ဝီစီမှုတ်သူများ

Zaw WonnaAugust 17, 20101min720

ဝီစီမှုတ်သူများ ဆိုတော့ ဘောလုံးပွဲက ဒိုင်လူကြီး ဒါမှမဟုတ် ယာဉ်ထိန်းရဲကို ပြောတာလို့ မထင်ပါနဲ့ခင်ဗျာ။ Whistleblower ကို တိုက်ရိုက် ဘာသာပြန်မိလို့ပါ။ တကယ်တော့ ကိုယ့်ရှေ့မှာ အခြားလူတွေ မတရားပြုလုပ် ခံနေရတာကို တွေ့ရင် ငြိမ်ခံမနေပဲ ကာကွယ် ပြောဆိုတတ်တဲ့ လူမျိုးကို ဆိုလိုတာပါ။ သူတို့ဟာ သူများအကျိုးအတွက် ကိုယ်ကျိုးကို မငဲ့ပဲ  ဆောင်ရွက်လေ့ ရှိကြပါတယ်။ တကယ့်ကို လေးစားစရာ ကောင်းတဲ့ ပုဂ္ဂိုလ်တွေပါ။ တခါတလေ ကျတော့လည်း မတရားဘူးလို့ ထင်တဲ့ ကိစ္စမှန်သမျှကို ဘယ်သူ့မျက်နှာမှ မထောက်ပဲ ပြောဆိုတတ်တဲ့ အတွက် လူမုန်းများတဲ့ လူလည်း ဖြစ်တတ်ပါတယ်။

Whistleblower ဆိုတာနဲ့ ကျနော်ကျောင်းသားဘဝတုန်းက အဖြစ်အပျက်လေးတစ်ခုကို သတိရမိတယ်။ တစ်နေ့ ကျောင်းကအပြန်မှာ လိုင်းကားက လူအရမ်းကြပ်နေတော့ (ကားစပယ်ယာ မတင်ချင်တဲ့ကြားက) ကျောင်းသားအများစု ကားနောက်ကနေ တွယ်စီးကြရပါတယ်။ တစ်နေရာရောက်တော့ လမ်းကြားထဲမှာ ပုန်းနေတဲ့ ယာဉ်ထိန်းရဲက တွယ်စီးတဲ့ ခရီးသည် တင်လို့ဆိုပြီး ထွက်ဖမ်းပါတော့တယ်။ ကျနော်တို့ မြို့က ယာဉ်ထိန်းရဲတွေဟာ ကားသမားတွေ အလွယ်တကူ မမြင်နိုင်အောင် ပုန်းနေတတ်ပါတယ်။ ကားစပယ်ယာလည်း အဲဒီရဲဆီကို ဒါဏ်အရိုက်ခံဖို့ သွားရတော့တာပေါ့။ အဲဒီမှာ ကျနော့်ဘေးက သူငယ်ချင်းက ကားပေါ်က ခုန်ချပြီး ကျန်တဲ့ကျောင်းသားတွေကို ခေါ်ပါတယ်။ ယာဉ်ထိန်းရဲကို ကျောင်းသားတွေအနေနဲ့ ဒါဏ်ငွေမရိုက်ဖို့ ဝိုင်းပြီးပြောမယ်ပေါ့။ (အဲဒီအချိန်တုန်းက ကျောင်းသားများတဲ့ ဘတ်စ်ကားကို ယာဉ်ထိန်းရဲတွေက pass ပေးလေ့ရှိတယ်) ။ ဒါပေမဲ့ ကျနော်အပါအဝင် ကျန်တဲ့ကောင်တွေ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေတာကလွဲလို့ ကားပေါ်ကတောင် မဆင်းဖြစ်ဘူး။ တကယ်တော့ ကျန်တဲ့ကျောင်းသားတွေ အားလုံးကလဲ (လူငယ်အတွေးနဲ့)  ဒီကိစ္စကို မတရားဘူးလို့ မြင်ပါတယ်။ ဒါပေမဲ့ တစ်ယောက်မှ သူပြောသလို လိုက်မလုပ်ဖြစ်ပါဘူး။ အဲဒီအကြောင်းကို ခုထိတွေးမိရင် ကိုယ့်ကိုယ်ကို မကျေနပ်နိုင်ဘူး။ အဲဒီသူငယ်ချင်းကိုလည်း  တော်တော်လေးကို လေးစားမိပါတယ်။
ကျနော်တို့ရဲ့ နေ့စဉ်လူမှုဘဝတွေထဲမှာ အဲလိုကိစ္စမျိုးတွေ မကြာခဏ တွေ့ကြုံရပါတယ်။ များသောအားဖြင့်တော့ ကိုယ့်နဲ့မဆိုင်လို့ ဘာသိဘာသာ လှည့်ထွက်သွားကြတဲ့ သူတွေသာ များပါတယ်။ အခုဆိုရင် ကျနော်တို့ နိုင်ငံမှာ လူအများစုဟာ စီးပွားရေး အခက်အခဲနဲ့ လုံးပမ်းနေရတာ ဖြစ်လေတော့ ဘယ်သူ့ ဘယ်သူမှ အချိန်ပေးပြီး  မကူညီ မဖြေရှင်း နိုင်ကြတာကို တွေ့ရပါတယ်။ ပြီးတော့ တစ်ခါတစ်ခါ ဘုန်းကြီးအမှု ရွာပတ် ဆိုတာလို ကိုယ့်ကို အမှုပတ်မှာလည်း စိုးရိမ်ရသေးတယ်ဆိုတော့ ဒီလိုဖြစ်နေတာ သဘာဝကျပါတယ်လေ။ ပြီးတော့ အခုဆိုရင် လူတွေကို ကြည့်ရတာ ကိုယ်နဲ့ မရင်းနှီးရင် ဘယ်သူ့ကိုမှ လျှော့တွက်လို့ မရဘူး ဖြစ်နေတယ်။ ကိုယ်ကသာ ဘာကောင်မှ မဟုတ်တဲ့ သာမန်လူ ဖြစ်နေပြီး ကိုယ်ရင်ဆိုင်ရမဲ့ လူက ကြံ့ဖွံ့လား၊ စွမ်းအားရှင်လား၊ တစ်ခုခု ဖြစ်နေရင် မခက်ပါလား။
ဆရာ လူထုစိန်ဝင်းရဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ သူ့တပည့်တစ်ယောက် လိုင်းကားစီးသွားတော့ ခရီးသည် အဖွားကြီးတစ်ယောက်က သူဆင်းမဲ့မှတ်တိုင်ကို မရောက်ခင်ကတည်းက နှစ်ခါသုံးခါ ကြိုပြောပါသတဲ့။ ဒါပေမဲ့ ကားဆရာက သူဆင်းမဲ့မှတ်တိုင်ကိုကျော်ပြီး နောက်မှတ်တိုင်တစ်ခုကိုရောက်မှ ရပ်ပေးပြီးတော့ “ခဏခဏ ပြောနေတာ အမြင်ကတ်လို့ကို မရပ်ပေးတာ” လို့ပြောသတဲ့။ အဲဒီအဖြစ်အပျက်ကို ကားပေါ်ကလူတွေ မြင်ပေမဲ့ ဘာမှဝင်မပြောကြဘူးတဲ့။ တကယ်တော့ ဘေးကလူတွေက ဝင်ပြောချင်ပေမဲ့ သူပြောနိုးနိုး ကိုယ်ပြောနိုးနိုးနဲ့ ပြီးသွားတာနေမှာပါ။
အမှန်မှာဆို ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရှေ့မှာ မတရားလုပ်တာ မြင်ရရင် ဝင်ပြောဖို့ တာဝန်ရှိပါတယ်။ တစ်ချို့မတရားမှုတွေဟာ ဥပဒေအရ အရေးယူလို့မရပေမဲ့ အမှန်တရား ဖော်ထုတ်သူတွေကြောင့် ပျောက်ကွယ်နေတာပါ။ အဲလို ပြောမဲ့ဆိုမဲ့ သူတွေမရှိရင် မတရားတာလုပ်တဲ့ သူတွေကလဲ သူတို့လုပ်သမျှ မှန်တယ်လို့ ထင်နေမှာပါ။ လူဆိုတာ ကိုယ်လုပ်သမျှ မှန်တယ်လို့ ထင်တတ်ကြတာမျိုးမဟုတ်လား။
တခါတလေကျတော့လည်း ပြောနေလည်း ထူးမှာမဟုတ်ပါဘူးလေလို့ တွေးပြီးမပြောဖြစ်ကြဘူး။ အဲလိုနဲ့ အကျင့်ပါပြီး တကယ်ပြောလို့ထူးမဲ့ အချိန်ရောက်တာတောင် မပြောဖြစ်ကြတော့ဘူး။ ကျနော်တို့နိုင်ငံက ဆွေးနွေးပွဲတွေမှာ အထက်လူကြီးလုပ်သူ ပြောသမျှ အောက်ကလူတွေက လက်ညိုးထောင် ခေါင်းညိတ်လုပ်ရင်းနဲ့ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေ များလှပါပြီ။ တကယ်တော့ ဘယ်ခေတ် ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် မတရားမှုကို ပြောရဲဆိုရဲ ပြောတတ်ဆိုတတ်တဲ့ Whistleblower ဆိုတဲ့ လူမျိုးတွေ အများကြီး လိုအပ်နေဦးမှာပါ။          ။