ကြည်နူးစရာ အလှူရက်လေးမှာ (၈)
One Candle စေတနာရှင်လူငယ်များ အဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် (၈)
ကျနော်တို့အဖွဲ့ နားဖာကျေးရွာသို့ ဝင်လာစဉ်က ရွာ၏ အရှေ့ဘက်မှ ချောင်းကူးကာ ဝင်လာကြခြင်းဖြစ်ပြီး ပြန်ထွက်သောအခါ ရွာ၏ မြောက်ဘက်မှ ချောင်းကူးကာ ပြန်ထွက်လာခဲ့ကြသည်။ အကြောင်းမှာ ကျနော်တို့ ယနေ့သွားရောက်ကြမည့် ကျေးရွာလေးရွာတွင် နားဖာကျေးရွာ အခြားရွာများကဲ့သို့ လမ်းတစ်ခုတည်းပေါ်တွင် ရှိမနေပဲ သီးခြားရှိနေသောကြောင့်ပင် ဆားမှော်ကျေးရွာမှ လမ်းအတိုင်းသွားလျှင် နားမကျိုင်းကျေးရွာ၊ မူလခေါင်တုန့်စည်ကျေးရွာ ရောက်မည်ဖြစ်သော်လည်း နားဖာကျေးရွာလေးမှာ သီးခြားခွဲထွက်သွားရသော ရွာဖြစ်နေသည်။ ထို့ကြောင့် ကျနော်တို့အဖွဲ့မှာ လွန်ခဲ့သည့်နှစ် အလှူခရီးစဉ်တွင် အပြန်ခရီးမှ ဝင်ပြီး လှူကြရခြင်းပင်။ ယခုနှစ်မှာတော့ လူအင်အားနည်းနေသဖြင့် အပြန်ခရီးကို မိုးမချုပ်စေလိုပါ။ သို့အတွက် နားဖာကျေးရွာကို အရင်ဝင်ပြီး မူလခေါင်တုန့်စည်ကျေးရွာတွင် အလှူကိစ္စပြီးသည်နှင့် တန်းပြန်ကြမည်ဟု ရည်ရွယ်ကာ အလာခရီးမှာကတည်းက ဝင်ပြီး စာရေးကိရိယာ လှူဒါန်းမှုကို ပြုလုပ်ခဲ့ကြခြင်းပင်….။ နားဖာကျေးရွာမှ ထွက်လာပြီး ချောင်းကူးကာ တစ်ဘက်ကမ်းရောက်တော့ ကျနော့် ဆိုင်ကယ်မှာ စက်သံ မမှန်တော့ချေ။ စက်နှိုး၍ ရသော်လည်း ဂီယာထည့်လိုက်လျှင် စက်က ထိုးထိုးရပ်သွားသည်။ ကျနော်စိုးရိမ်စိတ် ဝင်သွားသည်။ ပလပ်ရေစိုခြင်းကြောင့်ဆိုလျှင် အကြောင်းမဟုတ်သော်လည်း ကွိုင်ကျွမ်းသွားသည်ဆိုလျှင် မလွယ်တာ အသေအချာမို့ပါ။ စက်နှိုးလိုက် ဂီယာထိုးလိုက် ထိုးရပ်သွားလိုက် ဖြစ်နေသည်။ စက်ကနှိုးလို့ ရနေသေးတာမို့ ကွုင်ကျွမ်းတာတော့ မဟုတ်လောက်ဟု တွေးမိပြီး နည်းနည်းတော့ စိတ်ပူသက်သာသွားရသည်။ မနှစ်က မူလခေါင်တုန့်စည်ရွာက အပြန် ချောင်းကူးမှာ ဆိုင်ကယ်ပျက်တော့ ကျနော်တို့အဖွဲ့ကို စေတနာထက်သန်စွာ အလကားမတ်တင်းဖြင့် ဗွီဒီယိုလိုက်ရိုက်ပေးသည့် အစ်ကိုတော်ပြောသော စကားလေးကို အမှတ်ရနေမိသေးသည်။ “ဟေ့ကောင် မင်းတို့ကောင်တွေက ခရီးရှည်သွားမယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေအားလုံး ပြင်ဆင်ပြီး ထည့်လာရတယ်ကွ…မင်း ငါ့ဆီကနေသင်ယူစရာတွေ အများကြီးရှိသေးတယ်”တဲ့လေ…။ဟုတ်ပါသည်… ကျနော်ကလည်း ကျနော် သွားချင်သည်သာ သိသည် လမ်းမှာဖြစ်လာမည့် ပြဿနာတွေကို လမ်းမှာသာ ကြုံသလို ဖြေရှင်းတတ်သည့် ကောင်စားမျိုး မဟုတ်လား။
ယခုလည်း ဆိုင်ကယ်က ဖောက်နေပြီ… ကျနော် စက်နှိုးပြီး ချုပ်ဆွဲထားကာ လီဖာကို နည်းနည်းတင်လိုက်သည်… စက်အသံ မှန်သွားသည်နှင့် ဂီယာထည့်လိုက်တော့ အိုကေသွားတာမို့ ရှေ့ဆက်ချီတက်ခဲ့ကြတော့သည်။ နားဖာရွာနှင့် နားမကျိုင်းကျေးရွာမှာ မိုင်ဝက် တစ်မိုင်ခန့်သာ ကွာဝေးပေလိမ့်မည်။ နားမကျိုင်းရွာသို့ ရောက်သောအခါ နေ့လည်ကျောင်းဆင်းသွားပြီမို့ ကျောင်းလေးမှာ လူရှင်းနေ၏။ ကျနော်တို့အဖွဲ့ ကျောင်းလေးဆီကို ဦးတည်လာတာမြင်တော့ ကျောင်းလေးအနားရှိ အိမ်မှ အဖြူအစိမ်းဝတ် လူငယ်တစ်ဦးထွက်လာပြီး အကျိုးအကြောင်းမေးတာမို့ ကျနော်မှ စာရေးကိရိယာ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းပြပြီး အပြန်မှ ဝင်ပြီးလှူမည်ဖြစ်ကြောင်း စာရေးကိရိယာများကို ထားခဲ့လိုကြောင်း၊ အကယ်၍ ကျောင်းဆင်းချိန်အထိ ကျနော်တို့အဖွဲ့ရောက်မလာသေးလျှင်လည်း နာရီဝက်ခန့်မျှ ကျောင်းမဆင်းသေးပဲ စောင့်ပေးစေလိုကြောင်း ပြောဆိုပြီး ကျောင်းလေးပေါ်တွင် စာရေးကိရိယာများတင်ထားခဲ့ပြီး ကျနော်တို့အဖွဲ့ မူလခေါင်တုန့်စည် ရွာလေးဆီသို့ ဆက်လက်ထွက်ခွာလာခဲ့ကြတော့သည်။ အချိန်ကား နေ့လည် တစ်နာရီထိုးပြီးချေပြီ။
နားမကျိုင်းကျေးရွာနှင့် မူလခေါင်တုန့်စည်ကျေးရွာကြားလမ်းမှာ ကျနော်တို့ လာရောက်ခဲ့သည့် နှစ်နှစ်လုံး ဆိုးဝါးခဲ့သည်ချည်းသာ…. ယခုနှစ်မှာတော့ မိုးပြတ်သည့်ရက် ကြာနေသည်မို့ အချို့နေရာတွင်သာ လမ်းကပျက်နေပြီး နေရာတော်တော်များများတွင် လမ်းက ခံသာနေပေသည်။ အဖွဲ့ဝင်အင်အားကလည်း နည်းပြီး လမ်းကလည်း မဆိုးတာမို့ ခါတိုင်းနှစ် နားမကျိုင်းနှင့် မူလခေါင်တုန့်စည်ရွာ ၅ မိုင်ခရီးမျှကို ၁နာရီခွဲ ၂ နာရီမျှ မောင်းရသော်လည်း ယခုမူ နာရီဝက်ကျော်ကျော်မျှသာ မောင်းရသည်။ မူလခေါင်တုန့်စည်ကျေးရွာ မူလတန်းကျောင်းလေးကား ရွာ၏ အရှေ့ဘက်တွင် တည်ရှိ၏။ ဤရွာလေးကား အိမ်ခြေသုံးဆယ်ကျော်မျှသာ ရှိပေလိမ့်မည်။ ယခင်က ရွာပျက်သွားခဲ့ပြီး ယခုနောက်ပိုင်းမှ ရွာပြန်တည်ကာ နေထိုင်နေကြခြင်းပင်။ ရွာလေးအား တောင်တန်းကြီးများက ပတ်ပတ်လည် ကာဆီးထားသကဲ့သို့ ချောင်းလေးမှာလည်း ရွာလေးအား ကွေ့ဝိုက် စီးဆင်းနေပေသည်။ ဘုန်းတော်ကြီးကျောင်းလေးမှာ ကုန်းမြင့်လေးတစ်ခုပေါ်တွင် တည်ရှိကာ ကြည့်လေမြင်လေရာ နေရာတိုင်း စိမ်းစိမ်းစိုစို အုံ့အုံ့မှိုင်းမှိုင်းနှင့်မို့ လက်ဝဲသုန္ဒရ အမတ်၏ မဲဇာတောင်ခြေရတုကိုသာ သတိရမိချေတော့သည်။ ဒီရွာလေးသို့ ကျနော်တို့အဖွဲ့ စာရေးကိရိယာ ပထမဆုံးလာရောက်လှူဒါန်းကြသည့် ၂၀၁၂/၁၃ ခုနှစ် ပညာသင်နှစ်တွင် စာသင်ဆောင်လေးမှာ အပြီးမသတ်နိုင်သေးသဖြင့် ကျောင်းပင်မဖွင့်နိုင်ဖြစ်နေသည့် အခြေအနေပင်…။ ကျနော်ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာလေးကို myanmargazette.net တွင် ပုံလေးများနှင့်တစ်ကွ စာရေးတင်လိုက်ရာ myanmargazette.net မှ အဖွဲ့ဝင်များ၏ စိတ်အားထက်သန်စွာ ဝိုင်းဝန်းလှူဒါန်းမှု၊ ကူးဆိပ်ကျေးရွာ ဘုန်းတော်ကြီး၏ ကမကထအားထုတ်ကြိုးပမ်း ဆောင်ရွက်မှုတို့ကြောင့် ၎င်းနှစ်မှာပင် စာသင်ဆောင်လေးအား အပြီးသတ်နိုင်ခဲ့ပေသည်။ ကျနော်တို့အဖွဲ့မှလည်း သင်ပုန်း၊ အမှိုက်ပုံး၊ ရေလောင်းအိမ်သာခွက်များကို လှူဒါန်းပေးခဲ့သည်။ ထိုသို့စာသင်ဆောင်လေး အောင်မြင်ပြီးမြောက်သွားပြီးနောက် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းအဆင့်မှ အခြေခံပညာ မူလတန်းကျောင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။ မည်သို့ပင်ဖြစ်စေ ကလေးများအတွက် မူလတန်းပညာရေးကို ရွာမှ မခွာပဲ သင်ယူရနိုင်သည်မို့ ကျေးဇူးတင်စရာပင်….။ ကျနော်တို့အဖွဲ့ ကျောင်းလေးဆီသို့ရောက်တော့ နေ့လည်ကျောင်းတက်နေပြီမို့ ဆရာမလေးများ ရောက်နေကြချေပြီ….။ ကျောင်းသား/သူလေးများမှာလည်း ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်လေးများကို မြင်တော့ ဝမ်းသာသည့် မျက်နှာလေးများကား ဖြူဖြူစင်စင်နှင့် မို့ ချစ်စရာ ကောင်းလှသည်။ ဆရာမလေးများအား စာရေးကိရိယာများလာလှူသည့်အကြောင်းပြောပြတော့ ကျေးဇူးတင်ပါကြောင်း ပြောကြ၏။ ကျနော်မှ ကျောင်းသားအရေအတွက်ကိုမေးသည့်အခါ ကျောင်းသား/သူ ၂ရ ဦးရှိကြောင်း သိရသဖြင့် လှူဒါန်းမည့် စာရေးကိရိယာများကို ပြင်ဆင်ကာ ကျောင်းသုံးပစ္စည်းလေးများကို ဆရာမလေးအား ပေးအပ်သည့် မှတ်တမ်းဓာတ်ပုံ ရိုက်ယူလိုက်သည်။ ဤကျောင်းလေးတွင် ဆရာမလေးသုံးဦးမှ တာဝန်ယူ သင်ကြားပေးနေကြခြင်းပင်… အိမ်ခြေနည်းသည့်အကြောင်းကို ဆရာမလေးတစ်ဦးမှ.. “ကျောင်းအကျိုးတော်ဆောင်ကော်မတီဖွဲ့လိုက်တာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေနဲ့တင် ရွာကလူတွေကုန်သွားရော အဖွဲ့ဝင်တောင် မရှိတော့ဘူး…”ဟု ရယ်မောကာ ပြောပြသည်။ ကျနောတို့အဖွဲ့ ကလေးများကို စာရေးကိရိယာများ ဝေငနေကြစဉ် ကျေးရွာမှ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များရောက်လာကြပြီး ကြိုအကြောင်းမထားခြင်းကို စိတ်မကောင်းဟု ပြောနေပြီး ရွာထဲသို့ လိုက်ပြီး နားကြရန်လည်း ဖိတ်ခေါ်နေကြသေး၏။ ကျနော်တို့ ယခင်နှစ်များတွင် ဒီရွာလေးမှာ နံနက်စာစားကြခြင်းပင်… ကျနော်တို့ အဖွဲ့လာမည့်ရက်ကို ကြိုတင်အသိပေးထားသဖြင့် ရွာမှ နံနက်စာကို ပြင်ဆင်ပေးထားကြခြင်းဖြစ်သည်။ ယခုနှစ်မှာတော့ ကြိုတင်အကြောင်းမကြားတော့ပဲ လာရောက် လှူဒါန်းကြခြင်းဖြစ်သည်။ လူအင်အား မများခြင်းနှင့် ကျနော်တို့အဖွဲ့အတွက် ရွာသူ/သား အလုပ်ရှုပ် ပင်ပန်းနေကြမည်ကိုလည်း မလိုလားခြင်းကြောင့် ဖြစ်၏။ ကျနော်မှ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များနှင့် ရပ်မိရပ်ဖများကို ကြိုအကြောင်းမကြားမိသည်ကို တောင်းပန်ပါကြောင်း အပြန်ခရီးမိုးချုပ်မည်စိုးသဖြင့် ရွာထဲသို့လည်း လိုက်မနားနိုင်တော့ကြောင်း တောင်းပန်စကားပြောကြားပြီး … ဆရာမလေးများ၊ ကျောင်းသား/သူလေးများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များနှင့် စာသင်ဆောင်လေးရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်လိုက်ကြသည်။ ပြီးနောက် အားလုံးကို နှုတ်ဆက်ကာ ပြန်ထွက်လာကြတော့ ညနေ ၂ နာရီ ထိုးပြီးချေပြီ။ နှုတ်ဆက်ခဲ့ပါတယ်… မူလခေါင်တုန့်စည် ရွာလေးရေ…. နောက်နှစ်လည်း တစ်ခါပြန်ရောက်ချင်ပါသေးတယ်…. ဟု စိတ်ထဲမှာ ရေရွတ်ရင်း…….
ပျော်ရွှင်ချမ်းမြေ့ကြပါစေ …
K.T.W.L
2 comments
Mike
January 17, 2015 at 9:38 am
.အားရစရာအလှူ လေးပါပဲဗျာ..သာဓု..သာဓု..သာဓုပါ
အလင်းဆက်
January 18, 2015 at 7:45 am
အဲ့လိုနေရာတွေမှာ..သွားလှူတန်းတဲ့ မိတ်ဆွေများရဲ့…ပီတိကိုတွေးကြည့်ပြီး..ပီတိဖြစ်မိတယ်..