သွားမယ်၊ ဝါးမယ်၊ ဆဲမယ်၊ ဆိုမယ်…
. အရမ်းကောင်းတဲ့နေရာလေးပါ…( သေဖို့ပြောပါတယ်… ) Ice Berry ( မြေနီကုန်း )
. ဒီရက်ပိုင်းတွေမှာ မြေအရောင်းအဝယ်တွေအေးတော့ ခဏနားမယ် ကြံတုန်း ယောက်ဖက ကွန်ပျူတာ ဂိမ်းဆိုင်ဖွင့်ချင်တယ် ကူညီပါဆိုတာနဲ့… ကူညီမိပါတယ်….
. အွန်လိုင်းကနေ ဆိုင်ပြုတ်လေးတွေ ရှာပေးရတယ်… ရလဲရတယ်.. တန်လဲ တန်တယ်…
. အရောင်းအဝယ်က မြေနီကုန်းမှာဆိုတော့ ဆုံချက်အနေနဲ့ အဲဒီဆိုင်မှာထိုင်ဖြစ်တာပေါ့ဗျာ…
. ဆိုင်လေးက လူငယ်တွေချည်းပဲ… တချို့လူကြီးတွေတောင် စုရပ်ဈေးသက်သာဆိုပြီး လာထိုင်ကြပါတယ်…
. အရင်တုန်းကလဲ ထိုင်ဖူးတယ်… စထိုင်ခါစက လူငယ်ဆိုတော့ ကော်ဖီသောက်တာပေါ့… အဲမှာစတာက ကော်ဖီဂျိုးကို သေချာမဆေးတော့ ခွက်တွေမှာ သောက်တဲ့နှုတ်ခမ်းနေရာတွေက ညိုညစ်ညစ်လေးပေါ့…
. ဒါပေမဲ့ ရွေးစရာမရှိတော့ ထိုင်ဖြစ်တယ်… ဒီလိုနဲ့ မသွားတာကြာတော့ တခေါက်ပြန်ရောက်တယ်… အဲမှာနည်းနည်းသန့်သွားပြီ…
. နောက်တော်တော်ပေါ့ နှစ်နဲ့ချီသွားတယ်.. အလုပ်တွေရ အလုပ်တွေလုပ် နေရာဒေသတွေ ပြောင်းတော့ မရောက်ဖြစ်ဘူး…
. အိမ်ဘေးက အန်တီအရွယ် ညီမတွေက စုံညီစားဖြစ်တယ်ဆိုပြီး ပြောတော့… အဲဒီဆိုင်ဖြစ်နေပြန်ရော… အာ… ကျွန်တော် အရင်ကထိုင်နေကျ ပြောဖြစ်တယ်ပေါ့…
. ဒါနဲ့ သူတို့ကို ဖုန်း အရစ်ကျ ရောင်းပေးတော့ မုန့်ပြန်ကျွေးတယ်… အဲဒီဆိုင်မှာပဲ… ဈေးလဲတန် စားလဲကောင်းခဲ့တယ်….
. ခုနောက်ဆုံး ယောက်ဖ ကိစ္စနဲ့ ထိုင်တယ်… ပထမရက်… မိန်းမကို ကျွန်တော်ပဲ ခေါ်ခဲ့တာပါ.. ကောင်းတယ်… တန်တယ်… လာ….. ဆိုပြီး…..
. Kitchen ပြောင်းသွားတာ ဖြစ်မှာပါ… တော်တော်ကို ဆိုးသွားတယ်… ကြေးအိုး နဲ့ ခရမ်းချဉ်သီး စပါတကီခေါက်ဆွဲလေး မှာစားလိုက်တယ်… ရှုစားတော်မူကြပါ…
. တပွဲကို ၂၀၀ဝ ကျပ်ပါ… ကြေးအိုးကလဲ ကောင်းမှကောင်းဗျာ…
. ရှင်းရှင်းကို ပြုတ်ပြီး… ပဲပြားကို ကန့်လန့်တဖြတ် နှစ်ခြမ်းခွဲ… ကိုရီးယားအကင်လေးတွေ ပစ်ထည့်… ကြက်သားလုံးကြော်ကို ရေစိမ်ပြီးထည့်… မုန်လာပေါက်တစည်းထည့်… ပြီးသွားပါပြီ…
. ပြုတ်ရည်အချိုက ဘယ်နေမှန်းမသိဘူး… 🙁 အချဉ်လေးကတော့ ကောင်းရဲ့… ကြက်သွန်ဖြူရယ်၊ ငရုတ်သီးစိမ်းရယ်ကို ဘလန်ဒါနဲ့ ကြိတ် သံပုရာသီးညှစ်ထည့်ထားတာ.. ဆားတောင်ပေါ့နေသေး… ဟေး ဟေး..
. ဒါနဲ့ အားရဝမ်းသာ တဇွန်းခပ်သောက်လိုက်ပါတယ်… အာ….. လုံးဝ ဆွေမျိုးတွေ မေ့သွားတယ်… ဒါမျိုးအရသာ… တခါပဲ … တကယ် တခါတည်းပဲ…
. ဘဝမှာ ကြေးအိုးမကုန်တာ ဒီတခါပဲ ရှိတယ်… ပုံမှန် ၂ ပွဲလောက် ကြိတ်နိုင်တာ…
. ကဲ.. စပါတကီလေး ကို မြည်းလိုက်ဦးမယ်… ကောင်းချက်ဗျို့… ကောင်းချက်… မန္တလေးမုန့်တီဆိုပြီး မကွေးခရီးစဉ်မှာ ထည့်ထားတာ မှတ်မိလားမသိ…
. တခုပဲကွာတယ်… ပူတာနဲ့ အေးတာ… ဟိ….
. လုပ်ပုံက နည်းနည်းခက်တယ်… မုန့်ဖတ်ရယ်… ခရမ်းချဉ်သီးရယ်… ကော်မှုန့်နည်းနည်းထည့်မယ်ထင်တယ်… ပင်လယ်စာ ဆိုတော့ ပုဇွန်တို့ ကင်းမွန်တို့ ထည့်ရတာပေါ့… ဒါက Default လေ…
. အားလုံး လုံးချက်လိုက်တာ… အဲဒီအရသာရသွားတယ်…
. တဇွန်းခပ်မြည်းလိုက်တယ်… ရွှတ်… မျက်ရည်ပါလည်သွားတယ်… လည်မှာပေါ့… ပူတာကိုး.. ရောက်ရောက်ချင်း အငမ်းမရစားတာကိုး…
. အိုး… ဘုရား၊ တရားပါ မေ့သွားတယ်… တခါတည်း အဝိဇ္ဖာပါဖုံးသွားတာ… ဟီး… ကောင်းချက်…. လွှတ်ကောင်းချက်….
. ဒါပေမဲ့ မမှတ်ပါဘူး… ထိုင်စရာလဲ ဒါပဲရှိတာကိုး.. ဒါနဲ့ နောက်နေ့ မနေ့ကပေါ့…
. ပြောင်းစားရအောင်… ဆန်းဆန်းပြားပြားတွေ မမှာတော့ဘူး… ဆိုပြီး…………
. ထမင်းသုပ်ရယ်…. ရှမ်းခေါက်ဆွဲရယ်… မှာလိုက်တယ်….
. အပေါ်ထပ်မှာပဲ နေရာလွတ်တော့ တက်ထိုင်တာပေါ့… ယောက်ဖလဲ စောင့်ရင်း… ဟိုကြည့်လိုက် ဒီကြည့်လိုက်ပေါ့….
. ၂ ယောက်တတွဲ တက်လာတယ်… ထိုင်တယ်… နောက်ထပ် ထပ်တက်လာတယ်…. ထိုင်တယ်…
. ပြီးတော့ စားပွဲထိုးလေး တက်လာတယ်… လင်ဗန်းလေး သယ်လာတယ်… စားစရာတွေ ပါလာတယ်…. ကြည့်လိုက်တယ်….
. ဟယ်… မတူဘူး ဟ… မဟုတ်သေးဘူးလေ… စောင့်တယ်… ဟိုငေးလိုက် ဒီငေးလိုက်ပေါ့….
. မိန်းမကလဲ ဗိုက်ကဆာတော့ သူလဲ လှုပ်တုတ်လှုပ်တုတ်ပေါ့….
. ဒါနဲ့ ထပ်မျှော်တယ်… ယောက်ဖရော… စားပွဲထိုးရော… ဒါနဲ့ ရိပ်ခနဲ ဖြစ်တော့ ကြည့်လိုက်တယ်… ယောက်ဖ မဟုတ်ဘူး… စားပွဲထိုး…
. လင်ဗန်းကြည့်လိုက်တယ်… ကိုယ့်ဟာ မဟုတ်ဘူး… သူများဟာတွေ…. နည်းနည်းတော့ ပေါက်လာတယ်… စိတ်အချဉ်ရော… ဗိုက်ထဲက အစာအိမ်က ချက်ဖို့ထုတ်တဲ့ အချဉ်ရောပေါ့….
. မိန်းမဆို ပိုဆိုး ကျွန်တော်က အဲအကွက်တွေ ထင်ထားလို့… စမူဆာ မျိုထားတာ….
. မယားထိ ဓားကြည့်ဆိုတဲ့ အတိုင်း… သူဗိုက်ဆာတော့ ကိုလဲ တင်းတာပေါ့….
. Hungry Man Is Angry Man လေ… သူက ဗိုက်ဆာလို့ တင်းတော့… မယားထိ ဓားကြည့် ကျွန်တော်တင်းတာ မဆန်းဘူးလေ… အီကွေးရှင်းလေး ရိုးပါတယ်… 🙂
. ဒါနဲ့ အောက်ဆင်းပြီး ကောင်တာကို သွားမေးတယ်… ရပြီလား… နံပါတ် 19 က မှာထားတာဆိုတော့….
. ဂလယ်အူဆိုတာ အဲတော့မှ မြင်ဖူးတာ…. ဟုတ်လားတဲ့… ကြာပြီလားတဲ့…. ကြာသေးပါဘူး… စက္ကန့် ၁၈၀ဝ လောက်ပဲ ရှိသေးတယ်လို့…
. ဟုတ်… ဟုတ်… ဟုတ်…. တဲ့… ဘာလုပ်လို့ရမလဲ… ဒါနဲ့ ပြန်စောင့်ပေါ့…. ခုနက Flow အတိုင်း ငေးတယ်… စောင့်တယ်… လှုပ်တုတ်လှုပ်တုတ်ဖြစ်တယ်… တင်းတယ်… ဒေါသထွက်တယ်ပေါ့….
. နောက်ထပ် စက္ကန့် ၆၀ဝ ကြာပြီးတဲ့ အချိန်မှာ ထပ်ဆင်းတယ်… ဒီတခါတော့ နှာကစ်ပြီလေ… အဲလိုဖြစ်ရင် အဲလိုပြောပေမဲ့… ကိုယ့်ကိုယ်ကို မမြင်တော့… နှာကစ်တာကို မမြင်လိုက်ရဘူး…
. ကျိန်းသေတာက ဒေါသ တော်တော် ထွက်တာပဲ… ဆင်းပြီး တုပ်တော့တာပဲ… အတင်းတုပ်၊ သန်းတုပ် တာမဟုတ်ဘူး… ကလော်တုပ်တာပေါ့….
. အဲတော့မှ မျက်နှာငယ်လေးနဲ့ တကယ်တော့ မငယ်သွားပါဘူး…. လာပို့ပါ့မယ်တဲ့…
. ကိုယ်လဲ နောက်ထပ် စက္ကန့် ၆၀ဝ မှ မရရင်တော့… မကျေနပ်ရင် ဖုန်းခေါ်လို့ ပြောတဲ့ ဖုန်းနံပါတ်ကို နှိပ်တော့မှာ….
. မကြာပါဘူး… ရောက်လာတယ်… ရှမ်းခေါက်ဆွဲ… ကောင်းလားမေးတော့ ဗိုက်ဆာနေပြီလေ… ဦးပေါ်ဦးလို တက်ကနစ်နဲ့ဆိုတော့ ဘာဖြစ်ဖြစ်ကောင်းပြီလေ…
. ချွင်းချက်ဆိုလို့ ဓာတ်ပုံမရိုက်ဖြစ်တော့ဘူး… အဲအတွက်ပဲ တောင်းပန်တယ်…. 🙁
. ဒါနဲ့ သူတဆွဲ ကိုယ်တဆွဲ စားကြတာပေါ့… ခေါက်ဆွဲဆိုတော့ သူတဆွဲ ကိုယ်တဆွဲပေါ့… နော့်…
. စားရင်းနဲ့ မျက်လုံးကစားသေးတယ်.. ကောင်မလေးတွေကို လျှောက်ကြည့်တာ မဟုတ်ဘူး… ကျွန်တော့်ရဲ့ ထမင်းသုပ်လေး နီးစပ်ပြီလားဆိုပြီးပါ….
. မဆိုးပါဘူး… ရှမ်းခေါက်ဆွဲ ပြီးတဲ့ သကာလ မှာ… ရောက်လာတယ်… ထမင်းသုပ်ကတော့ ထင်တယ်… သူတို့ အက်စကီမိုးအိမ်လို လုပ်ဖို့ ခွက်ရှာတာ ကြာတာ နေမယ်ဗျ…
. အက်စကီမိုးတောင် လူနေတာ မဟုတ်ဘူး… ပုရွက်ဆိတ် အကောင်သေး ၄ ကောင် ပူးနေလိုက်ရင် နွေးလောက်တယ်….
. အဲ.. မေ့တော့မလို့… ရှမ်းခေါက်ဆွဲက ၁၀၀ဝ ကျပ်…. ထမင်းသုပ်က ၇၀ဝ ကျပ်နော်…
. စားလို့ကောင်းလားဆိုတော့… ထမင်းရယ်… အာလူးရယ်… ဂေါ်ဖီရယ်… မြေပဲရယ် ပဲ မှတ်မိတယ်… ဟင်းချိုတောင် မပါဘူး.. အော်… ကိုယ်က လိုချင်တာ ပြောတာပါ…
. သူတို့ Rule မှာ မပါတော့ … ဘယ်တတ်နိုင်မလဲ…. ဒါနဲ့ အားရပါးရ ၄ လုပ် ခွဲစားလိုက်တယ်… မိန်းမ ၂ လုပ်… ကျွန်တော် ၂ လုပ်… ဒါတောင် အားရှိပါးရှိခွဲတာ ဟုတ်ဘူးနော်… 🙂
. ကဲပါ… ဒီလောက်ကောင်းတဲ့ ဆိုင်လေးကို မြေနီကုန်းရောက်ရင်… တခါတခေါက်လောက်တော့ လာရောက်စေချင်ပါတယ်…
. နေရင်းထိုင်ရင်း ခံတွင်းပျက်ချင်လား….
. ဒါမှမဟုတ် မိသားစုကို မေ့ချင်လား….
. အဆီပိုတွေ ချချင်လား….
. ပါရမီတပါးပါးကို ဖြည့်ကျင့်ချင်လား…
. တခါမှ မစားဖူးတဲ့ အမယ်သစ်(နာမည်တူ) ကို စားချင်လား…. ဒီဆိုင်လေးကို ကြွလှမ်းခဲ့ဖို့…
. ဒီတပတ် သွားမယ်၊ ဝါးမယ်၊ မြိုမယ်၊ ဆို့မယ် အစီအစဉ်လေးကနေ ဖိတ်ခေါ်အပ်ပါတယ်…. လွန်တာရှိရင် ဝန္တာမိပါ… ခံစားရသမျှ စာစီကုံးမိပါ၏…. 🙁
. PS: အတိသရဝုတ္တိ အနည်းငယ်သုံးထားသည်…. 🙂
24 comments
ခင် ခ
September 4, 2014 at 4:47 pm
ရန်ကုန်က ကောင်းနိုးရာရာဆိုင်တွေကို မှတ်ထားပြီး ရန်ကုန်ရောက်ရင်သွားစားကြည့်မယ်ဆိုပေမယ့်
ရန်ကုန်ရောက်တဲ့အခါ ဘော်ဘော်တွေ ချိန်းတဲ့ ဆိုင်မှာဘဲ စတည်းချမိတာပါဘဲဗျာ။
ခုလည်းဖတ်ပြီး မှတ်ထားပြန်ပြီလေ။
Yae Myae Tha Ninn
September 4, 2014 at 4:55 pm
ရှိပါတယ်.. အသောက်အစားလေးနဲ့ဆို… Junior Duck.. သဘောင်္ပေါ်မှာ ဂွတ်ရင်း လေညင်းခံရင်း အမြည်းကောင်းကောင်းစားရမယ်… မရောက်တာတောင် ကြာပေါ့… 🙂
ဇီဇီ ခင်ဇော် (15102012)
September 4, 2014 at 4:59 pm
ငင်။
ဂလောက် တော်တဲ့ စားဖိုမှူးတွေ သများ ထမင်းဆိုင်ကို ခေါ်အူးမှ…
:a:
Yae Myae Tha Ninn
September 4, 2014 at 5:05 pm
ချက်နည်းပြောတဲ့ စားဖိုမှူ းလား… ချက်ပြုတ်ပေးတဲ့ စားဖိုမှူ းလား… 🙂
ဇီဇီ ခင်ဇော် (15102012)
September 4, 2014 at 5:17 pm
အဲဒီ ဆိုင်က စားဖိုမှူး
:k:
Yae Myae Tha Ninn
September 5, 2014 at 9:00 am
🙂 စိတ်ဓာတ်တွေ အပုံလိုက်ကျသွားတာ…
မြစာကလေး (23122011)
September 5, 2014 at 4:34 am
အရီး ကြေးအိုး တောင် အဲ့ဆိုင်က ထက် အမြင်မှာ သာတယ်။
အရီး စပါကတီ ကိုတော့ အဲ့ဆိုင် က လုံးဝ မယှဉ်နိုင်တာ သေချာတယ်။
စပါကတီ နဲ့ နဲနဲ မှတူဝူး။ ဘားမိနည်း ဘားမိဟန် ဖြစ်နိုင်တယ်။ (စီဒီ – ဂဂ)
ကောင်းလယ်။
အဲ့ ဆိုင်မျိုး တွေ ရှိတာ တွေ့တော့ ကိုယ့် ဟင်းချက် စွမ်းရည် မခေကြောင်း သိလိုက်တာ။
:-)))
Yae Myae Tha Ninn
September 5, 2014 at 9:02 am
နောက်ဆို မြစာကလေး ဆိုင်ဖွင့်ပါလား… ကြည့်မြင်တိုင်၊ စမ်းချောင်းနားမှာ လာအားပေးမယ်လေ… 🙂
kai
September 5, 2014 at 7:04 am
အသိ..ဂျပန်တွေ.. ရန်ကုန်ကြေးအိုးလှည့်စားပြီး.. ပြောကြတာကျ….
အချိုမှုန့်အရည်တွေနဲ့လုပ်တယ်ဆိုပဲ…
အသားကို.. “အူမမိ”ခေါ်တဲ့.. အချိုရည်ထွက်လာအောင်.. မထုတ်တတ်ကြဖူး… တဲ့…။
Umami – Wikipedia, the free encyclopedia
en.wikipedia.org/wiki/Umami
Wikipedia
A loanword from the Japanese (うま味), umami can be translated as “pleasant savory taste”. This particular writing was chosen by Professor Kikunae Ikeda from .
အချိုျမှုန့် နှုတ်ပြီးချက်ရင်ဖြစ်လာမယ့်ကြေးအိုးအရသာ.. သိချင်.. :k:
Yae Myae Tha Ninn
September 5, 2014 at 9:32 am
တော်သေးတာက အရင်က အချိုမှုန့်နဲ့ ပက်စီနဲ့ မတည့်ဘူး… စားပြီး မူးဝေ အော့အန်တယ်.. အခုတော့ ဘာမှ မဖြစ်တော့သလိုပဲ… အချိုမှုန့်က ဖော်မြူလာပြောင်းတာလား.. ပက်စီကပဲ ဖော်မြူလာပြောင်းလိုက်တာလား မသိဘူး… 🙂
kyeemite
September 5, 2014 at 10:58 am
.ခွိခွိ…တော်တော်ခံလိုက်ရတာပဲ :k:
.ခီများက စာရေးကောင်းပဲဗျ…မျက်စေ့ထဲပါမြင်လာတယ်…ဂွတ်ဒ
Yae Myae Tha Ninn
September 5, 2014 at 11:10 am
ခံရတာတော့ ပြောနဲ့ မနေ့ကတောင် ထပ်ချိန်းလို့ ရောက်သေး… ဒါပေမဲ့ မှာမစားတော့ဘူး… တခါသေဖူးရုံမကတော့ဘူး… ၂ခါလောက်သေဖူးဆိုတော့… တာ့တာပဲ… 🙂
စာရေးတာကတော့ ဟီး… တာရာမင်းဝေ အတု နည်းနည်းခိုးထားတယ်… အရမ်းကြီးတော့ ဟုတ်ဘူး… 🙂
manawphyulay
September 5, 2014 at 12:09 pm
ICE Berry မြေနီကုန်းဆိုင်ကတော့ အရင်တုန်းက အမြဲထိုင်ဖြစ်ပါတယ်။
ခုနောက်ပိုင်းတော့ လူရှုပ် မျက်စိရှုပ်လို့ မထိုင်တာ လတောင်ချီနေပါပြီ။
အဲဒီဆိုင်ဘေးက အရင်တုန်းက ဖွင့်တဲ့ Bon Bon Cafe’ ကတော့ အရမ်းသဘောကျတဲ့ နေရာပါပဲ။ ထိုင်ရတာလည်း အဆင်ပြေတယ် မှာစားရတာလည်း ကောင်းပြီး အဲဒီက ကော်ဖီကို အကြိုက်ဆုံးပဲ…
Yae Myae Tha Ninn
September 5, 2014 at 12:20 pm
အခု ၃ ထပ်ဖြစ်သွားပြီဗျ… ဘိုင်လူတွေတောင် မှတ်မိနေပြီ… ၃ ခေါက်သွားတယ်… ၃ ခေါက်လုံးကို တွေ့တဲ့ကလေးတွေပေါ့… ဘော်ဒါတွေ တရုန်းရုန်းနဲ့… လက်မှာလဲ ဂျက်တွေနဲ့… ကိုယ်တွေ ခေတ်က ဂေါ်တယ်ဆိုတာ.. ဆေးလိပ်သောက် ကွမ်းစား အရက်သောက်နဲ့… သူတို့ကျတော့ သေရင် ကိုယ့်နောက်ပါမယ့် အရာတွေနဲ့ ပိုဂေါ်လာတယ်… 🙂
Bon Bon တော့ မြင်ဖူးတယ်.. မထိုင်ဖြစ်ဘူး…
အားပေးတာ ကျေးဇူး… 🙂
manawphyulay
September 5, 2014 at 12:25 pm
ဟုတ်လား အပေါ်ထပ်တွေပါ ထပ်ယူလိုက်တာလား…
Yae Myae Tha Ninn
September 5, 2014 at 1:10 pm
ဟုတ်တယ်… ဟိုဘက်က အိတ်ဆိုင် အပါအဝင်… အပေါ်ထပ်က ဂျပန်သင်တန်းထင်တယ်.. အကုန် ယူသွားတာ… 🙂
Crystalline
September 5, 2014 at 12:53 pm
Ice Berry က ဘုန်းကြီးလမ်းနဲ့အနော်ရထာလမ်းထောင့်က ဆိုင်နဲ့အတူတူပဲထင်တယ်.. Shake နားကပဲလေ.. ဆိုင်ခွဲလားမသိ… အဲ့ဆိုင်မှာတော့ စပါကတီမှာဖူးပ.. ဗိုက်ဆာချိန်တောင်မှ တစ်ဇွန်းထက်ပိုမစားနိုင်အောင်ကောင်းတာ.. :p: တစ်ခါတစ်လေ ကိုယ့်နောက်မှမှာသူဆီ အရင်ရောက်လာတာနဲ့ ကြုံဖူးပ.. နောက်ရောက်သူစားကုန်ပြီး ကိုယ်မှာတာများမရောက်လာလို့ကတော့ တင်းနေတဲ့အချိန်ဆို ပြန်ထွက်ခဲ့ရော.. သွသူဘာဖြစ်ဖြစ်.. :mrgreenn:
ဝက်ကြေးအိုးတော့ ဆိုင်ထက်ကောင်းအောင်ချက်တတ်တယ်.. အသိအစ်ကိုကြီးတစ်ယောက်က ဆိုင်ဖွင့်ဖူးတော့ သူကနည်းပေးလို့.. စိတ်ပါရင် နည်းရေးပေးမယ်နော်.. :mrgreenn:
Yae Myae Tha Ninn
September 5, 2014 at 1:15 pm
ဒါဆို ကောင်းသတင်းမျိုးစုံနဲ့ ကျော်ဇောနေတာပေါ့… ဟီး… ဘဝတူတွေ တွေ့ပြီ…. ဒီတခါတော့ မကြိုက်တာတူပြီနော်…. 🙂
ကြေးအိုးချက်နည်းတော့ စိတ်ဝင်စားတယ်.. ပို့စ်အနေနဲ့ တင်လိုက်.. အားပေးမယ်… 🙂
alinsett
September 5, 2014 at 2:00 pm
အဲ့ဒီဆိုင်လား…
ထိုင်ဖူးတယ်..
တစ်ယောက်တည်းတောင် မဟုတ်…
ကဗျာပြခန်း ဖွင့်ဖြစ်တုန်းက… ကဗျာအဖွဲ့တွေ..ဆုံပြီး..အဲဒီဆိုင်ထဲမှာ..သတ်ကြတာ.. ။
ကဗျာအကြောင်းတွေ..ကပျာကယာ ဆွေးနွေးလိုက်ရလို့..ဘယ်သူမှ အစားအသောက်ဘက် …မခံစားမိလိုက်ဘူး ။
😆
Yae Myae Tha Ninn
September 5, 2014 at 2:47 pm
အဲလို အချိန်ကုန်မှန်းမသိတဲ့ဟာမျိုးလုပ်နေရင် ကောင်းတာပေါ့ ဆရာကြီးရယ်.. ခုက အရေးကြီးလို့ ဆုံမှတ်ထားတယ်.. မကောင်းတတ်တာရော ဆိုင်ရောက်ရင် စားကိုစားဖြစ်တဲ့ အကျင့်ရယ်ကြောင့်မှာဖြစ်တယ်… လာတယ် ကြာတယ် ဆိုတော့ ဟီး… ဒေါသထွက်တာပေါ့ဗျာ.. 🙂
မ " တတ် ပါ့ "
September 24, 2014 at 3:44 pm
ရောက်ဖူးတယ်။
အစားအသောက်မှာတာ စောင့်ရတာကြာတယ်။
အပေါ်ဆုံးအထပ်မှာပဲ ထိုင်ခဲ့တာ။
MLM လို အဖွဲ့တစ်ခုနဲ့ လူအယောက်၁၅ ယောက်စာလောက် အစည်းအဝေးသဘောမျိုးလုပ်နေတာနဲ့ ကြုံလို့
ဘာတွေမှန်းမသိဘူး။ ဆူတယ်။
ရှမ်းခေါက်ဆွဲတော့ စားကောင်းသား။ နည်းလို့လားမသိ။
Yae Myae Tha Ninn
September 24, 2014 at 4:15 pm
စောင့်ရတာ ကြာတော့.. ဗိုက်ဆာ.. ဗိုက်ဆာတဲ့ အချိန်စား… အကုန်ကောင်းတာပေါ့ဗျား…. 🙂
မ " တတ် ပါ့ "
September 24, 2014 at 4:33 pm
ဆာတဲ့အချိန်စား အကုန်တော့ မကောင်းဘူးဗျ…ခံတွင်းလေးတော့တွေ့ဦးမှ။
မကောင်းတာတော့ ဖြစ်ညှစ် မစားနိုင်ပေါင်ဗျာ။
Yae Myae Tha Ninn
September 24, 2014 at 4:41 pm
တော်သင့်ရုံလေးမှ မကောင်းရင်လဲ… ရှောင်လေဝေးဝေးဖြစ်သွားမှာပေါ့… အင်းပါ… ရှမ်းခေါက်ဆွဲကတော့.. မိန်းမ အဆိုအရ မဆိုးပါဘူး… 🙂