ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၃ (မခေါ်တမ်း ကစားခြင်း)

CourageFebruary 6, 20151min32610

ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၃

မခေါ်တမ်း ကစားခြင်း

 

ပထမဦးစွာ မောင်ကာကြီးရဲ့ အမှတ်တရကဗျာတွေ အကြောင်းကိုမရေးပြခင် ဆရာမ နုနုရည်(အင်းဝ)ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ မောင်ကာကြီး လုံးဝမကြားဖူးတဲ့ ကဗျာဆရာကြီးတစ်ယောက်ရဲ့ ကဗျာတစ်ပုဒ်ကို ရင်ဘတ်ထဲ ဒိုင်းခနဲ့ဝင်အောင် သွင်းပေးခဲ့တာ ဆရာမ နုနုရည်ပါ။

အကြောင်းစုံကို ခင်းရမယ်ဆိုရင်တော့ တစ်နေ့က စာပေဟောပြောပွဲ အခွေတွေကို နားထောင်နေတုန်း ဩစတေးလျနိုင်ငံ ပါတ်ထ်မြို့မှာ ပြုလုပ်တဲ့ ဟောပြောချက်လေးကို နားထောင်မိခဲ့ပါတယ်။ အဲ့မှာ ဆရာမက ကြည်အောင်ဆိုတဲ့ ကဗျာဆရာကြီးရဲ့ အကြောင်းကို သိုင်းကာ ဝိုင်းကာ ပြောရင်းနဲ့ သူ့ရဲ့ ကဗျာတွေကိုလဲ ရွတ်ပြခဲ့တာပေါ့။ အဲ့အချိန်မှာပဲ မောင်ကာကြီး အခုပြောမယ့် ကဗျာလေးဟာ ရင်ထဲကို ဆိုင်းမဆင့် ဗုံမဆင့်ပဲ ဝင်လာခဲ့တယ်ဆိုပါတော့။ ဒါ့ကြောင့်လဲ ဆရာမနုနုရည်ကို ကျေးဇူးတင်တယ်လို့ ဆိုရခြင်းပါ။

မှန်ရာကို ဝန်ခံရရင် ဆရာကြီး ကြည်အောင်ကို မောင်ကာကြီး အရင်က လုံးဝမသိခဲ့သလို သူ့ရဲ့ ကဗျာတွေကိုလဲ လုံးဝ မရင်းနှီးခဲ့ မဖတ်ဖူးခဲ့ပါဘူး။ ဆရာမ နုနုရည်ရဲ့ ဟောပြောချက်ကို နားထောင်ပြီးမှသာ ဆရာကြည်အောင်ဆိုတာ ဘယ်သူလဲဟ ဘာလဲဟ ဆိုပြီး ဝရုံးသုံးကားနဲ့ လက်လှမ်းမှီသမျှရှာဖွေကြည့်မိတော့မှ သူ့အကြောင်းကိုသိ သူ့ကဗျာတွေကို ဖတ်မိခဲ့တာ။ ပြောရရင်လဲ ရှက်စရာပါပါ့။ ဆရာမနုနုရည်ပြောခဲ့သလိုပဲ ၁၉၈၈နောက်ပိုင်းမှ မွေးခဲ့တဲ့ သူတွေဟာ ဆရာကြည်အောင်ကို သိမှာ မဟုတ်ဘူးဆိုတာ သိပ်မှန်တာပဲလို့ မောင်ကာကြီး စိတ်ဖြေခဲ့ရပါတယ်။ ဒါပေမယ့်လဲ ဒီလောက်ေ ကဗျာတွေကို လက်လှမ်းမှီသမျှ ရှာနေရင်းနဲ့တောင် ဘာကြောင့်များ မသိခဲ့ပါလဲလို့ မောင်ကာကြီး ကိုယ့်ကိုကိုယ် ဒေါသထွက်လို့ မဆုံးနိုင်အောင်ပါပဲ။ ဟုတ်တယ်လေ။ ဆရာကြည်အောင်လို ကဗျာဆရာကြီးကို မသိနိုင်လောက်အောင်ကို မောင်ကာကြီးက ညံ့ခဲ့တာပါ။

အခုတော့ အမှတ်တရကဗျာတစ်ပုဒ် အကြောင်းကိုမဆက်ခင် ဒီကဗျာရဲ့ပိုင်ရှင် ဆရာကြည်အောင်ရဲ့အကြောင်းကို အရင်ဆုံး မိတ်ဆက်ချင်ပါတယ်။ ဒါကလဲ သိပြီးသူတွေအတွက်တော့ မလိုအပ်ပေမယ့် မောင်ကာကြီးလို မသိမမှီခဲ့တဲ့ သူတွေအတွက် လိုအပ်မယ် ထင်လို့ပါ။

ဆရာကြည်အောင်ဆိုတာ နယ်နယ်ရရတော့မဟုတ်ဘူးလို့ပဲ မောင်ကာကြီးက ဆိုချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခေတ်သစ်ကဗျာ သမိုင်းကို စတင်ခဲ့တဲ့၊ မန္တလေး တက္ကသိုလ်ဝမ်းကြာတိုက်က မွေးဖွားလိုက်တဲ့ ကဗျာညီနောင်တွေလို့ တင်စားရလောက်အောင် ထင်ရှားခဲ့တဲ့ ကဗျာဆရာကြီးမို့ပါ။ အဲ့ခေတ်တုန်းကတော့ တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင်ဆိုတာ မန္တလေးတက္ကသိုလ် ကဗျာခေတ်မှာ နေလို လလို ထင်ရှားခဲ့တဲ့ ကဗျာဆရာတွေပါ။ ဆရာကြည်အောင်ဟာ ၁၉၃ရခုနှစ် ဖေဖေါ်ဝါရီလ ၂ရရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဇာတိကတော့ အင်းဝ။ အမည်ရင်းကတော့ ကြည်လင်ပါ။ ၁၉၅၉ခုနှစ် ရှုမဝ မဂ္ဂဇင်းမှာ “ဖြစ်အင်”ကဗျာနဲ့ ပထမဆုံး ပုံနှိပ်ဖေါ်ပြခြင်းခံခဲ့ရပါတယ်။ ၁၉၆၃မှာ “လမင်းတရာ”ကဗျာ စာအုပ်နဲ့ အမျိုးသား စာပေဆုကို ရရှိခဲ့ပြီး ၁၉၉ဝခုနှစ်အထိ ကဗျာစာအုပ်များ များစွာကို ရေးသား ထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာတော့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အကြိမ်ကြိမ် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး ပုံနှိပ်ကဗျာ မျက်နှာပြင်ကနေ ပိတ်ပင်ခြင်းခံခဲ့ရသူပါ။ မှတ်တမ်းများအရတော့ ဆရာကွယ်လွန်ချိန် ၂၀၀၉ခုနှစ် မတ်လ၂ရရက်နေ့အထိ ပုံနှိပ်စာမျက်နှာပေါ်မှာ ဆရာ့ရဲ့ ကဗျာတွေကို မတွေ့ရဘူးလို့ မောင်ကာကြီးမှတ်သားခဲ့ရပါတယ်။ ဒါကတော့ ဆရာကြည်အောင်ရဲ့ အတ္ထုပတ္တိအကျဉ်းပါ။

ကဲ ဆရာကြည်အောင်ရဲ့ အကြောင်းကို ပြောပြီးတော့ မောင်ကာကြီးရဲ့ အမှတ်တရ ကဗျာအကြောင်းကို ဆက်ကျဦးစို့။

ကဗျာ ခေါင်းစဉ်လေးက “မခေါ်တမ်း ကစားခြင်း”တဲ့။ အကြောင်းအရာလေးကတော့ ရိုးရိုးလေးပါပဲ။ ချစ်သူနှစ်ဦး စိတ်ကောက်တဲ့ အကြောင်း။ ဒါပေမယ့်လဲ မောင်ကာကြီး ရင်ထဲကို စန်းပြားစွာ ဝင်ရောက်လာခဲ့ပါတော့တယ်။

ချစ်သူရယ်…။ မင်း ကို့ကို စိမ်းရက်နိုင်လို့လား၊ စမ်းရက်နိုင်ပြီလားကွယ်။ မင်းလေး မကြင်နာလို့ စိမ်းကားချင်တယ်ဆိုရင်လဲ ကို့ရဲ့ အဝေးဆုံးကို ရှောင်တိမ်းကာ ထွက်သွားလိုက်ပါလား။ အခုလိုတော့ ကို့ကိုမြင်လေတိုင်း မျက်စောင်းလေး တစ်ချီချီ၊ မျက်မာန်လေး တဝင့်ဝင့်နဲ့ နှင်းဆီဖူးနှုတ်ခမ်းလေး စူတူတူဟန်ပြုရတာ မင့်အတွက် ကို ပင်ပန်းလှပါပြီကွယ်။ ကို့ရင်ထဲမှာ မင်းအတွက် ချစ်ငွေ့တွေ မပျယ်သေးပါဘူး၊ ချစ်စိတ်တွေ မကွယ်သေးပါဘူးကွယ်။ မင်းရင်ထဲမှာလဲ ဒီလိုပဲ ရှိနေမယ်ဆိုတာ ကို အသိပါ။ ဒါနဲ့တောင်မှ ဘာကြောင့်များ မုန်းဟန်ဆောင်ကာ နေတာလဲ။ ဘာလဲချစ်သူ။ ကိုတို့နှစ်ယောက် အကြင်နာ ချစ်တမ်းကစားရတာပျင်းလာလို့လား။ ဒါဆိုရင်လဲ မုန်းတမ်းတော့ မကစားလိုက်ပါနဲ့ မခေါ်တမ်းပဲ ကစားရအောင်လေ။

ခင်ရယ်… နောင်များတစ်နေ့မှာတော့ ခြောက်သွေ့သွေ့ ဆံပင်ရှည် ပွရောင်းရောင်းကြီးရယ် မရိတ်မသင်တာကြာလို့ ထူလဗြစ်ဖြစ်နေတဲ့ မုတ်ဆိတ် နှုတ်ခမ်းမွေးတွေနဲ့ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်ကို လက်ကြားညှပ်ကာ ရောင်ပေပေ ဖြစ်နေတဲ့ ကဗျာဆရာပေါက်စကို ပြန်လည်ကာတွေ့တော့မှ “မောင်ရယ်။ မောင်ဘာဖြစ်လို့ အခုလို လူပေလူတေကြီးလို နေနေရတာလဲ။ မပြင်နိုင် မဆင်နိုင်လောက်အောင် ဘာတွေများ စိတ်ညစ်စရာရှိလို့လဲကွယ်။ ခင့်ကြောင့်ဆိုရင်တော့ ခင်တောင်းပန်ပါတယ်နော်။ ခင်ကလေ မောင့်ကို မမုန်းပါဘူးကွယ်။ အရင်ကလို ချစ်စဲ၊ ချစ်မြဲ၊ ချစ်နေဦးမယ့်သူပါ”လို့ဆိုကာ ကို့ရင်ထဲကို ရှက်ပြုံးလေးနဲ့ ခေါင်းဝင်ခွေ့မယ်တော့ မကြံလေးနဲ့။ ကိုဟာလေ ခင်နဲ့ပတ်သက်လာရင် အမြဲလိုလို တအားမာန်မတင်းနိုင်သူမို့ ချက်ချင်လိုပင် ပျော့သွားမိလိမ့်မယ်။ ခင်ရယ် ကိုအခုလို တေပေနေမိတာ ချစ်ရသူ မင့်အတွက်ပါ။

အကယ်လို့များ ခင်ကသာ “ခင့်မှာလေ လွမ်းရရက်တွေ များလာလို့ မျက်ရည်တွေတောင် ချောင်းစီးနေပါပြီ။ ခင်တို့ရဲ့ မခေါ်တမ်းကစားပွဲလေးကို ရပ်စဲလိုက်ကြရအောင်လေ။ မောင်လဲ အရင်လို မဆိုးနဲ့တော့၊ မမိုက်နဲ့တော့နော်။ ခင်ပြောတာကို နားထောင်နော်” လို့များ မျက်ရည်လေးနဲ့ ဆိုလိုက်ရင်လေ ဒီအမောင်မှာ တင်းထားနိုင်မယ်မထင်ပါဘူး။ ချစ်သူကသာ ဒီလိုပြောမယ် ဆိုရင်တော့ လွမ်းလှသူ ကိုကလဲ ဟန်များတောင် ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ချက်ချင်းပဲ မီးနဲ့တွေ့တဲ့ ရေခဲတုန်းလို တန်းပြီး အရည်ပျော်သွားရမှာပါ။ စိတ်မပူပါနဲ့ ခင်ရယ်။ ခင်ကသာ မကြိုက်ဘူးလို့ဆိုရင် ကိုလေ လူပေကြီး မလုပ်တော့ဘူး။ လက်ဘက်ရည်ဆိုင် တစ်နေကုန်ထိုင်တဲ့ အလုပ်လဲ မလုပ်တော့ဘူး။ အို… ကုန်ကုန်ပြောမယ် ဘဂျမ်းလာတိုက်တဲ့ ကိုကြိုက်လှတဲ့ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်ကိုတောင် မသောက်တော့ဘူး။ တိကနဲနေအောင် ဖြတ်ပစ်လိုက်မှာပါ။

ဒါပေမယ့် ခင်။ နောက်တော့မှ ကို့ကိုလေ မခေါ်ချင်သလို မမြင်ချင်သလိုတော့ ဟန်ဆောင်ကာ မျက်မာန်ယိမ်းပြီး မစိမ်းလိုက်ပါနဲ့ကွယ်။

ကြည့်စမ်း။ ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့ ကဗျာလေးလဲ။ ချစ်သူနှစ်ယောက် စိတ်ဆိုး စိတ်ကောက်ပြီး မခေါ် မပြောကျတာကို တင်စားထားတာ ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလဲ။ မောင်ကာကြီး ခမျာ ဒီကဗျာလေးဖတ်ပြီး နာရီဝက်လောက်ကြာအောင် မရှိတဲ့ချစ်သူကို လွမ်းတောင်လွမ်းမိရဲ့။ မောင်ကာကြီးမှာတော့ ဒီဆရာတွေရဲ့ ဒီကဗျာတွေဖတ်ပြီး ငါဒီတစ်သက် ဘယ်တော့များမှ ဒီလိုကဗျာတွေ ရေးနိုင်ပါ့မလဲလို့ အားတောင်ငယ်တယ်။ တစ်ကယ်ပါ ဝမ်းတောင်နည်းပါ့။

အထက်မှာ ရေးပြခဲ့တဲ့ စကားပြေထဲမှာ “ဘဂျမ်းလာတိုက်တဲ့ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်ကိုတောင် မသောက်တော့ဘူး” ဆိုတဲ့ စာသားလေး ထည့်ရေးခဲ့တာက မန္တလေးတက္ကသိုလ်မှာ သွားအတူလာအတူ ကဗျာရေးဖက်၊ နိုင်ငံအကျိုးအတွက် မမောနိုင် မပန်းနိုင် စွမ်းစွမ်းတမံနဲ့ ဟောပွဲပြောတွေကို အတူတွဲကာ သွားခဲ့တဲ့၊ ကဗျာညီနောင်လို့တောင် ဆိုနိုင်လောက်တဲ့ ဆရာတင်မိုးနဲ့ ဆရာကြည်အောင်တို့ရဲ့ ရင်းနှီးမှုကို ဖေါ်ကြူးချင်တဲ့သဘောနဲ့ ရေးခဲ့တာပါ။ မောင်ကာကြီးထင်ပါတယ်။ ဆရာကြည်အောင် တစ်ဖြစ်လဲ မောင်ကြည်လင်ကလဲ သူတစ်ကယ်သာ ဆေးလိပ်ဖြတ်မယ်ဆိုရင် အရင်ဆုံး ရှောင်ရမယ့်သူက ဆေးလိပ်အရမ်းကြိုက်တတ်တဲ့ ဆရာတင်မိုး တစ်ဖြစ်လဲ မောင်ဘဂျမ်းကို အရင်ရှောင်ရမယ်လို့ အတွေးရှိမှာပါ။ ဟုတ်တယ်လေ။ “ဒီကောင် ဘဂျမ်းနဲ့ တွေ့နေသမျှ ငါ ကြည်လင် ဘယ်လိုမှ ဆေးလိပ် ပြတ်မှာ မဟုတ်ဘူး”လို့ ဆရာကြည်အောင် စဉ်းစားမိမယ်လို့ ထင်ပါတယ်။ ဒါကလဲ မောင်ကာကြီးရဲ့ အတွေးနယ်လွန်ခြင်း တစ်မျိုးပေါ့။

ထားပါတော့လေ။ “မခေါ်တမ်း ကစားခြင်း”ဆိုတဲ့ ဆရာကြည်အောင်ရဲ့ လက်ရာ ကဗျာလေးကို ဒီမှာပဲ တော်လိုက်ရအောင်။ နောက်နောင်များမှာလဲ မောင်ကာကြီး ခံစားမိတဲ့ ကဗျာတွေအကြောင်းကို အခွင့်အကြုံသလို ပြောပြပါဦးမယ်။ မောင်ကာကြီး အရမ်းချစ်တဲ့ ဆရာကြီးရဲ့ကဗျာတွေအကြောင်းကို ရေးရာမှာ စေတနာ လွန်ကဲမှုကြောင့် အမှားပါခဲ့မိရင်လဲ “ဒီသူငယ် သဒ္ဓါဇောကြောင့် မှားမိတာပါလား”လို့ အပြစ်မမြင်ပဲ အချစ်ဝင်ပေးကျပါဦးလို့။ လွန်တာရှိရင် ဝန္ဒာမိပါ။

အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်

Courage

 

မခေါ်တမ်း ကစားခြင်း (ကြည်အောင်)

တမင်စိမ်းပြီပေါ့….
မကြင်လို့ တိမ်းချင်လဲတိမ်းပါ
ယိမ်းသလို ရှောင်သလိုနဲ့
ဟန်ဆောင်ကာမျက်မာန်တင်း
မြင်ပြင်းကပ်ဟန်တူရဲ့
ငြူစူစူခင့်နှုတ်ခမ်းက
ပန်းနှင်းဆီ မုန်းယောင်သန်း
မခေါ်တမ်း ကစားရအောင်လေ။

နောင်တော့မှ…
မောင်တော့သတိထား
ဟိုသွားဒီလာနဲ့
ကဗျာဆရာ လူတေကြီး
ဆံမဖီးမသင်နဲ့
မုတ်ဆိတ်မျှင် သူ မရိတ်
ဆေးလိပ်တို တဖွာဖွာပေါ့
ယောင်ချာချာမနေပါနဲ့
ခင်ကလေ… မောင့်ကိုမုန်းပါဘု
ရှက်ပြုံးကာ လာမချော့လှာနှင့်
မောင့်မှာလေ… တအားလျော့ပြီ
ခုတော့ တေပေ။

မောင်ရယ်…. လိမ်လိမ်မာမာနဲ့
ခင်ပြောတာ နားထောင်စမ်းပါ
ဒီကလဲသူ့ကိုလွမ်းရတာဘဲ
မခေါ်တမ်းကစားပွဲကို
ရပ်စဲကြစို့လေ….
မျက်ရေနဲ့ ခင့်စကား။

ချစ်သူကပြောတော့…
လွမ်းမောသူ ဟန်မဆောင်နိုင်ဘု
ဆေးလိပ်တောင် ဖြတ်ပစ်မယ်
အချစ်မကြိုက်ယင် မောင်မသောက်ပါ
နောက်တော့သာ… မခေါ်ချင်သလိုနဲ့
ခင်… တမင် ငြိုငြင်တိမ်းပြီး
စိမ်းနဲ့ သိလား။

10 comments

  • မြစပဲရိုး

    February 6, 2015 at 3:11 am

    ဒီတစ်ခါတော့ မောင်ကာကြီး တောင်မှ မသိတာ ဒေါ်လေးမြ မသိတာ မဆန်းပါ နော။
    ဆရာကြီးကြည်အောင် ကို အခုမှ ကြားဖူးပါတယ်။
    ကဗျာလေး ထဲ မှာ မာန ကို ဖယ် ပြီး အလျှော့ပေး လိုက်တာ အမျိုးသမီး လေးပါလားကွဲ့။
    ဟို ကိုယ်တော်ကတော့ တစ်ဖက်လူ စိတ်ကောက်တာ ကို မချော့တဲ့ အပြင် အဝေးသွားပါ ပြောနေသေး။
    🙄
    ထင်ရာ ဝေဖန်ရေး လုပ်သွားသည်။ 😉

    မောင်ကာကြီး ကဗျာ မရေးနိုင်ဖူး ဆိုတာ လုံးဝ (လုံးဝ) မယုံပါရှင်။
    မရေး တာဟာ မရေးချင်တာ ဘဲ ဖြစ်မည်။ :))

  • kai

    February 6, 2015 at 3:45 am

    အမှတ်မမှားရင်.. ဆရာစွမ်း(မောင်စွမ်းရည်)လည်း.. ဆရာကြည်အောင်အကြောင်း.. သတင်းစာမှာညွှန်းရေးဖူးတယ်..။
    ပြန်ရှာကြည့်ဦးမယ်..။

    အနုပညာသည်.. အနုပညာအတွက်ဆိုတာလေး.. လှပါ့..။ :k:

    “Art for art’s sake” is the usual English rendering of a French slogan from the early 19th century, ”l’art pour l’art”, and expresses a philosophy that the intrinsic value of art, and the only “true” art, is divorced from any didactic, moral or utilitarian function.
    Art for art’s sake – Wikipedia, the free encyclopedia
    en.wikipedia.org/wiki/Art_for_art’s_sake

  • Kaung Kin Pyar

    February 6, 2015 at 9:52 am

    လှလိုက်တဲ့ကဗျာလေး…
    အရမ်းလှတဲ့ ကဗျာလေးပါ…
    ကဗျာတိုင်းမခံစားတတ်ပေမယ့်….ဒီကဗျာလေးတော့ ခံစားမိတယ်…။

  • Mike

    February 6, 2015 at 11:40 am

    .ဆရာကြည်အောင် ရဲ့ကဗျာတွေတော့ မဖတ်ဖူးဘူးဗျာ..ခုမှဖတ်ဖူးတယ်
    .ဒီကဗျာလေးက ချစ်စရာလေးပါ

  • ခင်ဇော်

    February 6, 2015 at 11:44 am

    ဖတ်ပြီး မခေါ်တမ်းကစားချင်ထာ။
    ရန်သွားစအူးမှပဲ။

    :mrgreen:

    • Shwe Ei

      February 6, 2015 at 4:57 pm

      -ဘူ့ကိုလဲငင် ???

      • ခင်ဇော်

        February 6, 2015 at 5:14 pm

        ကံဆိုးးးသူ မောင်ရှင် ပဲ
        လောလောဆယ်တော့ မင်းးးသားးးဂျီးးးပဲမြင်
        :k:

  • အလင်းဆက်

    February 6, 2015 at 5:09 pm

    ကျန်တာတွေ အကုန်ဖတ်ပြီး…စီးမျောသွားလိုက်တာ..ချော….လို့ပဲ..
    အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည် ဆိုတဲ့ စာတန်းကြီး မြင်လိုက်ရင်တော့…
    တွန့်ခနဲ ဖြစ်ဖြစ်သွားတယ်…

    အင်း…ရေးဦးမှ…
    အဲ…မရေးခင်..တွေးဦးမှ…

  • Ma Ma

    February 6, 2015 at 5:54 pm

    စာ၊ ကဗျာ၊ ပန်းချီ စသဖြင့် အနုပညာကို အနုပညာသမားက ခံစားတင်ပြတာမျိုးကို အလွန်သဘောကျလို့ နောက်ထပ်လည်း မျှော်လင့်နေပါတယ်။

    ကဗျာကလည်း ကောင်း။
    ခံစားတင်ပြသူကလည်း ကောင်း။
    အားလုံးကောင်းတော့ ပန်းဝေသီ

    အဲ-
    အားလုံးကောင်းပေမယ့် စာလုံးပေါင်းသတ်ပုံလေးတွေ တခုတလေ ကျကျန်နေတာတွေ့ရလို့
    ပညာရှိသတိဖြစ်ခဲမို့ သတိလေးတချက်ပေးပါရစေ။
    (ပိုကောင်းစေချင်တဲ့ စေတနာနဲ့ ခင်လို့ပြောတာမို့ လွန်တယ်ထင်ရင်ခွင့်လွှတ်ပါ။)
    ပုံ/
    သတ်ပုံဂိုဏ်း
    မြန်မာ့ဂေဇက်
    :k:

    • Courage

      February 6, 2015 at 9:56 pm

      ကျောင်းတုန်းက စာမကျေခဲ့တာလို့ပဲ ဝန်ခံပါရစေ။ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်လဲ စာလုံးပေါင်းမှားတဲ့ အကျင့်ကအခုထိ ပြင်လို့မရတဲ့ အားနည်းချက်ကြီး တစ်ခုလို ဖြစ်စဲပေါ့။
      မှားထာရှိ အမှန်ပြင်လို့ရအောင် သင်ပြပေးစေလိုပါတယ် 🙂

Leave a Reply