ဒီပါဝလီ၊မလိုင်လုံးနဲ့ ချက်ခြင်းပေးတဲ့ အကျိုး
ကျမ အရင်ဘဝကများ လူဖြစ်ခဲ့တယ်ဆိုရင် အိန္ဒိယမှာ ဖြစ်ခဲ့မယ်ထင်ပါတယ်။ တရုတ်စာဆို နည်းနည်းမှ မကြိုက်ပဲ ကုလားစာတွေဆို တော်တော်များများကြိုက်ပါတယ်။
ဒန်ပေါက်၊ထောပတ်ထမင်း၊ချာပါတီ။ပူရီ၊ဂျာနယ်ဂျို၊ ၊ကုလားပဲသုတ်၊ဘယာကြော်၊မတ်ပဲကြော်၊စာကလေးကြော်………အို အကုန်ကြိုက်တာပါပဲ။အထူးသဖြင့် ဟိန္ဒူသက်သတ်လွတ်စာတွေဆို ပိုကြိုက်သေးတယ်။နွားနို့ဆို တထိုင်တည်း တလီတာတဘူးလုံးကုန်အောင် သောက်နိုင်တဲ့အပြင် နွားနို့က ထွက်သမျှ ထောပတ်၊ဒိန်ချဉ်၊မလိုင် တွေဆို အသေအလဲကြိုက်။
သီတင်းကျွတ်၊အစ်နေ့တွေပြီးရင် ဒီပါဝလီနေ့ကို မျှော်ရပါတယ်။ ဟိန္ဒူမိတ်ဆွေတွေ လက်ဆောင် ပေးလေ့ရှိတဲ့ မလိုင်လုံးတွေရယ်၊ ကုလားပဲနဲ့ သကြားနဲ့ ရောကြော်ပြီး လုံးထားတဲ့ ပဲလုံးဝါဝါလေးတွေလည်း ကြိုက်တာပါပဲ။
လူစရိုက် ၆မျိုးထဲမှာ အချိုကြိုက်တာ လောဘစရိုက်နဲ့ သဒ္ဓါစရိုက်ဆိုတော့ ကျမ လောဘစရိုက်ရှိသူပဲဖြစ်မှာပဲ။ဖြစ်ခါမှ ဖြစ်ရော့၊မလိုင်ကြိုက်တာတော့ မလျှော့နိုင်ဘူး။
ဟော…ကိုယ့်အကြိုက်ကို သိလို့များလား။
နေ့စဉ်သွားနေရတဲ့ ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကုသလလေး ၁ယောက် သရက်မလိုင်ဆိုပြီး မလိုင်ပြားလေးတွေ လာရောင်းပါတယ်။
သူ့မလိုင်က သကြားသိပ်မချိုပဲ နို့အရသာ ဆိမ့်ဆိမ့်လေးမို့ စဝယ်စားမိကတည်းက သဘောအကျကြီး ကျနေမိတာပါပဲ။
ဈေးကလည်း မသေးဘူး။
၁လက်မပတ်လည် အဝိုင်းပြားပြားလေး ၁၆ခုကို မနှစ်က ၁၀၀ဝ ၊ဒီနှစ်တော့ ၁၅၀ဝ တဲ့။
ကုသလလေးက နေ့တိုင်းလာမရောင်းဘူး။၁ရက်-၂ရက်ခြားမှ လာတယ်။
မလိုင်က သိပ်အကြာကြီး အထားမခံဘူး။
၃-၄ ရက်ဆို မှိုတက်တယ်။ရေခဲသေတ္တာထဲထားလည်း မာသွားပြီး စားမကောင်းဘူး။
အချိုကလည်း ဘယ်လောက်ကြိုက်ကြိုက် ဆင်ဆင်ခြင်ခြင် စားရမှာဆိုတော့ ဝယ်လာပြီးပြီဆို ဆိုင်ကလူတွေ မျှကျွေးပြီး ကျန်တာလေး၃-၄ ချပ်မှ အိမ်ကို ယူသွား၊တနေ့ ၁ချပ်လောက်ပဲ အာသာပြေစားရပါတယ်။
စနေ တမနက်မှာ အထုပ်ထဲ ကြည့်လိုက်တော့ ၂ချပ်ကျန်တယ်။
တနင်္လာနေ့ကတည်းက ဝယ်ထားတာဆိုတော့ မြန်မြန်စားမှလို့ ယောင်းမကို ပြောလိုက်ပြီး ၁ချပ်ယူစား၊သူကလည်း ၁ချပ်ဆိုတော့ အိမ်မှာ မကျန်တော့ပါဘူး။
ကုန်စည်ဒိုင်ရောက်တော့ ကုသလလေးတွေ့တယ်။အပြန်ကျတော့ ၁ထုပ်ဝယ်ပြီး ပွဲရုံအရောက် ခါတိုင်းလို ပွဲရုံကလူတွေကို ထုတ်ကျွေးရမှာ နှမျောနေမိတယ်။
အိမ်မှာလည်း မကျန်တော့ဘူး။
နက်ဖန်က တနင်္ဂနွေခံနေသေးတယ်။ နားရက် အိမ်စောစောပြန်ရောက်ရင် စာဖတ်ရင်းနဲ့ မလိုင်လုံးလေး မြည်းချင်တယ်။ သူတို့ကို ကျွေးလိုက်ရင် ငါစားဖို့ မလောက်တော့ပဲနေမယ်ဆိုပြီး သူတို့မမြင်အောင် အသာလေး ကျောင်းသွားမယ့် အိတ်ထဲထည့်လိုက်ပါတယ်။
စနေနေ့က သင်တန်းလည်းရှိတော့ ကျောင်းကို တက်စီနဲ့ထွက်လာခဲ့ပါတယ်။
ကျောင်းရောက်တော့ စာသင်ချိန်ကလည်း လိုသေးတယ်။ သင်တန်းခွေတွေ စတစ်ကာကပ်တဲ့ဝိုင်းမှာ ဝင်ကူလိုက်ပါတယ်။
ခါတိုင်းဆို စနေနေ့တွေက ကမန်းကတန်းလာရတော့ ဘာမုန့်မှ မပါတတ်ဘူး။
ကိုယ်က အစားကောင်းလည်း သိပ်မကြိုက်တတ်တော့ သူများကို ကျွေးစရာ မပါတတ်ဘူး။
အိတ်ထဲပါတတ်တာက ရှောက်သီးဆေးပြားတို့ spearmints တို့ပဲပါတယ်။
ဒီမလိုင်လုံးလေးပါတုံး ဘော်ဒါတွေကို ကျွေးရင်ကောင်းမလား စဉ်းစားမိတယ်။
ဒါနဲ့ အမ ဒေါ်မြင်မြင့်ဆွေကို `အမ၊မလိုင်လုံးစားမလား´လို့ မေးပြီး အိတ်ထဲက ထုတ်ပေးတော့ အမက `ကျမမှာ ဆီးချိုရှိတယ်။မစားဖူး´တဲ့။
အမ မစားရင် ပြန်သိမ်းထားတော့မယ်ဆိုပြီး အိတ်ထဲပဲ ပြန်ထည့်လိုက်တယ်။
စိတ်ထဲလည်း ချီတုံချတုံ။
ကျန်တဲ့ဘော်ဒါတွေကို ကျွေးရမလား၊ ငါ့မလိုင်လုံးက ကလေးကလားဖြစ်နေမလား။
ကျွေးလိုက်ရင် ငါ နက်ဖန်စားဖို့မှ ကျန်ပါတော့မလား၊စိတ်ထဲမှာ လွန်ဆွဲလို့၊
ဆီဦးထောပတ်တွေကိုမှ ငြိတာမဟုတ်၊ကိုယ်ကြိုက်တတ်တဲ့ အစာဆိုရင် ငါးပိဖုတ်ကလေးလည်း မျှမပေးရက်တာ မစ္ဆရိယပါပဲ။
ဆရာမကြီးသင်ထားတာက
မပေးချင်တဲ့ စိတ်ကို နာနာဆုံးမပြီး ဇွတ်တိုးလို့ ပေးဖြစ်အောင်ပေးပြီး စိတ်ကို ကျင့်ပေးရမယ်တဲ့။
ပိုက်ဆံဆို အကောင်းလေးကိုသိမ်းပြီး နွမ်းနွမ်းစုတ်စုတ်ကိုမှ ရွေးပြီး သူများကိုပေးတာ ငြိနေတဲ့ လောဘ။
အဲဒါကို အလောဘဖြစ်အောင် ကိုယ့်လိုဘကို ဆန့်ကျင်ပြီး ပိုက်ဆံ အသစ်အကောင်းကို သူများပေးနိုင်အောင် ကြိုးစား၊ဒါမှ အလောဘ။
ကဲ…ဒါတွေ သိရက်နဲ့ ကိုယ်အင်မတန်ကြိုက်တဲ့ မလိုင်လုံးလေးမှ တွယ်နေတဲ့ လောဘကို ဆုံးမရမယ်လို့ စိတ်ကို ပိုင်းဖြတ်ပြီး အိတ်ထဲက မလိုင်လုံးထုပ်လေးကို ထုတ်…
သင်တန်းခွေတွေ ကပ်ရင်း စကားပြောနေတဲ့ အုပ်စုကို `သရက်မလိုင်စားကြပါလားဟင်´လို့ ပေးလိုက်တယ်။
အန်တီငယ်က `မလိုင်ဆို မီးမီးတို့ အကြိုက်၊စားမှာ´ဆိုတော့ ဝမ်းသာလိုက်တာ။
.ရွှေမာတို့ မော်မော်တို့ကလည်း လက်ကမ်းပြီး ဝမ်းသာအားရ အားပေးကြတယ်။
မမဒေါ်ခင်နွယ်ဝင်းက သကြားရှောင်၊အချိုရှောင်တဲ့၊ မလိုင်လေး ၁ခု-၂ခုစီတော့ စားလိုက်ချင်သေးတယ်။
၁ယောက် ၂ခု ယူစားကြတော့ အထုပ်ထဲမှာ ၄-၅ ခုကျန်သေးတယ်။နွယ်နီ တယောက်စားဖို့ကျန်သေးတယ်။
`နွယ်နီက အမြဲ ရှစ်ပါးသီလနဲ့နေတာ၊အခု ညနေစောင်းပြီဆိုတော့ မစားရတော့ဘူး။
ဒါဆို ကျန်တာလေး နွယ်နီအိမ်ယူသွားနော်၊နက်ဖန် ကျမှ စားတော့´ အကုန်ပေးလိုက်ပြီး
ကိုယ့်ရဲ့ စိတ်ထဲက မလိုင်လုံးပေါ်ငြိနေတဲ့ လောဘကို ဖြတ်လိုက်ပါတယ်။
ကိုယ့်ဖာသာလည်း ကျေနပ်နေမိတယ်။
မနက်ဖန် တနင်္ဂနွေ မလိုင်လုံးနဲ့ စာအုပ်မမြည်းရလည်း နေပါစေတော့။စားဖူးပေါင်း၊စာအုပ်နဲ့မြည်းဖူးပေါင်းများပါပြီလေ။
စာသင်ချိန်လည်းရောက်ပြီ ဆိုတော့ ပီတိလေးနဲ့ အတန်းထဲဝင်လိုက်ပါတယ်။
ညနေကျောင်းဆင်းတော့ မြို့ထဲဆိုင်ကို လိုင်းကားစီးသွားပါတယ်။
ဒီညနေ ကံကောင်းချင်တော့ ကိုကိုးက ငါမြို့ထဲရောက်နေတယ်။ လာကြိုပေးမယ်တဲ့။
ခါတိုင်းဆို မြေနီကုန်းကို လိုင်းကားနဲ့ပြန်ရတာ။
ကိုကိုးလာကြိုတဲ့ကားပေါ် အတက် ခုံပေါ်မှာ အထုပ်လေးတွေ…….ထိုင်မိမှာ စိုးလို့ မ လိုက်တော့ မလိုင်လုံးထုပ်လေး ၂ထုပ်။
`ဟင်…ကိုကိုး၊ဘယ်တုံးကဝယ်လာတာလဲ´
`မနက်က ကုန်စည်ဒိုင်ကအထွက် ၁ထုပ်ဝယ်တာ ၊ကုလားလေးက အကြွေအမ်းစရာမရှိလို့ ၂ထုပ်ဖြစ်သွားတာ´
`ငါလည်း ဝယ်လိုက်သေးတယ်၊ဒါပေမယ့် အခုမရှိတော့ဘူး၊သူများကိုကျွေးလိုက်ပြီ၊အတော်ပဲ´
စိတ်ထဲလည်း အတော့ကို ပီတိဖြစ်မိတယ်။
အမှန်ဆို ကျမအကိုက အချို မစားဘူး။
အိမ်မှာ လူတွေ အင်မတန်စုံပြီး ပျော်စရာဖြစ်မှ စကားပြောရင်း အချို တခုတလေစားတာ။မုန့်လည်း ဝယ်လေ့ဝယ်ထမရှိဘူး။
အခုက သူဘာစိတ်ကူးပေါက်ပြီး မလိုင်လုံးဝယ်ဖြစ်လဲ မသိပါဘူး။
ကုန်စည်ဒိုင်ကနေ သူက အရင်ပြန်နှင့်တာဆိုတော့ ကျမထက်အရင် ဝယ်သွားနှင့်တာပါ။
(ကျမတို့မောင်နှမက ကုန်စည်ဒိုင်ကို တူတူသွားပြီး ပြန်တော့ ကိုယ့်အလုပ်ကိုယ် ခွဲပြန်ကြတာ)
မလိုင်၁ထုပ်ကို လွတ်လွတ်စွန့်လိုက်တာ မလိုင် ၂ထုပ် ချက်ခြင်းပြန်ရပါတယ်။
မလိုင်ဝယ်တဲ့ ကျမပိုက်ဆံကလည်း ဓမ္မိယလဒ္ဓဖြစ်မယ်ထင်ပါတယ်။
ကျမ ဘော်ဒါတွေဆီက တစုံတခုပြန်ရကောင်းစေ မမျှော်လင့်ပဲ ကျွေးခဲ့တာလည်း အမှန်ပဲ။
ကျမ ဘော်ဒါတွေက ဓမ္မသင်တန်းဝေယျာဝစ္စကို စိတ်အားထက်သန်စွာလုပ်အားပေးနေတဲ့ သူတော်ကောင်းတွေ ဖြစ်တာကြောင့်လည်း ဖြစ်မှာပဲ။
အခုရတဲ့ အကျိုးကျေးဇူးက သေးသေးလေးပေမယ့် ကျမကတော့ ကံ-ကံ၏အကျိုးပေးထဲက ချက်ခြင်းအကျိုးပေးတဲ့ ဒိဋ္ဌဓမ္မဝေဒနီယကံဆိုတာ တကယ်ရှိတယ်လို့ ယုံကြည်လိုက်ပါတယ်။
28 comments
ဦးကြောင်ကြီး
October 20, 2014 at 2:57 am
အာတီဒုံ ကလာမ
ရာသီကုန် အစာတ
လာပြီယုံ ရှာပါဟ
ဖြာစည်တုံ ပဓါန။
မမချွိ
October 20, 2014 at 8:55 am
ဟီးဟီးးး
ကျနော်ကိုလည်း သိတဲ့သူတွေက ကုလားမ ဝင်စားသလားမှတ်ရအောင် …
မလိုင်မုန့်ကြိုက်
အရောင်တောက်တောက်ကြိုက်
လက်ကောက်အများကြီးကြိုက်
နားဆွဲတွေကြိုက်
ဆာရီကြိုက်
ကတာတွေကြိုက်
အလီဘာဘာနဲ့ ခိုးသားလေးဆယ်ကြိုက်
ကုလားကားကြိုက်
ကုလားမင်းသားကြိုက်
ရွှေကြိုက်
ဟောဟဲ။ ဟောဟဲ။ အမြင်ကပ်လောက်ကြပြီမို့ ဒီမှာတင်ရပ်ပါရစေ။
ဆီဦးထောပတ်တွေကိုမှ ငြိတာမဟုတ်၊ကိုယ်ကြိုက်တတ်တဲ့ အစာဆိုရင် ငါးပိဖုတ်ကလေးလည်း မျှမပေးရက်တာ မစ္ဆရိယပါပဲ။
အာ့ လည်း ကျနော့ကို စောင်းပြောတဲ့ အတိုင်းပဲ။ ဟိ။
:mrgreenn:
မသိရင် အရမ်းရက်ရောတယ်လို့ အထင်ခံရတာနဲ့ တစ်ပြိုင်နက်မှာပဲ
ဝန်တိုတတ် နှမြောတတ်တယ်လို့ ထင်ကြသေးတယ်။
အရာဝတ္ထု ကွာလို့ ပါနော့။
:kwi:
အကျိုးပေးပုံလေးက ဝမ်းသာစရာ။
😆
kyeemite
October 20, 2014 at 9:14 am
.ကျုပ်လည်းမလိုင်ကြိုက်တယ်ဗျ…အချိုနည်းပြီးနို့အရသာဆိမ့်တာမှပိုကြိုက်တာ…
.ငယ်ငယ်က ဂေါ်ရခါးလူမျိုး သူငယ်ချင်းနဲ့ပေါင်းလာတော့ .အာတီဒုံပြောတဲ့ ဒေဝါလီမုန့်တွေနဲ့တရင်းတနှီးရှိတယ်
.ဒေဝါလီနားနီးရင် သူငယ်ချင်းကိုသတိရပါတယ်….
.စေတနာမှန်ရင်ချက်ချင်းလက်ငင်းအကျိုးပေးတာယုံပါတယ်ဗျာ…သာဓု သာဓု သာဓုပါ :))
weiwei
October 20, 2014 at 9:17 am
ကျွန်မတို့အိမ်မှာဆိုလဲ အဖေနဲ့ ညီမက ကုလားဝင်စားတယ်လို့ပြောနိုင်လောက်အောင်ကို ကုလားစာတွေကြိုက်ကြတယ် …ဆမိုင်လိုမျိုးအစားအစာကို အိမ်မှာလုပ်သောက်ဖြစ်တဲ့အထိကိုကြိုက်ကြတယ် .. ကျွန်မကတော့ စားပေမယ့် အရမ်းမကြိုက်ဘူး ..
အကျိုးပေးတတ်တဲ့သတ္တိကိုတော့ ယုံကြည်ပါတယ် အန်တီဒုံ .. ခဏခဏကြုံရပါတယ် …
အကျိုးပေးတာက ဆန်းတော့ဆန်းပါတယ် .. တစ်ချို့တွေက ချက်ခြင်းအကျိုးမပေးဘူး .. ကိုယ်လုပ်တဲ့ကံရဲ့ အစွမ်းသတ္တိပေါ်မှာ မူတည်တယ်နော် ..
ဆိုးတာက မကောင်းတာလုပ်ပြီး မကောင်းကျိုးမပေးပဲ အဆင်ပြေနေတာကြောင့် မကောင်းမှုလုပ်ဖို့ ဝန်မလေးတတ်သူတွေများပါတယ် …
ကောင်းကျိုးလုပ်ပေမယ့် ကောင်းတာဖြစ်မလာလို့ ကောင်းမှုလုပ်ချင်စိတ်ပျောက်သွားကြတဲ့သူတွေ ရှိတယ် ..
တကယ်တော့ လုပ်သမျှအားလုံး အချည်းနှီးမဖြစ်ပဲ တစ်ချိန်ချိန်မှာတော့ ….
Kaung Kin Pyar
October 20, 2014 at 11:51 am
မလိုင်ကို ဆိမ့်ဆိမ့်လေး အရမ်းကြိုက်တယ်..။ အာတီဒုံပြောတဲ့ သရက်မလိုင်တော့ စားဖူးဘူး…ဘိုမျိုးလဲဟင်…
:k:
စားကောင်းတဲ့အစာတွေတိုင်းက ဘာလို့လူနဲ့မတည့်တာလဲ မသိပါဘူး…။ ခါးတာတွေကျတော့ ကျန်းမာရေးနဲ့ ညီညွတ်နေလိုက်တာ…(အရက်၊ ဘီယာကလွဲရင်…အာ့တွေတောင် တန်ရင်ဆေး ဆိုကိုး-အရက်သမားတွေ ပြောကြတာ)
ချက်ချင်းအကျိုးပေးတာတော့ တကယ်ယုံတယ်…။
တခုခုကို မမျှော့်လင့်ပဲ…သူတပါးအတွက် လုပ်ပေးလိုက်တာက ချက်ချင်းအကျိုးပေးတယ်….။ အိမ်နားက ခွေး ၄ ကောင်ရယ်၊ အိမ်ကကြောင် အာပေတူးရယ်ကို လတိုင်း အစားကောင်းကောင်းကျွေးဖို့၊ ကာကွယ်ဆေးထိုးဖို့ ပိုက်ပိုက်ထုတ်တယ်…(ဖားသားက သူလဲ အစုစပ်ပါမယ်ဆိုလို့…စပ်တူ)။ အဖေကတော့ မထင်ထားအောင်ပဲ ရာထူးတိုးကအစ အဆင်ပြေတယ်…။ ကောင်းကင်ပြာတော့ အဆင်ပြေသေးဝူး…။
ခုထိ အသီးကွဲလို့ ကောင်းဒုန်း…..။
:k:
ဦးကြောင်ကြီး
October 20, 2014 at 11:58 am
ကြောင်စားချဉ်ထှာ အစာဟုတ်ဝူး… ကျွေးမှာယား
kai
October 20, 2014 at 3:45 pm
အဲလိုယူရင်..အဲလိုရတာပေါ့… အမတော်ဒုံရယ်..။
ယူချင်သလိုယူ.. စိတ်ချမ်းသာပြီးတာပဲ.. :k:
ဆိုတော့..
နေတာက.. မစ်ဒယ်အိစ်သမားတွေနဲ့နီး.. ဂျူးတွေနဲ့နီးသမို့… သူတို့လုပ်ထားတဲ့မလိုင်တွေ.. ချီးစ်တွေ.. အတုံးအခဲတွေများ.. ပုံစံမျိုးစုံ.. အရသာမျိုးစုံ..
သူတို့က..အရက်မသောက်တော့.. အဲဒီဖက်တော်တော်အားသန်သွားပုံရတယ်..
နို့နဲ့မလိုင်.. ပါတ်လည်ကိုလုပ်စားကြတော့တာ..။
အိုအသင်လောက.. ဤသို့လည်းစားသူများရှိသကိုးလို့တောင်မှတ်ချက်ချမိ..
အမတော်လည်လည်လာရင်.. လိုက်ပို့ပေးမယ်…
သွေးတက်.. ဟိုဟာတက်..ဒီဟာတက်မယ်စိုးရင်တော့..
မြင်ရက်နဲ့မစားနိုင်… ကုသိုလ်အကျိုးပေးလို့သာ.. မှတ်ပေရော့.. :k:
မြစပဲရိုး
October 20, 2014 at 4:06 pm
အစ်မ ရဲ့ စွန့်လိုက်နိုင်တဲ့ စိတ် ကို လေးစား အားကျပါတယ်။
ကန့်လန့်တိုက်တာမဟုတ် နော်။
ကလေး ကို အလှု အတွက် ပြောရင် ကိုယ်ရမှာ ထက် သူများ မှာ အကျိုး ဖြစ်သွားမှာ ကို မြင်နိုင်ဖို့ ပြောနေလေ့ ရှိတာ မို့ စဉ်းစား မိတာလေး။
မလိုင် မုန့် ကို မတည့်လဲ ရလိုက်ချိန် စိတ်မနိုင်လို့ စားလိုက်မိတာ ဆို သူမှာ အကျိုး မရှိတာ ကို တစ်ဘက်ခြမ်း က မတူတဲ့ အမြင် နဲ့ တွေးမိတာလေး။
မြန်မာပြည်မှာ ရေလှူ ရင် အကျိုး ၁ဝပါး ကိုယ်ရချင်လို့ လှူ သလား။ သူများ ရေငတ်ပြေစေဖို့ လှူ သလား။
စဉ်းစားမိတာလေး။
သများ ကတော့ မလိုင်မုန့် ကြိုက်ပေမဲ့ ခပ်ပျော့ပျော့ လေးမှ။
သရက်မလိုင် က သရက်မြို့ က လုပ်တဲ့ စတိုင် ကို ပြောတာထင်ရဲ့။
ကြားဖူးလို့။ :))
Mr. MarGa
October 20, 2014 at 4:18 pm
ဒေါ်လေးရေ
စွန့်နိုင်ခဲသော လို့ ခေါင်းစဉ်တပ်ပေးရင်ကောင်းမလား 🙂
စွဲလမ်းစိတ်နဲ့ လွန်ဆွဲနေတဲ့စိတ်ကို ဖြတ်နိုင်လို့
အားကျပါသဗျ
padonmar
October 20, 2014 at 9:51 pm
အောင်ကြူး၊ ကြီးကြီးချွိ၊အေတီဝမ်၊ ကင်းကောင်ပြာ၊မြစာပိကျိ၊ဦးမိုက်၊သဂျိုင်ခီး၊သဂျား၊
ပေါင်းပြီး ဖြေပေးတော့မယ်။
သရက်မလိုင်ဆိုတာ သရက်မြို့ ကလာလို့ပါ။
ဦးကျောက်တောင် မနှင်းထည့်ပေးတဲ့ ဟင်းတွေ စပ်လို့ သရက်မလိုင်လေးစားပြီး ဒီပါဝလီလိုက်ရတယ်တဲ့။
………………
အခုတလော သက်သတ်လွတ်စားတဲ့ ဟိန္ဒူတွေနဲ့ စကားပြောဖြစ်တယ်။သူတို့ စားသောက်ပုံမှာ ထောပတ်အများကြီးပါပေမယ့် အသားမစားတဲ့အတွက် ကိုလက်စထရောမတက်ဘူးလို့ ဆိုကြတယ်။
သူတို့က ယိုဂ လည်း ကျင့်တယ်။
ပဲများများစားတယ်။
မုန်ညင်းဆီလိမ်းတယ်။
တကယ် အဲသလိုနေတဲ့ ကုသလ ဟိန္ဒူတွေ ဗိုက်ရွှဲကြီးမဖြစ်ဘူး။
အသားအရေ ကျစ်ကျစ်လစ်လစ် ရှိတယ်။
အဲဒါကို စိတ်ဝင်စားနေတာ။
(စာဖတ်နေတဲ့ထဲ ဒီပါဝလီမယ့် ကုသလတွေရှိလို့ မလိုင်မုန့်တွေ လာပေးရင် စိတ်မဆိုးပါ)
……………
နောက်ပြီး စိတ်ဆိုတာကိုလည်း ပိုင်းခြားလေ့လာဖို့ စိတ်ဝင်စားနေတယ်။
စိတ္တဆိုတာက ဆန်းကြယ်ခြင်းလို့ အဓိပ္ပါယ်ရတယ်။
အဲဒီစိတ်နဲ့ တွဲနေတဲ့ စေတနာ ဆိုတဲ့ ကံတွေ ကြောင့် ဆန်းကြယ်တဲ့( တဦးနဲ့တဦး မတူတဲ့) ကံအကျိုးပေးတွေ မလွဲမသွေ ဖြစ်လာတယ်ဆိုတာကို ယုံတယ်။
အရင်ဆုံး ကိုယ့်စိတ်ကို လေ့လာနေတာ။(စာတွေထဲပါတာတွေကို ကို်ယ်တွေ့နဲ့ မှန်မမှန် ချိန်ထိုးကြည့်နေတာပေါ့)
ဒီစိတ်ထားမိရင် ဘယ်လောက်အကြာမှာ ဒီလို အကျိုးပေးပါလားလို့လေ။
အခုကိစ္စမှာ ကိုယ်နှစ်သက်တာလေးကို ခက်ခက်ခဲခဲ စွန့်ရတာမျိုး=အလောဘ (ကိုယ့်ဖာသာလည်း သတိထားလိုက်မိပြီး အဲဒီလို စွန့် လိုက်နိုင်တာကို ပီတိဖြစ်မိတဲ့အခါ) မကြာခင်မှာ ဆင်တူယိုးမှား အကျိုးပေးလေးတွေ တွေ့တွေ့လာမိပါတယ်။
အဲသလိုမျိုးကလည်း ၁နှစ်လုံးနေလို့မှ ၁ခါ ဖြစ်ချင်မှ ဖြစ်တာ။
သိန်းရာချီ လှူလည်း ကိုယ့်အနေနဲ့ အဲဒီပမာဏဟာ ကွမ်းစားဆေးသောက်ကျပျောက်သလောက်ပဲလို့ သဘောထားပြီး လှူတဲ့အလှူထက်
အိတ်ကပ်ထဲက နောက်ဆုံးကျန်တဲ့ ရာတန် ၁ရွက်ကို ပေးလိုက်တာမျိုး၊
လူကြပ်ပြီး သွားရမယ့် ခရီးဝေးသေးလို့ ရထားတဲ့ နေရာက မထချင်ပေမယ့် ကိုယ်ဝန်ဆောင်ကို ဖယ်ပေးလိုက်တာမျိုး ၊
ကိုယ်အနားယူချင်ပေမယ့် သူတပါးမရသေးတဲ့ စာကို ရှင်းပြပေးတဲ့ သူငယ်ချင်းမျိုး၊
အဲသလို ခုံမင်တာတွေကို စွန့်နိုင်ဖို့ ကြိုးစားကြရင် လောကကြီး ငြိမ်းချမ်းမယ်၊လှပမယ်လို့ မြင်လို့ပါ။
kai
October 21, 2014 at 1:40 pm
ဟေတုပစ္စယော ဆိုပြီး.. ကြောင်းကျိုး.. Cause and Effect ကိုဘုရားဟောသွားတာပဲ..။
ဒါပေမယ့်.. ဒါလုပ်ရင်.. ဒါဖြစ်မယ်….
ကောင်းတာလုပ်ရင်.. ကောင်းတာဖြစ်မယ်လို့တော့.. ဗေဒင်ဟောသလို.. မဟောသွားဖူးလို့ယူဆမိတယ်..။
သေချာတာကတော့.. ဒါလုပ်ရင်.. ဒါလုပ်ဖြစ်.. ကောင်းတာလုပ်ရင်.. ကောင်းတာလုပ်ဖြစ်သွားတာကတော့.. သေချာ..။ :k:
Ma Ma
October 20, 2014 at 10:32 pm
အဲလို အကြိုက်တူလို့လည်း အမွှာညီအမဖြစ်တာ။
ဗုဒ္ဓဂါယာသွားတုန်းက ဆူးက စားစရာယူသွားဖို့မှာတာကို ကုလားစာကြိုက်တယ်ဆိုပြီး ဘာမှယူမသွားဘူး။
ဟိုရောက်မှ ဒီကကုလားစာနဲ့မတူတဲ့ ကုလားစာစစ်စစ်ကို စားမရတော့မှ နောင်တရတာ မှတ်မိသေးတယ်။
ဒိဋ္ဌဓမ္မအကျိုးပေးတာကိုတော့ မကြုံဖူးသေးဘူး။
သူတော်ကောင်းပိုက်ဆံဆိုတာ ဒီလိုပြောတာကိုးးးး 🙂
Foreign Resident
October 21, 2014 at 5:49 am
မ ပဒုမ္မာ ရယ် ။
ကျနော် လည်း အဲဒီလို ” ဒိဋ္ဌဓမ္မဝေဒနီယကံ ” တွေကို ကြုံချင်လိုက်တာဗျာ ။
ကျနော်လည်း ၊ ကုသိုလ်ရေးတွေလုပ် ၊ တရားစခန်းဝင်တာတွေ ၊
တော်တော်လေး လုပ်ခဲ့ဘူးတာ ၊ မ ပဒုမ္မာ လည်းသိပါတယ် ။
ဒါပေမယ့် ၊ အဲဒီလို ” ဒိဋ္ဌဓမ္မဝေဒနီယကံ ” တွေကိုတော့ မကြုံဖူးဘူးဗျာ ။
ကျနော့် တစ်သက်မှာ မှတ်မှတ်ရရ တစ်ခါမှ မကြုံဖူးဘူးဗျ ။
ဒီဖက်မှာ ၊ နိုင်ငံခြားသားတွေကို ဗုဒ္ဓ ဘာသာ အကြောင်း ပြောမိရင် ၊
သူတို့က တော်တော်လေး ကျိုးကြောင်း ခိုင်လုံမှ လက်ခံတာဗျ ။
တရားထိုင်လို့ သူတို့ မျက်စိထဲ ဘုရားပုံကြီး မျက်ဝါးထင်ထင် ပေါ်လာတာတောင် ၊
တင်ပလ္လင်ခွေ အထိုင်ကြာပြီး ၊ အသက်ရှု နှေးသွားတဲ့ အတွက် ၊
ဦးနှောက်ကို သွေး နှင့် အောက်စီဂျင် အရောက်နည်းသွားလို့ ၊
ကိုယ်မြင်ချင်တဲ့ အရာတွေ အမြင်မှာ ပေါ်လာတာလို့ ယူဆကြသဗျ ။
နောက်ဆုံး ၊ ကျနော့် မဟေသီက ၊ ကျနော့်ကို ၊
” တရားထိုင် ပုတီးစိတ် စတဲ့အလုပ်တွေဟာ အရမ်း ပင်ပန်း ပြီး ၊ အချိန်ပေးရတယ် ၊
ဒါကြောင့် ၊ ကိုယ်တွေ လက်ရှိ ကိုးကွယ် နေတဲ့ ဗုဒ္ဓ ဘာသာ ဟာ မှန်ရဲ့လား ၊
ဒီဘဝ မဟုတ်တောင် ၊ အနဲဆုံး နောင်ဘဝ မှာအကျိုးရှိစေမှာ သေချာရဲ့လား ”
ဆိုပြီး မေးတာတောင် ၊ ကျနော့် မှာ ခိုင်ခိုင်လုံလုံ ဖြေစရာ မရှိခဲ့ပါဘူး ။
ကိုယ်တွေ့လဲ ၊ ဘာ အကျိုးထူးမှ ဟုတ်တိ ပါတ်တိ မရဘူးသေးဘူးကိုး ။
( နို့ ၊ သူမေးတာလည်း ဟုတ်တယ်လေ ၊ အကျိုး မထူးမှတော့ ၊
ဘာလုပ်ဖို့ အချိန်ကုန်ခံ လူပင်ပန်းခံ ပြီး တရားထိုင်နေတော့မလဲတဲ့ )
kai
October 21, 2014 at 1:32 pm
အသိမမှားရင်..
သိဒ္ဓတမင်းသားက.. ၆နှစ်ဒုက္ခရစရိယာကျင့်(တရားထိုင်)ပြီး.. မှားမှန်းသိလို့.. ပြင်မှ.. ဗုဒ္ဓဖြစ်တယ်..။
ဗုဒ္ဓက..ပုတီးမစိတ်ဖူး..။
အဲဒီ.
မေးခွန်းမေးတဲ့သူရဲ့… ဉာဏ်ကို.. ချီးကျူးသဗျာ..။
Foreign Resident
October 21, 2014 at 8:01 pm
” တရားထိုင် ပုတီးစိတ် စတဲ့အလုပ်တွေဟာ အရမ်း ပင်ပန်း ပြီး ၊ အချိန်ပေးရတယ် ၊
ဒါကြောင့် ၊ ကိုယ်တွေ လက်ရှိ ကိုးကွယ် နေတဲ့ ဗုဒ္ဓ ဘာသာ ဟာ မှန်ရဲ့လား ၊
ဒီဘဝ မဟုတ်တောင် ၊ အနဲဆုံး နောင်ဘဝ မှာအကျိုးရှိစေမှာ သေချာရဲ့လား ”
kai says:
မေးခွန်းမေးတဲ့သူရဲ့… ဉာဏ်ကို.. ချီးကျူးသဗျာ..။
မနောက်ပါနှင့် သူကြီးရယ် ။
ဒီ မေးခွန်းက ကျိုးကြောင်း ဆင်ခြင်တုံတရား အသိဉာဏ် ရှိတဲ့သူတိုင်း ၊
တစ်ချိန်ချိန်မှာ ကိုယ့်ကိုယ်ကို ပြန်မေးလေ့ရှိတဲ့ မေးခွန်းလေးပါ ။
ဟုတ်တယ်လေ ၊ မှန်တယ်ထင်မှ ကိုးကွယ်လိမ့်မပေါ့ ။
မှန် မ မှန် သေချာအောင်တော့ ၊ မ ကိုးကွယ်ခင် မေး / စူးစမ်း ရလိမ့်မပေါ့ ။
padonmar
October 22, 2014 at 8:00 am
သူကြီးရေ
ဒုက္ကရစရိယာ (ကျင့်ဖို့ရာ ခက်ခဲပင်ပန်းလွန်းလို့ ကျင့်နိုင်ခဲတဲ့ အကျင့်လို့ အဓိပ္ပါယ်ရပါတယ်) ဆိုတာ တရားထိုင်တာမဟုတ်ပါဘူး။ ကလေးတွေ ဖတ်မိရင် လွဲကုန်ပါ့မယ်။
ဒီအကျင့်က အသက်မရှူပဲ အကြာကြီး အောင့်နေတာ၊အစာကို လျှော့လျှှော့စားပြီး နောက်ဆုံး ထမင်းစေ့လေး တလုံးနဲ့ပဲ ဆွမ်းကိစ္စပြီးတာ၊
အဲဒါမျိုးတွေပါ။
ဒါကို ၆နှစ်ကျင့်ပြီး မှားမှန်းသိလို့ မဇ္ဈိမပဋိပဒါ အလယ်လမ်းပဲ လိုက်မယ်ဆိုပြီး ဆွမ်းခံ ပုံမှန်ဆွမ်းစားတော့ ပဉ္စဝဂ္ဂီ ၅ဦးက အထင်သေးပြီး စွန့်ခွာသွားတာလေ..
kai
October 22, 2014 at 1:10 pm
လူတွေနားလည်လွယ်အောင် ဒုက္ခရစရိယာသုံးလိုက်တာပါ။
တည့်တည့်ဆိုရင်တော့ ဗုဒ္ဓက တရားမထိုင်.. တရားစခန်းမဖွင့်ဘူး. လို့ပါပဲ..။
ဗုဒ္ဓက.. ဝိပဿနာဆိုတာမျိုးဆို.. ကျင့်ဖို့နေနေသာသာ.. ထေရာတွေဝါဒကျမ်း.. ပိဋကတ်၃ပုံထဲမှာတောင်.. စကားလုံး၁ဝလုံးပြည့်အောင်မရှိ..။ :k:
–
ဗုဒ္ဓမဖြစ်ခင်ကတော့ တရားထိုင်တယ်ဆိုတာ အိနိ္ဒယကျောက်နံရံတချို့မှာ ပုံတွေရေးခြစ်ထားဖူးတယ်ဆိုတဲ့အထောက်အထားတွေတော့ရှိတယ်လို့ ဖတ်ဖူးပါတယ်.။
ဟိန္ဒူဆရာတွေဆီမှာ.. ပညာသင်စဉ်ကလို့.. ဆိုပါတယ်..။
–
အမတော်ပြောတဲ့ ကံ..ကံအကျိုးပေးက.. ဒီဘဝမှာ ပေးချင်ပေးမယ်.။ အပြည့်ပေးချင်ပေးမယ်.။
နောက်ဘဝမှာ ပေးချင်ပေးမယ်.။
အဲ..
မပေးလည်း.. နောင်ဘဝတခုခုမှာ ပေးချင်သလောက်အကျိုးပေးမယ်..ဆိုတဲ့သဘောသက်နေပါတယ်…။
တော်တော်မသေချာတာမို့.. ဖြစ်ချင်တာဖြစ်ချင်တဲ့အချိန်..ဖြစ်ချင်သလိုဖြစ်မဟေ့လို့သာ.. ဆိုလိုက်ပါတော့အမတော်ရယ်..
ဒီလိုခေတ်မှာ.. အဖြူတွေသွားပြောရင်.. အဲလိုအပြောခံရမယ်ပေါ့..။ :k:
–
အလူှူတခုလုပ်မယ်ဆို.. ငွေလှူမယ်ဆို.. သေသေချာချာ တွေးကြစဉ်းစားကြစေလိုပါတယ်..။
ငွေလှူလိုက်လို့.. ကုသိုလ်ကို. ကိုယ်ရဆိုတာထက်..သူရတာလေးလည်းထည့်တွက်စေချင်တာပါပဲ..။
ငွေကရှာရခက်တယ်လေ..။
ကိုယ်က.. ကုသိုလ်ရတယ်ထင်နေပေမယ့်.. သေချာတာကတော့.. သူကငွေရသွားတာတော့..အသေအချာ..။
အဲဒီကိုယ်လျူလိုက်တဲ့ငွေနဲ့.. သူက.. လူတွေသွားဒုက္ခဖြစ်နေစေရင်.. ကုသိုလ်ရတာသေချာရဲ့လား.. မေးခွန်းအကြိမ်ကြိမ်.. ထုတ်….သင့်..
padonmar
October 22, 2014 at 7:52 am
အဘရေ
ဒိဋ္ဌဓမ္မဝေဒနီယကံဆိုတာ အဘ တွေ့ဖူးမှာပါ။
သတိမထားမိလို့ပါ။
ချက်ခြင်းဆိုတာမှာ ဒီဘဝအတွင်းလို့ ဆိုလိုပါတယ်။ဒီဘဝလုပ်တဲ့ကံ ဒီဘဝမှာ အကျိုးပေးတာပေါ့။
အားအနည်းဆုံးကံပါ။
ဥပမာ- အဘက ကားမောင်းရင်း လမ်းသွယ်ကထွက်ဖို့ခက်နေတဲ့ကား/လမ်းကူးဖို့ခက်တဲ့ လူတွေကို တွေ့တော့ ကိုယ်ဆက်မောင်းလို့ရရက်နဲ့ ညှာတာပြီး လမ်းပေးလိုက်မယ်ဆိုပါတော့။
အဘတို့ အော်ဇီစံအရ လမ်း ပေးသင့်လို့ ပေးရမယ်ခံယူပြီး လမ်းပေးရင် အဘ စေတနာဟာ သိပ်မထက်သန်သေးဘူး။
(အဲဒါ ကဋတ္တာ ခေါ်တဲ့ အမှတ်တမဲ့ပြုတဲ့ကံပဲ၊သံသရာ တလျှောက်မှာ အမှတ်မထင်ပဲ အကျိုးပေးသွားလိမ့်မယ်)
ကျမတို့မြန်တျဲ့မှာလို စည်းမရှိကမ်းမရှိ ညှာတာမှုမရှိတဲ့နေရာမှာ အများနဲ့ဆန့်ကျင်ပြီး (နောက်ကား ဟွန်းတီးခံပြီး )တဖက်သားကို လမ်းပေးရတာကျတော့ အဲဒီစေတနာက ထက်သန်သွားပြီ။
လမ်းရသွားတဲ့ လူ/ကားကများ အခက်အခဲကလွတ်လို့ ဝမ်းမြောက်ဝမ်းသာ လက်ထောင်ပြနှုတ်ဆက်သွားတာတွေ့လိုက်ရရင် ထပ်ဆင့်ပီတိဖြစ် စေတနာတွေ ပွားတာပေါ့။
အဲဒါဆိုရင် နောက်တကြိမ်ကြိမ် ကိုယ်လမ်းကူးဖို့ခက်/ကားကွေ့ဖို့ခက် နေတဲ့အခါ ကိုယ့်ကို လမ်းပေးတဲ့ ကားကို မုချမသွေ တွေ့ရမှာပဲ။ယုံယုံကြည်ကြည်လုပ်ကြည့်ပါ.
(ဒီအကြောင်းကို ကျမ မျဉ်းကျားလေးမှာ ရပ်ပေးပါ ပို့စ်တုံးက မနိုဗွီက ကိုယ်ကရပ်ပေးပေမယ့် သူများတွေက ကိုယ်လမ်းကူးရင် ရပ်မပေးကြဘူးဆိုပြီး မန့်လို့ ကျမ ပြန်ရှင်းပြတဲ့ထဲပါပါသေးတယ်။ ရွာကို ဟက်ကာတိုက်ခံရတုံးက အဲဒီ ကွန်မန့်တွေ ပါသွားတယ်)
ကျမတော့ cause and effect ကို လေ့လာနေတာဖြစ်လို့ ဒိဋ္ဌဓမ္မဝေဒနီယကံတွေ အများကြီးတွေ့ဖူးပါတယ်။ သူများမှာ ခံစားရတာတွေလည်း တွေ့ဖူးပါတယ်။
ဇာတ်တော်တွေထဲကလို နိရောဓက ထတဲ့ ရဟန္တာကို ဆွမ်းလှူလို့ ရွှေအိုးရတာမျိုးတော့ မျှော်လင့်လို့ မရသေးဘူးပေါ့။
ကျမဒါကြောင့် မလိုင်လုံး ၁ထုပ်စွန့် ၂ထုပ်ရတဲ့ ဥပမာလေးပဲပြတာပါ။
(ဆရာတော် ဦးဆေကိန္ဒ ဆို ငယ်ငယ်က မုန့်ဖိုး ၂၅ပြားနေ့စဉ်စုပြီး ကျောင်းမှာ လှူခဲ့လို့ သိန်း ၂၅၀ဝ တန် Land Cruiser ကားကို အလှူရှင်က လှူသွားတာ လက်ခံလိုက်ရတယ် ဆိုပြီး ဟောခဲ့ဖူးပါတယ်)
ကိုယ်လုပ်တာနဲ့ တန်တဲ့ အကျိုးကိုတော့ မုချရမှာ ဖြစ်လို့ အကျိုးမျှော်စရာ မလိုပဲ အကြောင်းကောင်းအောင်သာ လုပ်ဖို့လိုပါတယ်။
တရားအားထုတ်တယ်(တရားထိုင်တယ်လို့ မသုံးချင်ပါဘူး)ဆိုတာမှာလည်း သဘောထားမှန်ဖို့ လိုပါတယ်။တကယ် သဘောထားမှန်ရင် တရားအားထုတ်တယ်ဆိုတာ အပန်းဖြေတဲ့ အလုပ်၊စိတ်အားသစ်မွေးတဲ့ အလုပ်ဖြစ်ပါတယ်လို့ မဟေသီကို ရှင်းပြပေးပါ။
ထားရမယ့် သဘောထားက (ကိုယ့်ခန္ဓာမှာ ဖြစ်နေတာတွေကို ဖြစ်နေတဲ့ အတိုင်း သတိနဲ့စောင့်ရှု ရမယ်) ဆိုတာပါပဲ။
Foreign Resident
October 22, 2014 at 12:21 pm
” ဒိဋ္ဌဓမ္မဝေဒနီယကံဆိုတာ အဘ တွေ့ဖူးမှာပါ။ သတိမထားမိလို့ပါ ”
အင်းးးးး ၊ သတိမထားမိလောက်အောင် သေးနေလို့လည်း ဖြစ်မဗျ ။
” ကျမတို ့မြန်တျဲ့မှာလို အများနဲ့ဆန့်ကျင်ပြီး (နောက်ကား ဟွန်းတီးခံပြီး )
တဖက်သားကို လမ်းပေးရတာကျတော့ အဲဒီစေတနာက ထက်သန်သွားပြီ ”
ဟဲ ဟဲ ၊ အဲဒီ စကားလေး ကြားရတော့ ၊ တစ်ခု သတိရသွားတယ် ။
ဘုရား က ကုလားပြည် မှာမှ သွားပွင့်ရခြင်း အကြောင်းရင်းက တဲ့ ၊
ဒုက္ခ ကို ရှင်းရှင်းလင်းလင်း မြင်လွယ်တဲ့ နေရာမို့လို့တဲ့ ။
ဥပမာ အားဖြင့် ဗြဟ္မာ့ပြည်မှာ ဘုရား ဘယ်တော့မှ မပွင့်ဘူးတဲ့ ။
ဘာဖြစ်လို့လဲဆိုတော့ ဗြဟ္မာ့ပြည်မှာ ဒုက္ခ ကို မ မြင်လွယ်ဘူး / မရှိဘူးတဲ့ ။
နေရာတိုင်းဟာ သူ့ဟာနှင့် သူတော့ Pros & Cons တွေ ရှိကြတာပါဘဲ ။
ဒါပေမယ့် ၊ မြန်မာပြည်မှာ နေရတာ အကုသိုလ် သိပ်ရလွယ်တာဘဲ မပဒုမ္မာရယ် ။
ဥပမာ ပြရရင် ၊ ကိုယ့်ကားက ပုံမှန် တန်းစီနေတယ် ။
ကြားဖြတ်မယ့် ကားက ယာဉ်ကြော အမှားကြီးကနေ အတင်းဝင်ချင်တယ် ။
ကိုယ်က မတရားတာကို မကြိုက်တော့ ၊ အဲဒီ ကြားဖြတ်တဲ့ ကား ၊
ကိုယ့်ရှေ့က ဝင်လို့မရအောင် ၊ ရှေ့ကားနှင့် Distance ကို ကျဉ်းပြီး ပိတ်လိုက်တယ် ။
အဲဒီ အဖြစ်အပျက်မှာတင် အကုသိုလ်စိတ်ပေါင်း ကုဋေကုဋာ ဖြစ်နေပြီ ။
ရန်ကုန်မှာ ကားတောင် မမောင်းချင်တော့ဘူး ။
” တရားအားထုတ်တယ်ဆိုတာ အပန်းဖြေတဲ့ အလုပ်၊
စိတ်အားသစ်မွေးတဲ့ အလုပ်ဖြစ်ပါတယ်လို့ မဟေသီကို ရှင်းပြပေးပါ ”
ဟုတ်ပါတယ် ၊ ကျနော်လဲ တရားထိုင်ရင်း အေးချမ်းတဲ့ အရသာကို ၊
တစ်ခါတစ်လေ ရဘူးတယ်ဗျ ။
အင်း ၊ ကျနော်တို့ ဇနီးမောင်နှံလဲ နဲနဲ အသက်ကြီးမှ ၊
ဘုရား တရား လုပ်ဖြစ်မယ် ထင်ပါရဲ့ ။
အခုလောလောဆယ်တော့ ၊
မိမိ ကိုယ်ကိုသာ ရင်းနှီးပြီး ကျိုးစားနေရတဲ့ ၊ မချမ်းသာတဲ့ မိဘ ရဲ့ သားသမီး ၊
နိုင်ဂျံဂါး ရောက် 1st Generation Migrant တို့ရဲ့ ထုံးစံအတိုင်း ၊
အခြေလေးကျသွားအောင် / ငွေရေး ကြေးရေးလေး ခံသာသွားအောင် ၊
အသည်း အသန် ရုံးကန်နေရလေတော့ ၊ ဒီဖက် မလှည့်သာသေးဘူးဗျာ ။
padonmar
October 23, 2014 at 7:03 am
အဘရေ
ဒုက္ခကိုမြင်လွယ်တဲ့နေရာမို့ ဘုရားက အဲဒီမှာ ပွင့်တယ်ဆိုတာဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ယောဆရာတော်ကြီး ပြောဟောနေကျ စကားလေး ပြန်မျှချင်ပါတယ်။
နိုင်ငံခြား( စင်္ကာပူ၊အမေရိကား၊ဩဇီစသည့်တိုးတက်သော)မှာနေရတာ နတ်ပြည်မှာ နေတာနဲ့တူပါတယ်၊စည်းစိမ်ချမ်းသာ ကောင်းတာတွေ ရှိနေလို့ပါ။
မြန်မာပြည်မှာ နေတာ လူ့ပြည်နေရတာနဲ့ တူပါတယ်။
အကောင်းအဆိုးရောနေလို့ပါ။
ဘုရားအလောင်းသူတော်ကောင်းကြီးများဟာ နတ်ပြည်၊ဗြဟ္မာ့ပြည်မှာ ဖြစ်တဲ့အခါ နတ်သက်၊ဗြဟ္မာသက်ပြည့်အောင်မနေပါဘူး။
ဘာလို့လဲဆိုတော့ ကုသိုလ်ကောင်းမှုပြုဖို့ အခွင့်အရေးမရလို့ပါတဲ့။အကောင်းအသစ်ပြုဖို့ အခွင့်အရေးမရရင် အဟောင်းကုန်တဲ့အခါ အဆိုးလာတတ်ပါတယ်။ဒါ့ကြောင့် ယောဆရာတော်ကြီးက ဘယ်နိုင်ငံခြားမှ မသွားချင်ပါဘူးတဲ့။
(ကျမ..မဟုတ်ဘူးနော်၊ကျမကတော့ သွားချင်နေချင်ပါတယ်)
……………………
အဘ သိပါတယ်။ ကျမ ကားမောင်းတာ မကျွမ်းကျင်ပါဘူး။မမောင်းဖူးတဲ့ လမ်းနဲ့ parking ခက်မယ့်နေရာဆို မသွားရဲပါဘူး။
ဒါပေမယ့် ကျမ ကားမောင်းချင်တယ်။
ကျမ ကားမောင်းတဲ့အခါ ကုသိုလ်ပြု ဖို့ အခွင့်အရေးရတယ်လို့ သဘောထားပါတယ်။
ကျမကားပေါ်မောင်းရင် လမ်းမှာ မိတ်ဆွေတွေ (သင်တန်းကဆိုရင်တော့ နာမည်မသိလည်း မိတ်ဆွေပါပဲ) ကို ဘယ်ထိရောက်မယ်၊လမ်းကြုံရင် လိုက်ခဲ့လို့ ခေါ်သွားပြီး ပို့ပေးခွင့်ရပါတယ်။ဘတ်စကားကြပ်ကြပ်စီးရတဲ့ ဒုက္ခကို ကိုယ်ချင်းစာလို့ပါ။
ဒါ့အပြင် စည်းကမ်းမဲ့တဲ့ကားတွေကို စည်းကမ်းရှိရှိမောင်းပြခွင့်ရပါတယ်။
လူကူးမျဉ်းကျားက ကူးရက်နဲ့ ကားမရပ်ပေးလို့ တင်းနေတဲ့ လူတွေကို လူကူးမျဉ်းကျားမှာ ရပ်ပေးတဲ့ ကားတွေ ရှိပါသေးလား ဆိုတာ သိအောင်လို့ လူ ၁ယောက်ရှိလည်း (သတိထားမိလိုက်ရင်) ရပ်ပေးပါတယ်။
ကောင်းတဲ့ အပြူအမူတွေကို လုပ်ပြခြင်းဖြင့် ဘေးပတ်ဝန်းကျင်ကို ကူးစက်အောင် လုပ်ပေးခွင့်ရတဲ့အတွက် မြန်မာပြည်မှာ ကားမောင်းဖို့ ပျော်ပါတယ်။
သိပ်ကို စည်းကမ်းမဲ့ ခေါင်းတိုးဝင်တဲ့ ကားကြောင့် လမ်းပိတ်နေတာတွေ့ရင် (ကျမတော့ မပြောရဲဘူး။ကျမအကိုပါတဲ့အခါ သူက ဒီလို မမောင်းသင့်ကြောင်း ပြောပါတယ်၊၁ဝယောက်မှာ ၁ယောက်နားဝင်ရင်လည်း အမြတ်ပေါ့)
ကြယ်ငါးလေးတွေ ပင်လယ်ထဲပစ်ချင်တယ်ဆိုရင် ကမ်းစပ်မှာ နေမှ ဖြစ်မယ်လေ၊ဘန်ဂလိုထဲအိပ်နေရင် ကြယ်ငါးတွေ နေပူမိသေကုန်မှာပေါ့။
…………………
မြန်မာပြည်မှာ အကုသိုလ်စိတ် အဖြစ်များတာတော့ ဟုတ်ပါတယ်။(အဲဒါက ဒေါသစိတ်တွေ ဖြစ်ဖို့များတယ်)
အဘတို့ အစစအရာရာ ပြည့်စုံနေတဲ့ နေရာမှာရော ကုသိုလ်စိတ်ပဲ အမြဲ ဖြစ်မယ်လို့ ကျမတော့ မထင်ဘူး။
အကုသိုလ်စိတ်က ဒေါသအပြင် လောဘ၊မောဟပါ ပါသေးတယ်လေ။
……….
ဘယ်နေရာ နေနေ ယောနိသော မနသိကာရ ရှိဖို့လိုပါတယ် အဘရယ်။
ရောက်တဲ့နေရာ၊တွေ့တဲ့ အာရုံကို ကုသိုလ်ဖြစ်အောင် တွေးယူ၊ပြောယူ၊လုပ်ယူရမှာပါ။
(ဖွဘုတ်ပေါ်မှာ မွသဲနဲ့ အဘ ဆွေးနွေးနေကတည်းက ပြောချင်တဲ့ စကားတွေပါ ပါသွားလို့ မူရင်းပို့စ်နဲ့ မဆိုင်တာတွေများပါနေရင် ခွင့်လွှတ်ကြပါ)
……………….
အဘနဲ့ မဟေသီကို ခင်လို့ ပြောပါရစေ။
တရားအလုပ်ကိုကောင်းတယ်လို့ ထင်ရက်နဲ့ အသက်ကြီးမှ ဒီ့ထက်အခြေခိုင်မှ လုပ်မယ်ဆိုတဲ့ စိတ်ရှိနေသေးရင် အဘ မရဏာနုဿ တိ မလုပ်ဖြစ်သေးလို့ပဲ။
ဒါမှမဟုတ် အဘတို့မှာ ယုံကြည်မှု သဒ္ဓါမပြည့်သေးလို့ပါပဲ။
အဘ ဒီ့ထက် အခြေခိုင်အောင်လုပ်နေတာ ဘယ်သူ့အတွက်လဲ လို့ မေးပါရစေ။(ချစ်လို့ ပြောတယ်မှတ်ပါ…ခရက်ဒစ်တူ ဆရာ ချစ်စံဝင်း)
Foreign Resident
October 23, 2014 at 9:58 am
” အဘတို့ အစစ အရာရာ ပြည့်စုံနေတဲ့ နေရာမှာရော
ကုသိုလ်စိတ်ပဲ အမြဲ ဖြစ်မယ်လို့ ကျမတော့ မထင်ဘူး။
အကုသိုလ်စိတ်က ဒေါသအပြင် လောဘ၊မောဟပါ ပါသေးတယ်လေ ”
မ ပဒုမ္မာ ရေ ။
အဘိဓမ္မာ အလိုအရတော့ အချိန်တိုင်း တရားကို နှလုံးသွင်းမနေနိုင်သရွေ့တော့ ၊
အချိန်တိုင်းမှာ အကုသိုလ် ဖြစ်နေတာပါဘဲ ။
ဒါပေမယ့် ၊ ဒီဖက်တွေမှာကတော့ ၊
ကိုယ်က တရားကို နှလုံးသွင်းမနေလို့ ၊ အကုသိုလ် ဖြစ်တာတော့ ရှိမပေါ့ ။
ဒါပေမယ့် မြန်မာပြည်မှာလို ၊ မဟုတ် မတရားတွေကို နေ့တဓူဝ မြင်နေရလို့ ၊
မကြာခဏ ဒေါမနသာ ဖြစ်ရတဲ့ အကုသိုလ်ကတော့ ၊ ရှားသဗျ ။
အဲသဟာကို ဆိုလိုတာပါဗျာ ။
မ ပဒုမ္မာ သိပါတယ် ၊
ကျနော်က လက်ကျန်ဘဝကို ပျော်ပျော်ဘဲ ဖြတ်သွားချင်တော့တာ ။
သတ္တဝါ အားလုံးကို မေတ္တာ ထားမယ် ၊ ပျော်ပျော်လေးဘဲ နေတော့မယ် ။
အနဲဆုံး ၊ ကုသိုလ် သိပ် မလုပ်ဖြစ်တောင် ၊ အကုသိုလ် နဲနဲ နှင့်ပေါ့ဗျာ ။
အဲ့ဒမှာ ၊ အဘိဓမ္မာ အလိုအရ ၊ ကိုယ့်ရှေ့မှာ ၊
ဆင်းရဲ ဒုက္ခ ရောက်တာတွေ တွေ့ရရင်လဲ ၊ အကုသိုလ် ဖြစ်သကိုးဗျ ။
မှန်တာပြောရရင် ၊ ကိုယ့်ရှေ့မှာ ၊ ဆင်းရဲ ဒုက္ခ ရောက်တာတွေကို ၊
မြင်တောင် မမြင်ချင် ၊ ကြားတောင် မကြားချင် တော့ပါဘူးဗျာ ။ အဲဒါပါဘဲ ။
အင်းပြောလို့သာပြောရ ၊ ဩဇီမှာ ကျနော့်ခွေးလေး ဆေးရုံတင်ရ ၊
ခွဲစိတ် Operation လုပ်ရတယ် ။ ၂ ကောင်လုံး အိုရှာပြီ ။
အင်း ၊ ဒုက္ခ ၊ ဒုက္ခ ။
” ဒါမှမဟုတ် အဘတို့မှာ ယုံကြည်မှု သဒ္ဓါမပြည့်သေးလို့ပါပဲ ”
ဒါဘဲနေမှာပါဗျာ ။
padonmar
October 24, 2014 at 12:27 am
အဘ
ကိုယ့်ရှေ့မှာ ဆင်းရဲဒုက္ခရောက်တာတွေ့ရရင် အကုသိုလ်ဖြစ်တယ် လို့ဆိုတာ အမှတ်မှားနေတယ်။
အနိဋ္ဌ အာရုံတွေတွေ့ရမြင်ရ၊ကြားရ၊နံရ၊စားရ၊တွေ့ထိရတာတွေဟာ ကိုယ်ပြုဖူးတဲ့ မထင်မရှား အကုသိုလ်ရဲ့ မထင်မရှား အကျိုးပေးပါ။
အဲဒီ အနိဋ္ဌာရုံကိုပဲ ကုသိုလ်ဖြစ်အောင် ခံယူရပါတယ်။
ကရုဏာတရားရဲ့ Definition က ဒုက္ခရောက်သူကိုတွေ့လျှင် သူတော်ကောင်းတို့၏ စိတ်နှလုံးပင်ပန်းခြင်း တဲ့၊သောကဖြစ်တယ်၊ဒေါသဖြစ်တယ်လို့ မပါပါဘူး။
အမှတ်မှားရင် အကျင့်မှားမှာ စိုးလို့ပါ။
အလင်းဆက်
October 21, 2014 at 8:10 am
ဒံပေါက်နဲ့ မလိုင်လုံးတွေတော့ ကြိုက်တယ်။
ကုလားကားတွေ ပြတဲ့ ရုပ်ရှင်ရုံထဲတော့ တမိနစ်ပြည့်အောင်မထိုင်နိုင်
အနံ့မခံနိုင်လို့ရော
ထစ်ခနဲရှိ ဆို က နေတာကို မခံစားနိုင်လို့ရော
ဂွစ်ဂွစ်
:k:
မွသဲ ( 17082011 )
October 21, 2014 at 8:17 am
သရက်မလိုင်တခါမှမစားဖူးသေးဘူးအန်တီဒုံရေ။ ကျွန်မကတော့ အချိုမစားသမို့ကုလားစာတွေကိုကြိုက်ဖူးရယ်။ ချွေးမွလေးနဲ့ ဒီတခါ အကြိုက်မတူလို့ဝမ်းနည်းထှာ။ ဟိဟိဟအန်တီဒုံရေးပြတဲ့ကုလားစာတွေကိုစုံအောင်တောင် ကြားဖူးဘူးရယ်။ ကုးစာအကြောင်းသိကောင်းစရာလေးပိုစ့်တင်ပေးပါအုံး။ အန်တီဒုံ့ခံယူချက်က လက်တွေ့ဆန်ပါတယ်။ အကျိုးရှိမှလုပ်မယ်ဆိုတာတော့ အတ္တသမားဖြစ်သွားမှာပေါ့နော့။ ဆန်ပေးမှဆီရဆိုတဲ့ခံယူချက်ရှိတဲ့သူတွေကို လက်မခံနိုင်ဘူးရယ်။
လုံမလေးမွန်မွန်
October 23, 2014 at 8:48 am
ကောင်းတဲ့စေတနာက ကောင်းတဲ့အကျိုးပေးတာကို သတိမထားမိပေမယ့် မကောင်းတဲ့စတနာက မကောင်းတဲ့အကျိုးပေးတာတော့ ခဏခဏကြုံရတယ်။ သူများကို တစ်ခုခုပြောမိရင် ကိုယ်လည်းအဲဒီအတိုင်း ပြန်ဖြစ်တတ်လို့…
ဘောလိဝုဒ်ကားတွေကိုကြည့်ပြီး သူတို့ယဉ်ကျေးမှုတွေကို သဘောကျမိတယ်။ အချိုတော့မကြိုက်ဘူး 🙂
pooch
October 23, 2014 at 1:47 pm
ကံကံရဲ့ အကျိုးပေါ့နော်
လောလောဆယ် တော့ ဒေါ်ဒေါ်ရယ် ရှေ့ကြောင်းနောက်ကြောင်းကျေးဇူးတရားဆိုတောတွေ ဘေးချိတ်ပြီး
ဥပဒေကြောင်းအရ ဘောင်အတွင်းကနေပြီး ရသင့်ရထိုက်တဲ့ အရာအားလုံးအတွက်တောင်းယူ နေတာဆိုတော့ စိတ်ကောင်းရှိနေလား မရှိဘူးလားဆိုတာကို ယ့်ကိုယ်ကိုယ်တောင် မသိတော့ဘူး
သေချာတာကတော့ ဒေါသ နဲ့ မောဟ ဖိစီးနေတယ်။
ဒါလည်း ဘယ်လို ဘယ်အချိန်အကျိုးပေးမလဲတော့ မသိဘူး
padonmar
October 23, 2014 at 11:57 pm
လုံကလေးနဲ့ ပုကလေး
ကိုယ်ချင်းစာတရားလေးမွေးပြီး ကိုယ်မကြိုက်တာ ကိုယ်မလုပ်ကြရင် တဖြည်းဖြည်းနဲ့ ကိုယ်ကြိုက်တာတွေပဲ တွေ့လာရပါလိမ့်မယ်။
မကောင်းဘူးဆိုတာသိရင် ရှောင်နိုင်အောင်ကြိုးစားကြပါကွယ်။
padonmar
October 23, 2014 at 10:11 pm
သူကြီးရေ
ကျမပြောတဲ့ ကံ-ကံ၏အကျိုးပေးတွေက မရေမရာ မဟုတ်ပါဘူး။နောင်ဘဝဆိုတာ ကျမတို့ ဉာဏ်နဲ့ မမြင်နိုင်မသိနိုင်တဲ့အတွက် အခုဘဝမှာတင် ခံစားနိုင်ကြောင်း သက်သေပြတာပါ။
(အားကောင်းတဲ့ ပထမဇောစေတနာ ရှိမှ တွေ့နိုင်တာရယ်၊ကိုယ့်စိတ်မှာဖြစ်ခဲ့တာနဲ့ ရလာတဲ့ အကျိုးပေးကို ကိုယ်တိုင် ဆက်စပ်ကြည့်မှ သိနိုင်တာရယ်-ဒါတွေကြောင့် လူတိုင်း မယုံကြည်နိုင်တာပါ)
ဒါကို ယုံကြည်ရင် အကျိုးမယုတ်ပါဘူး။
ကျမပြောနေတာ လှူကြပါ၊လှူကြပါ လို့ ပြောနေတာလည်း မဟုတ်ဘူး။
လှူရင် ရမယ်လို့ ပြောနေတာလည်း မဟုတ်ဘူး။
ငွေလှူကြပါလို့၊ဘုန်းကြီးကိုလှူပါလို့ ပြောနေတာလည်း မဟုတ်ဘူး။
ကျမဆိုလိုတာက ဘယ်သူ့ကို ဘယ်နေရာကိုမဆို လှူ တယ်ဆိုရင် အဲဒီလှူလိုက်မယ့် ကိုယ်ပိုင်ပစ္စည်း/လုပ်အား/အချိန် အပေါ် ငြိတွယ်တဲ့ လောဘကို စွန့်နိုင်ပယ်နိုင်ရမယ်လို့ ပြောချင်တာ။