ဆရာကြီး ဦးအောင်သင်းသို့ မမီလိုက်တဲ့ လွမ်းစာ

padonmarOctober 27, 20141min3828

ကျမကျောင်းတက်နေတဲ့ ဓမ္မဗျူဟာရှိရာ ကြားတောရလမ်းထဲမှာ ရံဖန်ရံခါ လာရောင်းတတ်တဲ့ လက်တဖက်ပြတ် နေတဲ့ စာအုပ်ဟောင်းရောင်းသမား တယောက်ရှိပါတယ်။ သူ့ရဲ့စိတ်ဓာတ်ကို အားပေးတဲ့အနေနဲ့ တွေ့တိုင်း စာအုပ်ဝယ်အားပေးဖြစ်ပါတယ်။ ဩဂုတ်လထဲ တနင်္ဂနွေ တရက်မှာတော့ သူ့ဆီက စာအုပ် တော်တော်များများဝယ်ဖြစ်ခဲ့ပါတယ်။ အဲဒီစာအုပ်ဟောင်းလေးတွေထဲမှာ ဆရာကြီး ဦးအောင်သင်းရဲ့ စာပေရေးရာဆောင်းပါးများ ပါလာပါတယ်။

ဆရာကြီးဦးအောင်သင်းရဲ့ စာပေရေးရာဆောင်းပါးများ စာအုပ်မျက်နှာဖုံး
ဆရာကြီးဦးအောင်သင်းရဲ့ စာပေရေးရာဆောင်းပါးများ စာအုပ်မျက်နှာဖုံး

အဲဒီစာအုပ်ကို တပုဒ်စ နှစ်ပုဒ်စ အားသလို ဖတ်ရင်း ဆရာကြီးရဲ့ ဆောင်းပါးလေးတွေကို ချစ်ခင်သူများကို လက်တို့တို့ပြီး ဖတ်ခိုင်းချင်စိတ်ပေါက်မိပါတယ်။
ဒါပေမယ့် ထုံးစံအတိုင်း နီးရာဒါး ကြောက်ရသလို ပေါ်ပေါ်လာတဲ့ အလုပ်တွေက အရင်လုပ်ဖြစ်သွားတော့ ဆရာကြီးစာအုပ်အညွှန်းလေးဆီ လက်မရောက်နိုင်ဖြစ်နေပါတယ်။ဆရာကြီးက သူကြိုက်တဲ့ စာတွေကို ဘယ်လိုကောင်းကြောင်း ညွှန်းထားတာတွေ ဖတ်ရင်း အဲဒီထဲက မဖတ်ရသေးတာတွေဆို ပြေးဝယ်ချင်စိတ်၊ ဖတ်ပြီး သိပြီးသားတွေဆိုရင်လည်း အော်…ဒီစာတွေရဲ့ အရသာ ဒီလောက်ကောင်းပါလား ဆိုတဲ့စိတ်တွေ ဖြစ်လာမှာ မလွဲပါဘူး။
စာအုပ်က ၁၉၉၉ မတ်လက ဒုတိယအကြိမ်ထုတ်ဝေတာပါ။
ဆရာကြီးက မာတိကာ ၃ပိုင်းခွဲထားပါတယ်။
သူတို့တွေးပုံရေးပုံ
.ဆရာဇေယျ၏ စာပေဝေဖန်ရေး
.ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်း
.ဇော်ဂျီတွေးပုံရေးပုံ
.ကြည်အေး၏ သစ္စာသစ်
.မင်းသုဝဏ်၏ သူ့မှာတမ်း
ဘာသာစကားနှင့်စာပေ
.မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ
.နှုတ်ချို သျှိုတစ်ပါး
.ပြောသလိုရေးခြင်းနှင့်ပတ်သက်၍
အတွေးနှင့်အတွေ့
.ပုံသဏ္ဍာန်လေ့လာမှု၊
.အလင်္ကာနှင့် ဝတ္ထုအန္တရာယ်
.လောက၏ ခင်ပွန်းကောင်းကြီးများ
.ကိုယ်တွေ့သင်ခန်းစာတစ်ခု

အားလုံးဟာ အရေးအသားရှင်းရှင်းနဲ့ အနှစ်သာရတွေချည်းပါပဲ။

ပြောသလိုရေးခြင်း ဆောင်းပါးထဲက
စကားပြောသလိုပဲ ရေးတာ ပိုကောင်းမယ်ဆိုတဲ့ မိတ်ဆွေနဲ့ အခြေအတင်ပြောခန်းလေးအပြီးမှာ ဆရာကြီးက ဘုရားရှိခိုးကို အပြောနဲ့ ရေးပြထားပါတယ်။

`ဩကာသ၊ဩကာသ၊ဩကာသ၊ ကာယကံ၊ဝစီကံ၊မနောကံ ဆိုတဲ့ ကံသုံးပါးထဲက တပါးပါးနဲ့များ ကျူးလွန်မိခဲ့ရင်ပေါ့လေ၊အဲဒီအပြစ်တွေကို ပျောက်သွားအောင်လို့၊ ပထမ-ဒုတိယ-တတိယx တကြိမ် နှစ်ကြိမ် သုံးကြိမ်ထိအောင် ဘုရားတပည့်တော် လက်အုပ်မိုးပြီးတော့ ၊ရှိခိုးပြီးတော့၊မာန်လျှော့ပြီးတော့ ကန်တော့ပါတယ်ဘုရား။…………..´

မပြုံးကြနဲ့နော်။

အဲဒီထဲက တပုဒ်၊နှစ်ပုဒ်လောက် ကို မြင်းထိန်းငတာလုပ်ရင်း အမြည်းပေးလို့ ဆရာကြီး ဦးအောင်သင်းကို လွမ်းချင်းဖွဲ့ပါရစေ။

ရွှေဥဒေါင်း၏ တသက်တာမှတ်တမ်း
ဒီစာအုပ်ကြီးက ထူထဲတာရော၊ဈေးကြီးတာရော၊သူများညွှန်းတာတွေထဲက တပိုင်းတစ ဖတ်ပြီးသလို ဖြစ်နေတာရော၊အကြောင်းပြချက်အစုံနဲ့ ကိုယ်ပိုင်မဝယ်ဖြစ်တဲ့ထဲပါပါတယ်။
ဦးအောင်သင်းက ဒီလိုညွှန်းပါတယ်။
“ဆရာကြီးသည် သာမာန်အားဖြင့် နှုတ်ဆိတ်သူတယောက်ဖြစ်သည့်အပြင် တခါတရံ(စကားလုံးအလှည့်ကျနှင့်) စကားထစ်တတ်သည်ဟုဆိုပါသည်၊သို့သော်လည်း နှုတ်ကဆိတ်လျက် စိတ်ကပြောနေတတ်သည်ဟု ထင်ပါသည်၊ကြုံသမျှ တွေ့သမျှကို စိတ်ထဲက ပြန်ပြောနေတတ်သည်ဟု ဆိုချင်ပါသည်။ထို့ကြောင့် ဆရာကြီးစာများတွင် နှုတ်သွက်သော `လျှာချောင်သော´လူတယောက်၏လေသံများ စကားအသုံးအနှုန်းများကို တွေ့နေခြင်း ဖြစ်တန်ရာပါသည်။ အောက်ပါစာပိုဒ်များကို ကြည့်ပါ။

“သုံးလေးယောက် သံပြိုင် စာအံနေကြသည့်အထဲတွင် သူ၏ အသံသည် အသာယာဆုံး အသံအပေါက်ဆုံး ဖြစ်၍”(စာမျက်နှာ-၄၅)

“ဖခင်သည် ကျွန်ုပ်၏ ခံတန်တန် ရှိသောအမူအရာကို ရိပ်မိ၍ နာနာကြီး ရိုက်လေရာ” (စာမျက်နှာ-၁၁၆)

ပြောစကားလုံးများ သုံးရာတွင် ထူးခြားသည်မှာ ကလေးဘဝကိုဖော်ပြရာတွင် ကလေးများ သုံးလေ့ရှိသော စကားများကို ရဲရဲဝံ့ဝံ့ကြီး ပြန်သုံးတတ်ခြင်း ဖြစ်ပါသည်။

“လေးလံလှသော သူ၏ လက်သီးကြီးကြောင့် ကျွန်ုပ်ကဲ့သို့သော ကောင်လေးမှာ ပု၍ပု၍ ဝင်သွားလေ၏ “(စာမျက်နှာ-၉၁)

“ လေတံခွန်ကို ကလေးတစ်ယောက်က ထိုး ပေးသဖြင့် ခါးကိုကော့ကာ တုပ်လျက် ရှိစဉ် “(စာမျက်နှာ- ၁၁၇)

ဆရာကြီးသည် စိတ်ကို စောင့်ကြည့်သော အလေ့အကျင့်၊မိမိကိုယ်ကို ရပ်တန့် စစ်ဆေးတတ်သော အလေ့အကျင့်ကို ပွားများခဲ့သည်ဖြစ်ရာ ထိုအကျင့်ကြောင့်သာလျှင် ဖော်ထုတ်တင်ပြနိုင်ခြင်းဖြစ်သော လူ့သဘာဝအဖွဲ့နှင့် ဆရာကြီး၏အပြုံး ဟာသများကို တင်ပြချင်ပါသည်။
ဆရာကြီးတို့ လူပျိုပေါက်ဘဝက ခေါင်းပေါင်းအချိုးကျအောင် သုံးနှစ်သုံးမိုးလောက် လေ့ကျင့်ရ၏။ယခုခေတ်မူကား မောင့်ကြက်သရေ ခေါင်းပေါင်းပေါ်လာ၍ လူပြန်တော်များပင် ယနေ့လူထွက် နက်ဖြန် တရားသူကြီးဟန် ဖမ်းနိုင်ကြ၏။ထို့ကြောင့် မောင့်ကျက်သရေ ခေါင်းပေါင်းထွင်သူကို လူပြန်တော်များက တစ်နေ့ ဦးသုံးကြိမ်လောက်ချနေဖို့ကောင်းကြောင်း ခပ်ရွှင်ရွှင်လေးရေးပြီးနောက်

`ကျွန်ုပ်သည် ဤစာကိုရေးနေရင်း စဉ်းစားမိသည်မှာ ငါတို့တော့ အတော်ကျင့်ယူရပြီး သူတို့တော့ ကျင့်မနေရဘဲ အချောင်ဖြစ်ရသည်ဟုဆိုကာ မနာလိုစိတ်နှင့် ရေးမိလေသလောဟု ကိုယ့်ဟာကိုယ် မေးနေမိပါသည်။´

အချုပ်အနေနဲ့ ဦးအောင်သင်းက `ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းစာအုပ်ကြီးသည် မြန်မာစာပေသမိုင်းတွင် နေရာကောင်းကြီး တစ်ခုယူမည့် မှတ်တမ်းကြီး ဖြစ်ရခြင်းမှာ အခြားအကြောင်းများထက် စိတ်ကိုစောင့်ကြည့်ခြင်း၊ ရပ်တန့်စစ်ဆေးခြင်းကြောင့် သာလျှင် ဤမျှဆွဲဆောင်အားကောင်းနေရသည်ဟု ထင်မြင်မိပါသည်။´ လို့လည်း မှတ်ချက်နဲ့ ညွှန်းထားပါတယ်။

ဒါလေးဖတ်ပြီး ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းစာအုပ်ထူကြီးကို ပြေးဝယ်ချင်စိတ်ပေါက်မိပါရဲ့။

နှုတ်ချို သျှိုတစ်ပါး
ဒီဆောင်းပါးလေးမှာတော့ ဆရာကြီး ဦးအောင်သင်းဟာ သူကိုယ်တိုင် ကဗျာမရေးတတ်ပေမယ့် အသံသာတဲ့ ကဗျာလေးတွေကို ဘာ့ကြောင့် နှစ်သက်ရတယ်ဆိုတာ ညွှန်းပြသွားပါတယ်။
သူထုတ်ပြတဲ့ ကဗျာက သုံးပုဒ်ပါ။
တပုဒ်က အများ အလွတ်ရပြီးဖြစ်တဲ့

ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်။
ပျိုတို့မောင် ယာမခုတ်တယ်ကွယ်
ဝါးခုတ်တဲ့တောင်။
နွားညီနောင် စည်အောင်ပ ဖေကျောင်း။
မယ်နဲ့မောင် အတူနေမှ
ဆူဝေအောင် ခြူတွေဆွဲလို့ရယ်၊
(ကွယ်) လှည်းယဉ်နဲ့မောင်း။

ဒီကဗျာလေးကို ဆရာကြီးရဲ့မိတ်ဆွေ စာပေဝေဖန်ရေးဆရာ မောင်ဇော်က တောသဘာဝလေးနဲ့ ထင်ဟပ်ပြမှ ကဗျာကို ပိုခံစားမိကြောင်း ရှင်းပြထားပါတယ်။
ဒီကဗျာမှာ ခလောက်နဲ့ ခြူ၊ဝါးခုတ်တဲ့လှည်းနဲ့ လှည်းယဉ် သင်္ကေတတွေနဲ့ ဆင်းရဲချမ်းသာ ကွာပုံလေးကို ထင်ဟပ်နေကြောင်း ဆရာကြီး ရှင်းလိုက်မှ ကဗျာ အရသာဟာ ပိုပြီး ထိရှခံစားလိုက်မိပါတယ်။

နောက်တပုဒ်ကလည်း ကြားဖူးကြမှာပါ။
ဦးရဲဒင်ရဲ့ ကစားရွယ်တဲ့.

-ရွှေစည်းပုံ သုံးအိမ်နှောပါလို့
မယ်ရောပ မောင်နဲ့ကွယ်။
-ကြောက်ခမန်း
.ညောင်နန်းဝေလေလေပ၊
.အထွေထွေ တစ္ဆေကိုမေးပါလို့
.ပြေးတဲ့အရွယ်။
-အင်းမနေ မြေမနင်းရယ်နဲ့
.ခေါင်းခေါက်ရင်း ထိပ်ပုတ်တယ်၊
.စိတ်လုပ်မယ်လို့ မကြံဖြစ်။
-လသာသာ
.ညခါမှာ ဖန်တို့လို့
`တန်ကို့´ နော် မဆိုရဲရှာဘု
.ကစားရွယ် ငယ်ကထဲက
(ကွယ်) စွဲတဲ့အချစ်။

ဒီကဗျာထဲက `စည်းပုံသုံးအိမ်´ `ညောင်ပင်တစ္ဆေ´ `အင်္ဂတေ မြေမနင်း´`ဖန်တို့တမ်း´ကစားနည်းတွေထဲက ကစားဖူးတာလေးတွေ မျက်စိထဲ တရေးရေးမြင်လာအောင် ဆရာကြီးက ကစားနည်းတွေအကြောင်း ထပ်ရှင်းပြထားပါတယ်။
ဒါ့အပြင် ကဗျာထဲက ကလေးမလေးရဲ့ ကစားဖော် အပေါ် စိတ်မဆိုးရက်ပုံ၊မပြောရက်ပုံလေးကို `တန်ကို့´ ဆိုတဲ့ ချစ်စရာစကားလေးရဲ့ အရသာသိအောင် ကဗျာလေးကို အသံထွက်ပြီး အထပ်ထပ် ရွတ်ကြည့်ရင် ပိုခံတွင်းတွေ့လာပါလိမ့်မယ်တဲ့။ ရွတ်ကြည့်ကြပါစို့လား

နောက်ဆရာကြီး ညွှန်းတဲ့ထဲ ကျမအကြိုက်ဆုံးကဗျာလေးကတော့ နတ်မောက် ဆရာကြော့ရဲ့ ကဗျာလေးပါ။
ဒီကဗျာကို ဆရာကြီး လေးစားရတဲ့ အရာရှိကြီးတယောက်က ရာထူးက အချခံရပြီး စစ်ဆေးခံနေရစဉ် ဝမ်းနည်းဒေါသသံမပါပဲ အေးအေးလေး ရွတ်ပြသွားတာပါတဲ့။ ဆရာကြီးကိုယ်တိုင်လည်း အလွတ်ကျက်ပြီး မိတ်ဆွေတွေ တပည့်တွေမှာ စိတ်ညစ်စရာကြုံလာရင် ခပ်ဖြည်းဖြည်း ရွတ်ပြနှစ်သိမ့်မိပါသတဲ့။
ကျမတို့လည်း လိုက်ရွတ်ကြည့်ကြရအောင်။

-ဝဋ်ကြွေးငယ်တင်
.လွတ်ရေးဘယ်မမြင်ဘု
.ကိုယ်တွင်တရား။
-မချိသူ
.သတိအနိုင်မူရတော့
.ဝိဋဋူ သာကီသတ်စဉ်က
.စောမြတ်စွာ ကိုယ်တော်တိုင်မှ
.မကယ်နိုင် သို့စဉ်တုန်းကကွယ်
.ဘုန်းအရှိသား။

ဒါလေးကို ဆရာကြီး ဘယ်လိုရှင်းပြသလဲဆိုတာတော့ စာအုပ်ထဲမှာ ဖတ်ကြည့်ကြပါတော့။
ဆရာကြီးက သူတပါး လက်တို့ပေးမှ အရည်အချင်းကို လူသိရမယ့် ပုဂ္ဂိုလ် မဟုတ်ပေမယ့် သက်ရှိထင်ရှားရှိတုန်း ကိုယ့်ဖက်က ဂါရဝမပြုလိုက်မိသလို ခံစားမိပါတယ်။

ကျမတို့ ဆရာ ဒေါက်တာ သိန်းအုပ်ကျော်မြင့်ရေးသလို ကိုယ်ချစ်ခင်လေးစားရတဲ့သူတွေကို သူတို့ သက်ရှိထင်ရှားရှိတုန်း လေးစားမိတဲ့ ချစ်ခင်မိတဲ့ အကြောင်းလေးတွေ ထုတ်ဖော်ပြောပြဖို့ ဘယ်တော့မှ မနှောင့်နှေးကြပါနဲ့ ဆိုတာလေးကိုသာ ကိုယ့်ကိုယ်ကိုယ်လည်း ဆုံးမရင်း လက်ဆင့်ကမ်းလိုက်ရပါတယ်။

8 comments

  • kyeemite

    October 27, 2014 at 8:52 am

    .အင်မတန်ကောင်းတဲ့ ဆရာကြီးဦးအောင်သင်းရဲ့ စာပေရေးရာဆောင်းပါးများ စာအုပ်လေးကို
    .ဖတ်ညွှန်းပေးလို့ ကျေးဇူးတင်ပါတယ်အာတီဒုံ
    .ကျုပ်တို့ထုတ်ခဲ့တဲ့အမှတ်တရ ဖတ်ရွေးစာအုပ်လေးမှာ ဆရာကြီးရဲ့မှတ်ချက်လေးတွေကျန်ခဲ့တာ
    .ဝမ်းသာစရာအမှတ်တရလေးပါပဲ..အဲ့အတွက်လည်းကိုဘလက်ကြီးကိုကျေးဇူးတင်ပါတယ်

    .ဆရာကြီးကောင်းရာသုကတိရောက်ပါစေ

  • Yae Myae Tha Ninn

    October 27, 2014 at 9:40 am

    ကောင်းလိုက်တဲ့ ပို့စ်ဗျာ… ရေငတ်နေတုန်း ရေတွင်းထဲ ပြုတ်ကျပဲဗျာ… 🙂

  • မမချွိ

    October 27, 2014 at 9:53 am

    အရေးရော… အတွေးမှာ ပါမှာ ….
    ဆရာ တစ်ပါးမို့ နှမြောလိုက်တာ။

    အက်ဆေးရေးနည်းမှာ ….
    သင်ဆရာ မဟုတ်ပေမဲ့ ဆရာ့ စာအုပ်တွေက ကျနော့ မြန်မာစာ အတွက် ပင်မ အထောက်အကူဖြစ်ခဲ့ဖူးတယ်။

    :h:

  • Kyi Lwin

    October 27, 2014 at 10:43 am

    ပဒုမ္မာရေ
    ဒီစာကို ဖတ်ရတာ အင်မတန်ကြေနပ်နှစ်သက်ရပါတယ်။
    အဖိုးတန်တဲ့ စာ ပါပဲ။
    အများစိတ်နှလုံးကို အေးချမ်းကြေနပ်နှစ်သိမ့်နို်င်တဲ့စာမျိုးဟာ ကြာလေ တောက်ပြောင်လေ ဂုဏ်တက်လေပါပဲ။
    ကိုယ်ချစ်ခင်လေးစားနှစ်သက်သူတွေဟာ ကိုယ်မသေသရွေ့ သူတို့လဲမသေပါဘူး။
    ခုလို တင်ပြပေးတာကို ကျေးဇူးလဲတင်ဝမ်းလဲသာပါကြောင်းရှင်။
    ကြည်ကြည်လွင်
    ရန်ကုန်မြို့။

  • မမချွိ

    October 27, 2014 at 4:20 pm

    ဆရာကြီးဦးအောင်သင်းသို့ အမှတ်တရစကား …
    ==================================

    – Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၂)။

    ဆရာချစ်ဦးညို
    ****************
    လူငယ်တွေကိုအားကိုးပြီးတော့ လူငယ်တွေအပေါ်မှာ စေတနာကောင်းအရမ်း ထားတဲ့သူတစ်ယောက်ဆုံးရှုံးရတာပေါ့ဗျာ။ လူငယ်တွေအပေါ်မှာ စာရေးတော့လည်းပါတယ်။ ဟောပြောတော့ လည်းပါတယ်။ လူငယ်တွေအပေါ် အရမ်းအားကိုးတဲ့သူတစ်ယောက်ပေါ့။ သူ့ရဲ့အချိန်တော်တော်များများကို လူငယ်တွေနဲ့ပတ်သက်ပြီးတော့ပဲ အချိန်တွေကုန်စေတယ်။ သူ့ကိုချစ်ခင်လေးစားတဲ့လူငယ်တွေလည်းအများကြီးရှိပါတယ်။ တချို့ဆို လူကြီးတွေတောင် ဖြစ်နေပါပြီ။ သူတို့အားလုံးက ဆရာကြီးအပေါ်မှာ ချစ်ခင်လေးစားကြပါတယ်။ ဒီတော့ အားလုံးအတွက်တော့ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲ။

    ကဗျာဆရာစောဝေ
    **********************
    ပြောရဲဆိုရဲရှိပြီး အရမ်းလေးစားရတဲ့ဆရာကြီးပါ။ အရင်တုန်းက တောင်ငူမြို့ပတ် ချာလည်မှာဆို ဆရာဦးအောင်သင်းရဲ့ဟောပြောပွဲရှိရင် သူ့ရဲ့ဟောပြောပွဲကို အမြဲတမ်းသွား ရောက်နားထောင်ဖြစ်ပါတယ်။ သူပြောတဲ့စကားလုံးတိုင်းမှာ အမှန်တရားနဲ့ သိပ်နီးတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ အတုယူစရာပါပဲ။ ဒီနေ့ကျတော့ ကျွန်တော် အင်မတန်မက်မောတဲ့ Facebook က မိနစ်မဆိုင်းဆရာကြီးရဲ့ နာရေးသတင်းကို မြင်တွေ့လိုက်ရတဲ့အတွက် Facebook ကို အရမ်းစိတ်တိုမိပါတယ်။

    ဆရာကြည်မင်း
    ******************
    မြန်မာစာပေအနုပညာလောကအတွက် တန်ဖိုးဘယ်လိုမှမဖြတ်နိုင်တဲ့ ဆရာ ကြီးတစ်ယောက်ပါ။ ဆရာကမြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေရဲ့ အနာဂတ်အတွက် အနာဂတ် တံခါးလေးဖွင့်ပေးသွားပါတယ်။ သူရဲ့စာပေတွေ၊ ဟောပြောချက်တွေ ကျွန်တော်တို့အတွက် အလွန်ကျေးဇူးကြီးပါတယ်။ ဆရာကွယ်လွန်သွားတာ ဆရာ့ရဲ့ကျန်ရစ်တဲ့မိသားစုနဲ့ထပ်တူ ထပ်မျှဝမ်းနည်းရပါတယ်။

    ဆရာဆောင်းဝင်းလတ်
    ************************

    ဆရာကြီးက မြန်မာပြည်မှာရှိတဲ့ မြန်မာလူငယ်ထုအားလုံးကို အမြဲတမ်းတိုးတက် စေချင်တယ်။ အလင်းရောင်တွေရစေချင်တယ်။ အဲဒီအတွက် သူကအားသွန်ခွန်စိုက်စာတွေ ရေးသွားတယ်။ ဟောပြောသွားခဲ့ပါတယ်။ စာပေကျေးဇူးရှင် ဆရာကြီးတစ်ဦးပါ။ နောက်ပြီး တော့ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှာရှိတဲ့ စစ်အစိုးရဖိနှိပ်ထားတာကို ခံစားနေရတဲ့ မြန်မာပြည်ကလူတန်းစားအားလုံးဘက်ကလည်းပဲ အမြဲတမ်းမားမားမတ်မတ်ရပ်တည်ပေး ခဲ့ပါတယ်။ အခုလိုစာပေကျေးဇူးရှင်ဆရာကြီးတစ်ယောက် ဆုံးရှုံးရတဲ့အတွက် အရမ်းဝမ်း နည်းဖို့ကောင်းပါတယ်။

    ကဗျာဆရာသူရဇော်
    **********************
    လူငယ်တွေအတွက်ကို အမြဲတမ်းအားတက်ဖို့အတွက် စာတွေ ရေးခဲ့တဲ့ဆရာကြီးတစ်ယောက်ပါ။ စာပေဝေဖန်ရေးတွေနဲ့ ပတ်သက်လို့လည်း ထောက်ပြပြောဆိုခဲ့မှုတွေလည်း အများကြီးလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့စာပေ လောကအတွက်တော့ အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။

    ဆရာမောင်ကိုကို(အမရပူရ)
    *********************************
    ဆရာဦးအောင်သင်း ဆေးရုံတက်နေတုန်းက ကျွန်တော်သူ့ဘဝအ ကြောင်းတွေကို ကျွန်တော်အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူကတော့ သူ့ဘဝအကြောင်းတွေကိုပြောတာပေါ့လေ။ အဲဒီအထဲမှာ အ မှတ်ရဆုံးကတော့ သူ့တစ်သက်(မသေခင်)မှာ အောင်သင်းရဲ့ အခမ်းနားဆုံး၊ အကြီးကျယ်ဆုံးဟောပြောပွဲကြီးတစ်ခုလုပ် ချင်တယ်တဲ့။ လူငယ်တွေအတွက်ပေါ့လေ။ တခြားဟော ပြောပွဲတွေနဲ့မတူတဲ့အောင်သင်းရဲ့ အထူးဟောပြောပွဲ ကြီးလုပ်ချင်တယ်ပေါ့လေ။ သူ့ရဲ့မွေးရပ်မြေမှာလုပ်ရမ လား ရန်ကုန်မှာလုပ်ရမလားစဉ်စားနေခဲ့ပါတယ်။ အဲဒီ စကားလေးပဲ အမှတ်ရနေခဲ့ပါတယ်။ သူ့ရဲ့အထူးဟော ပြောပွဲကြီးမလုပ်ခဲ့လိုက်ရပါဘူး။

    စာရေးဆရာနိုင်ဇော်
    ***********************
    ဆရာကြီးကတော့ ကျွန်တော်တို့အ တွက် တကယ်ကြီးမားတဲ့ဆုံးရှုံးမှုကြီးပါ။ ကျွန် တော်တို့အပေါ်မှာ ကျေးဇူးတွေအများကြီး ရှိပါတယ်။ တစ်ခုကွက်ပြောရမယ်ဆိုရင် ၈ဝ စုနှစ်မှဝထ္ထုတိုရေးတဲ့သူတွေပေါ်လာတဲ့အခါ ဆရာကြီးကထောက်ပြပေးခဲ့ပါတယ်။ သူရေး ပေးတဲ့ဝထ္ထုတိုတွေက တကယ်ပဲမျှမျှတတဖြစ် ခဲ့ပါတယ်။ သူ့ရဲ့လမ်းပြမှုတွေဟာ ကျွန်တော် တို့ကိုအထောက်အကူပြုစေပါတယ်။ ဒါက တစ်ခုတည်းကိုပဲ ထောက်ပြတာပါ။ အခုလိုဆုံးရှုံးတဲ့အတွက် ကျွန်တော် အရမ်းပဲဝမ်းနည်းရပါတယ်။

  • Ma Ma

    October 27, 2014 at 6:21 pm

    ဆရာကြီး ဦးအောင်သင်းရေးတဲ့ သခင်အောင်သင်း ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်ဖူးတယ်။
    ဖတ်ပြီး တစ်သက်လုံး စွဲနေအောင်မှတ်မိသွားစေတဲ့ စာအမျိုးအစားပါပဲ။

    မှတ်မိသလောက် ပြောပြရရင်-

    သခင်အောင်သင်းဆိုလို့ နိုင်ငံရေးအကြောင်းပြောမယ်လို့ ထင်နေကြလိမ့်။
    အဲဒါ မဟုတ်ပါဘူး။
    ပြောချင်တာက မကျန်းမာတာ စိ်တ်ဆင်းရဲစရာကောင်းတာမှန်ပေမယ့်
    အတော်အသင့် နေထိုင်မကောင်းရုံဖြစ်ပြီး အိမ်မှာ နားနေရတဲ့အခိုက်မှာ အိမ်သူ အိမ်သားတွေက ပြုစုတာနဲ့ အတော်ဇိမ်ကျတယ်။
    ဒါပေမယ့် ရက်အနည်းငယ်ကြာလာတဲ့အခါမှာ ဘာအလုပ်မှ မလုပ်ရပဲ နေရတာကို ပျင်းလာတယ်။
    မနေတတ် မထိုင်တတ် ဖြစ်လာတယ်။
    ဒီတော့ လုပ်နိုင်တာလေးတွေ လိုက်လုပ်မိတော့ အိမ်သူအိမ်သားတွေက မလုပ်ဖို့ တားကြတယ်။

    အလုပ်မရှိပဲ မနေနိုင်/တတ်လို့ စာရေးရင်းနဲ့ ဘယ်သူမှမခိုင်းပဲ ကိုယ်လုပ်စရာရှိတာကို လုပ်တဲ့ စိတ်ကို သခင်စိတ်။
    သူများခိုင်းမှ လုပ်တာ ကျွန်စိတ်။

    ကိုယ့်အလုပ်ကို ကျေအောင် ကုန်အောင် မလုပ်ပဲ ခိုတတ် ကပ်တတ်တဲ့ စိတ်မျိုးကို ဖျောက်ပစ်စေချင်တဲ့ စေတနာနဲ့ ရေးထားတဲ့ စာလေးပါ။ 🙂

  • အလင်းဆက်

    October 28, 2014 at 8:57 am

    ကောင်းလိုက်တဲ့ ပိုစ့်လေး

    ဒါမယ့်… ဒီပိုစ့်ကို ဖတ်ပြီးမှ…
    အဲဒီ ကြယ်အကြွေကြီး….
    မပစ်ရက်နိုင်စိတ်က…ပိုသေချာသွားတယ်

    😥

  • hmee

    October 28, 2014 at 9:01 am

    ဆရာ့စာအုပ်​ကို ပထမဆုံးဖတ်​ဖူးတာက အ​မွေ ဆိုတဲ့စာအုပ်​​လေး။ ​နောက်​ ကံ့ကူလက်​လှည်​့။ အဲ့​တော့မှ ကံ့ကူလက်​လှည်​့ အဓိပါယ်​ကိုသိတယ်​။ ဆရာက ​ဟော​ပြောတာလည်​း​ကောင်​းလို့ ​ဟော​ပြောပွဲ အ​ခွေ​တွေဆို မလွတ်​တန်​း နား​ထောင်​ဖြစ်​တယ်​။ အစ်​စ​ရေးမှာ ရှိ​နေတုန်​းက ဆရာရဲ့ http://aungthin.com/ ကို အြမြဲ ဝင်​ဖတ်​ဖြစ်​တယ်​။ အခုစာအုပ်​​တော့ မဖတ်​ဖူး​သေးဘူး ရှာြပြီး ဝယ်​ဦးမယ်​။

Leave a Reply