စားပွဲထိုးတစ်ဖြစ်လဲ သင်္ဘောကျင်းက အလုပ်သမား

စဆရ ႀကီးOctober 26, 20141min1788

ပြောမယ့်သာပြောရတယ်.. ခုလိုအချိန်မှာများ ကျုပ်တစ်ယောက်ကို စတွေ့၊ သိ၊ မြင်ရတဲ့သူတစ်ယောက်ဆို ကျုပ်တစ်ယောက်များ အစားအသောက်လုပ်ငန်းနဲ့ပါတ်သက်လို့ စိတ်ဝင်စားခဲ့လေသူလား၊ လေ့လာခဲ့သူများလေလားလို့ ထင်ကောင်းထင်မိကြပါပေမယ်။ ဒါမှမဟုတ်လဲ သူလိုကိုယ်လို အလုပ်တစ်ခုကို လုပ်နေတယ်လို့ပဲ ထင်ကြပေမယ်ပေါ့။

ဆိုတော့ကာများ အဲ့လိုများဆိုရင်တော့ သူတို့ထင်တာလဲမမှားဘူးဗျ၊ ဒုတိယအယူအဆကိုပြောပါတယ်။ ကျုပ်လဲ သူလိုကိုယ်လိုပဲ အလုပ်တစ်ခုကို ဝင်လုပ်ခဲ့တယ်ဆိုရမယ်ပေါ့။ ဒါပေမယ့် အင်တာဗျူးခေါ်တော့ KFC ဆိုတာကြီးမြင်ပြီး ငတ်ကြီးကျတာလဲပါမှာပေါ့။ ပြောရမယ်ဆို အတော့်လေးကို ရှည်တယ်ဆိုရပေမယ်။ ကျုပ်တစ်ယောက် သံအလုံပိတ်ခန်းထဲမှာ လမ်းတစ်လျှောက်ပေါက်ပြဲလာတဲ့ ပလပ်စတစ်လေပိုက်လေးကနေ ရသမျှလေလေးကို အကျီင်္ထဲထိုးထည့်ပြီး ဂတ်စ်ဖြတ်တဲ့အခါဖြတ်၊ ဝရိန်ဆော်တဲ့အခါဆော်၊ ကျောက်စက်စားတဲ့အခါစား၊ ဒါမှမဟုတ်လဲ Drawing တစ်ခုနဲ့ ဘယ်လိုများ လိုင်းတစ်ခုပြေးရပါ့ဆိုပြီး ခေါင်းခြောက်နေခဲ့တဲ့အချိန်တွေမှာ နေ့လည်စာကို ကိုယ့်ဖာသာ ချက်လာတဲ့၊ အာဟာရပြည့်ဝရုံ၊ ဖြစ်သလိုပြီးပြီးရောချက်လာတဲ့ ထမင်းနဲ့ဟင်းကို နှစ်အတော်ကြာအောင်စားခဲ့ရသူအဖို့ အဲကွန်းအပြည့်နဲ့ မီးဖိုချောင်မှာ အဲ့လိုလုပ်ရမယ်ဆိုတော့ ပျော်တာပေါ့ဗျာ။ ဝင်ပြီးတော့ ပျော်ပျော်ကြီးအလုပ်လျှောက်ရတာပေါ့။

အမ်မယ်… အေဂျင်စီက ကျုပ်လိုလူတစ်ယောက်ကိုများလာပြောတာများ ရယ်ရသေး၊ မင်းတို့ကို စားပွဲထိုးအနေနဲ့ခေါ်တာ၊ ရှူးဖိနပ်ကောင်းကောင်းလေးဝယ်သွားတဲ့၊ ဟိုမှာ ဈေးကြီးပြီး သိပ်မကောင်းဘူးလေး ဘာလေးနဲ့များပေါ့။ KFC ဆိုတာ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ စားသောက်ဆိုင်ကြီးလေးဘာလေးပေါ့။ အဖွားကြီးခမျာ ကျုပ်တို့ကိုပြောပြီး မောသွားချိန်နောက်ထပ်ဆင့်ကာပူရ သွားမယ့် GTI ပေါက်စလေးတွေကို ထပ်ရှင်းပြနေတာ ကျုပ်ခမျာ မပြုံးပဲ ဝါးလုံးကွဲရယ်ရပါလေရော။ သူ့ခမျာ ရှင်းပြတာ ဂလို။ S’pass ဆိုတာ Special Pass ဖြစ်တဲ့အကြောင်း၊ အဲ့ဒါကိုရဖို့ သူတို့က အကုန်တာဝန်ယူတယ်ပေါ့၊ အဲ့လို စပါတ်ကြီးများရရင် အရာရာ အဆင်ပြေတယ်ပေါ့လေ။ ဂလို၊ ဂလိုပြောပါတယ်။ သူတို့က သိပ်ပြီးတာဝန်ယူပြနေတာ။ MOM (ကျုပ်တို့အခေါ် Ministry of လန်ကျောက် ပေါ့)ကနေ ရလာဒ်ရဖို့ ရင်တစ်ဖိုဖို အသည်းတစ်ယားယားနဲ့ စောင့်နေရတဲ့ သူတွေအကြောင်းတော့ မပြောပြဘူး။ ကျုပ်တစ်ယောက်ပဲ မနေနိုင်မထိုင်နိုင် ဝင်လျှာရှည်လိုက်တာ အဲ့ဒီအေးဂျင့်ပိုင်ရှင်အဖွားကြီးက ထပ်ရှင်းပြရှာပါတယ်။ Epass ဆိုတာ Economic Pass ဖြစ်ပြီးတော့ စီးပွားရေးသမားတွေအတွက်ဗီဇာဖြစ်ကြောင်းဘာကြောင်းပေါ့။ ကျုပ်ခမျာ၊ ဪ.. ဟုတ်ကဲ့၊ အဲ့လိုကြီးလား၊ အင်းပေါ့နော်ဆိုပြီး မျက်လုံးနှစ်ခု ပြူးကာဝိုင်းဝိုင်းလည်လေးလုပ်ပြမှ သဘောကျသွားလေ၏။ အလုပ်လာလျှောက်သည့် ကောင်လေးမိဘများမှာတော့ အထင်တွေ မတော်တရော်ကြီးကို ကြီးသွားလေ၏။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++

(၁)

Park Royal မှ အခန်းတစ်ခုထဲတွင်ဖြစ်၏။ တစ်ရာကျော်မျှသော လူငယ်၊ လူရွယ်၊ မိန်းမပျိုတို့မှာ စည်းကမ်းတစ်ကျ၊ သိမ်မွေ့စွာဖြင့် ဆူညံပွက်လော ရိုက်လျက်သားရှိလေ၏။ နံနက် ၁ဝ နာရီတွင် စတင်မည့် အင်တာဗျူးအတွက် ဖြေဆိုမည့်သူများကို နံနက် ၈ ခွဲအရောက်လာရန်ခေါ်ထားသဖြင့် ၈ နာရီမခွဲခင်ကပင် လူအတော်စုံနေပြီဖြစ်၏။ အေးဂျင့် ၄ ခုခန့်ကဖြစ်သဖြင့် သူ့ကိုယ်မသိ၊ ကိုယ့်သူမသိနှင့် မျက်နှာကျောတန်းမိသူများနှင့် ထိုင်ရင်းစကားစမြည်ပြောကြလေ၏။

“မောင်လေး.. ရော့ ဒီမှာလက်သည်းညှပ်၊ သူတို့က လက်သည်းလည်းစစ်မယ်ပြောတယ်ညော်”

ပိန်ပိန်ပါးပါးနှင့် စည်ပိုင်းရှိတ်ရှိသည့် အေးဂျင့်မှ အသေးဆုံးသောပိုင်ဆိုင်မှု ဖြစ်သည့် နှုတ်သီးပိစိလေးမှ စေတနာတွေ ဗလဗျစ်ကြီးလေသံနှင့် လက်သည်းညှပ်ကြီးလာထိုးပေးလေ၏။ ကိုယ့်လက်ကိုယ်ပြန်ကြည့်လိုက်တော့လဲ လက်သည်းရှည်ကြီးများ ဆေးဆိုးထားမိလားမသင်္ကာလို့ ကြည့်လိုက်မိတော့ ကျုပ်လက်သည်းတွေမှာများ မြင်မကောင်းရှုမကောင်းနှင့်ပင်၊ သူမသတိလာပေးသဖြင့်တော်သေးသည်။ လက်ပန်းကုံးတွေတောင်ပေါ်လို့။

ကျုပ်တစ်ယောက်လဲ အားနာနာနဲ့ပဲ…

“ရပါတယ်ဗျာ… ကျုပ်လက်သည်းအစအနလေးတွေ ခွာချင်လို့ ပလိုင်ယာလေးတော့ ယူလာပေးရင် ပိုကျေးဇူးတင်မိမှာပါဗျာ” ဟု မချင့်မရဲဆိုလိုက်လေသည်။

တစ်ကယ့်တစ်ကယ်ဆို သူတို့အတော်လေးကူညီကြပါပေသည်ပေါ့။ ကျုပ်ကို အင်တာဗျူးဒီနေ့ ဒီရက်ရှိသည်ဆိုပြီး သင်တန်းအောင်လက်မှတ်တွေရော၊ အလုပ်ထောက်ခံစာတွေရောကို ဘယ်နေရာ၊ ဘယ်နေရာက ဘယ်ဆိုင်မှာ သွားလုပ်၊ သူတို့ကလွှတ်လိုက်တယ်ပြောလို့ဆိုတာနဲ့ ကျုပ်လဲ အမြင်ကပ်တာနဲ့ ဘာမှကို မလုပ်တော့ဘူး။ အဲ့ဒါလေးကိုလဲ သေချာအောင် လာမေးရင်းပေါ့ဗျာ။ ကျုပ်က ဖတ်စရာစာအုပ်တစ်အုပ်ပဲပါတယ်ဆိုပြီး လက်ထဲက ကိုင်လာတဲ့ ဖတ်လက်စ စာအုပ်လေးကို ကိုင်မြှောက်ပြလိုက်တာနဲ့ သူမ၏ သေးကွေးလှစွာသော နှုတ်သီးလေးကို စူနေအောင်ချွန်လိုက်ပြီး သူမ၏ မတန်မဆကိုယ်လုံးကြီးကို တစ်လိမ့်လိမ့်လှိမ့်ကာ လှိမ့်ကာနှင့် ပြန်ထွက်သွားလေ၏။ ကျုပ်ဘေးမှ အင်တာဗျူးဝင်မည့် ကောင်လေး၊ ကောင်မလေးများမှာတော့ သူတို့သင်တန်းတက်ခဲ့သည့် ဟိုတယ်ကြီးများမှ သင်လိုက်သည့် စာများ ကရားရေလွှတ် တစ်တွတ်တွတ်ကျက်နေလေ၏။ ကျုပ်တစ်ယောက်လဲ ဖတ်လက်စ စာမျက်နှာလေးကနေ ပြန်ပြီး ဆက်ဖတ်နေခဲ့လေသည်ပေါ့။ ဖတ်ဆို နေ့တိုင်းလူစည်ကားရာ လဖ္ဘက်ရည်ဆိုင်တွင် ထိုင်ပြီးစာဖတ်ရသည့်အရသာကို သိပ်ကြိုက်ပေသည်မို့ ယခုရောက်နေရာနေရာသည်ကား အဲကွန်းလေးပါ ငြိမ့်ငြိမ့်လေးလွှတ်ထားသည့်အတွက် ပိုလို့တောင်ကောင်းသေးသည်။ ဆေးလိပ်လေးဖွာမရသည်က လွဲလို့ပေါ့။

ပြောရမယ်ဆို ကျုပ်ဝါသနာက စာအုပ်တွေဖတ်ရတာပေါ့ဗျာ။ တွေ့သမျှစာပိစိကွေးလေးကအစဖတ်တာ။ Chicken Soup For The Soul ဆိုရင် စာအုပ်လေးတွေက ပိစိကွေးလေးတွေနဲ့ သိပ်မများတဲ့ဈေးလေးနဲ့ဆိုတော့ အဲ့လိုလေးတွေလဲဖတ်ဖြစ်တယ်။ နောက်တော့ အမေရိကန်သံရုံးမှာ အဖွဲ့ဝင်ထားတဲ့ အသိတစ်ယောက်က သူ့နာမည်နဲ့ စာအုပ်လေးတွေ မှာပေး၊ နောက်တော့ မြို့ထဲရောက်ဖြစ်တိုင်း အဟောင်းတန်းက ဈေးတော်ရာစာအုပ်လေးတွေဖတ်နဲ့ပေါ့၊ အိမ်ကိုလာတဲ့ ကျောင်းသားသစ်တွေ၊ အဟောင်းတွေအကြံပြုချက်အရ စာကြည့်တိုက်ပိစိကွေးလေးပါဖွင့်ဖြစ်တယ်ပေါ့။ ကျုပ်တစ်ယောက်ကတော့ Multimedia အပိုင်းကိုတာဝန်ယူထားရတော့ စာတွေလဲ ပိုဖတ်ရတယ်ပေါ့။ အဲ့တုန်းက အိမ်သာပျက်ဆိုတာ Mrmc လားဘာလားမသိဗျာ၊ အွန်လိုင်းက Gtalk သိချင်ရင်တက်ကြည့်ရတာလောက်ပဲခေတ်စားသေးတာ။ အိမ်သာပျက်ဆိုတာ Gtalk လောက်ပဲ သုံးလို့ရသေးချိန်ပေါ့။ Gtalk မှာ အော့ဖ်လိုင်းနဲ့ ချက်နေသူများဆို ဟ.. ဆရာကြီးလား၊ ဘယ်ကလားဆိုပြီးတော့ဆိုတုန်းကခေတ်ဆိုတော့ လိုချင်တာတစ်ခုကို ရှာချင်ရင် နာရီဝက်လောက် အလုံးလေးလည်နေတာ ထိုင်ကြည့်နေရချိန်ဆိုတော့ ကျုပ်တစ်ယောက် အိမ်မှာဆို ကက်ဆက်ကြီးဖွင့်၊ CD ဖွင့်ပြီး နားနဲ့ နားထောင်၊ စိတ်ထင်ရာချရေး၊ နောက်တော့ကွမ်ပူတာလေးနဲ့ Selection လေး ဖြတ်ညှပ်ကပ်လုပ်၊ စာတန်းတွေထိုးနဲ့ပေါ့။ ခေါင်းမီးတောက်နေရလို့ ညနေဆိုစာအုပ်တစ်အုပ်ဆွဲပြီး (ဖြစ်နိုင်ရင် ခပ်ထူထူလေး) ကျုပ်နေတဲ့ မြို့ငယ်လေးရဲ့ အစည်ကားဆုံး Tea ဆိုင်လေးမှာ ဇိမ်ကျကျထိုင်ဖတ်နေခဲ့ဖူးတယ်ဗျ။

အဲ့လိုနဲ့ပဲ ကျုပ်လဲ ဖတ်လက်စ စာအုပ်လေးအဆုံးသတ်ချိန်မှာ အလှည့်ကျလူတွေခေါ်ရင်း ကျုပ်အလှည့်ရောက်လာတယ်ပေါ့။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++

(၂)

အခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်မှာ အခန်းထဲမှာ ကုလားမည်းတစ်ကောင်၊ ကုလားဖြူတစ်ကောင်၊ အေးဂျင့်ကတစ်ကောင် စုစုပေါင်း ၃ ကောင်ကြီးများတောင်မှ၊ ဘယ်သူ့ကိုနှုတ်ဆက်ရမယ်မသိ။ ကျုပ်လဲ စပ်ဖြီးဖြီးနဲ့ အားလုံး မင်္ဂလာပါဆိုတော့ အလည်က ကုလားဖြူတစ်ကောင်ကပဲ အရေးတစ်ယူပြန်ဖြေတယ်။ ကျန်တဲ့နှစ်ယောက်က စကားများနေတုန်း။ ကျုပ်လဲ သူ့ရှေ့ကခုံမှာပဲ သွားထိုင်လိုက်တယ်ပေါ့။ ထိုင်မယ်တောင် မပြောလိုက်ရပဲ ထိုင်ချလိုက်တယ်။

သူက စပြီး ကျုပ်ကိုလာစပ်စုတယ်ဗျ။
“နာမည်”
“….”
“အသက်”
“…”
“အလုပ်အတွေ့အကြုံ”

ဒီမှာပဲ စပြီးဗျူးတာစတော့တယ်။ သင်္ဘောကျင်းဆိုတော့ သူက မေးတယ်။ ခုလာလျှောက်တာ ဘာအလုပ်ဆိုတာသိလားပေါ့နော်။ ကျုပ်ကလဲ သိတယ်ပေါ့။ စားသောက်ကုန်လုပ်ငန်းပေါ့။

သူက ကျုပ်CV ဖောင်ကို လက်ထဲမှာ ကိုင်ထားရင်းနဲ့ အလုပ်အတွေ့အကြုံရှိလားလို့မေးတယ်။ ကျုပ်အနေနဲ့လဲ တစ်ခါဖူးမျှ မရှိပါပေါ့။
ဒါနဲ့ သူကလဲ သင်တန်းတော့ တက်ဖူးမှာပေါ့လို့မေးတယ်၊ ကျုပ်ကလဲ ဘယ်တုန်းကမှ မတက်ဖူးပါပေါ့၊ လိုချင်လျင်တော့ ဝရိန်ဆော်တာ တက်ဖူးတဲ့ ကဒ်တော့ရှိတယ်ပေါ့နော်။

အဲ့လိုတွေပြောလိုက်တော့ သူလဲ အားတက်သွားတယ်နဲ့တူပါတယ်။ သူ့အလုပ်နဲ့ပါတ်သက်တာမမေးတော့ပဲ မင်းအကြောင်းပြောတဲ့..

ကျုပ်ခမျာ ပြောချင်လျက် ပြောခွင့်ရလေပြီဆိုပြီး ဆင့်ကာပူရတုန်းကအကြောင်းတွေ အမြှုပ်တစ်စီစီထွက်အောင် ပြောပြနေတာ ပြောတာတောင်မဆုံးသေး၊ သွားလို့ရပါပြီဆိုတော့ ကျုပ်လဲ အပြင်ထွက်လာပြီး အခန်းဝမှာရှိတဲ့ အေးဂျင့်ကမမ ပွင့်သာသာလေးကိုလက်ပြထွက်ခဲ့တယ်။ သူက မောင်လေးရယ် Result လေးစောင့်ပါဦးဆိုတာတောင် ကျုပ်က အဖြေသေချာနေပြီဗျဆိုပြီး စိတ်လက်ပေါ့ပါးစွာပဲ ထွက်လာတယ်ပေါ့။ နောက်ထပ်အင်တာဗျူးတစ်ခုလို့ တွက်ထားခဲ့ပြီးလေ။

ထိုနေ့က မိုးကောင်းကင်ကြီး တစ်ဖြည်းဖြည်းပြိုကျနေလေ၏။ ကျုပ်တစ်ကိုယ်လုံး မပိမိအောင် ထီးလေးတစ်ချောင်းနှင့် လမ်းလျှောက်ခဲ့ရလေ၏။

နောက်တစ်နေ့မှာတော့ မထင်မှတ်ထားပါပဲ အင်တာဗျူးအောင်သွားသည့်အတွက် စရံငွေလာသွင်းပါဆိုသည့်အတွက် မယုံရဲ၊ ယုံရဲနှင့် သွားကြည့်လိုက်သည့်အခါ ဟုတ်ပါပေသည်။ ၅ဝ ကျော်မျှသောလူတွေထဲမှာ ကျုပ်နာမည်ကြီး ထင်ထင်ရှားရှားပါလျက်သားနှင့်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++

(၃)

နောက်နှစ်နှစ်အကြာတွင်မတော့ ကျုပ်တစ်ယောက် မြန်တျျန့်ပြည် ပြန်ရောက်လေ၏။

ထိုင်ခုံတစ်ခုကို ထိုင်လိုက်သည်နှင့် အရင်ဆုံးကြည့်လိုက်မိသည်က စားပွဲခုံအနေအထား၊ ထို့နောက် စားပွဲထိုးများအခြေအနေ၊ အကျင့်ပါနေသည့် မျက်လုံးများက မီးဖိုချောင်ကို လှမ်းမျှော်ကြည့်လျက်သား…။

သို့နှင့်ပင် ကျုပ်တစ်ယောက် အစားအသောက်များ ကောင်းစွာစားမဝင်တော့ပဲ ခွင့်ကာလအတွင်း မချစ်သော်လည်း အောင့်ကာနမ်းရသည့် ထမင်းဆိုင်၊ စားသောက်ဆိုင်များမှာစားရင်းနှင့် ကီလို ၂ဝ ခန့် လျော့ကျသွားသည်မှာတော့ အမှန်ပင်။

ကျုပ်တစ်ယောက် -င်ခေါင်းကျယ်သွားသည်ပဲဆိုပါတော့။

(နောင်များမှ စားသောက်ကုန်လုပ်ငန်းအကြောင်း အပြည့်အဝရေးပါမည်။)

(ကြွေလွင့်ပန်း)

8 comments

  • မမချွိ

    October 26, 2014 at 11:30 am

    ရေးးတာ ကောင်းးချက်ဗျားးး
    ဆက်ရေးးပါ…
    ပြန်လာပါ့မယ်….
    သန့်ရှင်းးပြီးး စည်းးကမ်းးနဲ့ ညီတဲ့ စားးသောက်ဆိုင် တစ်ခု အကြောင်းးးး ကိုရင် အရေးးးအသားးး နဲ့ ဖတ်ချင်ပါတယ်….
    KFC လာတော့မယ့် အချိန်ကိုက်မို့ ….
    I m not so sure who will be its Management.
    Materials and labour should be from local.

    • ကထူးဆန်း

      October 26, 2014 at 3:00 pm

      ဆာချ်ပန်း (spa , FMI ) က ရတာ ဆိုတော့ အဆင့်အတန်းမှီမှာပါ ..
      အခု bangkok က Fuji House တို့, Pizza house တို့လည်း အတော် အဆင့်အတန်းမှီလာပါပြီ မမချွိ

  • ဦးကြောင်ကြီး

    October 26, 2014 at 11:39 am

    ကေအက်ဖ်စီထက် ပိုသက်သာတာ ပေါ့ပ်အိုင်းဆိုတာ ဒီမှာရှိလယ်.. ကေအက်ဖ်စီက နာမည်ကြီး ဖင်ဂေါင်းကျယ် ပရိုမိုးရှင်း သိမရှိဘူး။ ပေါ့ပ်အိုင်းမှာဆို ဆယ်ခု တဆယ် ဆဲ့နှစ်ကျပ် deal တွေရလယ်..။ မြို့ထဲက ကေအက်ဖ်စီဆို သာဆိုးသေး.. ဆိုင်ငှားခ အကြောင်းပြပီး ကြောင်စာလောက်ပဲ စားရလယ်.. လခွီး..။

    • မမချွိ

      October 26, 2014 at 11:58 am

      Popeyes က အရသာပေါ့ တယ်
      ကြိုက်ဖူးးး
      :mrgreenn:

  • မြစပဲရိုး

    October 26, 2014 at 2:10 pm

    ကိုရှုံး သဘောင်္ကျင်း အကြောင်း ရေးခဲ့ တာ တွေ ကို တောင် ပြန်သတိရ မိတယ်။
    ရေးချက် တွေ က တော့ ထုံးစံအတိုင်း စိတ်ဝင်စားစရာ ဘဲ။
    အခု KFC က မြန်မာပြည်ထဲ တရားဝင် ဖွင့်တော့ မှာ မဟုတ်လား။

  • pooch

    October 27, 2014 at 9:22 am

    franchised ဘယ်လို ဘယ်လောက်နဲ့ ယူလို့ ရလဲမသိဘူးနော်
    ဥပမာ မန်းလေးလို နေရာမျိုးပေါ့
    ကြည့်ရတာ သူ့လူနဲ့ သူရှိပြီးသား ထင်ပါရဲ့
    Lotteria တောင်မပေးဘူး :((

  • kyeemite

    October 27, 2014 at 11:48 am

    .KFC က မြန်မာပြည်ထဲ တရားဝင် ဖွင့်တော့ မှာ သေချာသလောက်ရှိပါတယ်
    .ကိုရင်ရှုံး တို့လို Management အတွေ့အကြုံကောင်းကောင်းရှိသူလိုမှာပဲဗျ…
    .ခင်ဗျားပြန်လာချင်ရင် လျှောက်လို့ရမယ်ထင်ရဲ့
    .ကျုပ်တော့ ပီးခဲ့တဲ့အင်ဒို ခရီးသွားတော့ ပထမဆုံး KFC ကိုမြည်းဖူးခဲ့တယ်…ကောင်းပါ့

  • Iris

    October 27, 2014 at 7:45 pm

    ရန်​ကုန်​ပြန်​ပြီးကြက်​​ကြော်​ဆိုင်​ဖွင်​့မလို့စဉ်​းစား​နေတာ။ 😀 KFC ထက်​​ကောင်​းတယ်​။ စားဖိုမှူးလည်​းရှိတယ်​။ ဖွင်​့ဖြစ်​ရင်​လာ​ကြော်​ငြာမယ်​။ဟီးဟီး။
    ဒီမှာ KFC ကိုသိပ်​မစားကြ​တော့ဘူး။ 4fingers ဆိုတဲ့ကိုရီးယားစတိုင်​ကပိုစား​ကောင်​းတယ်​။

Leave a Reply