တိုင်းသူပြည်သားတို့ရဲ့ ရှေးဘုန်းကံရယ်
တိုင်းသူပြည်သားတို့ရဲ့ရှေးဘုန်းကံရယ်
**************************
“တိုင်းသူပြည်သားတို့ရဲ့ရှေးဘုန်းကံရယ်
တိုင်းပြည်စောင့်သော နတ်တွေ မှိုင်းမစေဖွယ်
လာဘ်လာဘများနဲ့ကံကောင်းခြင်းတွေရယ်
ရွှေပြည်ကြီးတံခါးဖွင့်လို့ ဝင်ရောက်ခဲ့ဖို့ ဖိတ်ခေါ်ပါရဲ့ကွယ်”
ရုပ်မြင်သံကြားကြည့်နေသည့် စိတ်သည် တီဗွီထံတွင်မရှိတော့။ လွှင့်ဝဲပျံသန်းသွားသော စိတ်သည် တစ်နေရာပြီးတစ်နေရာ ခုန်ပေါက်ကူးလူးကုန်သည်။ စိမ်းစိုသော တောင်တန်းများ၏ အလှကိုကျော်လွန်ပြီး ပူလောင်ခဲ့သော နေ့ရက်အချို့ကို ယခုချိန် ပြန်မလွမ်းကောင်းဘူး ဟု ထင်သည်။ သို့သော် နေ့နေ့ညည အိပ်မက်ဆိုးများနှင့် သူ လန့်လန့်နိုးခဲ့ရ၏။ ယခုထိ သူ နားတွေအူနေသည်။ ယခုထိ သေနတ်သံတွေကြားနေရသည်။ ယခု သူကြည့်နေသည်က ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသနေသော ငြိမ်းချမ်းရေးပွဲတော် အစီအစဉ် ။ စပ်ဆိုထားသော သီချင်းစာသားက အင်မတန်ကောင်းလွန်းသည်။ ရင်ထဲ ပီတိ သိမ့်သိမ့်ဖြစ်ရသည်။ သီချင်းစာသားထဲကလိုဖြစ်လျှင် မည်မျှကောင်းမည်လဲ။ အနုပညာရှင်များက ပြည်သူတို့ဖြစ်လိုသော ဆန္ဒကို ဂီတ၊ ရုပ်ရှင်၊ အော်ပရာတို့ဖြင့် အမျိုးမျိုးဖော်ကျူးစပ်ဆို ကပြသွားကြသည်။ ဒါက ခမ်းနားထည်ဝါသော မြို့ကြီးတစ်မြို့မှာ ပြုလုပ်သည် ငြိမ်းချမ်းရေးပွဲတော်ရံပုံငွေပွဲ။ သူကတော့ ထိုသို့မဟုတ်။ မည်သို့သော ဆန္ဒမျိုးကိုမျှ ဖော်ကျူးခွင့် ဖော်ကျူးချိန်ပင်မရလိုက်။ သူကောင်းကောင်း မှတ်မိသည်မှာ ထီးတစ်ချောင်း၊ စစ်ပွိုင့်ဖိနပ်တစ်ရံ၊ ဘေးလွယ်အိတ် တစ်လုံးနှင့် မကောင်းမကန်းကျောက်ကျို ကျောက်ကြားလမ်းကို ဖြတ်သန်းကျော်ဖြတ်နေရခြင်းကိုပင်။ သို့နှင့် ထိုနေ့တုန်းက စိတ်ကို ယခုချိန်ပင် ပြန်ဖမ်း၍မရသေးပါချေ။
(၁)
အမှန်တကယ်ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ချေ။ အရိပ်အယောင်တွေပြနေသော်လည်း မမြင်သယောင်၊ အသံတွေဆူညံနေသော်လည်း မကြားသယောင် နေကြရသည်။ တစ်ဦးနှင့်တစ်ဦး မပြောဖြစ်ကြသော်လည်း နားနှင့် ဆက်ဆက်ကြားနေရသော ဖောက်ဖောက်ဆိုသောအသံများသည် သေနတ်သံဖြစ်လိမ့်မည်ကို သိကြပါသည်။ သို့သော်လည်း တစ်ဦးကတုန်လှုပ်ပြလျှင် ကျန်တစ်ဦး တုန်လှုပ်ချေလိမ့်မည်။ ထို့ကြောင့် မကြားသလိုလိုနေသည်။ ယခုအချိန်သည် ဖားကန့် ကျောက်စိမ်းဒေသ၏ ရာသီသိမ်းချိန်။ တစ်နည်း မှော်သိမ်းချိန်။ ကုမ္ပဏီရှိ ဝန်ထမ်းတော်တော်များများ ပြန်သွားကြပြီ။ သူတို့မပြန်နိုင်သေး။ ပြီးခဲ့သည် မေလ (၂၀)ရက်လောက် ကတည်းက ဝန်ထမ်းတွေ တဖွဲဖွဲထပြန်သည်။ သူတို့ ငေးကြည့်နေရ၏။ တချို့က ဖားကန့်- မိုးကောင်းလမ်း ပိတ်မည် စိုးသဖြင့်၊ တချို့က ကုမ္ပဏီအတွင်း ဝန်ထမ်းတွေကို ပေါ်တာ ဆွဲမည်စိုးသဖြင့်။ တချို့က နေရပ်ဒေသရှိ မိဘများ၊ မိန်းမများ ဖုန်းဆက်ခေါ်ကြသဖြင့် အလျှိုလျှို တပ်သုတ်ရိုက် ပြန်ကုန်သည်။ သူတို့ကရော မပြန်ချင်ဘူးလား။ ပြန်ချင်ကြပါသည်။ သို့သော်လည်း မိမိတို့ အိမ်အခြေအနေကို မူတည်ပြီး အသက်ကို ပဓာနမထားပဲ နေရစ်ခဲ့ရသည်။ သူတို့ဆီဆက်လာသော အိမ်ဖုန်းများကိုပင် ကြားနေရသော အခြေအနေ သတင်းများမှာ မဟုတ်မမှန်ကြောင်း မုသားလှိုင်လှိုင်သုံးကာ ဖြေသိမ့်လိုက်ကြသေးသည်။ အမှန်တကယ်တွင်မူ ညဘက် အိပ်မပျော်သော ကျီးလန့်စာစာ အခြေအနေကြားတွင် သူတို့ရပ်နေကြသလိုရှိပါသည်။
(၂)
ကုမ္ပဏီရှေ့ တောင်ကမူပေါ်မှနေ၍ တောင်အောင်ခြေကို ခေါင်းငုံကြည့်ပြီး ဓါတ်ပုံကို တဖျတ်ဖျတ် သူရိုက်သည်။ ဝန်စည်စလယ်တွေနှင့် ကုန်ကြောင်းတစ်သွယ်၊ သုံးဘီးဆယ်ကယ်ဖြင့်တစ်နည်း သယ်သွားသယ်လာတွေ ပျားပန်းခပ်နေသည်။ တချို့ကလေးတွေပါသည်။ တချို့ အိုကြီးအိုမ လူကြီးတွေပါသည်။ လမ်းသွားလမ်းလာရင်း ပြောဆိုနေသံတွေကိုလည်း ကြားရသည်။
”မနေ့က ဆို ကျည်ဆံတွေ ကျလာတာကွ။ တော်သေးတယ် ဘတ်ဟိုးကြီးခံနေလို့ ငါတို့ကိုမထိသာ”
”မနေရဲတော့ဘူး ဘယ်အချိန် ကျည်ထိမလဲဆိုတာမပြောနိုင်ဘူး။ မရ ရတာနဲ့ပြန်ရတော့မှာပဲ”
စကားအသွားအလာက သူတို့လို ကုမ္ပဏီဝန်ထမ်းတွေဖြစ်ပုံရပါသည်။ သူက လှမ်းပြီး အော်မေးလိုက်သည်။
”ဘယ်သွားကြမှာလဲဗျို့”
”မမုံပေါ့ဗျာ ခင်ဗျားတို့ရော မသွားကြသေးဘူးလား ခု မန ကိုရောက်နေကြပြီ၊ မနေ့ညက တိုက်ပွဲတွေဖြစ်တယ်။ ရွာထဲကို ကျည်တွေကျလာလို့ တစ်ရွာလုံးပြေးကုန်ပြီဗျ။ ခု ကျွန်တော်တို့ကုမ္ပဏီကလူတွေနောက်ဆုံးပဲ။”
သူ ဆက်မမေးတော့။ မနေ့ညက ကြားရသော သေနတ်သံများက သူတို့အထက်ဘက် ဆိုင်းကြာဘုံရွာနှင့် မနရွာဘက်မှ ကြားရခြင်းပါလား။ သို့ဆိုလျှင် နီးလာပြီ။ သူတို့က မက်လင်ချောင်မှော်။ မနမှော်နှင့်သိပ်မဝေး။ ကုမ္ပဏီအတွင်းပြန်ဝင်လာတော့ စိတ်တွေလေးသည်။ ကုမ္ပဏီတစ်ခုလုံးပေါင်းမှ ဝန်ထမ်းက သုံးဆယ်သာသာ။ ယခင် ယခင် မိုးတွင်းဆိုလျှင် အနည်းဆုံး ရှစ်ဆယ်အထက်မှာ ရှိကြသည်။ သည်နှစ်က မှော်အခြေအနေကိုကြည့်ပြီး အပြေးပြန်ကြသူတွေ များသောကြောင့် ယခုလူနည်းရခြင်းဖြစ်သည်။ မည်သည့်အလုပ်မျှမရှိဘဲ နေ့ရှိသ၍ မည်သည့်ရွာမှာ တိုက်ပွဲတွေဖြစ်သည် ပေါ်တာတွေဆွဲသည် စသဖြင့် နားစွင့်ကြရုံသာ။ ထမင်းမှန်မှန်စားရသော်လည်း စိတ်အေးလက်အေးမရှိ။ ဖောက်ဖောက်ဟု ကြားတိုင် သေနတ်သံအမှတ်နှင့် စိတ်နှင့်ကိုယ် ချက်ချင်းကပ်ကာ အကာအကွယ်ရှာထားရသည်။
သို့သော် မည်မျှပင် အကာအကွယ်ယူယူ အမှန်တကယ် ကာကွယ်နိုင်ခြင်းမရှိသည့် ငြိမ်းချမ်းခြင်း ဒိုင်းကြီးက မရှိ။ အနီးအနား ဈေးကိုသွားရင်း ကချင်စစ်သားတွေ မက်လင်ချောင်ဘက်ကိုတက်သွား သတဲ့ဆိုလျှင် သူတို့မှာ ကုမ္ပဏီကိုပြန်တက်ဖို့ ချိတုံချတုံနှင့်။ မည်သို့ပင်ဖြစ်စေ သူတို့က ပြည်သူဆိုသည့်စိတ်နှင့် မည်သူကမျှ ယိုးမယ်ဖွဲ့ မပစ်ခတ်နိုင်ပါဘူးဟု ဖြေတွေးရင်း ကုမ္ပဏီအရောက်ပြန်ခဲ့ရသည်သာ။ တခါတော့ လမ်းတွင် ကချင်စစ်သား သုံးလေးယောက်နှင့်တိုးပါသည်။ သူပင် အံ့ဩငေးယူရလောက်သည့် ဘုရားစူး ကချင်စစ်သားလေးများက အသက်ပင် ဆယ့်ရှစ်ပြည့်သလားမသိ။
”ဘယ်သွားမှာလဲ”ဟု မေးမြန်းသံကပင် အရွယ်နှင့်မလိုက်အောင် ခက်ထန်မာကျောလွန်းသည်။ မည်သို့ မည်ပုံစိတ်ထားနှင့် ထိုကဲ့သို့တပ်သား ဖြစ်ရသည် မသိသော်လည်း လူတို့သည် ယုံကြည်ချက်တစ်ခုကို ကိုင်စွဲမိပြီဆိုလျှင် ထိုယုံကြည်ချက် ကြောင့်ပင်လျှင် လူ့အသွင်သဏ္ဍာန်သည် ပြောင်းလဲသွားတတ်ကြသည်လား မသိ။ စစ်သည် ကြီးသည်ငယ်သည် မဟူ လေးစားခြင်းကိုပင် ပပျောက်စေခဲ့သည်လား မသိ။ ၎င်းတို့ကိုင်ဆောင်ထားသော သေနတ်ထိပ်ဝကို ကြည့်ပြီး ယဉ်ကျေးပျူငှာစွာဖြင့် မက်လင်ချောင်ပါခင်ဗျ ဟု ချိုသာစွာဖြေခဲ့ရပါ၏။
(၃)
ထို့နေ့က (၂၉)ရက် ဩဂုတ် ၂၀၁၃ ဖြစ်သည်။ မိုးမှောင်ကြီးကြသည့်ရက်ဟု ယခုချိန် သူ၏ သူငယ်ချင်းများနှင့် ဖုန်းဆက် တိုင်းပြောဖြစ်နေသည့် နေ့စွဲတစ်နေ့ဖြစ်ပါသည်။ ထိုနေ့သည် သူ့၏ ယုံကြည်စိတ်တော်တော်များများကို ဖဲ့ယူသွားနိုင်ခဲ့သည်။ ရေ ၊ မီး၊ မင်း၊ ခိုးသူ ၊ မချစ်မနှစ်သက်သောသူ အစရှိသော ရန်သူမျိုးငါးပါးတွင် စစ်ဟူသော ဝေါဟာရတစ်လုံး ထပ်တိုး ပစ်လိုက်ရသည့် နေ့လည်းဖြစ်သည်။
မီးခိုးတွေ လှိုင်ထနေသော အရှေ့ဘက် တောင်တန်းကိုကြည့်ပြီး သူတို့သူငယ်ချင်းတစ်သိုက် မက်လင်ချောင် အလယ်ကုန်း ကျေးရွာနားမှ ဖြတ်၍ မမုံရွာကိုဆင်းကြသည်။ ကွင်းပြင်ထီးထီး ဖြစ်နေသောကြောင့် ခြေလှမ်းများသွက်သွက် လှမ်းဖြစ်ရသည်။ မမုံရွာအရောက်တွင် တစ်ရွာလုံးက မီးခိုးလုံးကြီးထွက်နေသော ရတနာတောင်တန်း ကုမ္ပဏီဘက်ကို ကြည့်ကြသည်။ ရွာအတွင်းသို့ဝင်သည်နှင့် သူ့ခါးကြားမှ စကားပြောစက်ကို ဘေးလွယ်အိတ်ထဲသို့ ပြောင်းထည့်ကာ အဖွင့်အပိတ် ခလုတ်ကို ပိတ်ပစ်လိုက်သည်။ စောစောတုန်းက ဖားကန့်မြို့ပေါ်ရှိကုမ္ပဏီရုံးချုပ်က ကားငယ်နှစ်စီး လာကြိုသည်။ သို့သော် တစ်ခေါက်တည်း မဆန့်။ သူနှင့် သူငယ်ချင်းတစ်ယောက်ကျန်ခဲ့ရသည်။
ဂနာမငြိမ်ဖြစ်နေသော လူစုတွေက ဟိုတစ်စု ဒီတစ်စုနှင့် ပြေးပြေးလွှားလွှားရှိကြသည့်အထဲတွင် သူတို့လက်ဖက်ရည် ထိုင်သောက်ဖြစ်လိုက်သေးသည်။ မည်သည့်အရသာရှိမှန်းပင် မခံစားမိ။ သူငယ်ချင်းက
”ဖားကန့်ရုံးချုပ်ရောက်ရင် မင်းဘာလုပ်မလဲ သီလ။”
သူ့ထံတွင်အဖြေမရှိ။ အောက်ပိုင်းပြန်လျှင်လည်း လတ်တလောအလုပ်မရှိ။ ယခု လစာလောက်လည်းမရနိုင်။ ယခုလစာက စားရိတ်ငြိမ်း တစ်သိန်းခြောက်သောင်းဆိုတော့ လောက်ငသည့်အပြင် အိမ်ပင်မှန်မှန်ပို့နိုင်သည်။ ယခုအတိုင်းဆိုလျှင် ကုမ္ပဏီကလည်း လူလျော့မည်မှာ ကျိန်းသေနေပြီ။ ထိုအထဲသူတို့လည်းပါဖို့သေချာသည်။ ရန်ကုန်ဆိုသည့် သူ့အိမ်ကိုပြန်ရောက်လျှင် အလုပ်ပြန်လျှောက်ရမည်။ အလုပ်ကချက်ချင်းမရနိုင်။ ရသည့် အလုပ်ဝင်လုပ် လျှင်ပင် ဘတ်စ်ကားခနှင့် မကိုက်။ သို့နှင့်ရန်ကုန်က လူက ဖားကန့်လို့တောကျို အုံကြားထဲရောက်၊ နယ်ကလူတွေက ရန်ကုန်ကို အလုပ်တက်ရှာ နှင့်ပြောင်းပြန် သီအိုရီတွေ အချိုးကျကုန်သည်။
”ဘာလုပ်ရမှန်းမသိပါဘူးကွာ မင်းရော စိုးစိုး”
”ငါတော့ မပြန်ဘူး”
”မင်းက ဘာလုပ်မလို့လဲမပြန်ဘူးဆိုတော့”
”ရေမဆေးလုပ်မယ်ကွာ။ မထူးတော့ဘူး။ ပြန်လွှတ်ရင်လည်း လမ်းစရိတ်မရှိဘူး။ အိမ်ရောက်ရင်လည်း ကိုယ့်အတွက်နဲ့ မိသားစုက ကရိကထများဦးမှာ။ ငါ အစကနေပြန်မစချင်ဘူး။ ရန်ကုန်ကနေ နှစ်နှစ်လောက်ခွာထားပြီး ဖားကန့်ကနေ စစ်ဖြစ်လို့ ခွေးပြေး ဝက်ပြေးပြေးလာရတဲ့ ကောင်ပါကွာလို့လဲ အပြောမခံနိုင်ဘူး သီလ။ ငါတော့ ရေမဆေးလုပ်မယ်။ မင်းရော”
သူ့ထံတွင် အဖြေမရှိ။ သည်လို အစိုးရနှင့်ကေအိုင်အိုတပ်တွေ စစ်ဖြစ်နေသည့်ကြား ရေမဆေးလုပ်၍ရသော အခြေအနေ ပေးသလား မပေးသလား စိုးစိုး စဉ်းစားမိသေးဟန်မတူ။ ပြီးတော့ စိုးစိုးလိုလည်း သူ မစွန့်စားဝံ့။
(၄)
ဖိုးဝီးလ်ဆက်ဖ် အနီရောင်ကားကို ချက်ချင်းမောင်းခိုင်းရင်း ထွက်လာမိချိန်တွင် လူတွေပြေးလွှားမပြီးနိုင်သေး။ ဖားပြင်ရွာလည်လမ်းမပေါ်တွင် သူတို့ပါသော ကားသည် တရိပ်ရိပ် ပြေးလျှက်ရှိ၏။ ဝုန်း ဆိုသည်အသံကြီးနှင့်အတူ သူ့နားတွေ အူတက်သွားသည်။ လမ်းပေါ်ရှိလူများ တွေ့ရာခြံဝန်းထဲ အပြေးဝင်ကုန်၏။ ကားဒရိုင်ဘာလည်း ကြောင်အစွာ ကားကို ရုတ်တရက် ရပ်လိုက်သည်။ တရစပ်ပစ်ခတ်နေသော သေနတ်သံများ ကိုကြားရသည်။ ကားတံခါးဖွင့်ဆင်းပြီး တွေ့ရာ အိမ်ထဲဝင်ခိုမိချိန်တွင် အသက်ရှုသံပင် မမှန်ချင်တော့။ တောင်ကုန်းနှစ်ခုကြားက ဖားပြင်ရွာအလည်တွင် သူတို့ နာရီဝက်ခန့်ဝပ်နေလိုက်ရသည်။ ပြီးနောက် အရိပ်အခြေကြည့်ပြီး ကားကိုမြန်မြန်မောင်း ခိုင်းလျှက် ဆန်းကြွယ်ရွာကို မြန်မြန်ဖြတ်သည်။ သို့နှင့် ဖားကန့်ရုံးချုပ်ကိုရောက်သည်။ ထိုည ၉နာရီခွဲခန့်တွင် သူတို့စွန့်ခွာခဲ့သော အလုပ်ဆိုက်ဒ်ရှိရာ ကုမ္ပဏီ မီးရှို့ခံရကြောင်းသတင်းရသည်။ သူ ခြောက်နှစ်ခန့်စုဆောင်းထားခဲ့သော ပစ္စည်းများ လူများဝင်ယူ၍ပါသွားသည်။ သူ့ သူငယ်ချင်း ဇော်နေဦး ချုံးပွဲချ ငို၏။ စိုးစိုးက တောက်တစ်ချက်ခေါက်ကာ မီးလောင်နေသော အလုပ်ဆိုက်ဒ်ရှိရာ ဘက် ကောင်းကင်နီနီကိုကြည့်ပြီး တွေတွေကြီး ငိုင်နေသည်။ သူလည်း မျက်ရည်တွေဝဲလျှက် ရင်ဘတ်ကြီးတစ်ခုလုံးဆို့တက်ကာ ထိုည တစ်ညလုံး ငုတ်တုတ်နှင့်မိုးလင်းခဲ့ရသည်။ သူ၏ သူငယ်ချင်းများလည်း ထိုနည်းလည်းကောင်းပင်။
နေ့ချင်းညချင်း အဝတ်တစ်ထည် ကိုယ်တစ်ခုဖြစ်သွားသော သူ့အဖြစ်က တည်မြဲခြင်း အကြောင်းတရားသည် ဘယ်သောအခါမှ မပြောင်းလဲနိုင်ဟု တစ်ထစ်ချယုံကြည့်ခဲ့ခြင်းကြောင့်လော။ ပြည်သူတစ်ဦးတစ်ယောက်၏ လုံခြုံမှု၊ ဘေးကင်းမှုသည် မည်သည့်အရာပေါ်တွင် မူတည်သနည်းဟု သူ မေးခွန်းမထုတ်လိုပါ။
ယခုထိုင်ကြည့်နေသော ငြိမ်းချမ်းရေးပွဲတော်ထဲမှာ ဦးရန်နိုင်စိုးနှင့်အဖွဲ့က ငြိမ်းချမ်းရေးရှေးရှုသည့် သီချင်းတစ်ပုဒ်ကို သီဆိုသည်။
”ခမ်းနားကြီးကျယ်တော်မူပါဘိတယ်
ငြိမ်းချမ်းရေး စည်တော်သံရယ်
မြန်မာပြည်အနှံ့အပြားမယ် ပြည်သူပြည်သားတွေ ရတနာပုံကြီး ဆိုက်ကိန်းပေါ့ကွယ်။
အောင်ပါစေရိုးမှန် နောင်တာရှည်အဖိုးတန်မယ်
တိုင်းရင်းသားများ အားလုံး ငြိမ်းချမ်းရေးကိုရွေးချယ်
အရာရာသင်ပုန်းချေ
ရန်သူမရှိသောမြေမယ်
တို့ရဲ့သွေးသားချင်းတွေ သင့်မြတ်ကြဖို့အရေးကြီးတယ်”
ထိုသီချင်းကို နားထောင်နေရင်း အရေးကြီးသည့်အရာသည် ဘာများလဲ။ ငြိမ်းချမ်းရေးသည် ဘယ်လိုလဲ။ ငြိမ်ချမ်းရေးသည် ဘယ်ဆီမှာလဲ စဉ်းစားရ ကျပ်လာသည်။
တကယ်တကယ်တော့ သူတို့၏ ရှေးဘုန်းကံနှင့်သာ ဆိုင်သည်ဟု ယိုးမယ်ဖွဲ့လျှက် တီဗွီကိုသာပြန်ကြည့်၏။ သီချင်းထဲတွင် ရွှေပြည်ကြီးတံခါးဖွင့်လို့ ဝင်ရောက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်တဲ့။ သူ ရုပ်မြင်သံကြားကို ဆက်ကြည့်လိုက်သည်။ သီချင်းသည်မပြီးသေး။
“တိုင်းသူပြည်သားတို့ရဲ့ရှေးဘုန်းကံရယ်
တိုင်းပြည်စောင့်သော နတ်တွေ မှိုင်းမစေဖွယ်
လာဘ်လာဘများနဲ့ကံကောင်းခြင်းတွေရယ်
ရွှေပြည်ကြီးတံခါးဖွင့်လို့ ဝင်ရောက်ခဲ့ဖို့ ဖိတ်ခေါ်ပါရဲ့ကွယ်”
သော်ဇင်(လွိုင်ကော်)
18 comments
တောင်ပေါ်သား
October 2, 2014 at 4:42 pm
Good post…..
bravo …..
Mr. MarGa
October 2, 2014 at 4:44 pm
ဒါက မြန်မာဗားရှင်းဖြစ်မယ် :mrgreenn:
ကိုပေါက်(မန္တလေး)
October 2, 2014 at 6:00 pm
ကိုသော်ဇင်ရေ
ကျနော်တို့လိုမြ့ိုနေလူတန်းစားက စစ်ဘေးဒဏ်ဆိုတာကို
သတင်းစာပေါ်မှာ ကွန်ပြုတာ ဖန်သားပြင်ပေါ်မှာသာ ခံစားကြရတာပါ
ဒေသခံပြည်သူတွေက တကယ် ကို နဖူးတွေ့ ဒူးတွေ့ကြုုံခံ့ရတာပါ
တိုင်းပြည်အေးချမ်းဘို့ တကယ်လိုလားရင် ဟိုဘက်နည်းနည်းလျှော့ ဒီဘက်နည်းနည်းလျှော့ လုပ်ဘို့ လိုလာပါပြီ
သော်ဇင် (လွိုင်ကော်)
October 2, 2014 at 6:50 pm
ဒီဝတ္ထုလေးရေးဖြစ်တာက ပြိုင်ပွဲဆိုတာထက် အတွေ့အကြုံလေးတစ်ခုုကို မှတ်မှတ်ရရရှိနေလို့ပါ၊ ငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့နေရာမှာ ဘာကအရေးကြီးသလဲဆိုတာ တွေးတတ်ဖို့လေးပေါ့ လေးပေါက် ရေ ….။
ခင် ခ
October 2, 2014 at 8:21 pm
ငြိမ်ချမ်းရေးသဘောတူလက်မှတ်မထိုးဖြစ်ရင် ၂၀၁၅ ရွှေးခံရဖို့မသေချာဘူးလို သမ္မတ ကြီးဒီလ အတွက်စကားပြောတဲ့ထဲ ထဲ့သွင်းပြောသွားတယ်။
အဲလို အပြောဘဲပြောနေရင်တော့ မထင်။
တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်မှာပါ။
kyeemite
October 3, 2014 at 10:07 am
.ကောင်းလိုက်တဲ့အတွေးနဲ့အရေးဗျာ…ကိုယ်တွေ့လေးကလည်းရှိတော့ ဇတ်ကပိုထိသွားတာဗျ
.ဗရာဗိုပါဗျာ :))
သော်ဇင် (လွိုင်ကော်)
October 6, 2014 at 6:29 pm
ဟုတ်ကဲ့ ကျေးကျေး ဦးကြီးမိုက်ရ 🙂
ကေဇီ
October 3, 2014 at 2:45 pm
ကိုယ်သေရင်သေ
မသေရင် သူများကို သတ်ရမဲ့ ကိစ္စမျိုးမှာ ဘယ်သူမှ ပျော်မယ်မထင်ပါဘူးလေ။
:a:
သတ္တိ အရမ်းကောင်းပြီး မျိုးချစ်စိတ် တက်ကြွနေတဲ့
အွန်လိုင်းကတို့ ကာရာအိုကေက
စစ်ဗိုဟ်တွေကို ကာချုပ်ကြီး ဦးဆောင်ပြီး တိုက်သင့်တယ်။ :mrgreenn:
ငြိမ်းချမ်းရေး အတွက် ရှေးရှုတဲ့ ရသ စာလေးကို အားပေးသွားပါတယ်…
သော်ဇင် (လွိုင်ကော်)
October 6, 2014 at 6:30 pm
တကယ်တော့ မျှော်လင့်ချက်တွေထဲမှာ ငြိမ်းချမ်းရေးကခုထက်ထိမပြည့်/မရရှိသေးတာ ထိပ်ဆုံးကပါ
ဗျာ
manawphyulay
October 4, 2014 at 12:20 pm
စစ်ဘေးဒဏ်တော့ မခံစားခဲ့ရဘူးပေမယ့် အရေးအခင်းတော့ အတော့်ကို စိတ်ချောက်ချားစရာ ကောင်းလှပါတယ်။ အဲဒီအချိန်တုန်းကတောင် သွေးပျက်တာ စစ်ဘေးဒဏ်ဆိုရင် ဘယ်လိုများ နေရပါ့….
kai
October 4, 2014 at 3:50 pm
ဆရာသော်ဇင်တင်ဖူးတဲ့ပုံတွေထဲ.. ထရပ်ကားကြီးတန်းတွေနဲ့ နိမ့်ကျနေတဲ့မြေပြင်တွေ..
ရွာလေးကထိပ်မှာကျန်ပြီး.. ဘေးမြေပြင်အကုန်က.. ချိုင့်တွင်းကြီးဖြစ်နေတာတွေ.. အခုထိမှတ်မိနေတယ်..။
ကုန်ပြီပေါ့လေ..။ သယံဇာတဆိုတာ.. သုံးကုန်တဲ့ပစ္စည်းပေပဲ..။
ဆိုတော့…
ကချင်နဲ့.. မြန်မာစစ်တပ်စစ်ဖြစ်တာမှာ..
ပထမဆုံးတွန်းအားက.. ဦးနုကနိုင်ငံကိုဗုဒ္ဓဘာသာနိုင်ငံထလုပ်လို့…။
နောက်တခုကတော့.. နအဖနဲ့အိုကေနေတဲ့ကေအိုင်အေတွေ.. ရုတ်တရက်ပဋိပက္ခဖြစ်လာတာဟာ.. ဧရာဝတီမြစ်ဆုံကြောင့်လို့… သမိုင်းကြည့်ပြောချင်မိတယ်..။
တကယ်တော့..
သူ့နယ်သူ့ပြည်မှာ.. သူတို့နဲ့စိနပြည်ညှိလုပ်တဲ့.. မြစ်ဆုံဆည်ကို.. ဗမာတွေဝင်ဆန္ဒပြပြီး ဝင်စွက်ဖက်တာက.. အခုဖြစ်နေတဲ့ ကချင်-မြန်မာစစ်အစပဲ..
Timeline ပြန်ဆွဲကြည့်… မြင်သာတယ်..။
Ma Ma
October 5, 2014 at 8:11 am
ခြေလှမ်းတွေ တလှမ်းပြီးတလှမ်း တိုးလာနေတဲ့သော်ဇင်ရေ ကွန်ဂရက်ကျူလေးရှင်းပါ။
မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ ကိုယ်ဝါသနာပါရာလမ်းကို လျှောက်လှမ်းရာမှာ ဒိထက်ပိုပြီး အောင်မြင်ပါစေလို့ ဆုတောင်ပေးပါတယ်။ 🙂
အလင်းဆက်
October 5, 2014 at 11:34 am
အင်းးး
အခုတလော..စာပေးဝေဖန်ရေးလေးဘာလေး ရေးချင်နေတာ..
ဒီဝတ္ထုလေးကိုသာ ဝေဖန်ရေးလုပ်လိုက်လို့ကတော့လား….
ဝတ္ထုလေး ရသ ပျက်သွား မှာ သေချာတယ်
ဂွစ်ဂွစ်
:k:
သော်ဇင် (လွိုင်ကော်)
October 6, 2014 at 6:32 pm
အဲလိုတော့ဖြစ်မယ်မထင်ဘူး ဗျ ..ကိုအလင်းဆက်ရ ဟီး( ဝေဖန်လို့ရအောင်လမ်းခင်းပေးခြင်း)
Crystalline
October 6, 2014 at 5:11 pm
ဂုဏ်ယူပါတယ်… ဖားကန့်အတွေ့ကြုံ…အခန်းဆက်တုန်းကလည်း မလွတ်တမ်းဖတ်ခဲ့လို့.. ဒီမှာ တစိတ်တပိုင်းပြန်တွေ့ရ…
သော်ဇင် (လွိုင်ကော်)
October 6, 2014 at 6:33 pm
အခန်းဆက်တွေကို ပြန်ပြီးချုံ့လိုက်တာပါ လာရောက်ဖတ်ရှုပေးလို့ ကျေးကျေးဗျ
uncle gyi
November 9, 2014 at 10:30 pm
အမှန်ကရိုးရိုးနဲ့ရှင်းရှင်းပြောရရင်
စားကျက်လုကြတာလို့ပဲမြင်တယ်ဗျာ
ကြားကောင်းအောင်တော့စကားလုံးလှလှလေးတွေ
ပြောရတာပေါ့
Yae Myae Tha Ninn
November 10, 2014 at 9:48 am
ဘယ်လိုကြောင့်လဲတော့ မမှတ်မိတော့ဘူး… ပို့စ်တွေ မပြတ်တမ်း ဖတ်ဖြစ်ပါတယ်… ကိုသော်ဇင်ပို့စ်လေး ကျန်သွားလို့ ခုမှ မန့်ဖြစ်တာ ဆောရီးပါ… နားထဲ သေနတ်သံ ဗုံးသံတွေ ကြားလာရသလိုပဲ… အဘွားပြောပြောနေတဲ့ စစ်ဆိုတာ ဒါကိုး… အဘွားကျင့်ပေးလို့ ထမင်းစား အင်မတန်မြန်လာတယ်… ငါတို့တုန်းက ဖုန်း ဆိုတာနဲ့ ပြေးရတာ ထမင်းကို အုစုမစ်ခတ်( အလျင်အမြန် ) စားရတယ်တဲ့… 🙂