကြီးခေါ်တာ
မမှားပါဘူး။အရီးတို့က အီကိုထဲမှာ သင်တာမမှီလိုက်ဘူးမဟုတ်လား။ဒါဆိုကျွန်တော့်ထက်ငယ်တာသေချာပါတယ်။
နောက်အခုအချိန်အထိလဲ Programmer စစ်စစ်တစ်ယောက်ပါ အရီးရေ။ဒါနဲ့ပဲ ထမင်းစားနေရတာဆိုရင် လုံလောက်ပါပြီ။
ဒါနဲ့ပဲ ရပ်တည်နေရပေမယ့် မမေ့နိုင်တဲ့ ငယ်ချစ်ဟောင်းကို ရွာထဲမှာ အချစ်မကုန် သေးကြောင်းလာပြနေရတာကို ခွင့်လွှတ်ပေးပါ။
မကြာခင်လည်း ညီလေးရေ စီးရီး(စ်)တွေက ပြီးတော့မှာပါ။အဲဒီ့အခါကျရင် အရီးတွေ့ချင်ရင်တောင် ရွှေညာသားဆိုတာ ပျောက်ကွယ်သွားပါပြီ။
ရွာသံယောဇဉ်ရှိတာလည်း သိပါတယ်။
အမှန်အတိုင်းပြောရရင် အရီးကျွန်တော့်ကို ဝင်ပြောတာ ( စု) ကိစ္စကြောင့် နဲနဲကောက်သွားတာပါ။ဟုတ်တယ် — ဟုတ် ။
ဒီနေ့ခေတ်တက္ကသိုလ်အသိုင်းအဝိုင်းမှာရော ပြည်ပပညာတတ်အသိုင်းအဝိုုင်းမှာပါ (စု)ကို လက်ခံတဲ့သူ ၃၃% လောက်ပဲရှိတော့တာ ကို အမှန်လက်ခံနိုင်ရင်ကျွန်တော်ပြောတာ အရီးသဘောပေါက်မှာပါ။ဒါပေမယ့် ဒီကိစ္စကြောင့် အရီးနဲ့ကျွန်တော်အမုန်းမပွားကြပါနဲ့။
သာမန်အသိုင်းအဝိုင်းမှာ စုကျင်လည်နေရတုန်းထဲက စုကိုသဘောမကျတဲ့သူတွေလည်းရှိနေသေးတယ်ဆိုတာကို အမှန်မြင်ပေးပါ။
မယုံရင် အရီစုံစမ်းကြည့်ပါ။ဒါကျွန်တော့်ကိစ္စမဟုတ်ပေမယ့် မြင်နေကြားနေရတာ အမှန်ပါ။
ကွန်မြူနစ်ကြီးတစ်ယောက်ပြောသလို ၄၃၆ တွေ ၅၉(စ) တွေဆိုတာသူ့အတွက်ငါတို့တိုက်နေရတာ သူ့ကိုဖယ်ပစ်လိုက်
ပြီးပြီ။ဘာမှမလိုတော့ဘူ။ကိုယ့်အတွက် ကိုယ်ဆက်တိုက်ကြယုံပဲ ဆိုတာကို သိပ်သဘောကျတာ။ဒီတော့ မဆဲကြပါနဲ့။
ဒီတော့ ကိုယ့်ကိစ္စပဲ ကိုယ် ဆက်ပြီးပဲ ငြင်းငြင်းခုန်ခုန် ပြောကြ ဆွေးနွေးကြတာပေါ့။
နောက်အချက်က အရီးရဲ့ တရားဝင် Phone No: Email : ကို ပေးပါ။ ကျွန်တော်အရီးလိုချင်တဲ့ နည်းပညာစာအုပ်တွေ(မြန်မာဘာသာဖြင့်)
ပေးပါ့မယ်။ဖတ်ရင်းနဲ့ ကျွန်တော့်အပေါ်သဘောပေါက်လာမှာပါ။
ခင်မင်လေးစားစွာဖြင့်
ရွှေညာသား(အထက်အညာမြေ)
Kaung Kin Pyar
August 24, 2014 at 12:47 pm
အရီးရေးတဲ့ ရသစာအတွက် Bravo ပါလို့ လာပြောတာပါ….
မင်းခိုက်စိုးစန်ရဲ့ တယ်လီဖုန်းကဗျာလေးအတွက်လဲ…ကျေးဇူးပါ…အရီးရေ့…
ဦးဦးပါလေရာ
August 24, 2014 at 1:28 pm
.ဘဝဆိုတာ ဝတ္ထုရှည်ကြီးတစ်အုပ်ပေါ့………….
.အခန်းတွေ ဘယ်လောက်များများ……..
.အဓိက နှစ်ပို်င်း ပါတယ်…..
.ပထမပိုင်းက သူများဖတ်ဖို့……………
.ဒုတိယ ပိုင်းက ကိုယ်တိုင်ဖတ်ဖို့ ………….
0========
.အဲဒါကို ရသ စာပေ ဆိုရင်လဲ တော်တော်အရသာရှိသလောက်
.ယူတတ်ရင် တကယ်အသုံးဝင်မယ့် အဖိုးတန်သုတ တခုလဲ ရနိုင်တာပါ….
.ဟင်းအရသာဆိုတာ လျှာပေါ်မှာလဲ တည်မှီတတ်သမို့
.သည် (လူကြီးကြိုက်) လေးကတော့
.ကျုပ်အဖို့ တော်တော် ခံတွင်းတွေ့ ပါကြောင်း…………
ခင် ခ
August 24, 2014 at 2:30 pm
ဘာသာမပြန်တော့ပါဘူး
အသာအယာဘဲတွေးသွားပါ့မယ်
alinsett
August 24, 2014 at 6:11 pm
တကယ်ပြောင်မြောက်ပါတယ်လို ့..ပြောရင် ပိုတယ်ထင်နေမယ်.. ။
ဒီတော့ တိတ်တိတ်လေးပဲ… (မဝေဖန်ရဲဘဲ) ဖတ်သွားတယ် အရီးရေ… ။
ဦးကြောင်ကြီး
August 25, 2014 at 1:40 am
လတ်ပုံပြင်
ငှက်ယုန်ဆင်
ချက်အုံမြင်
ဟပ်ခုန်ဝင်..
မင်း ခန့် ကျော်
August 25, 2014 at 9:25 am
အပျိုဂျီးလားလို့
ဘာသာမပြန်ပါဘူးအရီးရေ။
ချစ်ပုံပြင်တွေက အပျိုဂျီး လူပျိုဂျီတွေက ပိုပြောတတ်သလား
လို့ပါ
Mr. MarGa (12512)
August 25, 2014 at 9:44 am
အရီးးးးးးးးးးး
ဒီစာက
ကျနော့်ရင်ကို တိုက်ရိုက်ထိတယ်….
🙁
Shwe Ei
August 25, 2014 at 10:04 am
ဘာဘဲဖြစ်ဖြစ် ဂျူးးးဝတ္တုထဲကလို နီးစပ်တော့မယောင်ယောင်နဲ့ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ
ပလိန်းကြီး ဝေးသွားတာမျိုးမဟုတ်တာ ကြိုက်အိ 😀
kyeemite
August 25, 2014 at 11:55 am
.အရီးမုတ်ဆိတ်ရဲ့ ရင်ထဲကဝတ္ထုကိုဖတ်ရတာ ဂျူ း ဝတ္ထုဖတ်ရသလိုပဲ အရသာရှိပါ၏
.နောက်ကျုပ်မြင်မိတာက အရီးမုတ်ဆိတ်ဟာ ဂျူ း ရဲ့ ဇတ်ကောင်မင်းသမီး ကိုယ်ထင်ပြလာသလိုပဲ
.တယ်လီဖုန်း By မင်းခိုက်စိုးစန် -“ချစ်တယ်”လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့။
.ကျုပ်လည်း နှမြောတာမဟုတ်ပေမဲ့ “ချစ်တယ်”လို့ ပြောလေ့မရှိ…
.ဒါပေမဲ့ ချစ်တယ်ဆိုတာထက်ပိုလေးနက်တဲ့ ခိုင်မြဲတဲ့ သံယောဇဉ်တော့ရှိသပေါ့ 😉
လုံမလေးမွန်မွန်
August 25, 2014 at 1:11 pm
အများကြီးတွေးသွားမိတယ် အရီးရယ်…
ရင်ထဲမှာ ခံစားလိုက်ရတယ်..
weiwei
August 25, 2014 at 4:55 pm
ဂျူးးဝတ္ထုထဲက ဇာတ်ကောင်လိုမျိုး မြင်ယောင်မိပေမယ့် ဇာတ်လမ်းက ပေါင်းစပ်ထားတာမို့လို့ ချစ်စရာကောင်းနေပါတယ် ..
ရသစာပေအရေးအသားအရမ်းကောင်းပါတယ် အရီးရေ ..
ကျောက်စိမ်း တိန်ညင်
August 25, 2014 at 5:45 pm
သေချာလေး အားစိုက်ဖတ်ရတယ်
ကောင်းသဗျ … ဒါပေသိ ဝေဖန်အကြုံပြုရန်ငှာ ၎င်းအတွေ့အကြုံ မရှိမွဲသူမို့ နှုတ်စွံ့ကာ လက်တွန့်လို့ နေရကြောင်းရယ် …
ထွေပြောင်းကာ နှစ်တွေ အလီလီ ကြာလာမို့ ချစ်ခြင်းနေရာအစား မေတ္တာနဲ့ သံယောဇဉ် အညီဖွဲ့ခြင်းဖြင့် တည်ကွဲ့ နောင်ရှည် ….
kai
August 26, 2014 at 10:53 pm
ချစ်တာရယ်.. မေတ္တာရယ်… သေတ္တာရယ်မှာ..
မေတ္တာက.. ကြာကြာခံတယ်ပဲ… ဆိုပါစို့…။
“အဖိုးကြီးမင်းက အဖွားကြီးငါ့ကို မေတွေဘာတွေခေါ်ပါအုံး”.. ပေါ့..။
thadar moe
August 27, 2014 at 2:49 am
ကောင်းလိုက်တဲ့ ရသစာစုကလေး
ဘရာဘိုပါ အရီးရေ……
So so Sweet 🙂