မြစ်ကိုချော့တဲ့ တောင်ပြိုတေး
အခုည အမှောင်စစ်စစ်အောက်မှာပဲ
ငါ့ဖြစ်တည်မှုထဲကနေ မကြာခဏကျပျောက်တဲ့ နေတွေလတွေကို ရှာဖွေမည်။
သောကနှင့် ပယောဂများ
တစ်ခုကိုတစ်ခုတွန်းထိုး လှုပ်ရှားကြသောအခါ
ငါ့ လက်မှာ ရှိသမျှထဲက အချို့သောအရာများကို
ငါ . . .လွှတ်ချပါမည်။
ဒီဘက်ကမ်းက မီးအိမ်ကို ငြိမ်းစေပြီး
ဟိုဘက်ကမ်းမှာ ငါလင်းမည်။ ငါ့အလင်းတန်းတို့ ကမ႓ာချီအောင် တည်မည်လား။
သို့တည်းမဟုတ် . . .ငါ့အလင်းများ
အမှောင်ကိုကြောက်သော တောက်ပခြင်းနှင့် အိုမင်းမစွမ်းစွာ လင်းချင်းတိတ်ဆိတ်ရမည်လား။
မည်သို့ဖြစ်စေ. . .
အိမ်ထဲမှာနေမည်။ ဝင်လေထွက်လေကို ခပ်ထွေထွေမှတ်သားလျက်
အရပ်ရပ်မှာ အာနေသောကျီးကန်းတို ့ကို
ငါ. . .စကားစမြည်ပြောလိုပါသည်။
ငါချစ်မြတ်ပတ်နွယ်ရပါသော
ပန်းကလေးတစ်ပွင့်နှင့်
တစ်ခါတုန်းက ခူးယူပိုင်ခွင့်ကို ငါ. . . ကပျာကယာလွမ်းဆွတ်ရဦးမည်။
လှ၍ရနံ ့မဲ့သောပန်းများ မဟာမိတ်အကူနဲ့ ကြူကြူမွှေးစေ. . .
မွှေး၍အလှမဲ့သော ပန်းများ. . .
လှသော ဆံနွယ်ထက်မှာ တင့်တယ်ထွန်းတောက် . .
အလင်းဖျောက်ဖျောက်ဖြင့် နေခြည်၏သမီးတော်များလို
လန်းစွင့် မြင့်ကြစေ. . .
မိုးစက်မှောင်ရီတစ်ဝက်ညထဲ
မီးအနီရောင်တစ်စက်ကသာ
ငါ့ကံကြမ္မာကို လမ်းပြစေရမည်။
ဒဏ်ချက်ကို လှန်တတ်တဲ့ ဉာဏ်မြတ်သောသူဖြစ်စေကြောင်း
ငါနဲ့ငါ လောင်းကြေးထပ်
ဘယ်သူရှုံးရှုံး . . . ငါ မြတ်မည်။
အရောင်အဆင်းပျောက်ရှနေသော. . .
ကြေကွဲဖွယ်ရာ နေ့ရက်များ
ဘွားခနဲ ပေါ်လိုက်ပျောက်လိုက်နဲ့
လောကဒဏ်ဆိုတာ
ဟဲ့သံကြားရုံနဲ့ လန့်မပြေးတတ်ဘူး။
တချို ့က ရူးတယ်. . .
လူဆိုတာ အရေးလွယ်သလောက် အဖတ်ခက်တာကိုမှ. . .မသိသူတွေရဲ့အကြောင်း
မြို့စွန်က ဂျစ်ပစီတွေတောင် ပြောနိုင်ကြတယ်။
အယူသည်းသော မိုးစက်များကို ရိုက်ချိုးပစ်ချင်လို့
ငါ့လက်ကို ဓါးလိုသွေး
ဟိုစဉ်က ငေးမောခဲ့ချိန်တွေထဲက. . . (အခုတလော . . .နင့်ကိုငါ သတိရလိုက်တာ သီတာရယ်)
ရေငတ်သလိုအဖြစ်မျိုးလိုပေါ့. . .
ဒီသံသရာမှာ . . .ငါ မူးတယ်။
သွေးရူးသွေးတန်းဆန်ဆန်အနုပညာနဲ့
လမ်းမမည်သော လမ်းများပေါ်
ခြေထောက် မမည်သော ခြေထောက်နဲ့ပဲ
ငါ့ တောက်ခတ်သံနဲ့ငါ လျှောက်ခဲ့ရ . . .
ငါ့ မျှော်လင့်ချက်များပင်လျှင် အကြိမ်ကြိမ် ချောက်ထဲကျ
တချို့နေရာတွေကို ငါ. . . ကြောက်ကိုကြောက်ရတယ်။
ဒီလိုပါပဲကွယ် ဘဝဆိုတာ. . .
နှစ်သိမ့်ရောင့်ရဲတတ်သူတွေရဲ့စကား. . .
ငါ့အတွက် အားမဖြစ်ဘူး။
ကိုယ်ထဖို့ ကိုယ်ထူရမယ့် အားအင်ကို
ဘုရားသခင်ကလည်း ငါ့ကိုမပေးဘူး။
အစက ပြန်ပြန်စရလွန်းလို ့. . .
အရှုံးနဲ့ငါ ညားလိုက် ကွဲလိုက်ပေါ့။
ခပ်ရွဲ ့ရွဲ ့လေးသာ ပြောလိုက်ချင်တော့တာက
ငါ့အတွက် ကံတရားဟာ. . . အချိုနည်းပြီး အခါးများတယ်. . .
ဟိုနားမှာ ကယ်တင်ရှင်တစ်ပါး
သူတအားဖျားနေတယ်။
သူ ့အတွက်နဲ့ သင်တို့တတွေ. . .
ဆေးဖော်စပ် မပေးနိုင်ခင်မှာ . . .
လှမ်းယူနိုင်မယ့်အင်အားသာ
အရင်ပေးလိုက်ပါ. . .
လူတော်တွေရဲ့ဘဝက
ခါးနည်းနည်းကုန်းတယ်။
အဆီအနှစ်တွေ စိမ့်ထွက်ပျံတက် တစ်သက်မှာတစ်ခါသာ ပွင့်တဲ့ပန်းတို့လည်း
အထပ်ထပ်အခါခါပွင့်ပေးရပြီ။ တစ်ခုတည်းသော အစစ်အမှန်ကတော့ အုတ်အရောရော ကျောက်အရောရော. . .
ဟော . . . .
ဘယ်ဆီဘယ်ဝယ်ကို မျောပြီလဲ။
မြစ်တချို့က. . .တောင်တချို့ကို ဘယ်ဈေးရလိုက်လဲလို့ မေးနေကြတယ်။
တောင်တချို့က . . .တောတချို့ကို တောင်ပြိုတေးနဲ့ ချော့သိပ်တယ်။
တောတွေ အသက်မဲ့ခဲ့ပြီဆိုတဲ့အကြောင်း
တောင်ပြိုတေးက. . . မရေးစပ်နိုင်ဘူး။
သွေးမရှိလို့ . . .တဲ့။
ဘာမှမရှိတော့ခြင်းတစ်ခုသာ ပေါပေါများများရှိနေတဲ့နေရာမှာ
ငါ (ရှားရှားပါးပါး)ရှိနေဦးမည်။
ဒီတစ်ခါ ရောင်နီလင်းလက် အပျက်ဆန်တဲ့ မနက်ခင်းမှာ. . .
နှလုံးအိမ်ကြေမွသံနဲ့
ဒီနိုင်ငံတော်သီချင်းကို ငါမဆိုချင်ဘူး။
ဒီတစ်ခါ နေခြည်တန်းကို
လှမ်းမမီတဲ့လက်နဲ့ . . .သွေးစက်မြေကျ . . .ငါမခူးလိုလှဘူး။
ငါနဲ့လောကကြားမှာ. . .
အချင်းချင်းသာသိတဲ့ ဘာသာစကားနဲ့ ပြောပြခွင့်ရသမျှထဲ . . .
ငါတို့ရဲ့ အလံလဲတဲ့ အချည်းနှီးတိုက်ပွဲတွေအကြောင်းငါ မပြောပြလိုဘူး။
ငါတတ်တဲ့ ဘာသာစကားအဖြူနဲ့ နက်မှောင်တဲ့အောင်မြင်သူတွေအကြောင်းလည်း. . .
တခုတ်တရနဲ့ ပြောမပြလိုဘူး။
ငါ့မှာ ပြောပြစရာတွေများလာလေလေ
ငါဟာ ပိုပြီး တိတ်ဆိတ်လာလေလေနဲ့
မျှော်သူတို့ရဲ့ ခေါ်သံတောမှာ
ငါ လမ်းမပျောက်ဘဲ မောနေတယ်။
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ပေါ့. . .
ငါ . . . .
ဒီလောကမှာ . . . .ရှိပါတယ်။
—————
(မိတ်ဆွေများ လွတ်လပ်ငြိမ်းချမ်းပါစေ)
လေးစားစွာဖြင့်. . .
အလင်းဆက်(Gazette)
7/9/2014/ 11: 28
17 comments
မြစာကလေး (23122011)
September 7, 2014 at 2:03 pm
ပြန်လာမယ်။ အခုတော့ မနက်စာ၊ နေ့လည်စာ၊ ညစာ သွား စီမံ လိုက်ဦးမယ်။ 🙂
alinsett
September 7, 2014 at 4:12 pm
ပြန်လာပါနော် အရီး
ဒီစာစုထဲက
လူတော်တွေရဲ့ဘဝက ခါးနည်းနည်းကုန်းတယ်ဆိုတာ ဘယ်သူတွေကို ရည်ညွှန်းတယ်ဆိုတာ အရီးမှန်းမိလား။
ဒီကဗျာစာသားတွေထဲက (သတိရလိုက်တာသီတာရယ် ကလွဲရင်)
ဒီနိုင်ငံမှာနေ ဒီနိုင်ငံ့အရေးတွေကို ရင်မောမိရတဲ့ လူငယ်တစ်ယောက်ရဲ့ အံကြ်တ်သံတကျိကျိပါ အရီး။
အဲ့ဒီ အရိပ်အငွေ ့လေးကို အရီးခံစားမိသွားတယ်ထင်တယ်။
ပြန်လာမယ်ဆိုလို့လေ . . .
😆
မျှော်နေတယ်
နောင် ရိုး
September 7, 2014 at 2:28 pm
ကဗျာလေး လာအားပေးသွားတယ် အလက်ဆင်းရေ့…..
စာသားတိုင်း စာသားတိုင်းကို…
အရမ်း…အရမ်းးးး
နှစ်ခြိုက်ပါတယ်ဗျာ…
လက်ခုပ်တီးသွားပါတယ်…
alinsett
September 7, 2014 at 4:07 pm
လက်ခုပ်သံ ကြားတော့ အားရှိပါတယ်
အားပေးတဲ့အတွက် ကျေးဇူးပါ ကိုရိုး။
ကိုရိုးက ဟိုဘက်က ပိုစ့်မှာ စာတွေရေးပါတော့လားဆိုပြီး တိုက်တွန်းတော့
တစ်ခုခုရေးဦးမှဆိုပြီးကြံတုန်းမှာ
စိတ်ထဲ ဖျတ်ခနဲပေါ်လာသမျှ အတွေးခံစားချက်တွေကို မြန်မြန်ဆန်ဆန်ဖမ်းဆုပ်ပြီး ချရေးလိုက်တဲ့ စာသားလေးတွေပါ။
အခုရက်ပိုင်း ကျနော်ခံစားမိနေတာလေးတွေပေါ့။
ဇီဇီ ခင်ဇော် (15102012)
September 7, 2014 at 2:34 pm
😥
alinsett
September 7, 2014 at 4:14 pm
မမဂျီး
မမဂျီး တိတ်ဆိတ်ရင် ရွာကြီးလည်း တိတ်ဆိတ်သွားလိမ့်မယ်။
မမဂျီးကတော့ ပြောစရာတွေ များလေလေ
များများပြောလေလေ လုပ်ရမယ်နော်။
😆
နောင် ရိုး
September 7, 2014 at 2:46 pm
ပြောစရာတော့ အတော်နည်းပုံပဲ…
ဘယ်တော့မှ.. တိတ်တယ် မရှိဘူး…
ဇီဇီ ခင်ဇော် (15102012)
September 7, 2014 at 2:48 pm
နာ တို့ က လက်တွေ့သမား အေ့။
ပြောစရာမရှိပေမဲ့ စွံတယ်။
ခင် ခ
September 7, 2014 at 3:07 pm
နားမှာ ကယ်တင်ရှင်တစ်ပါး
သူတအားဖျားနေတယ်။
သူ ့အတွက်နဲ့ သင်တို့တတွေ. . .
ဆေးဖော်စပ် မပေးနိုင်ခင်မှာ . . .
လှမ်းယူနိုင်မယ့်အင်အားသာ
အရင်ပေးလိုက်ပါ. . .
လူတော်တွေရဲ့ဘဝက
ခါးနည်းနည်းကုန်းတယ်။
ခါးကုန်းတာကို ဦးညွှတ်တယ်လို မဆိုစေချင်
ခါးပေါ်ဝန်ပိ ထိုဝန်ကြီးကြောင့် ခါးသည်မမတ်နိုင် ကုန်းတဲ့ဟန်
alinsett
September 7, 2014 at 3:26 pm
ဟုတ်တယ် လေးခ
အဲ့ဒီ ခါးးကုန်းခြင်းဟာ
တာဝန်တွေ ပိလို့
အဲ့ဒါအပြင်
ဖိနှိပ်တာ ပိုခံရလို့. . .
အဲဒီလိုလေး တွေးပြီး ရေးချလိုက်တဲ့စာသားပါ။
ဖတ်ရှု ခံစားပေးသွားတဲ့အတွက် ကျေးဇူးပါ
နောင် ရိုး
September 7, 2014 at 3:16 pm
ငါ့…အလွမ်းတွေ ထမ်းထားရလွန်းလို့….
နှလုံးသားလဲ….
ခါးနာလှဘီ…
ဂိ…ဂိ..ဂစ်
မြစာကလေး (23122011)
September 7, 2014 at 11:02 pm
မောင်မောင်ဆက်ဆက် နဲ့ တော့ ကျပ်တနာဘဲ။
မနက်က ထွက်ခါနီး မှ မင်း Post တက်လာတော့ မြင်ရက် နဲ့ ဒီတိုင်း လဲ ထွက်မသွားချင်၊
ဖတ်ဖို့ လဲ အချိန်မရတော့။
ဒါနဲ့ ကျန်လာမယ် ကြော ခဲ့ တာ ဟဲ့ ကိုယ်တော်ရဲ့။
အခုမှ ဖတ်ရတာ။ lol:-)
မှန်တာပြောရရင်
မင်းပြောတဲ့ အဓိပ္ပါယ်ထက်
တစ်ချို့ စာလေး တွေ ကို လွှတ် သဘောကျတယ်။
ဘာတဲ့
{
အရှုံးနဲ့ငါ ညားလိုက် ကွဲလိုက်ပေါ့။
ခပ်ရွဲ ့ရွဲ ့လေးသာ ပြောလိုက်ချင်တော့တာက
ငါ့အတွက် ကံတရားဟာ. . . အချိုနည်းပြီး အခါးများတယ်. . .
}
အချိုထက် အခါး က ပိုပြီး ကိုယ့်ကျန်းမာရေး ကို အထောက်အကူပြု ပါ့။
ဒီတော့ ခါးပါစေလေ။
{
လူတော်တွေရဲ့ဘဝက
ခါးနည်းနည်းကုန်းတယ်။
}
ဖြစ်သင့်ပါတယ်။
ခေါင်း ၃ လုံး ရှိသူ ကို ဆည်းကပ်ပါတဲ့။
ပိုပြီး ကုန်း မှ ဒူး နှစ် လုံး ကြား ခေါင်းဝင် လို့ ရမှာလေ။
{
ငါတတ်တဲ့ ဘာသာစကားအဖြူနဲ့ နက်မှောင်တဲ့အောင်မြင်သူတွေအကြောင်းလည်း. . .
တခုတ်တရနဲ့ ပြောမပြလိုဘူး။
}
အဖြူ ကို အဖြူ နဲ့ ရော ပြောလို့ မရဘူးလေ။
အမည်း နဲ့ မှ ပိုပြီး မြင်သာမပေါ့။
ဇော်ဝင်းထွဋ် ဆိုတဲ့
“အဖြူရောင် ဆိုတာ အမည်းရောင် တွေ ကြားထဲ ရောနှော ထား မှ ပိုထင်ရှား မယ်။” ဆိုလား။
ဒီတော့ ပြောပါလေ။
{
ငါ့မှာ ပြောပြစရာတွေများလာလေလေ
ငါဟာ ပိုပြီး တိတ်ဆိတ်လာလေလေနဲ့
}
အဲလို လုပ် ရင် စကားလုံး တွေ နင့်ပြီး ပေါက်ထွက် သွားမယ် ကောင်လေး ရဲ့။
ကဲ
ပြန်လာတယ်
ပြောချင်တာပြောတယ်
တာဝန်ကျေပြီနော်။
:-))))
alinsett
September 7, 2014 at 11:23 pm
ဟုတ်။
😆
စကားလုံးတွေနင့်ပြီး ပေါက်ထွက်သွားမဲ့ အခြေအနေရောက်တိုင်း
ဟောဒီရွာထဲ ပြေးဝင်လာပြီး ပိုစ့်တင် ဖောက်ချပစ်လိုက်တာပဲ အရီးရေ
kai
September 8, 2014 at 5:59 am
မြန်မာဇာတိနွယ်တွေထဲက.. တော်ပေ့ဆိုသူတွေတော်တော်များများ.. ဦးသိန်းစိန်ဆီမကပ်ခင်.. ဒေါ်စုဆီဝင်ခဲ့ကြတယ်…
ဒေါ်စုက.. ပူးပေါင်းဆောင်ရွက်ဖို့.. လက်ခံခဲ့ပုံမပေါ်ဖူး…
အဲဒါဟာ.. မှန်သလား.. မှားသလား.. သမိုင်းကပဲ.. အဖြေသိ..
စောင့်ကြည့်သင့်၏။ သင့်၏။ :k:
pooch
September 8, 2014 at 11:09 am
ရေရှည်တွေးပြီး အထက်နားရောက်အောင် သေချာပို့တာနေမှာပေါ့
ပိတ်ကားပေါ် ဆက်ကြည့်ရအုန်းမှာ
ခုကတော့ ….. လှိုင်းကြမ်းလေကြမ်းထဲမှာ ကူးခတ်နေဆဲနင်းပြား ပြည်သူတွေ ….
မြစ်ပဲချော့ချော့ တောင်ပဲပြိုပြို သူတို့လက်ထဲမှာပဲ ရှိနေသေးတယ်……
kyeemite
September 8, 2014 at 10:52 am
.ကြိုက်တယ်ကွာ
Mr. MarGa
September 8, 2014 at 11:10 am
:a: :a: :a: :a: