” စာဟောဆရာ ၊ စာရေးဆရာ ဦးအောင်သင်းကို နှုတ်ဆက်ပါတယ်။ ” – မောင်စွမ်းရည်
” စာဟောဆရာ ၊ စာရေးဆရာ ဦးအောင်သင်းကို နှုတ်ဆက်ပါတယ်။ ”
အမေရိကပြည်ထောင်စုမှာ ၂၀၁၄ ၊ အောက်တိုဘာ ၊ ၂၅ ၊ စနေနေ့က RFA (လွတ်လပ်တဲ့ အာရှအသံ)က နေရှိန်ကျော် ၊ နံနက်စောစောကြီး ဖုန်းခေါ်ပါတယ်။ ခေါ်ရိုးခေါ်စဉ် အချိန်မဟုတ်လို့ ခပ်လန့်လန့်နဲ့ပဲ ဖုန်းကို ကောက်ကိုင်လိုက်တော့
”ဆရာရေ ၊ ဦးအောင်သင်းကြီး ဆုံးပြီ ” လို့ သတင်းလာပါတယ်။
သူ ဆေးရုံတင်ထားရတဲ့ သတင်းကို ကြားထားပြီးသားပါ ။ အသက်က ရှစ်ဆယ့်ရှစ် (၈၈) ဆိုတော့ ၉ဝ – ၁၀ဝ တွင်းကိုး ။ စိုးရိမ်ရမှန်း သိထားပါတယ်။ ထင်တဲ့အတိုင်း ကြားရတာပါပဲ ။
”ဆရာတို့နဲ့ ဦးအောင်သင်းတို့က ခေတ်ပြိုင်ဆိုတော့ ဦးအောင်သင်းအကြောင်းကို ဆရာတို့မှ ပြောပြနိုင်မှာပါ ။ ဆရာ နည်းနည်း ပြောပေးပါ ”လို့ နေရှိန်ကျော်က တောင်းခံပါတယ်။ ၂ -၃ မိနစ်လောက် ပြောလိုက်တယ်။ ၅ မိနစ်လောက် ကြာတော့ ပြန်ခေါ်ပြီး ပြောသင့်တာ ထပ်ဖြည့်ပြောလိုက်ပါတယ်။
လွတ်လပ်တဲ့ အာရှအသံအတွက် ပြောလိုက်တာကို ပြင်ဆင် ဖြည့်စွက်ပြီး ဆောင်းပါး ရေးလိုက်ပါတယ် ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ -၅ ဆယ်လောက်က ဆိုပါတော့ ။ ၁၉၆ဝ ~ ၁၉၇ဝ လောက်ကပါ ။ ကျနော်တို့ အထက် ဗမာနိုင်ငံ စာရေးဆရာအသင်းက နှစ်စဉ် စာဆိုတော်နေ့ (နတ်တော်လဆန်း တစ်ရက်နေ့) ရောက်တိုင်း ဆရာကြီး ရွှေဥဒေါင်း ၊ ဆရာကြီး မြမျိုးလွင်၊ ဆရာကြီး ရွှေပြည် ဦးဘတင် ၊ စစ်ကိုင်းဦးဘိုးသင်း ၊
ကျောက်စာဝန်ဦးမြ ၊ မြစ်သားအကမှာ ရွှေကိုင်းသား ဦးသောဘိတ စတဲ့ သက်ကြီးဝါကြီး စာရေးဆရာကြီးများကို ကန်တော့ပွဲ ကျင်းပပါတယ်။
စာပေဟောပြောပွဲလဲ လုပ်တယ်။ နောက်နေ့တွေမှာ စာတမ်းဖတ်ပွဲ လုပ်ပါတယ်။ ဆရာကြီးထဲက တချို့လည်း စာတမ်းရေးတယ်။ လူထုဦးလှ ၊ ဒေါ်အမာ ၊
မောင်သာနိုး ၊ တငိမိုး ၊ မောင်သိန်းနိုင် ၊ မောင်စွမ်းရည်တို့ကတော့ နှစ်စဉ်လိုလို စာတမ်းတွေ ရေးသား ဖတ်ကြားတယ် ။ အဲဒီ စာတမ်းတွေကို ကြီးပွါးရေးပုံနှိပ်တိုက်က
ရိုက်နှိပ်ထုတ်ဝေတယ်။ နတ်တော် တလလုံးကို ”စာဆိုတော်လ” လို့ ခေါ်ပြီး ဖိတ်ခေါ်ရာ မြို့ရွာအနှံ့လိုက်ပြီး ဟောပြောကြပါတယ်။ ကျနော်တို့ စာဆိုတော်နေ့ စာတမ်းရေးခအဖြစ် ရသင့်တဲ့ စာမူခတွေကို စုပြီး နယ်လှည့်ဟောပြောတဲ့အခါ စားသောက်စရိတ်စက နည်းနိုင်သမျှနည်းအောင် စီစဉ်သုံးစွဲပါတယ်။
ဒါက အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း နှစ်စဉ်လုပ်တဲ့ ထုံးတမ်းစဉ်လာပါ ။ အဲသလို နှစ်စဉ်လုပ်ပြီး စာတမ်းတွေ ထုတ်တဲ့အခါ ရန်ကုန်က စာရေးဆရာတစုက ဝေဖန်ပါတယ်။ အဓိက ဝေဖန်တာက ”စာတမ်းတွေဟာ စာတမ်းအင်္ဂ ါရပ်နဲ့မညီဘူး ” တဲ့ ။ ”သင်္ကြန် အမြောက်တွေ ” တဲ့ ။
ကျနော်တို့ကို ဝေဖန်စာရေးကြတဲ့ အစုက ဦးအောင်သင်း ၊ဇော်ဇော်အောင် ၊ မင်းမော် ၊ မောင်စံဖော်တို့ ဖြစ်ပါတယ်။
အတိုကောက် ”ဇော် – ဖော် – မော် – သင်း ”လို့ ကျနော်တို့က ခေါ်ပါတယ်။ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနက ဆရာတွေပါ ။
ဦးအောင်သင်းက ဦးဆောင်ပြီး အများဆုံးရေးပါတယ်။ အပြန်အလှန် ရေးကြရင်း နောက်နှစ် စာဆိုတော်နေ့ရောက်ပြန်တော့ ပွဲဆက်ကြပြန်ပါတယ်။ နောက်ပိုင်းမှာ တင်မိုးနဲ့ မောင်သာနိုးတို့ ရန်ကုန်ပြောင်းသွားတော့ မြန်မာစာဌာနက ဆရာတွေရဲ့ လက်ဖက်ရည်ဝိုင်း ၊ စကားဝိုင်းတွေမှာ ခင်မင်ရင်းနှီးတဲ့ စာပေဆွေးနွေးဖက်တွေ ဖြစ်လာပါတယ် ။
ဇော်ဇော်အောင်ဆိုတာက ဆရာဦးဇော်မြင့်တဲ့ ။ သူက မန္တလေးကျောင်းထွက်ပါ ။ မောင်မိုးသူ ၊ မောင်စွမ်းရည်တို့နဲ့ ကုတင်တလုံးတည်း အိပ်သွားခဲ့သူပါ။
နောင် နှစ်ပေါင်း ၄-၅ဆယ်ကြာတော့ သူက မျက်ဖြေဆောင်းပါးတွေ ရေးပါတယ်။ ”ကျနော်တို့ဟာ နိုင်ငံရေးအာဃာတတွေကြောင့် သူငယ်ချင်း အချင်းချင်း မလိုမုန်းထား စကားတွေ ပြောမိခဲ့ကြတယ်တဲ့” ။ ဒါကို ဦးအောင်သင်းကလည်း ထပ်ဖြည့် သဘောတူစကား ပြောပါတယ်။
အမှန်က နိုင်ငံရေး အာဃာတတွေပဲ ။ ဒေသစွဲက အဓိက မဟုတ်ပါဘူး ။ ကျနော်တို့အထဲက တယောက်က အလံနီအုပ်စုက ဆိုတော့ သွေးထိုးပေးတာ။
”ကျုပ်ဆိုတဲ့ အကောင်ကလည်း မြှောက်ပေးရင် ”ချွေး”ထွက်အောင် ကချင်တဲ့ ကောင်ကိုး”တဲ့ ။
ဒီလိုနဲ့ အပြန်အလှန် ဆော်ကြ ၊ ကလော်ကြရာမှာ သူက ရန်ကုန်အုပ်စုမှာ ဒိုင်ခံ ရေးသူ ။ ကျနော်က အထက်ဗမာနိုင်ငံအုပ်စုဘက်က
ဒိုင်ခံရေးသူအဖြစ် ၁ဝ နှစ်မက ကြာတယ် ။ မေမြို့မှာ ကျုပ်က ”အထက်ဗမာနိုင်ငံ စာရေးဆရာများနဲ့ ရန်ကုန်စာရေးဆရာများတို့အကြား ”စာပေတိုက်ပွဲ”လို့ ကဗျည်းတင်ခဲ့ပါတယ်။ စစ်အစိုးရက အသင်းအဖွဲ့တွေ မဖွဲ့ရ လို့ ပိတ်ပင်လိုက်တော့မှ ကျနော်တို့ စာတမ်းဖတ်ပွဲေတွေလဲ ရပ် ၊ စာပေတိုက်ပွဲတွေလဲ ရပ်သွားပါတယ်။
ရန်ကုန်မှာက မြန်မာနိုင်ငံစာရေးဆရာ အသင်းလဲ မရှိ ၊ ရန်ကုန်စာရေးဆရာအသင်းလဲ မရှိ ၊ စာတမ်းဖတ်ပွဲတွေလည်း မရှိခဲ့ပါဘူး ။ စစ်အစိုးရ တက်ပြီးတော့မှ
အစိုးရ စာတမ်းဖတ်ပွဲတွေ လုပ်ပါတယ် ။ ကျနော်တို့က မလုပ်တော့ပါဘူး ။ ဟံသာဝတီဦးဝင်းတင် မန္တလေးပြောင်းလာတော့ စာတမ်းဖတ်ပွဲတွေ ဆက်လုပ်တယ်။
ဒါကြောင့် ဗိုလ်နေဝင်းက အလုပ်ဖြုတ်ပစ်လိုက်ပါတယ်။ ကျနော်လဲ ပညာရေးသုတေသန ဌာနက ခေါ်လို့ ရန်ကုန်ကို ပြောင်းလာခဲ့ပါတယ်။
ကျနော် ရန်ကုန် ပြောင်းလာတော့ ဆရာမြသန်းတင့် ၊ မင်းကျော် ၊ တင်မိုးတို့နဲ့အတူ စာပေဟောပြောပွဲတွေ လိုက်ပါတယ်။
ဆရာ ဦးအောင်သင်းကလဲ မင်းကျော်၊ တင်မိုးတို့နဲ့အတူ လိုက်ပါတယ်။ ဦးအောင်သင်းနဲ့ ကျနော် တယောက် လိုက်ရင် တယောက် မလိုက်ပါဘူး ။
ဒီလိုနဲ့ ဆရာမြသန်းတင့် ၊ ကိုမင်းကျော် ၊ ကိုနတ်နွယ် ၊ ကိုကျော်အောင် ၊ ကိုငြိမ်းကျော် … စတဲ့ စာရေးဆရာတွေ တယောက်ပြီးတစ်ယောက် ကွယ်လွန်ကုန်ကြပြီး တင်မိုးကလလဲ အဖမ်းခံရ ။ ထောင်ကလွတ်ပြန်တော့လဲ စစ်ထောက်လှမ်းရေးက အမြဲလိုက်တော့ ဆက်လက်ပြီး နေဖို့မသင့်တော့တာကြောင့် ပြည်ပကို ထွက်သွားခဲ့ပါတယ်။ စာပေေဟောပြောသူ အင်အား နဲပါးသွားခဲ့ပါတယ်။
တနေ့ ကျနော့် အိမ်ကို ကို်အောင်သင်း ရောက်လာပါတယ်။ လယ်ဝေးစာပေဟောပြောပွဲကို လိုက်ခဲ့ပါလို့ ဖိတ်ကြားတော့ ကျနော့်ဇနီးက ပျာပျာသလဲ ဟန့်တားပါတယ် ။ ”ဆရာတို့ နှစ်ယောက် တသက်လုံး ရန်ဖြစ်လာကြတာ ၊ စာပေဟောပြောပွဲတွေမှာ ရန်ဖြစ်ရင် ကြီးတောင့်ကြီးမှ အရှက်ကွဲကြမယ်။ ကျမတော့ ကျမ ယောကျာ်းကို မထဲ့နိုင်ပါဘူး ။” လို့ ခါးခါးသီးသီး ငြင်းလိုက်ပါတယ်။
ဒီတော့ ဦးအောင်သင်းက ခုလို ရှင်းပြပြီး အာမခံတယ်။
”ဆရာမရယ် ။ ကျနော် အာမခံပါတယ် ။ ကိုစွမ်းရည်က ကျနော့်ကို ဆဲဆဲ ၊ ရိုက်ရိုက် ကျနော် ခံပါ့မယ်။ ရန် မဖြစ်စေရပါဘူး ။ ခရီးသွားတယ်ဆိုတာ ရွယ်တူချင်းသွားမှ စကားတပြောပြောနဲ့ သွားရကျိုး နပ်ပါတယ်။
ကျနော်တို့မှာ အဖော်တွေ တယောက်ပြီးတယောက် ပျောက်ဆုံးကုန်ပြီ ။ ရွယ်တူတန်းတူထဲမှာလဲ စာပေ ဗဟုသုတ ရှိတဲ့လူနဲ့မှ စကားပြောရတာ ကောင်းပါတယ် ။
ခုအခါ တွဲလို့ရတာ ကျနော်တို့ နှစ်ယောက်ထည်းလို ဖြစ်နေလို့ လာပြီး ကျနော်ကိုယ်တိုင် ဖိတ်တာပါ။”
ဒီလိုနဲ့ ကျနော်တို့ စာပေဟောပြောဖက်တွေအဖြစ် ရင်းနှီးသွားခဲ့ပါတယ်။ အတိတ်က အာဃာတတွေ သင်ပုန်းချေခဲ့ကြပါတယ်။
ခရီးစဉ်မှာ တလမ်းလုံး စာကြောင်း ပေကြောင်းတွေ စကားလက်ဆုံ ပြောမကုန် ဖြစ်ခဲ့ပြီး နေ့ရော ညပါ အသွားအပြန် ပြောခဲ့ကြပါတယ်။
ဒီလို စာပေနပမ်းသမားကြီးများကို တွဲဖက်ဖို့ အကြံပေးသူက ချစ်ဦးညိုတဲ့ ။ ကျနော်တို့ အတူလက်တွဲပြန်လာတော့ ချစ်ဦးညိုက
ဝမ်းသာအားရတဲ့ ကျွေးမွေးပွဲကြီးတခုနဲ့ ဂုဏ်ပြုပါတယ်။ ချစ်ကြည်ရေးဟာ အရသာပါပဲ။
ဦးအောင်သင်းက ၈၈ နှစ်ပါ။ မောင်စွမ်းရည်က ၇၈ နှစ်ပါ ။ အသက် ၁ဝ နှစ် ကွာပါတယ်။ ဦးအောင်သင်းဟာ စာအရေးထက် အဟောအပြောဘက်မှာ အားသန်ပါတယ်။ ဟာသ မြောက်အောင် ပြောနိုင်လို့ လူကြိုက်အများဆုံး စာဟောဆရာ ဖြစ်လာပါတယ်။ ဆရာဇော်ဂျီ မကွယ်လွန်ခင်က ”ကိုအောင်သင်းရေ…ဟောချည်းမနေနဲ့ ၊ ရေးပါဦး”လို့ တိုက်တွန်းလို့ စာအုပ် ရေးသား ထုတ်ဝေဖြစ်ခဲ့ပေမဲ့ ၊ ရေးတာထက် ပြောတာ များပါတယ် ။
ရောက်ရာ ဘဝမှာ ပျော်ပျော်ရွှင်ရွှင် ဟောပြောနိုင်ပါစေ ။ ။
မောင်စွမ်းရည်
၂၀၁၄ ၊ အောက်တိုဘာ ၊ ၂၅
=
မှတ်ချက်။ ။ မြန်မာ့ဂဇက် နိုဝင်ဘာ- ဒီဇင်ဘာလ၊ ၂၀၁၄ ထုတ်တွင် ဖေါ်ပြပြီးဖြစ်သည်။
7 comments
မြစပဲရိုး
November 18, 2014 at 3:49 am
ဒီ စာရေးဆရာကြီး တွေ quality of life နဲ့ အသက်ရှည် ခဲ့တဲ့တယ်/ အသက်ရှည်တယ် ခေါ်လို့ ရမှာပါ။
၈၈ တို့ ၇၈ တို့ ပေမဲ့ မှတ်ဉာဏ်တွေ ကောင်းဆဲ။
အားကျစရာပါ။
အာဃာတ ကင်းကင်း နဲ့ ဖြစ်သွားတဲ့ ဘဝ ဟာလဲ quality of lfe ပါဘဲလေ။
အလင်းဆက်
November 18, 2014 at 7:36 am
RFA က ပုဂိ္ဂုလ်က နေရှိန်ကျော်မဟုတ်
နေရိန်ကျော် လို့ အခုမှ သိတယ် သဂျီးရေ။
စွမ်းရည်ဆရာကြီးရဲ့ လက်ရေးစာမူက ဖတ်ရအလွန်ခက်နေလေတော့ စာစီတုန်းက နေရှိန်ကျော်လို့ ဖတ်မိပြီး ရှိန်သွားတာ။
ပုံနှိပ်ပြီးသွားပြီလားးး
မှီနိုင်တော့ဘူးပေါ့။
နောက်ဆို ပုံ မနှိပ်ခင်လေး ရွာထဲ တင်ရင် သိတဲ့သူတွေ အချိန်မှီ ဝင် ထောက်ပြစရာ တွေ ့မယ်ထင်ပါ့။
အဟိ။
ကိုယ်အပြစ်မကျအောင် ဝင်ကာတာ
:k:
kai
November 18, 2014 at 9:50 am
မှီသွားသဗျ..။
ဆရာမောင်သာရစာမှားလို့ကတော့.. ကိုရင်နော…။ မချောင်ဘူးမှတ်..။
ဆရာဦးဝင်းငြိမ်းလည်း.. သူ့ဂါရဝပြုဖို့ရောက်နေတော့ကာ…
=
မြင်တဲ့အတိုင်း.. america နိုင်ငံလုပ်ထားတာ..။ :k:
မြစပဲရိုး
November 18, 2014 at 5:21 pm
{ ကျနော်တို့ အထက် ဗမာနိုင်ငံ စာရေးဆရာအသင်း }
.မြန်မာ ?
ဗမာ ?
ဒါထက် သူပြောတာ
အမေရိကပြည်ထောင်စု ပါ။ နိုင်ငံ မပါပါ။ မချဲ့ ပါနဲ့ လေ။
lol:-))))
kai
November 18, 2014 at 6:02 pm
ဟဲ..ဟဲ..
ကိုရင်အလင်းဆက်စာရိုက်ပေးနေတဲ့.. ဆရာမောင်သာရ ဆောင်းပါးကိုပြောနေတာဗျ..။
သတင်းစာထွက်ပြီးမှ တင်ပေးမယ်..။ :k:
အယ်ဒီတာကိုပေးလိုက်တဲ့ မှတ်ချက်မှာ.. ဆရာမောင်သာရက..
“သတ်ပုံတွေ တလုံးမှ မပြင်ပါနဲ့”.. လို့ရေးထားသဗျ..။
အလင်းဆက်
November 19, 2014 at 12:32 am
ဆရာမောင်သာရရဲ့ လက်ရေးကတော့ ဝိုင်းစက်ပြီး ပုံနှိပ်စာလုံးလေအလားထင်ရ။
တကယ်။
မှတ်ချက် ။ ။ အယ်ဒီတာ. . .စာငို တလုံးမှ မပြင်ပါနဲ့ဆိုတဲ့ သတိပေးချက်ကြောင့် ပြင်စရာတလုံးတွေ ့ထားတာတောင် မပြင်ပဲ သူ ့မူရင်း စာအတိုင်း တသဝေမတိမ်းလွှတ်လိုက်ပါတယ်။
အဟိ။
သဂျီး အဲ့ စာမူ မူရင်းလက်ရေးကို ပြန်ဖတ်ကြည့်။
ပြင်ချင်တာ လက်ကို ယားးးလို့ ဆိုတဲ့စာတလုံး ရှိနေတယ်။
:k:
ကေဇီ
November 19, 2014 at 2:33 pm
ကိုယ်သေရင်
ရီမဲ့သူနဲ့ ငိုမဲ့သူ
ဘယ်ဟာ ပိုများမလဲ ဆိုတာပေါ်မူတည်ပြီးများ
အသက်ရှည်ရကျိုး
အသက် ရှင်ရကျိုးနပ်တဲ့ ကိစ္စတွေကို ခပ်ရေးရေးသိနိုင်သလိုပဲ။
:g: