စိတ်အဆာသွတ်ပေါင်း

စဆရ ႀကီးNovember 12, 20141min30610

ကျုပ်တစ်ယောက် ရုတ်ချည်းအိပ်ပျော်စမှာပင် နိုးထလာရလေသည်။ ပုံမှန်နေ့များဆိုလျင်တော့ ခေါင်းချလိုက်သည်နှင့် နိုးတော့မှပင် နိုးသည်ချည့်သာတည်း။ သို့ဆိုလျင် ဘယ်သူမှ နှောင့်ယှက်မည့်သူမှ မရှိတာ နိုးစရာလားဟုပင်။ ဟုတ်သည်။

ရုတ်ချည်းတဝုန်းဝုန်း၊ တဒိုင်းဒိုင်းနှင့် မှန်တံခါးတွေရော၊ခေါင်မိုးတွေရော ရိုက်ခတ်နေသံများကြောင့် အခန်းတံခါး အပြေးအလွှား ပြေးဖွင့်လိုက်သည့်အခါမှ ပြင်ပလောကြီးတစ်ခွင် မဲမှောင်မှိုင်းညိုုပြီး လေပြင်းများနှင့် အတူ မိုးသီးမိုးပေါက်များ အငမ်းမရ ကြွေကျနေလိုက်သည်များမှာတော့ ကြည့်ကောင်းလွန်းလှပါဘိ။ နံနက်ခင်းအချိန်တွင် ကြွေလွင့်ပေသည့်မိုးမို့လားမသိ၊ ခွန်နှင့်အားနှင့် မြေလွှာကြီးအား အောင်နိုင်သူအနေနှင့် ကောင်းကင်ထက်မှ ထိုးဆင်းလာသည်များမှာ မြေသင်းနံ့ရော၊ မိုးနံ့ရော ရောပြွန်းပြီး ကန္တာရ နံနက်ခင်းတစ်ခုသည် လွမ်းဆွေးခြင်းတစ်ခုကို ဆောင်ကျဉ်းလာလေတော့သည်။ များမကြာမီမှာတော့ မိုးသီးများ လွင့်ဝဲကြွေကျလာရာ မိုးသီးတို့ထိမှန်ခြင်းမှာ နာကျင်သော်လည်း သူတို့ကြား ခုန်ပေါက်ပြေးလွှားပြီး စိတ်အနာတစ်ခုအား ဖြေဖျောက်မိခြင်းလဲဖြစ်တော့သည်။

ကန္တာရမှာ ရွာလေသည့်မိုးပေမလား၊ တစ်ရံတစ်ခါများရွာသည်ကို နားမလည်တော့ မိုးမပြတ်သည့်ဒေသမှလူများ အဘယ်သို့ခံစားမိလေမည်နည်း။ အဘယ်သူတွေများ စာနာလေမည်နည်း။

++++++++++++++++++++++++++++++++++++++++++++++++++

တောင်ပေါ်ဒေသ တစ်နေရာတွင်ဖြစ်သည်။

မိုးသည်ကား အညှိုးတစ်ကြီး ရွာနေဆဲ။

ပိန်ပိန်ပါးပါးနှင့် ၁၅ နှစ်အရွယ် လူငယ်လေးတစ်ယောက်သည် မကျေမခြမ်းရေရွတ်ရင်း ဝါးခမောက်ကို ခေါင်းတွင်ဆောင်းလိုက်ပြီး မေးသိုင်းကြိုးကို သေချာသိုင်းလိုက်သည်။ ထို့နောက်တွင်မတော့ ပလတ်စတစ်အစတစ်ခုကို ကိုယ်တွင်လွှမ်းခြုံပြီး ပေါက်တူးတစ်လက်ကိုဆွဲကာ ခြေဗလာချည်းသက်သက်ဖြင့် ခြံထဲဆင်းလာတော့သည်။

ခြံထဲတွင်မတော့ မေမြို့ပန်းများမှာ မိုးရေတွေကြား ယိမ်းနွဲ့ပျော်ပါးလို့။ သူတို့၏ ဇီဝိန်ခြွေမည့်မိုးဆိုတာကိုမေ့၊ သူတို့ကို ဒီအရွယ်ထိရောက်အောင် ထိုမိုးတွေ မဆွေသည့်နေ့ရက်များမှာ အချိန်မှန်မှန် ရေလောင်းပေးနေသည့်သူကိုပါမေ့၊ သူတို့အပေါ် မညှာမတာ တစ်နေကုန် ရွာသွန်းဖြိုးပေးနေသည့် ထိုကောင်းကင်ကြီးကိုမှ တစ်ပျော်တစ်ပါး ယိမ်းနွဲ့လှုပ်ရှားပြီး အပြိုင်အဆိုင် ကြိုဆိုကြလို့။

ထိုဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်မှာ ရွှံ့များကြား၊ ချမ်းအေးလှသည့် တောင်ပေါ်မိုးစက်ပွင့်များ သူ့ကိုယ်အနှံ့ ရိုက်ခတ်နေသည်များကို ခံစားသိရှိနေရင်းမှ ပေါက်တူးတစ်လက်ကို ကိုင်ပြီး သူ၏ ကိုယ်ပိုင်စိုက်ခင်းလေးရှိရာဆီသို့ တစ်ရွေ့ရွေ့ လှမ်းလျက်သား။

ထိုမိုးစက်များကြောင့် ထိုကောင်လေးတစ်ယောက် နာကျင်ရသည်။ ထိုမိုးစက်များကြောင့် သူပြုစုပျိုးထောင်ခဲ့သော ပန်းပင်များ အနာဂါတ်တစ်ခုကို ကြိုသိနေသည်။ သူသည် အလွယ်တကူ မိုးထဲလေထဲ ပစ်ချထားပြီး အလေ့ကျပေါက်လာသော ပန်းပင်လေးများကို သိမ်းပိုက်ရသည်ထက် သူကိုယ်တိုင် နေ့စဉ်တစ်ရက်မပျက် သေချာဂရုစိုက်ပြီးတော့မှ ပွင့်လန်းလာသော ပန်းလေးများကိုသာ မြတ်နိုးတတ်သည်။ ထိုပန်းလေးများ၏ နေ့ရက်တိုင်းသည်လည်း သူချည်းပဲ ဖြစ်နေသောကြောင့်ဖြစ်သည်။

သူ့ခမျာမှာတော့ နောက်ဆုံးမှာ လုပ်သင့်လုပ်ထိုက်သည်ကို မိုးလေထန်နေဆဲမှာပင် လုပ်ရလေတော့သည်။

စိုက်ဘောင်များကို ရေများဖောက်ထုတ်ပေးရခြင်းဖြစ်သည်။ ယခင်ကတော့ ရေကျန်စေရန် ဘောင်နှုတ်ခမ်းသားများကို လုံးပေးခဲ့ရသည်။ ယခုတော့လည်း ပြန်ဖောက်ထုတ်ရပေတော့မည်ပေါ့။ မေမြို့ပန်းများမှာတော့ သူတို့ခြေရင်းတွင် မိုးရေများကြောင့် သူတို့တွေအမြစ်တွေပုတ်ပြီး သေဆုံးရမည်လည်းမသိ၊ မိုးပွင့်တို့သူတို့ကိုယ်သာမက သူတို့ခြေရင်းမှ မြေလွှာကိုပါရိုက်ခတ်ပြီး ပြန်ထွက်လာသည့် မြေမှုန်များကြောင့် သူတို့အရွက်တွေ ပျက်စီးရမည်ကိုလည်းမသိ။

မိုးထဲလေထဲ ပျော်လွင့်လို့ကောင်းတုန်း။

ထိုမိုးသံတွေကြားမှ ပေါက်တူးသံ၊ ရွှံ့မြေထဲ ခြေလှမ်းသံတစ်စွက်စွက်ကလွဲ ဇာတ်ပို့မရှိ၊ ဇာတ်ရံမရှိ၊ သက်သေမရှိသည့် အကြင်နာတရားပြဇာတ်တစ်ပုဒ် ရိုက်ကူးလျက်သား။

++++++++++++++++++++++++++++++++++++++++++++++++++

သူသည် အသက်အားဖြင့်မူ ၃ဝ ခန့်ရှိလေပြီ။ နဖူးပြင်မှာလည်း အတော်အတန်လေးခန့်ညားသည့်အနေအထားပင်။ ဆိုင်တွင်းရှိလူများအား လိုအပ်သည်များ ညွှန်ကြားပြီးသည့်နောက် အချိန်ကိုကြည့်လိုက်သည့်အခါတွင်မတော့ ထိုသူတစ်ယောက် ဖုန်းထဲမှ ချစ်ဇနီးလေးဆိုသည့်နံပါတ်တစ်ခုကို နှိပ်လိုက်လေသည်။ မြန်မာလိုပေးထားသည့်အတွက် ဘယ်သူမှတော့ မသိနိုင်ပေ။ သို့သော်လည်း ထိုသူတစ်ယောက် မြန်မာလို ပြောနေသည့်အခါများတွင်မတော့ လူတိုင်းနားလည်ကြပေသည်။ ထိုသူတစ်ယောက် သူ့ဇနီးထံ မနားတမ်း လိုအပ်တာတွေ မှာကြားနေသည်ဟု။ ထိုအချိန်များတွင်မတော့ ဘယ်သူမှ မနှောင့်ယှက်ကြပါ။ တိတ်တဆိတ်နေခြင်းဖြင့် လေးစားခြင်းရှိကြပေ၏။

ထိုသူသည် လွန်ခဲ့သော နှစ်များစွာကပင် ထိုမိန်းကလေးအား စတင်တွေ့ဆုံခဲ့လေ၏။ တွေ့ဆုံခဲ့ချိန်က ထိုသူတစ်ယောက် အခြေခံဝန်ထမ်းတစ်ယောက်ဘဝနှင့် တစ်မြေရပ်ခြားတွင် ရောက်လာကာစလဲဖြစ်၏။ လစာမှာတော့ ပုံမှန်လူတစ်ယောက်အဖို့မူ ဆင့်ပါးစပ် နှမ်းပက်သည့်ပမာပင်။ သူ့အဖို့တော့ အတော်လေးပိုလျှံနေ၏။

ထိုသူသည်..
မိဘမရှိ၊ မောင်နှမမရှိ၊ ဆွေမျိုးဆိုလို့လဲ ပြစရာမရှိ
သူ့အတွက် မွေးရပ်မြေဆိုတာလဲမရှိ၊ ဇာတိမြို့ဆိုတာလဲမရှိ၊ ကြိုက်နှစ်သက်သည့် အစားအစာလဲမရှိ
သူမကြိုက်သည့် နေရာလဲမရှိ၊ သူကြိုက်သည့်နေရာလဲမရှိ၊
သူ့အတွက်ဘာဆိုဘာမှလဲမရှိသည့်

သူချည်းသက်သက်သာဖြစ်သည့်အတွက် သူရသမျှလစာသည် နည်းသည်ဟုမရှိ၊ အမြောက်အမြားဟုပင်ဆိုနိုင်သည်။
သို့ပေမယ့် သူ့အတွက် ပန်းလေးရှိလာသည့်အခါတွင်မတော့ သူသည် ထိုပန်းကလေးတစ်ပွင့်ကို သေချာဂရုစိုက်၏။ ထိုပန်းလေးသည် အဖြူရောင်သက်သက်ဖြစ်၏။ သူကိုယ်တိုင် ရေလောင်းပေါင်းသင်၏။ ထိုပန်းကလေးအရောင်များ တင့်လန်းစေဖို့ရာ ဆေးဖြန်း၏။ ပေါင်းမြက်တွေလဲ နှုတ်၏။ အဖူး၊ အငုံဘဝကနေ ပွင့်လန်းလာသည်ထိ ဘယ်နေရာမှ လိုလေသေးမရှိအောင် ဂရုစိုက်၏။

နောက်ဆုံးတွင်မတော့ ထိုပန်းကလေးတစ်ပွင့်သည် သူ၏ ရင်ဘတ်ပျိုးခင်းအလယ် ပွင့်လန်းလာလေ၏။ ကန္တာရမှာမှ ငွားငွားစွင့်စွင့် ပွင့်လန်းလာလေ၏။ သူ့အတွက်တော့ ထိုပန်းလေးသည်ကား သူ၏အောင်မြင်မှုအသီးအပွင့်။ ထိုပန်းလေး၏ လှပ မွှေးပျံ့ခြင်းအား လူတစ်ကာအား ကြွားလို့မဆုံးပေ။ မျိုးစေ့လေးဘဝမှပင် သူဘယ်လို ပျိုးခဲ့ရကြောင်း၊ ဘယ်လို ပြုစုပျိုးထောင်ခဲ့ရကြောင်း။ နောက်ဆုံး ပန်းပွင့်အဖြူရောင်လေးဘဝရောက်ပြီး သူကိုယ်တိုင်နမ်းရှိုက်ခွင့်ရသည်တွင်မတော့ ဝမ်းသာဂုဏ်ယူမဆုံးပင်။

တစ်နေ့တော့ ကန္တာရမိုးတွေ ဆွေလာသည်ထင့်။

ရှစ်တိုင်းခွင်က မှိုင်းလို့ညိုလာလေသည်။ သူတစ်ယောက်မှာတော့ ပူလောင်စွာနှင့်၊ ပျိုးဘောင်မှာ မိုးရွာလျင် သူ့ပန်းပင်လေး ကြွေနွမ်းသွားမှာစိုးရိမ်လျက်သား။

သူတစ်ယောက်မှာတော့ လက်ထဲတွင် မျှော်လင့်ခြင်းတွေကို ခပ်တင်းတင်းဆုပ်ကိုင်၊ မညှာမတာရွာသွန်းဖြိုးနေသော မိုးစက်ပွင့်တွေကြား၊ ယုံကြည်ခြင်းတွေကိုနင်းခြေရင်း ထိုပန်းလေးရှိရာသို့ သူ့ရင်ဘတ်ကြီးတစ်စွက်စွက်မြည်အောင်နင်းရင်းနှင့်

မိုးစက်ပွင့်တွေကြား ပွင့်ချပ်များ တစ်စစီကြွေလွင့်နေသော ပန်းအဖြူရောင်လေးတစ်ပွင့်မှာတော့
ယိမ်းနွဲ့ကာ ကျေကျေနပ်နပ်ကြီး ကြွေလွင့်လျက်သား။ ။

(ဖြစ်ရပ်မှန်တစ်ခုနှင့် ဘဝတစ်ခုကို အရင်းပြုလျက်)

ကြွေလွင့်ပန်း
(၁၂/၁၁/၂၀၁၄)

10 comments

  • kai

    November 12, 2014 at 4:25 am

    တကယ်တော့..
    အလွမ်း..အဆွေး.. စက်ဆုတ်..ကြောက်ရွံ့..
    .. ရသတွေပါပဲ..။
    လူသားဖြစ်တည်မှုမှာ.. လိုအပ်တယ်လို့ထင်…။
    ဘဝရဲ့.. Taste အရသာတွေပေါ့…။
    ရသတွေမရှိရင်.. ဘဝသေတာပေါ့..။
    ဆက်လက်ရှင်သန်နေတာ.. ပြတဲ့သဘောလို့.. ထင်..။ :k:

    • ကြွေလွင့် ပန်း

      November 12, 2014 at 5:02 am

      ကျွန်တော်လဲ ဒီမိုးစက်ပွင့်တွေကြားမှာ နေခဲ့ဖူးတာပဲလေ
      ပန်းတစ်ခင်းပျိုးဖို့တော့
      ခွန်အားတွေ အပြည့်ရှိနေဆဲပါပဲ
      ပန်းလေးတွေ မလှလာမှာပဲ စိုးတာ…….။

      • kai

        November 12, 2014 at 6:12 am

        ပျိုးသာပျိုးပါလေ..။
        ဥယာဉ်မှုးတို့တာဝန်.. ပေ..။
        ခူးသာခူး…
        ပိတုန်းတို့.. မြူး…။ :k:

    • အလင်းဆက်

      November 12, 2014 at 7:37 am

      ဒီသဂျီးတော့ ”အရသာ” နဲ့ ”ရသ”ကို ရောမွှေ ပြောနေပါရောလား။

      :kwi:

      • ကြွေလွင့် ပန်း

        November 12, 2014 at 7:51 am

        ကိုအလင်းဆက်ရေ.. ဒါလဲမမှားဘူး

        စိတ်ထဲက ခံစားမိနေတာလေးတွေကို ပိုပြီးအရသာရှိလာစေဖို့ ဟိုဟာဒီဟာတွေကို ဟိုထဲ ထည့်ကြရတယ်မလား.. အဲ့လို ထည့်လိုက်ပြီးမှ ပေါင်းရတာကိုက အရသာ

        ပြောရင်းဘယ်ရောက်သွားတယ်မသိ၊ စိတ်အဆာသွတ်ပေါင်းဆိုတာ တစ်နည်းနဲ့ရှင်းပြတာ. စားသောက်ကုန်တစ်ခုအနေနဲ့ သဘောထားပြီးပေါ့.. စားသောက်ကုန်လို အရသာခံစားချင်သူတွေလဲစား၊ ရသ တစ်ခုလို စာဖတ်ပြီးခံစားချင်သူတွေလဲခံစား၊

        ကျုပ်ကတော့ မအောင့်နိုင်တော့လို့ ထုတ်ပစ်လိုက်ရလို့ကျေနပ်တယ်။ ထပ်မပြောတော့ပါ။ ရေးချင်တာရေးတာ ဖတ်ချင်သလိုသာ ဖတ်ကြစေသတည်း။

  • ကေဇီ

    November 12, 2014 at 9:26 am

    ခေါင်းစဉ်ကြည့်ပြီး ဆိတ် ကို အစာသွတ်ပြီး ပေါင်းစားရချည်သေးရဲ့ လို့ ဝင်လာတာ။
    :k:

    ကျနော် အရင် က ခံစားဖူးတယ်။
    ကိုယ့် စိတ်ကူး ခံစားချက်နဲ့ လုပ်ထားတဲ့ အရုပ်လေး ဘယ်လောက် ရုပ်ဆိုးဆိုး ဂျိုကျိုး နားရွက်ပဲ့ပဲ ဖြစ်ဖြစ်
    တခြား မှန်ခန်းက အရုပ်တွေထက် မြတ်နိုးတာ နှမြောတတ်တာမို့
    အဲဒီ အရုပ်လေး သူများနောက် ပါသွားချိန် ရ နှစ်လောက် တနုံ့နုံ့ အသဲကွဲဖူးတယ်။
    :h:

    နောက်တော့ ဘယ်လောက် ဆိုးသွမ်းသွားလည်း ဆို ……..
    ကိုယ်တိုင် မဖန်တီး မပျိုးထောင်တော့ဘူးးး
    “ကိုယ်ကတော့ ချစ်လွန်းလို့ ဥ ထားတာ၊ သူများ အကောင်ဖောက်သွားတယ် ” ဖြစ်မဆိုးလို့။
    :kwi:

    ကိုယ်သဘောကျရာ ရယ်ဒီမိတ်လေးလောက်ပဲ စိတ် ပျော်ရွှင်မှုလောက် အသုံးချဖြစ်နေတယ်။
    ဒါတောင် အပျော် အပျော် ဆိုပေမဲ့ မပျော်ရတဲ့ အပိုင်းတွေ အများကြီးရှိတယ်။
    :a:

    သီချင်းတောင် ပြောင်းပြန်ဆိုတာလေ….
    သဇင်ရဲ့ “ငါ့ ရည်းစား က သူ့ရည်းစားဖြစ်နေတယ်” ဆိုတာကို
    “သူ့ ရည်းစား က ငါ့ ရည်းစား ဖြစ်နေတယ်” လို့ ပြောင်းဆိုတာ။
    မလျှော့ဘူးးး
    :mrgreen:

    ခုရက် စိတ်ညစ်နေလို့ လာဖောက်သွားတယ်။
    နေပျော်ပါစေ ကိုရင်။

  • kyeemite

    November 12, 2014 at 10:05 am

    .အရေးအဖွဲ့ကတော့ထုံးစံအတိုင်း ရသမြောက်တဲ့ဝတ္ထု တစ်ပုဒ်ပါပဲ…
    .ပန်းလေးတစ်ပွင့် မကြွေလွင့်စေချင်တဲ့ ဥယာဉ်မှုး တစ်ယောက်ရဲ့စေတနာပေါ်လွင်ပါပေရဲ့
    .တစ်ခုတွေးမိတာက ပန်းလေးခမျာမှာတော့ သူ့ကိုကြွေလွင့်စေမဲ့အန္တရာယ် .ကိုမမြင်ရှာပေဘူးပေါ့..သူကပန်းပေကိုး..ဒါပေမဲ့ဥယာဉ်မှုးစေတနာနဲ့လုံ့လစိုက်ရင်တော့ .ပန်းကလေး .လန်းလန်းစွင့်စွင့်နဲ့ အနေတင့်မှာပါ :i:

  • Mr. MarGa

    November 12, 2014 at 11:39 am

    ပန်းတစ်ပွင့် ကြွေလွင့်ပေမယ့်
    သည် မြေအတွက် နောက်တစ်ပွင့် ထပ် ဝေဆာလာမပေါ့

  • pooch

    November 12, 2014 at 12:17 pm

    ကျမဆီမှာလည်း သိုးမဲတကောင်ရှိတယ် ခုထိလည်း ရှိနေဆဲ
    သေချာတာက ကျမ သိုးထိန်းတော့ မဖြစ်ချင်ဘူး
    မသကာ ဒင်းကို ကိုယ်တိုင်ပဲ သတ်စားပလိုက်မယ် အရှုံးတော့ မခံဘူး :loll:
    နောက်တာပါ

    မေမြို့ပန်းတွေကတော့ ခုထိလှနေတုန်းပဲ အမျိုးလည်း ပိုစုံလာတယ်
    ဥယျာဉ်မှူးတွေရဲ့ ကြိုးစားမှုတွေပေါ့

  • Yae Myae Tha Ninn

    November 12, 2014 at 3:12 pm

    Bro လက်ရှိနေရာမှာရော.. အဆင်ပြေရဲ့လား… ပြေမှာပါ… နေတတ်တာပဲ… 🙂

Leave a Reply