စိတ်ကြည်လင်ဖို့ ဉာဏ်ကောင်းဖို့ တံမြက်လှည်းစို့ ၊အမှိုက်ကောက်စို့၊
စမ်းချောင်း ရတနာပုံလမ်း (မြန်မာ့အသံ ရှေ့) ပညာဘူမိကျောင်း မိလိန္ဒပဥှာသင်တန်းမှာ
ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ်၅၀ဝအကြာ
ယောနကတိုင်း သာဂလမြို့ (ယခုခေတ် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ မြောက်ဖက် ဆယာယ်ကုတ်)မှာ
မင်းပြုခဲ့တဲ့ မိလိန္ဒမင်း (=ဂရိဘုရင် မေနန္ဒရို့စ်) နဲ့ အရှင်နာဂသေနတို့ရဲ့ အယူဝါဒ အမေးအဖြေ အကြောင်းကို
ဆရာတော် ဦးပဏ္ဍိတက သင်ကြားပို့ချပေးနေပါတယ်။(စနေ၊တနင်္ဂနွေ မနက် ၈နာရီမှ ၁ဝနာရီထိ)
ကဿ ပ ဘုရားရှင်လက်ထက်မှာ နောင်တချိန် အရှင်နာဂသေန ဖြစ်လာမယ့် ရဟန်း က မိလိန္ဒမင်း ဖြစ်လာမယ့် သာမဏေငယ်ကို တံမြက်လှည်းတဲ့ အမှိုက်ကို စွန့်ပစ်ခိုင်းရာက ဖြစ်လာတဲ့ ဇာတ်လမ်းကိုတော့ ဖတ်ဖူးကြမှာပါ။
သာမဏေငယ်က ပထမ အမှိုက်မစွန့်ချင်လို့ မကြားချင်ယောင်ဆောင်နေရာက ရဟန်းတော်က ရိုက်ပြီး ခိုင်းလို့ ငိုကြွေးရင်း အမှိုက်ပစ်ရပါတယ်။(ဆရာတော်က ဒီနေရာမှာ သာမဏေငယ်ဟာ ပထမမှာ မကျေနပ်ပဲ ပစ်ပေမယ့်
ရှင်ကျင့်ဝတ်တွေ သင်ပြီးပြီဖြစ်လို့ တကယ်အမှိုက်ကို ပစ်ချိန်မှာတော့ ကုသိုလ်စိတ်နဲ့သာ ကြည်ကြည်ဖြူဖြူ ပစ်ခဲ့ပုံရတယ်လို့ မှတ်ချက်ချပါတယ်)
အဲဒီ အမှိုက်ပစ်ရတဲ့ ကုသိုလ်ကို အကြောင်းပြုပြီး `မွန်းတည့်နေလို ဘုန်းတန်ခိုးကြီးရပါလို၏၊ ဂင်္ဂါမြစ်၏ လှိုင်းတံပိုးလို အရှိန်အဟုန်ကြီးမား မခန်းနိုင်သော ဉာဏ်ပညာရှိသူ ဖြစ်ရပါလို၏ ´လို့ ဆုတောင်းခဲ့ပါတယ်။ အဲဒီ တောင်းတဲ့ ဆုကြောင့် နောင်အခါ ဉာဏ်အလွန်ထက်တဲ့ မိလိန္ဒမင်းကြီး ဖြစ်လာပါတယ်။
ရဟန်းတော်ကလည်း ငါခိုင်းမှ လုပ်ရတဲ့ သာမဏေငယ်ကတောင် ဆုတောင်းရင် ငါလည်း ဆုတောင်းရင် ပြည့်ရမှာပေါ့ ဆိုပြီး `ဂင်္ဂါ မြစ်ရဲ့ လှိုင်းတံပိုးလို ဉာဏ်ပညာကြီးသူဖြစ်တဲ့အပြင် ဒီသာမဏေငယ် မေးသမျှ ဖြေနိုင်တဲ့ ဉာဏ်ရှိသူဖြစ်ရပါလို၏´ လို့ ဆုတောင်းခဲ့ပါတယ်။ သူကလည်း ဒီဆုတောင်းပြည့်လို့ နောင်အခါ အရှင်နာဂသေနဖြစ်လာပါတယ်။
အမှိုက်လှည်း၊အမှိုက်ကောက်တဲ့ ကုသိုလ်ဟာ ဉာဏ်ကောင်းအောင် အားကြီးတဲ့ အထောက်အပံ့ပေးတယ်ဆိုတဲ့ သက်သေပါပဲ။
တွေးကြည့်ရင်လည်း အကြောင်းအကျိုး ရှင်းပါတယ်။
သန့်ရှင်းအောင် လုပ်ပေးရင် စိတ်ကြည်လင်ပါတယ်။
စိတ်ကြည်လင်ရင် ဉာဏ်ပွင့်ပါတယ်။
စာကျက်လို့ စိတ်ရှုပ်ရင် ရှုပ်နေတဲ့ စာကြည့်စားပွဲကို ရှင်းလင်းလိုက်စမ်းပါ။
ချက်ခြင်းပေးတဲ့ အကျိုးက ကိုယ်စာရေး စာဖတ်ဖို့ နေရာ ကျယ်ကျယ်ရလာတယ်။
၊ပျောက်နေတဲ့ မှတ်စုတွေ ပြန်တွေ့မယ်။
။နောင်လိုချင်တာ ပြန်ရှာရင်လည်း ဘယ်နားထားမိလဲ ဆိုတာ အလွယ်တကူမှတ်မိမယ်။
အမှိုက်ကို တွေ့ကရာပစ်ရင်တော့ အဲဒီရဲ့ ပြောင်းပြန်ပေါ့။
ဆရာတော် အရှင်ဆေကိန္ဒရဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်း တရားတော်တွေထဲမှာလည်း ဆရာတော် ငယ်စဉ်က အဘွားနဲ့အတူ မနက်အစောကြီးထပြီး သံဃာတွေ ခြေဗလာနဲ့ ဆွမ်းခံကြွမယ့်လမ်း၊အများသူငါ သွားလာကြမယ့်လမ်းကို တံမျက်လှည်း၊ဖုန်တွေ သိပ်အောင် ရေလောင်းတဲ့ အလုပ်ကို ပျော်ပျော်ရွှင်ရွှင်လုပ်ခဲ့ပါတယ်တဲ့။
`ဒီလို တံမျက်လှည်းခဲ့တာကြောင့်လည်း ဒို့များဘဝဖြောင့်ခဲ့တာ ´ လို့ ဟောခဲ့ပါတယ်။
တံမျက်လှည်းရခြင်းအကျိုး ၅ပါး ကတော့
(၁)မိမိစိတ်ကို ကြည်လင်စေခြင်း
(၂)သူတပါးစိတ်ကို ကြည်လင်စေခြင်း
(၃)နတ်တို့ ချစ်ခင်မြတ်နိုးခြင်း
(၄)ကြည်လင်ဖွယ်ကိုဖြစ်စေတတ်သောကြောင့် ကုသိုလ်ကောင်းမှု ဆည်းပူးနိုင်ခြင်း
(၅)သေသည်၏ အခြားမဲ့၌ နတ်ရွာ သုဂတိသို့လားရခြင်း တွေပါတဲ့။
နတ်ချစ်တာ၊သေရင် နတ်ပြည်ရောက်တာတွေ ဟုတ်မဟုတ် မသိနိုင်ပေမယ့် ကိုယ့်စိတ် သူများစိတ်ကြည်လင်စေတဲ့ အတွက် လူချစ်လူခင်ပေါမှာတော့ အမှန်ပါပဲ။
အမှိုက်ကောက်တဲ့ ပရဟိတ သမားလေးတွေကို မျက်မှန်စိမ်း မတပ်ထားတဲ့ သူတိုင်း ချစ်ခင်ကြတာပေါ့။
ဒါ့ကြောင့် ချစ်မိတ်ဆွေများကို
အမှိုက်တစ တွေ့ရှိက၊ကောက်ယူမနှေး ကုသိုလ်ရေး။
စိတ်ကြည်လင်ဖို့ ဉာဏ်ကောင်းဖို့၊ အမှိုက်ကောက်ကြပါစို့ ။
လို့ တိုက်တွန်းလိုက်ချင်ပါတယ်။
14 comments
Mike
January 19, 2015 at 10:35 am
.အလွန်လှပတဲ့ အတွေးလေးပါပဲ…ဟုတ်တယ်ဗျ….နောင်မသိနိုင်တဲ့ဘဝတွေမှာ ဘာဖြစ်မယ်တော့မသိ
.လက်တွေ့ လုပ်ပြီးပြီးချင်းကို (၁)မိမိစိတ်ကို ကြည်လင်စေခြင်း
(၂)သူတပါးစိတ်ကို ကြည်လင်စေခြင်း…ဆိုတဲ့အကျိူ းနှစ်ပါးရသဗျ
.အဲ့ဒါနဲ့တင် သန့်ရှင်းရေးလုပ်ပျော်ပါသဗျာ…
.ကျုပ်လည်းတတ်နိုင်သလောက်လုပ်နေပါသဗျ :))
padonmar
January 20, 2015 at 9:39 pm
ဦးမိုက် မနက်ဆို နေတဲ့ တိုက်ဘေးပတ်ဝန်းကျင်တွေ တံမျက်စည်းလှည်းတယ်ဆိုတာ ဖတ်ဖူးပါတယ်။
သာဓုပါ။
manawphyulay
January 20, 2015 at 10:07 am
ဟုတ်ကဲ့ အရင်တုန်းကတော့ တစ်ပတ်တစ်ခါ ရွှေတိဂုံစေတီတော်ကြီးမှာ တံမြက်လှည်း ဘုရားသန့်ရှင်းရေးလုပ်နဲ့ ပုံမှန်လုပ်ဖြစ်ပါတယ်။ ခုတော့ အလုပ်မအားတာရယ် သင်တန်းတွေ ပြေးတက်နေရတာနဲ့ဆိုတော့ ဘုရားကိုတောင် မရောက်ဖြစ်ဘူး။ တီဒုံရေ အချိန်လေး ပြန်ယူပြီး ကုသိုလ်အရေး ပြန်လုပ်ဦးမှာပါနော်။
padonmar
January 20, 2015 at 9:56 pm
မနောရေ၊
ဘုရားမှာ တံမြက်လှည်းမှ ကုသိုလ် မဟုတ်သေးဘူးနော်။
ကိုယ့်အိမ်၊ကိုယ့်ရုံးဆိုလည်း ကုသိုလ်ပါပဲ။
Shwe Ei
January 20, 2015 at 12:50 pm
-သူများ ပစ်တဲ့ အမှိုက်တွေ လိုက်မကောက်နိုင်သေးပေမဲ့..ကိုယ်တိုင်တော့ တွေ့ကရာနေရာ အမှို့က်မပစ်မိအောင်…နေတတ်နေဘာဘီ။
-တစ်ဦးတစ်ယောက်ချင်းစီသာ..စည်းကမ်းရှိကြရင် ကောက်စရာအမှိုက်တောင်..ရှိပါတော့မလား 🙂
padonmar
January 20, 2015 at 9:58 pm
လူတိုင်း စနစ်တကျ အမှိုက်ပစ်တတ်ဖို့ တော့ လိုပါသေးတယ် မမပြာရေ။
အမှိုက်ပစ်သူရှိတော့လည်း ကောက်ရင် ကုသိုလ်လုပ်ဖြစ်တာပေါ့လို့သာ စိတ်ဖြေရတာပဲ။
Ma Ma
January 20, 2015 at 5:53 pm
ပိုစ့်ခေါင်းစဉ်ကို ကြည့်လိုက်တာနဲ့တင် ဒါ့ငါ့အမွှာညီအမလက်ရာပဲဆိုတာ သိလိုက်တယ်။ :k:
ကိုယ်သိသလို၊ သိစေချင်၊ ကောင်းစေချင်တဲ့ ကုသိုလ်စိတ်ကို သာဓု ခေါ်ပါတယ်။
လိုက်နာနိုင်အောင်လည်း ကြိုးစားပါ့မယ်။ 🙂
padonmar
January 20, 2015 at 10:00 pm
ကိုယ်ကလည်း အမှိုက်လို့ ကြားရင်ကို မနေနိုင်ဘူး။
ကြာရင် နာမည်တောင် အမှိုက်ဒုံလို့ ပြောင်းရတော့မလား မသိဘူး။
နည်းနည်းသိရင်လည်း များများပြောချင်တယ်။
ဆရာလုပ်တာခံလို့ ကျေးကျေး။
aye.kk
January 21, 2015 at 12:38 am
မပဒုမ္မာရေ..။
မရေးတဲ့ပို ့စ်လေးဖတ်ပြီး၊တိုက်ဆိုင်လို ့ပြောပြချင်မိတာပါ။
ကျမနေတဲ့မြို ့မှာပါ၊အများပြည်သူသွားလာနေတဲ့၊လမ်းမကြီးတစ်လျောက်၊နံနက်တိုင်း၊အစောကြီးထပြီး
တံမျက်စီးလှည်းတယ်။နေ ့စဉ်နံနက်တိုင်း၊စောစောထပြီး၊မိုးရွာရွာ၊နှင်းကျကျ၊ဝတ္တရားမပျက်ပဲ၊
တံမျက်စီးလှည်းတဲ့၊ကျမအသိမိတ်ဆွေကြီး၊ဦးရွှေလင်းလို ့ခေါ်တဲ့သူပါ။
သူသေသွားတော့၊အသုဘချမဲ့နေ ့၊မနက်ထဲကရာသီဥတုက မိုးတွေရွာပြီး
ပြင်းထန်နေတယ်။မုန်တိုင်းရှိပြီး၊မိုးရွာသွန်းမယ်လို ့ ့ကြော်ငှာခံထားရပါတယ်။
အသုဘချတဲ့အချိန်ရောက်တော့ လေကြီးမိုးကြီးတိတ်ပြီး၊ကောင်းကင်တစ်ခုလုံးမိုးအုံ့ဆိုင်းသွားပြီး၊
သာယာပြီးနေပျောက်ထိုးထားတယ်။ရုတ်ချည်းရာသီဥတုကောင်းမွန်သွားတာ၊သင်္ဂြိုလ်ပြီးစီးတဲ့အထိပါဘဲ။
အသုဘလိုက်ပို ့တဲ့သူတွေကပါ၊ထူးဆန်းလို ့အံ့အားသင့်ကုန်ကြတယ်။သူပြုခဲ့တဲ့နေ ့စဉ်တံမျက်စီးလှည်းတဲ့ အကြောင်းတရားကြောင့်လို ့အသုဘပို ့တဲ့သူတွေ အားလုံးရဲ ့ပါးစပ်ဖျားမှာ ပြောစမတ်ဖြစ်ကုန်ကြတာပေါ့နော်။
သူ ့အိမ်သားမသားစုတွေတွအားလုံးကလည်း၊သူပြုလုပ်ခဲ့တဲ့၊တံမျက်စီးလှည်းတဲ့စေတနာကံ
အကြောင်းတရားကြောင့်ဆိုတာကို၊ယုံကြည်ကြတယ်။သူသေတော့လည်းအပုတ်နံ ့ကင်းတယ်။ ထူးခြားတာပေါ့နော်၊အဲဒီလို အများကောင်းကျိုးအတွက်ပြုလုပ်ခဲ့တဲ့အတွက်၊သူ ့သမိုင်းက၊ယနေ ့အထိ ကျမတို ့မြို ့မှာ၊နာမည်ကျန်ရစ်နေဆဲပါ ၊သူပြုခဲ့တဲ့ကောင်းမှုအကြောင်းတရားကြောင့်ပေါ့နော်။
ကျမမှတ်မိတဲ့အရွယ်ထဲကနေ၊ကြီးပျင်းလာတဲ့အထိပါဘဲ၊ကျမအလုပ်ကြောင့်တစ်နယ်တစ်ကြေးပြောင်းရွေ
့ပြီး၊အလည်ပြန်လာတဲ့အခါတိုင်းလည်း၊သူ ့ကိုပုံမှန်တံမျက်စိးလှည်းနေတာမျက်မြင်တွေ ့ခဲ့ပါတယ်။
ဦးရွှေလင်းကတော့၊ကျမတို ့မြို ့မှာဆို ချမ်းသာပြီးပြေလည်တဲ့သူတစ်ယောက်ပါ။သူကိုယ်တိုင်လည်း၊တံမျက်စီးလှည်းပီး၊ကုသိုလ်ယူရတာကို
အမြဲဂုဏ်ယူနေတတ်ပါတယ်။သူ ့ကိုမလေးစားဘဲ၊ဘယ်သူမှမနေနိုင်ကြပါဘူး။တံမျက်စီးလှည်းပြီးကုသိုလ်
အကျိုးသယ်ပိုးဆောင်ရွက်ခဲ့တဲ့၊ဦးရွှေလင်းကို၊ကျမတို ့တစ်မြို ့လုံးက၊လေးစားကြတယ်။
တံမျက်စည်းလှည်းပြီး၊သူပြုခဲ့တဲ့၊ကုသိုလ်စေတနာကံအကြောင်းတရားကြောင့်ဆိုတာ၊ကျမလက်ခံ
ယုံကြည်မိပါတယ်။။
kai
January 21, 2015 at 6:22 am
အယ်လ်အေမှာ.. လူတချို့က…အမှိုက်သိမ်းကုမ္ပဏီကြီးတွေထောင်..အစိုးရနဲ့ကန်ထရိုက်ချုပ်…
နေပူပူ..မိုးရွာရွာ..ငလျှင်လှုပ်လှုပ်..အမှိုက်သိမ်းတဲ့အလုပ်လုပ်ကြတယ်…။
တြံမက်စည်းလှည်းကားကြီးတွေများ… ပြောင်နေအောင်ကိုရေပါဖြန်းပြီးလှည်းတာ…။
အမှိုက်ကြီးကြီးကျန်နေရင်လည်း… သိမ်းတဲ့ကားကသပ်သပ်တစင်း..။
ခွေးသေ..ကြောင်သေ..တွေ့ရင်လည်းကောက်တင်..။
လူ၁၄သန်းလောက်မြို့ကြီးများ..အဲဒီအမှိုက်လှည်းလုပ်သားတွေကြောင့်.. ပြောင်လို့…။
သူတို့သေရင်..ဘာများဖြစ်မလည်းမသိ…။
အဲ..
ဆေးရုံ.. သချို်င်း..တွေကတော့.. ဆားဗစ်အပြည့်….။
နေပြင်း.. နှင်းကျ… မိုးရွာလည်း.. သဘာဝကိုအကြောင်းပြ..မရပ်မနား.. အချိန်မနောက်ကျ..။
အလောင်းကိုအလှပြင်..။ အလှမပျက်အောင်ပြုစု..။ သေသေချာချာထုတ်ပ်ိုး.. ပန်းစည်းတွေနဲ့ပိုကြ..။
သချိ င်္ုင်းမြေဆိုလည်း.. ပန်းခြံနဲ့တောင်မှားအောင်သန့်ရှင်း…။
ကုသိုလ်…ကုသိုလ်..
ရှေ့ဘဝ..နောက်ဘဝ..ဘေးဘဝ..ဘဝတွေစောင့်နေစရာမလို..
လူတွေကလုပ်တဲ့..လူတွေကပေးတဲ့.. လက်ငင်းအကျိုးပေးကုသိုလ်…။ :k:
Mr. MarGa
January 21, 2015 at 11:36 am
သူများ အမှိုက်တော့ သိပ် ဂရုမစိုက်မိသေးဘူး
ကိုယ့်အမှိုက်ကိုယ်တော့ အတော်လေး ဂရုတစိုက် ပစ်မိနေတယ်။
တံမြက်လှည်းတာကတော့
ဟီးးး ခုထိ ဝေးဆဲ
အလင်းဆက်
January 21, 2015 at 3:46 pm
.လောလောဆယ်… ကိုယ့်ကြောင့် အမှိုုက်မပွအောင်…
အမှိုက် မပစ်မိအောင်…နေနေပါတယ်…
:kwi:
မြစပဲရိုး
January 22, 2015 at 5:33 am
တို့ ချစ်အစ်မဒုံတော့ စည်ပင် က သန့်ရှင်းရေးသမား တွေ အလုပ်မရှိ အောင် ကူညီနေပါရော့လား။
အဲ့လိုလုပ်ကြလို့ အမှိုက်မရှိရင် သူရို့ ကို ဘာလုပ်ခိုင်းရပါ့။
သများ က မတူအောင် တွေးကြည့်တာ။
jk :-))))
Kaung Myat Thu
February 3, 2015 at 4:01 pm
ဘုရားပေါ်ကအမှိုက်တွေရှင်းအောင်ကုသိုလ်ပြုသလို ကျွန်တော်တို့ရင်ထဲမှာရှိနေတဲ့အမှိုက်တွေကိုရှင်းပစ်နိုင်ရင်အကောင်းဆုံးဖြစ်မယ်ထင်တယ်နော်