အောက်တိုဘာ အလှပန်းကလေးများ (ဖတ်ရွေးစကာတင်ပို့စ်)
အောက်တိုဘာလဆိုတာ ကျွန်မအတွက်တော့ အမှတ်ရစရာပေါင်းများစွာရှိခဲ့တဲ့ လတစ်လဖြစ်ပါတယ်။ ကျွန်မရဲ့ လူ့ဘဝအစက အောက်တိုဘာလမှာပါ။ ငယ်ဘဝအားလုံးမှာ အောက်တိုဘာလဆိုတာ ပျော်စရာအကောင်းဆုံးလဖြစ်ခဲ့တယ်။ သီတင်းကျွတ်နီးရင် အမေက အကျီင်္အသစ်ဝယ်ပေးလေ့ရှိတယ်။ သီတင်းကျွတ်ဆိုတော့ လူကြီးမိဘတွေကို လိုက်ကန်တော့ကြလို့ မုန့်ဖိုးရတယ်။ အဖိုးနဲ့အဖွားနဲ့အတူနေတာမို့လို့ သူတို့ကို လာကန်တော့ကြတဲ့ မုန့်တွေကိုလဲ အားရပါးရစားရတယ်။ အိမ်ကို ဧည့်သည်တွေအလာများတယ်။ အရင်တုန်းက သီတင်းကျွတ်မီးထွန်းပွဲဆိုတာ ကလေးတွေအတွက် အရမ်းပျော်စရာကောင်းပါတယ်။ မီးပုံးလေးတွေကို ဝါးတုတ်ချောင်းထိပ်မှာ ဘီးလေးနဲ့တွန်းရတဲ့ မီးပုံးလှည်းလိုမျိုးနဲ့ ရပ်ကွက်ထဲ လှည့်တွန်းပြီး မီးထွန်းထားတဲ့အိမ်တွေကို လိုက်ကြည့်ကြတယ်။ ဖယောင်းတိုင်တွေပေါလို့လား သေချာမမှတ်မိပေမယ့် တစ်အိမ်လုံး ခြံစည်းရိုးတွေမှာ ပြူတင်းပေါက်တွေမှာ ဖယောင်းတိုင်တွေ စီထွန်းခဲ့ကြတာ အိမ်တိုင်းလိုလိုပါပဲ။ တစ်လမ်းလုံးလမ်းထိန်လို့။ မီးပုံးရှားပါးတဲ့အချိန်တွေက သစ်ရွက်လေးတွေနဲ့ ကိုယ်တိုင်လုပ် မီးပုံးလေးတွေလုပ်ပြီး ကစားခဲ့ကြတာကလဲ အမှတ်ရစရာဖြစ်ခဲ့ဖူးတယ်။
ကျွန်မရဲ့ အောက်တိုဘာလအပေါ် ပျော်ရွှင်ကြည်နူးမှုတွေကို အဆုံးသတ်သွားတဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်း ကျွန်မတို့အိမ်မှာ ပျော်ရွှင်မှုဆိတ်သုန်းသွားခဲ့တာ ယနေ့ထက်တိုင်ပါပဲ။ အဲဒါကတော့ အိမ်တစ်အိမ်ရဲ့ မဏ္ဍိုင်လို့ တင်စားရလောက်အောင် ကျွန်မတို့အားလုံးရဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖိုးဆုံးသွားခဲ့တဲ့အဖြစ်အပျက်။ အဲဒီနေ့က ကျွန်မမွေးနေ့ရဲ့ ည ..
အသက် ၉၄ နှစ်ရှိနေပြီဖြစ်တဲ့ အဖိုးကြီးတစ်ယောက်အနေနဲ့ သေဆုံးသွားတာ အထူးအဆန်းမဟုတ်ခဲ့ပေမယ့် ကျွန်မတို့ မိသားစုကြီး ပြိုကွဲသွားခဲ့တာကတော့ အမှန်တရားတစ်ခုပါပဲ။ စီးပွားရေးအကွက်မြင်တဲ့အဖိုးက လုပ်ငန်းတစ်ခုကို မိသားစုအားလုံးပိုင်အနေနဲ့လုပ်ခဲ့ပြီး သားတွေအကုန်လုံး အတူတူလုပ်ရအောင် စီစဉ်ပေးခဲ့တယ်။ သူကိုယ်တိုင်ဦးစီးပြီး အောင်မြင်အောင်လုပ်ခဲ့တယ်။ ဒါပေမယ့် အိမ်ထောင်ကွဲတွေဆိုတော့ စိတ်ဓါတ်အားလုံး တစ်သားထဲ မဖြစ်နိုင်ခဲ့ဘူး။ အဖိုးရှိနေစဉ်ကတော့ အားလုံး အတူစား၊ အတူလုပ်၊ ညီတူဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားခဲ့လို့ မိသားစု ထမင်းအိုးကြီးဖြစ်ခဲ့တဲ့ လုပ်ငန်းတွေကို အဖိုးဆုံးသွားတာနဲ့ တစ်စစီ ဖြိုခွဲလိုက်ကြတဲ့အတွက် မိသားစုကြီးတစ်ခု ပြိုကွဲသွားခဲ့ပါတယ်။
အဲဒီနေ့က အဖိုးဆုံးတော့မယ်ဆိုတာ သိနေခဲ့တယ်။ အသက်ထွက်မယ့် အချိန်ကို စောင့်နေခဲ့ရလို့ အဖိုးဘေးနားကနေ မခွာနိုင်ပဲ ထိုင်ကြည့်နေခဲ့ရတဲ့ အချိန်တွေက အရမ်းကို စိတ်ဆင်းရဲစရာကောင်းခဲ့ပါတယ်။ ဆုံးမယ့်အတူတူတော့ ကျွန်မမွေးနေ့မှာဖြစ်ခဲ့ရင် တစ်သက်လုံးအမှတ်ရနေမှာလို့ တွေးမိခဲ့ပြီး စောင့်ကြည့်နေဖြစ်ခဲ့ပေမယ့် တကယ်တမ်းကျတော့ အဲဒီနေ့ည ၂ နာရီကျော်မှာမှ ဆုံးသွားတဲ့အတွက် အတိအကျပြောရရင် မွေးနေ့ပြီး နောက်တစ်နေ့ဖြစ်သွားပေမယ့် မနက်မိုးမလင်းသေးလို့ ကျွန်မရဲ့ မွေးနေ့လို့ သတ်မှတ်မယ်ဆိုလဲ ရနေခဲ့တယ်။
ကျွန်မဘဝမှာတော့ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။ အထီးကျန်တဲ့ခံစားချက်က တစ်နေ့တစ်ခြားပိုလို့တောင် သိသာခဲ့ပါတယ်။ ယနေ့ထက်တိုင် ကွက်လပ်တွေအများကြီးဖြစ်သွားခဲ့တယ်။ လူသားအားလုံးမှာ တူညီသောဆန္ဒကို ပြောပါဆိုလျှင် ချစ်သောသူများနဲ့ မကွေကွင်းရခြင်းဖြစ်ပါလိမ့်မယ်။ ချစ်သောသူများနဲ့ အမြဲတမ်း မခွဲခွာတမ်း ပျော်ရွှင်စွာနေရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးနေမိတယ်။
လောကကြီးကတော့ သူ့ဖြစ်စဉ်အတိုင်း လည်ပါတ်နေတာဖြစ်ပါတယ်။ လူတွေကသာ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ဖြစ်စဉ်ကိုကျော်လွန်ချင်နေကြတယ်။ ဖြစ်စဉ်အတိုင်းလည်ပါတ်နေတဲ့ လောကထဲမှာ ဖြစ်စဉ်အတိုင်း လိုက်ပါပြီး အလိုက်သင့်နေနိုင်ကြမယ်ဆိုရင် အားလုံးအဆင်ပြေကြမှာပါ။
လူသားတွေအားလုံး မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားဆိုတဲ့ ဆောင်ပုဒ်အတိုင်း နေနိုင်မယ်ဆိုရင် စည်းကမ်းတွေ၊ ဥပဒေတွေ သီးသန့်ထုတ်နေစရာတောင် လိုမယ်မထင်ဘူးလို့ တွေးမိပါတယ်။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလို့လဲ နာစရာမလိုတော့ဘူးပေါ့နော်။ မနေစကောင်းနေစကောင်းလို့ ငြင်းခုန်စရာလဲ ရှိမှာမဟုတ်တော့ပါဘူး။
ဒီလိုပဲ ဟိုတွေးဒီတွေးလျှောက်တွေးရင်း ညဘက်အိပ်မပျော်ခဲ့တာလဲ ကြာခဲ့ပါပြီ။ ကျွန်မနေရတဲ့ ရန်ကုန်မြို့ အထူးသဖြင့် ဘုရင့်နောင်လမ်းမဘေးမှာတော့ စက္ကန့်မလပ်အောင် လှုပ်ရှားသွားလာနေတဲ့ ကားသံတွေနဲ့ တစ်မိနစ်လောက်တောင် မအိပ်ရတဲ့ လမ်းမကြီးတစ်ခုရှိပါတယ်။ လမ်းမဘေးမှာ အိပ်ရတဲ့ ဘဝကတော့ ပလက်ဖောင်းကို ခေါင်းအုန်းပြီးတော့ အိပ်နေရသလိုပါပဲ …
အခုတလော သူများခြံစည်းရိုးမှာစိုက်ထားတဲ့ ပန်းပင်လေးတစ်ပင်ကို စိတ်ဝင်စားလို့ ဓါတ်ပုံရိုက်ဖြစ်ခဲ့တယ်။ အဲဒီပန်းလေးတွေက မနက်ပိုင်းအလုပ်မသွားခင်မှာ ပွင့်နေပြီး အလုပ်ကပြန်လာရင် ငုံနေရော.. မနက်ပိုင်းဆိုတော့ အချိန်ကမရလို့ ကမန်းကတန်း ရိုက်ရတယ်။
မန္တလေးဂဇက်ကို ပထမဆုံးဝင်ဖြစ်ခဲ့တာ ၂၀၁ဝ အောက်တိုဘာလမှာပါ။ အခု တိုက်ဆိုင်စွာပဲ ၂၀၁၄ အောက်တိုဘာလအတွင်း အကြိုက်ဆုံးပို့စ်တွေကို ကြေညာပေးဖို့ ဖြစ်လာခဲ့တယ်။ အကြိုက်ဆုံးများစွာထဲမှာမှ ဇကာတင်ကျန်ခဲ့တဲ့ အကြိုက်ဆုံးတွေကတော့ စုစုပေါင်း (၇) ခုဖြစ်ပြီး အောက်တိုဘာလမှာမှ ပထမဆုံးပို့စ်တင်ခဲ့တဲ့ မစုဉာဏ်ရဲ့ ပို့စ် (၂) ခု ပါနေပါတယ်။
၁။ မအိပ်တဲ့မြို့ကလေး … by “မစုဉာဏ်” https://myanmargazette.net/205210
၂။ တူညီသော ဆန္ဒ … by “မစုဉာဏ် ” https://myanmargazette.net/205452
၃။ ပြိုကွဲခြင်း … by “Hmee” https://myanmargazette.net/205905
၄။ ပေါင်လှန်ထောင်းရတာ နာလှပါဘိ … by “ကြွေလွင့်ပန်း” https://myanmargazette.net/205957
၅။ မနေစကောင်း နေစကောင်း (ခေတ်စားနေတဲ့ LT အကြောင်း) … by “ကိုပေါက် (မန္တလေး)” https://myanmargazette.net/195304
၆။ ဖြစ်စဉ်အတိုင်းလည်ပါ Gear … by “ဦးကြောင်ကြီး” https://myanmargazette.net/206113
၇။ ငယ်စဉ်က ကလေးတို့ဘဝမှာ Young Mite by “kyeemite” https://myanmargazette.net/205283
ဒီပို့စ်တွေထဲမှာမှ ဘယ်ပို့စ်က စာဖတ်သူတွေအကြိုက်ဖြစ်မယ်ဆိုတာနဲ့ ဖတ်ရွေးအဖွဲ့ကအကြိုက်ဆုံးနဲ့ စာဖတ်သူတွေစိတ်ထဲက အကြိုက်ဆုံး တိုက်ဆိုင်နိုင်မလားဆိုတာ စောင့်ကြည့်ကြရအောင်နော် ….
42 comments
ကေဇီ
November 9, 2014 at 8:05 pm
Looking forwards to the Result.
🙂
weiwei
November 9, 2014 at 8:38 pm
နောက်ဆုံး result က မကြာခင် လာမှာပါ …
ခဏတော့ စောင့်အုန်းနော် ..
ခင် ခ
November 9, 2014 at 8:29 pm
အသစ် အဟောင်း
သောင်းပြောင်းထွေလဲ
အသစ်ဆိုလျှင်
လိုဖြစ်အင်
သဘာဝလို့ထင်။
weiwei
November 9, 2014 at 8:37 pm
အဓိပါယ်ဖော်ကြည့်လို့ရသလောက် ကိုခင်ခက အသစ်ကို ထင်တယ်ပေါ့နော် …
ဟုတ်ကဲ့ပါ … မှတ်ထားလိုက်မယ်နော် …
Mr. MarGa
November 9, 2014 at 8:32 pm
အဟမ်းးးးး
ဘယ်သူရမယ်မသိ
ဘယ်သူရရ ဘေးက လက်ခုပ်တီးပါမည် လို့
🙂
Ma Ma
November 9, 2014 at 8:42 pm
ဝေဝေ့ရဲ့ပိုစ့် ပီသစွာပဲ ဓာတ်ပုံလှလှလေး ပါလာတယ်။ 🙂
ဒီအပတ်ဇကာတင်မှာပါတဲ့ပိုစ့်တွေ အရမ်းကောင်းလို့ အကုန်ကြိုက်တယ်။
အကယ်ဒမီလေသံနဲ့ ပြောရရင် အားလုံးကို ရစေချင်ပါတယ်။
အားလုံးမရနိုင်မှန်းသိနေတော့လည်း…………
အဖြေကို စောင့်ရတော့မှာပေ့ါ။
ဦးကြောင်ကြီး
November 9, 2014 at 11:17 pm
လောဘ အတော်ကြီးဒဲ့ အေတီဝမ်… သူ့အဖိုး ၉၄နှစ် နေသွားဒါတောင် မကျေနပ်နိုင်ဘူး။ နိုင်ငံခြားမှာတောင် အဲလောက်နေရင် ဆလံတနေရပြီ။ သက်ရှည်ကျန်းမာဖို့ သီလကောင်းခြင်း ရုပ်ပိုင်းစောင့်ရှောက်ခြင်းအပြင် စိတ်ရှင်းရှင်းနေတတ်တာလည်း ပါမည်။ အဓိက ကတော့ ရှေးကုသိုလ်ကံ ပေါ့ဂျာ။ စာပါအရဆို အေတီဝမ့် အဖိုးက သက်ရှည်ကျန်းမာ အိမ်ထောင်အကြီးအကဲ ဆုံးတဲ့အထိ ဖြစ်သွားလို့ ရှေးဘုန်းကံလို့ ပြောရမှာပဲစ်။။ အနော့်ကိိုလည်း ဗေဒင်က သက်ရှည်မည် တရာတန်းနေရမည်လို့ ဟောထားရယ်။ ဟုတ်လို့ကတော့ သဂျီးသာမီး သန်ဆင်ခိုင်မ်သာမက သူ့မြေးမ သံမဏိခိုင်မ်အထိပါ ကြံမည်။
weiwei
November 10, 2014 at 1:26 pm
တကယ်တော့ ကျွန်မနဲ့ အဖိုးက အရမ်းကို ရင်းနှီးကြတဲ့ သူငယ်ချင်းတွေလိုပါပဲ …
အဖိုးရဲ့ အချစ်ဆုံးမြေးအနေနဲ့ အခွင့်ထူးတွေ အများကြီးရခဲ့တာမို့လို့ ဆုံးရှုံးမှု များသွားခဲ့တယ် ..
အောက်တိုဘာအမှတ်တရအနေနဲ့ ခပ်ပေါ့ပေါ့လေးပဲ ရေးလိုက်တာပါ ..
kyeemite
November 10, 2014 at 8:59 am
.မဝေအဖိုးက ကျန်းကျန်းမာမာ ၉၄နှစ် နေသွားနိုင်ခဲ့တာဆိုတော့ အင်မတန်ကုသိုလ်ထူးတယ်ဆိုရမယ်ဗျ
.ဘာပြောပြောလေ ချစ်ခင်ရင်းနှီးသူတွေနဲ့ တစ်ချိန်ချိန်တော့ခွဲခွာကြရမှာဓမ္မတာပေပဲ
.သေဖို့အဆင်သင့်ပြင်ထားကြဖို့လိုတာပေါ့နော..ပို့စ်ရေးကြေငြာပေးလို့ ကျေးဇူးပါမဝေေ၇
.ဒီအောက်တိုဘာလ ဆန်ကာတင်ပို့စ်တွေကိုတော့ တကယ်ပဲကြိုက်လှပါတယ်
.ရွေးရတာလည်းတော်တော်ခေါင်းစားသွားတယ်
.ကျုပ်အထင်တော့ Young Mite ရလိမ့်မယ်ထင့် ..ခွိခွိ :k:
weiwei
November 10, 2014 at 1:28 pm
young mite ဆုရရင် မုန့်ဝယ်ကျွေးပါ … 🙂
Yae Myae Tha Ninn
November 10, 2014 at 9:16 am
အင်း… ဟန့်စ ပေးထားတော့လဲ ပြောရတော့မှာပေါ့.. အန်တီဝေ… ဟဲ… နံပါတ် ၁ မစုဉာဏ်ရဲ့ မအိပ်တဲ့ မြို့ကလေးကို ရွေးမယ် ထင်ပါတယ်… မှန်ခဲ့ရင်တော့… ဒါဟာ ငယ်ငယ်က ချဲအတွက် အတိတ်လိုက်ကောက်ခဲ့တဲ့ အတွေ့အကြုံပေါ့… ဟီး… 🙂
weiwei
November 10, 2014 at 1:29 pm
မှန် မမှန် သိရအောင် ၁၂ ရက်နေ့ကျရင် ဒီပို့စ်ကို ပြန်လာဖတ်ပေးပါနော် … 🙂
surmi
November 10, 2014 at 9:38 am
အောက်တိုဘာပန်းပွင့်တွေအများကြီးထဲက
နှစ်သက်ရာတူတဲ့ ပန်းတစ်ပွင့်ကိုစောင့်မျှော်နေပါတယ် ။
ဦးကြောင်ဆိုရင်တော့ အဲဒီဆုသဘာဝရိပ်သာကိုတခါတည်းလှူခိုင်းလိုက်မယ် ဟေးဟေး
weiwei
November 10, 2014 at 1:32 pm
ဦးကြောင်ကိုလဲ တစ်ခါလောက်တော့ ရစေချင်တယ် .. ခဏခဏ စကာထဲက ထွက်ကျနေလို့ .. 🙂
ကိုပေါက်(မန္တလေး)
November 10, 2014 at 9:55 am
ဖတ်ရွေးအဖွဲ့ ဖြစ်စေချင်တာလေးတွေ ဖြစ်လာတာကို မြင်ရတော့ဝမ်းသာပါတယ်။
ဂေဇက်အတွက်စာရေးသူ အသစ် ပေါ်ထွန်းစေချင်လို့ ဖတ်ရွေးဖြစ်လာတာပါ
ဟိုအရင်လတွေက snow smile ပထမဆုံးရေးတဲ့လမှာဘဲ ဖတ်ရွေးအကြိုက်စာမူ ဆု ရသွားပါတယ်။
အခု မစုဉာဏ်လဲ ပထမဆုံးရေးတဲ့ လမှာဘဲ ဆုရမယ်ဆိုရင်
စာရေးသူ အသစ်တွေ အတွက် အားတက်စရာ။
လူဟောင်းတွေ အရေးကောင်းသူတွေရှိနေလို့ အသစ်တွေ ဆု မရ နိုင်ဘူး လို့ ဆို တဲ့ စိတ်အားငယ်စရာ အတွေးတွေ
မရှိနိုင်တော့ စာရေးသူ အသစ်သစ်တွေ ပေါ်ထွက်လာဘို့ တွန်းအားပေးလိုက်တာ နဲ့ အတူတူ ပါဘဲ။
weiwei
November 10, 2014 at 1:35 pm
အခုနောက်ပိုင်း ဂဇက်မှာ ပို့စ်တင်တာ နဲလာတာ သတိထားမိပါတယ် ..
ဖြစ်နိုင်ရင် အသစ်သာမက စာရေးကောင်းတဲ့လူဟောင်းတွေကိုလဲ ပြန်လာရေးစေချင်မိတယ် ..
အားလုံး ပျော်ပျော်ပါးပါး စည်စည်ကားကား ပေါ့ …
Kaung Kin Pyar
November 10, 2014 at 10:13 am
ရွေးထားသမျှ ပိုစ့်တိုင်းကို ကြိုက်ပါတယ်…..
Result ကို စောင့်နေပါ့မယ်လို့….
တောင်ပေါ်သား
November 10, 2014 at 1:23 pm
လက်ခုပ်တီးရန် အသင့် 🙂
ဦးကြောင်ကြီး
November 10, 2014 at 1:41 pm
အာတီဒုံ ဆိတ်ကြိုက် ဖြစ်လျင်ကို တေပျော်ပါဗီ.. ဆုရရ မရရ အယေးမကျီးဒေါ့..
ကေဇီ
November 10, 2014 at 2:00 pm
ဘာ အခု မှ ကြောက်ပါပြီလဲ။
:kwi:
ဦးကြောင်ကြီး
November 10, 2014 at 2:15 pm
သူ့တမြို့လုံးက ရွေးပေးတယ် ယူစမှာ…. ရွှေခယ်ကြောင်ကြီးကွ…
surmi
November 10, 2014 at 2:20 pm
သတိတော့ထားပါ ဦးကြောင်
ခီဗျားကို ကင်စားချင်သူတွေ အွန်လိုင်းမှာစောင့်နေကြတယ်
Mr. MarGa
November 12, 2014 at 11:55 am
အူးကြောင်ကို အလိုရှိသည် တဲ့
ဖွဘုတ်မှာ ကြေငြာထားတယ်
:mrgreenn:
kai
November 10, 2014 at 5:55 pm
ထူးထူးဆန်းဆန်း.. နယူးယောက်က.. ၂ယောက်စကာတင်ထဲပါနေတယ်…။
မစုဉာဏ်ရဲ့.. သတင်းဆောင်းပါးတပုဒ်က.. အရင်လသတင်းစာထဲပုံနှိပ်ဖေါ်ပြထားတယ်..။
ဖတ်ရွေးရယ် ဆန်းပါပေ့..
ရွေးချယ်ပုံ လှပါပေ့…။ :k:
မြစပဲရိုး
November 10, 2014 at 9:40 pm
အရိပ်ပြစကားလုံး များ ပါမလား ရှာနေတုန်း။
ဒီလ ပြောရခက် တယ်။
ဒီတော့
ဓာတ်ပုံထဲ က ပန်းလေး ကို ငေးရင်း…
ဝေဝေ လိုဘဲ အဖိုး ဆုံးချိန် ဖရိုဖရဲ ဖြစ်သွားတဲ့ လုပ်ငန်း ကို ပြန်တွေးရင်း ….
အဖွား ကို လွမ်းရင်း ….
ရှေးတုန်းက သီချင်း မှော်ဆရာ “ဆလိုင်းသွအောင်” ( နောက်တော့ “ဖိုးချို” ) ဆိုခဲ့တဲ့ “မြိုင်နန်းစံ ပန်းတစ်ပွင့်” ကို ဆိုညည်း သွားပါကြောင်း။
♫♪♫ မြိုင်နန်းပန်းတော ထဲ မှာ ♫♪♫ ပွင့်ဖူးတဲ့ ပန်းလေး တွေ ♫♪♫
♫♪♫ ချစ်စရာ အသွင် ရနံ့လဲ သင်းထုံ ကြွယ် ♫♪♫♫ ♪♫
၁၂ ရက်နေ့ ကျ ပြန်လာချောင်း ပါမယ်။
စကာတင်များ အားလုံး အတွက် ဂုဏ်ယူပါတယ်။
လတိုင်း စကာတင်ထဲ ပါနေသူ များ အတွက် ကိုလဲ ပိုပြီး ဂုဏ်ယူပါတယ်။
(ငုံနေတဲ့ ပန်း လေး ကိုလဲ ကြည့်ချင်တယ် ဝေ။ :)) )
weiwei
November 10, 2014 at 10:25 pm
ငုံနေတဲ့ပန်းကိုကြည့်ချင်ရင်တော့ မနက်ဖြန်ညနေသတိထားပြီး ဓါတ်ပုံရိုက်လိုက်မယ်အရီးရေ ..
ကျွန်မကလဲ လှတာမှကြိုက်တတ်တော့ မလှတော့ရင် လှည့်မကြည့်ဖြစ်တတ်တဲ့အကျင့်ဆိုးရှိနေတာ အခုမှ သတိထားမိသွားတယ် ..
အောက်တိုဘာလမှာ စကာစိပ်သွားလို့ ပို့စ် ရ ခုပဲ စကာထဲကျန်ခဲ့တယ် ..
စကာထဲအကြိမ်အများဆုံးပါတဲ့ဆုတစ်ခုပါ အပိုအနေနဲ့ ပေးရင်ကောင်းမယ်လို့ အကြံပေးရကောင်းမလားလို့ …
weiwei
November 12, 2014 at 7:03 pm
အရီးလတ်ကြည့်ချင်တယ်တဲ့ ပန်းကလေးကို ထည့်ပေးထားပါတယ် ..
uncle gyi
November 10, 2014 at 11:15 pm
စာရေးသားမှုညက်ညောခြင်း
စီကာစဉ်ကာတင်ပြခြင်း
အချိတ်အဆက်မိခြင်း
စာဖတ်သူကိုဆွဲခေါ်နိုင်ခြင်း
ပေတံတွေနဲ့တိုင်းလိုက်တာ
weiwei
November 10, 2014 at 11:33 pm
ပေတံနဲ့ တိုင်းလိုက်တော့ …. 🙂
အားလုံးပဲ ပေတံနဲ့တိုင်းလို့ရနေတယ် မဟုတ်လား ..
အမှန်ကတော့ အားလုံးကောင်းပါသည်လို့သာ ပြောရလောက်အောင် အားလုံးတကယ်ကောင်းကြပါတယ် ..
အလင်းဆက်
November 11, 2014 at 8:55 am
(၇)ပုဒ်လုံး ကောင်းတာပဲ။ အကုန်လုံးတောင် ရစေချင်တယ်.. ။
အင်း…ဒီပိုစ့် ခေါင်းစဉ်မြင်မှပဲ… နိုဝင်ဘာလအတွက် အလှပန်းပုံတွေ ရိုက်ပြီး တင်ဖို့ သတ်ိရသွားတယ်။
ဘယ်နား သွားရိုက်ရပါ့…
:k:
weiwei
November 11, 2014 at 11:47 am
အလင်းဆက်ရဲ့ ခေါင်းစဉ်ကို သတိရပြီး ဒီခေါင်းစဉ်ကို ပေးလိုက်မိတာ … 🙂
ဦးဦးပါလေရာ
November 11, 2014 at 11:13 am
.မဝေဝေရေးပေးတာလေးလဲ ကောင်းတယ်..
.ဖတ်ရွေး စကာတင် ပိုစ့်လေးတွေလဲ ကောင်းပါတယ်..။
.ကျုပ်များ ဘယ်လောက်ရွာနဲ့ ဝေးနေလဲဆိုရင် အဲသည် ရ ပုဒ်မှာ မဖတ်ရသေးတာ ၂ ပုဒ်ပါနေတယ်။
အောင် မိုးသူ
November 12, 2014 at 9:28 am
ပို့စ်တွေမဖတ်ဖြစ် ပြန်ဖတ်ဦးမှပဲ
weiwei
November 12, 2014 at 10:24 am
ဆုရသွားသူကတော့ မစုဉာဏ်ရဲ့ တူညီသောဆန္ဒဖြစ်ပါတယ် ..
ထင်ထင်ရှားရှားဖြစ်သွားအောင် ပို့စ်တစ်ခုနဲ့ သီးသန့် ကြေညာထားပါတယ် ..
http://myanmargazette.net/207008
တညင်သား
November 12, 2014 at 8:55 pm
ရသင့်ပါတယ် မစုဉာဏ်ပို့စ်လေး …….
ကျွန်တော်က ဂီယာ ကို သဘောကျမိတယ် ဆိုတော့ မတိုက်ဆိုင်ပါဘူးပေါ့ ဘယ်နှစ်ယောက်လောက်များ ကျွန်တော့်စိတ်နဲ့ တူညီမလဲဆိုတာ အရမ်းသိချင်မိတယ်…..
weiwei
November 12, 2014 at 9:49 pm
တကယ်တော့ ဂီယာက တစ်မှတ်ထဲနဲ့ ဒုတိယဖြစ်သွားတာမို့လို့ တညင်သားနဲ့ အကြိုက်တူသူတွေ ရှိပါတယ် ..
ဦးကြောင်ကြီး
November 13, 2014 at 11:18 am
ဗင်ဂါလီဆိုက်က ပေးဒဲ့ဆု မလို ချဉ်ပေါင်….
ကိုပေါက်(မန္တလေး)
November 13, 2014 at 1:02 pm
ကြောင်ကြီးက ပြည်တွင်းက သူ တွေ ပေးဒဲ့ ဆု လိုချင်တယ်လို့အသံကြားတယ်
လောလောဆယ်တော့ ရွှေခယ် က ရွှေခဲ ပေးမယ်ကြားထားပါတယ်
manawphyulay
November 13, 2014 at 2:18 pm
ရန်အောင်မောင်မောင်ရဲ့ စကားနဲ့ပြောရရင်တော့
အားလုံးကောင်းကြပါသည်ရှင်လို့ပဲ ပြောရရမှာပဲ ခုတစ်လော ရေးဖို့မပြောနဲ့ ဖတ်ဖို့တောင် မဝင်ဖြစ်တာ အတော်ကြာနေပြီ။ ဝင်လို့ရတုန်းလေး ခဏဝင်လာဖတ်တာ အချိန်က မလောက်ဘူး ဖြစ်နေတယ်။
ဘယ်သူရရ လက်ခုပ်တီးနေပါတယ်နော်။
မဝေရေ… မဝေအဘိုးဆုံးတာ ၉၄ နှစ်ဆိုလို့ အဘွားဆုံးတုန်းက ၉၉ နှစ်ပါ။ အိပ်ယာက မနိုးလို့ သွားကြည့်မိမှ ဆုံးနေမှန်းသိတာပါ။ ကုသိုလ်တရားတွေပြည့်နေတဲ့သူတွေကျတော့ သေပန်းပွင့်တယ်လို့ ပြောရမှာပေါ့လေနော်… ကိုယ့်ဘဝများကျရင်တော့….
weiwei
November 13, 2014 at 2:47 pm
ရှေးလူကြီးတွေစကားနဲ့ပြောရရင်တော့ မီးဇာကုန် ဆီခမ်းဖြစ်ပြီး သေဆုံးသွားတာမို့လို့ ဝေဒနာကြီးကြီးမားမားမရှိခဲ့ဘူး ..
ဒါပေမယ့် အိုခြင်း နာခြင်း သေခြင်းကို ဖြည်းဖြည်းချင်းနဲ့ သိသာအောင် မြင်လိုက်ရတာမို့လို့ အိုရမှာ ကြောက်သွားခဲ့တယ် ..
kai
November 13, 2014 at 5:39 pm
ကျုပ်ကတော့ အဲလို မီးဇာကုန် ဆီခမ်းဖြစ်ပြီးသေမှာလန့်သဗျ..။
အစိမ်းသေ.. ဖုန်းဒိုင်းဆိုသေတာ ပိုအဆင်ပြေမယ်ထင်နေတာ…
ဘယ်လိုသေမလည်းတော့မသိ.. :i:
ကိုပေါက်(မန္တလေး)
November 15, 2014 at 2:55 pm
မီးဇာကုန်ဆီခန်း ချိန်မှ သေဘို့ ကပိုခက်ပါတယ်
အစိမ်းသေ ဖုန်းဒိုင်းဝိုင်းဒိုင်းသေချင် တာ က ကိုယ့်ဘာသာကိုယ်ဖန်တီးယူလို့ ရ တယ်ဆိုတော့
လွယ်မယ်ထင်ပါတယ်
ကျနော်ကိုမေးရင်တော့ မသေဘဲ အိပ်ယာထဲလဲနေမှာအကြောက်ဆုံးဘဲ