ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၄ (တသသ ဖေဖေါ်ဝါရီ ၁၃)
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ-၄
တသသ ဖေဖေါ်ဝါရီ ၁၃
အစကတော့ “ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၄” ကို တခြား ကဗျာ တစ်ပုဒ် ဖေါ်ပြဦးမလို့ပါပဲ။ ရေးလဲရေးပြီးသားပါ။ ဒါပေမယ့် ဒီစာစဉ် တင်ရမယ့်နေ့က ဖေဖေါ်ဝါရီ ၁၃ ဖြစ်နေတော့ တခြား ကဗျာ တစ်ပုဒ် အကြောင်းကို ဖေါ်ပြတာထက် ဒီ ၁၃ ရက်နေ့နဲ့ ဆိုင်တဲ့ ကဗျာတွေ အကြောင်းပဲတင်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သိကျတဲ့ အတိုင်းပဲလေ ဖေဖေါ်ဝါရီ ၁၃ ဆိုတာက တခြားနေ့မှ မဟုတ်ပဲ။ မောင်ကာကြီးတို့ နိုင်ငံရဲ့ လွတ်လပ်ရေး ပိသုကာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့လေ။ ဪ ဘာလိုလိုနဲ့ အကယ်၍များ ဗိုလ်ချုပ်သာ အသက်ရှိနေဦးမယ်ဆို အသက် ၁၀ဝ တောင် ပြည့်လေပြီပဲ။
ကဗျာတွေ အကြောင်းကို မစခင်မှာ အခုလို ဗိုလ်ချုပ်အကြောင်းကို ရေးရတာဟာ မောင်ကာကြီး တစ်ယောက် ဒီနှစ်မှ ရောင်တော် ပြန်နဲ့ ရောလွှတ်တာ မဟုတ်သလို၊ သူများတွေ ရာပြည့်လို့ လိုက်ပြီး ရာပြည့်တာလဲ မဟုတ်ကြောင်းကို အသိပေးပါရစေ။ မှတ်မိသလောက် ဖေဖေါ်ဝါရီ ၁၄ မှာ အမှတ်တရမရှိတဲ့ မောင်ကာကြီး အဖို့ ဖေဖေါ်ဝါရီ၁၃ မှာ အမှတ်တရတွေ လုပ်ခဲ့တာ ကြာပါပြီ။ သိသာတဲ့အမှတ်တရ အနေနဲ့ လုပ်ဖြစ်တာက ၂၀၁၃တုန်းက Facebookက မောင်ကာကြီးနဲ့ သူငယ်ချင်းတွေ ထောင်ထားတဲ့ “မဖတ်ချင်လဲဖတ်” ဆိုတဲ့ Page မှာ “တစ်ဆယ့်သုံး” ဆိုတဲ့ ကဗျာလေးကို ရေးဖြစ်ခဲ့ခြင်းပါ။ ဒီအကြောင်းတွေကို ရှင်းပြနေရတာကလဲ အစပြောခဲ့သလိုပဲ ဒီနေ့မှာ တင်ဖို့လုပ်ထားတဲ့ စာကို ချန်ပြီ ဗိုလ်ချုပ် အမှတ်တရ ကဗျာတွေ အကြောင်းကိုပဲ ဖေါ်ပြမယ်လို့ ဆိုခဲ့တာ ပေါ်ပင် လုပ်လိုချင်း အလျင်းမရှိကြောင်းကို ဝန်ခံချင်လို့ပါ။
ကဲ အခုတော့ ဗိုလ်ချုပ် အမှတ်တရ ကဗျာလေးတွေ အကြောင်းစလိုက်ရအောင်။
“ဪ… … … အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့် နှော၊ အခေါင်မမြန်းခင်က အောင်စာတမ်း ချို့စေဘို့ အောင်ပန်း ညှို့ရရှာတဲ့ တောင်တမန်း တို့ဗမာမှာ အဟောင်း သံသရာ အငုတ်တွေနှင့် အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့် သောင်းမြန် မရဏာစမုတ်မှာတော့ချုပ်သနဲ့ ယင်းအလိုတွင် ဒေါင်းလံပုဝါ အုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြီုဟ်ချင်”
ဒီကဗျာရရဲ့ ကာရံအသွားအလာကို ကြည့်ရုံနဲ့ ကဗျာရေးသူဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှန်း သိပြီးကျရောပေါ့။ ဟုတ်ပါတယ်။ ဒီကဗျာဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ “အာဇာနည်ဗိမာန်” လေချိုးကြီးရဲ့ အဖွင့်စာပိုဒ်ပါပဲ။ ဆရာကြီးရဲ့ ဆိုလိုရင်းကို အကျဉ်းအနေနဲ့ ပြောရရင်တော် “ဪ… ဖြစ်မှ ဖြစ်ရလေ ငါ့တပည့်တွေရယ်။ တို့တိုင်းပြည် တို့လူမျိုးတွေရဲ့ အမြင်ချင်ဆုံး အထွဋ်အထိပ် ပန်းတိုင်ဖြစ်တဲ့ လွတ်လပ်ရေး အောင်ပွဲကြီးမတိုင်ခင်မှာ သံသရာ ဝဋ်ကြွေးတွေကြောင့် မရဏလမ်းကို မြန်းရရှာတဲ့ အောင်ဆန်းတို့ကိုလေ ဒေါင်းအလံလေးသာ အုပ်ပြီး သဂြိႌုဟ် လိုက်ချင်ပါရဲ့ကွယ်”။ လူကြီးတွေကို အားကိုးနေလို့ကတော့ ဒီနိုင်ငံ လွတ်လပ်ရေး ရမှာ မဟုတ်ဘူးဆိုကာ လူငယ်တွေကို မြှောက်စားရုံမက သူကိုယ်တိုင်ပါ သခင်ဘွဲ့ကို ခံခဲ့တဲ့ ဦးလွမ်းမောင် တစ်ယောက် ကွယ်လွန်သူ သူ့တပည့်တွေကို လွမ်းဆွတ်ပုံလေးက ဝမ်းနည်းဖွယ်ပါပါ့။
ဆရာမှိုင်းလိုပါပဲ။ သူ့ရဲ့ လုပ်ဖေါ်ကိုင်ဖက် ဦးအောင်ဆန်းကို လွမ်းဆွတ်ခြင်း အမှတ်တရကဗျာကို ရေးခဲ့တာက ဆရာဇော်ဂျီ။ သူ့ရဲ့ လွမ်းဆွတ်ပုံကျ လူငယ်နောင်လာ နောက်သားတွေကို မင်းတို့ နိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးက ဘယ်သို့ ဘယ်ပုံ ဖြစ်ခဲ့တာပေါ့ဆိုပြီး သက်ငယ်တွေအတွက် သက်ကြီး စကားပြောရင်း တမ်းတပုံနဲ့လေ။
“ ညီလေး မောင်သစ်ဆင်းရေ။ အခုဆိုရင် မင်းရဲ့ သားငယ်လေးဟာ အသက်နှစ်ဆယ်တောင် ပြည့်လေပြီပဲ။ သူသုံးနှစ်သား အခါတုန်းက သူငယ်ချင်းတွေနဲ့ အတူ ဆော့ကစားနေရာကနေ သူတို့ရဲ့ကစားစရာ နွားရုပ်လေးကို ပြစ်ချပြီး မင်းရင်ခွင်ကို ပြေးဝင်ခဲ့တဲ့ အမူအရာလေးကို အကိုကြီးတော့ အခုထိ မှတ်မိနေတုန်းပဲကွာ။ တဖွဲဖွဲမိုးစက်တွေကြားမှာ ဟိုမှဒီမှ ပြိုကျလာတဲ့ ကျီးအုပ်ကြီးရဲ့ တအာအာအသံကိုလဲ အကိုကြီး မှတ်မိသေးရဲ့။
အဲ့ဒီ့နေ့ကပဲ ကိုကြီးတို့ရဲ့ ပြည်သူ့ အချစ်တော် သခင်အောင်ဆန်းတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့်ခဲ့ရရှာလေပြီ ဆိုတဲ့ သတင်းကိုကြားလိုက်ရခြင်းကလဲ လောကဓါတ်တစ်ခုလုံးကို မိုးထစ်ချုန်းသံကြီး ပေါက်ခွဲလိုက်သလိုပါပဲ။ ဝမ်းနည်းမှုတွေ၊ မချင်မရဲဖြစ်မှုတွေနဲ့ ညှိုးငယ်နေကျတဲ့ မျက်နှာတွေကိုလဲ နေရာအနှံ့မှာ မြင်နေရလို့ပေါ့။
ဒီမယ် ငါ့ညီ မောင်သစ်ဆင်း။ မင်းရဲ့ အသက်နှစ်ဆယ်အရွယ် သားငယ်လေးကို ပြောပြလိုက်စမ်းပါ။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်မြတ်နိုးခြင်းဟာ မွန်မြတ်ပါတယ်လို့။ ငါတို့ရဲ့ ပြည်သူ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ သတ္တိတွေ၊ သမာဓိတွေ၊ ပညာတွေ အကြောင်းကို ပေါင်းစုံလို့ ပြောလိုက်စမ်းပါ။ ယောက်ျားကောင်းဆိုတာ ဘယ်လို၊ ခေါင်းဆောင်း ကောင်းဆိုတာ ဘယ်ပုံ ဆိုတာ မင်းရဲ့ သားချောလေးကို ဆိုဆုံးမလိုက်စမ်းပါကွာ။”
ဪဆရာဇော်ဂျီလဲ လူငယ်တွေကို သံယောဇဉ်ကြီးရှာသား။ သူတို့လေးတွေကို ကောင်းစေချင်တဲ့ စိတ်ထားကိုလဲ ဒီ “ပြောလိုက်ပါဘိ ဟောပါဘိ”မှာ အတိုင်းသား မြင်နေရတာပေါ့။ ဒီ့ပြင် ကလေးတွေကို ဆုံးမရာမှာလဲ တခြားသူနဲ့ ဥပမာမပေးပဲ လွတ်လပ်ရေးဖခင်ကြီးနဲ့ပဲ ဥပမာပေး ဆုံးမတတ်ပုံကလဲ လူငယ်တွေကို နာခံလွယ်စေလှတာပေါ့။ မောင်ကာကြီးတို့တွေလဲ ဗိုလ်ချုပ်လို သူရဲကောင်းကြီးကို အားကျတာပေါ့ ဆရာရယ်။ ဗိုလ်ချုပ်ရဲ့ သတ္တိ၊ ဇွဲ နဲ့ ရောင့်ရဲနိုင်မှုမျိုး တပည့်တို့ တွေလဲ လိုချင်တာပေါ့ ဆရာရယ်။ ဒါနဲ့ စကားစပ်မိလို့ ပြောရဦးမယ်။ အကယ်၍များ ဗိုလ်ချုပ်က သူဇနီးကို “ကြည်ရေ။ ပဲပြုပ်နဲ့ နံပြားရရင် စားချင်တယ်” လို့ မဟုတ်ပဲ။ “ဘဲကင်နဲ့ ခေါက်ဆွဲကြော် စားချင်တယ်” လို့များ ရေးခဲ့ရင် မောင်ကာကြီး တို့တွေ ဘဲကင်ရယ် ခေါက်ဆွဲကြော်ရယ် အလကားစားရမှာ ဗျ။ ဟဲ ဟဲ။ အပျော်သဘောနဲ့ ပြောတာပါ။ တကယ်တော့ ဒီပဲ ပြုပ်နဲ့နံပြားဆိုတာကိုက ဗိုလ်ချုပ်ရဲ့ ထင်ရှားလှတဲ့ ရိုးဂုဏ် တစ်ခုပေါ့။
ဆက်လက်ပြီး ဖေါ်ပြမယ့် ကဗျာကတော့ ဆရာမ နုယဉ်ရဲ့ ကဗျာပါ။ ဆရာမနုယဉ်ဆိုတာ တခြားသူတော့ မဟုတ်ပါဘူး။ ဆရာ မင်းသုဝဏ်ရဲ့ ညီမပါ။ ဆရာမရဲ့ အကြောင်းကိုတော့ နောက်များ စကားစပ်မိမှပဲ ပြောပါဦးမယ်။ အခုတော့ ဆရာမနုယဉ်ရဲ့ ဂုဏ်ပြု ကဗျာလေး အကြောင်းပဲ ပြောကျစို့။ ကဗျာလေးရဲ့ ခေါင်းစဉ်ကတော့ “ဇာနည်ဖွား”တဲ့။
“တစ်နေ့သော ရက်တစ်ရက်မှာ အမိမြေအတွက် ထူးခြားသော အာဇာနည်တစ်ယောက် မွေးဖွားလာပါတယ်။ သူဟာ ငယ်စဉ်ကတည်းက တစ်ခြားကလေးငယ်လေးများ ပြေးလွှားဆော့ကနေချိန်မှာ မကစားပဲ ဒေါင့်တစ်နေရာမှာ ထိုင်ပြီး မျက်လွှာမခတ်တမ်း အတွေးနက်နေခဲ့သူပေါ့။ တက္ကသိုလ် ကျောင်းသားဘဝကို ရောက်ပြန်တော့လဲ ထူးချွန်တဲ့ ကျောင်းသားတစ်ဦး ဖြစ်ခဲ့ရုံမျှမက ဇာတိသွေး ဇာတိမာန် ထက်သန်တဲ့ လူငယ်တစ်ဦးအဖြစ် ထင်ရှားခဲ့ပါတယ်။ အသက်သုံးဆယ် စကောစက အရွယ်မှာပဲ သူရဲ့ သတ္တိတွေ ရဲရင့်မှုတွေကြောင့် အမိနိုင်ငံရဲ့ သားကောင်းရတနာ အာဇာနည်အဖြစ် ရှေ့ဆောင် လမ်းပြဖြစ်ခဲ့ပါပြီ။ ဪ သို့ပေမယ့် သူဟာ အကြွေစောခဲ့ရပါတယ်။ ဘယ်လိုပင် သူ့အသက်ခန္ဓာ ပျက်သုဉ်းခဲ့ပြီ ဆိုကျပါစေ သူ့ရဲ့ အာဇာနည်ပီသတဲ့ သတ္တိ၊ ကြီးမားတဲ့ မေတ္တာနဲ့ မကြောက်မရွံ့ နောက်မတွန့်တဲ့ ရဲရင့်မှုတွေဟာ ထာဝရတိုင် တည်တံ့နေဦးမှာပါလေ”။ ဒီကဗျာလေးကတော့ ရိုးပါတယ် ရှင်းပါတယ်။ ဗိုလ်ချုပ်ရဲ့ အတ္ထုပတ္တိ အကျဉ်းလေးကို ဖတ်လိုက်ရသလိုပါလဲ။ ဒါမဲ့ ကျစ်လစ်တဲ့စကားလုံးလေးတွေက မောင်ကာကြီးတို့ကို အတွေးများစွာပေးလို့ပေါ့။
ဆရာမ နုယဉ်ရဲ့ ဂုဏ်ပြု ကဗျာအကြောင်းဖေါ်ပြပြီးမှတော့ သူ့အကို ဆရာ မင်းသုဝဏ်ရဲ့ ကဗျာကို မရေးပြရင် ဘယ်တရားရာ ရောက်ပါ့မလဲ။ ဒီတော့လဲ ဆရာမင်းသုဝဏ်ရဲ့ “အတိတ်နှင့်ပစ္စုပ္ပန်” ဆိုတဲ့ ကဗျာလေးကိုဆက်ကျဦးစို့။
ဒီကဗျာကတော့ မောင်ကာကြီး ဖတ်ဖူးတဲ့ ဗိုလ်ချုပ် အမှတ်တရ ကဗျာတွေထဲမှာ အတိုဆုံးလို့တောင် ဆိုနိုင်ပါတယ်။ စာလေး ၁၁ကြောင်းထဲနဲ့ ဗိုလ်ချုပ်ရဲ့ စိတ်သဘောကို ရှင်းလင်းအောင် ရေးသားနိုင်တာကလဲ ဆရာမင်းသုဝဏ်ရဲ့ ပညာပေါ့လေ။
“သူ့အကြောင်းကို မသိတဲ့လူတွေ၊ သူ့ကို မလိုတဲ့လူတွေကတော့ သူ့အကြောင်း အပုတ်ချကျတယ်လေ။ ဒါမဲ့ သူဟာ အလွန်တရာမှ သိမ်မွေ့တဲ့ စိတ်ထားဖြူစင်တဲ့ ထူးချွန်သူ လူတစ်ယောက်ပါ။ သူ့အကြောင်း မသိသေးတဲ့ သူတွေက သူ့ကို မမြင်ရလို့တဲ့ ပြောနေကျပြီ။ သူ့ရဲ့ ပုံရိပ်တွေဟာ ကျုပ်တို့ရင်ထဲမှာ ဘယ်တော့မှ ပြောက်ကွယ်မသွားပါဘူး။ သူ့ရဲ့ မေတ္တာတရားတွေဟာ မိုးပေါက်ပမာ ကြည်လင်စွာ နေခြည်ပမာ လန်းဆန်းစွာနဲ့ ကျုပ်တို့ရဲ့ ရင်ကို အမြဲလို ဆွတ်ဖျန်းလျက်ပါပဲလေ”။
တစ်ကယ်ပါ။ ဒီကဗျာလေးဟာ ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး ဖတ်မိခဲ့သမျှ ကဗျာတွေထဲမှာ အတော်ကို မူကွဲတဲ့ကဗျာလေးပါ။ ရှင်းလင်းတဲ့ တင်စားမှုတွေနဲ့ ထင်ပေါ်တဲ့ အရေးအသားတွေက လွတ်လပ်ရေး ပိသုကာကြီးရဲ့ ဂုဏ်ကို ဖေါ်ကြူးပုံဟာ လေးစားစရာပါဗျာ။
အင်း ဘာလိုလိုနဲ့ ပြောရင်းပြောရင်း စာတောင် တော်တော်ရှည်လာပါ့လား။ ရေးမယ်ဆိုရင်တော့ အများကြီး ကျန်ပါသေးမယ်။ ဒါမဲ့ တော်ရုံပဲ ကောင်းပါတယ်လေ။ အဲ။ တစ်ခုတော့ ရှိတယ်။ ဒီတစ်ခါတော့ နိဂုံးချုုပ်အနေနဲ့ အဖွင့်မှာ ဖေါ်ပြခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ အာဇာနည်ဗိမာန် လေးချိုးကြီးထဲက နောက်ဆုံးအပိုဒ်လေးနဲ့ပဲ အဆုံးသတ်ချင်သဗျ။ ဒီလိုလေ “တို့နိုင်ငံရဲ့ အမြင့်မားဆုံးသော အောင်ပန်းကို မဆွတ်ခူးခင်လေးကျမှ အောင်ဆန်းရာ… မင်းတို့တွေ ဇီဝိန်ချုပ်သွားခဲ့ရတာကိုတော့ ဆရာ နှမျောလို့ကို မဆုံးနိုင်ဘူးကွာ” ဆိုတဲ့ အဓိပ္ပါယ်လေးနဲ့ အပိုဒ်ပေါ့။
“ဪ… … … တောင်နန်း မြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က အောင်ပန်းညို့ရရှာတဲ့။ အောင်ဆန်းတို့ သေပုံနှမြော”
ဆရာကြီး ရဲ့လွမ်းဆွတ်ခြင်းမျိုးနဲ့ပဲ မောင်ကာကြီး ထပ်တူခံစားစွာ ဤစာပုဒ်လေးကို နိဂုံးချုပ်ပါရစေ။ လွန်တာရှိရင် ဝန္ဒာမိပါ။
အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်
Courage
ပြောလိုက်ပါဘိ ဟောပါဘိ
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သက်လှယ်၊ မင့်သားငယ်သည်
သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။
သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်
အူယားဖားယား
ကစားရာမှ၊ နွားရုပ်ချ၍
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို
ငါမြင်ခဲ့၏ မှတ်မိ၏။
မိုးကစိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ တို့လမ်းမတွင်
ပျံကြဝဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏ မှတ်မိ၏။
ထိုနေ့၌ပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည့်သူ့ပန်းသည်
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏
မြေခသတင်း၊ မိုးကြိုးခွင်းသို့
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌
မချင်မရဲ၊ ဝမ်းနည်းခံခက်
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ သချိုင်းထိ။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊ သူတို့ခေတ်၌
တိုင်းချစ်ပြည်ခင်၊ မြတ်စေချင်၏
မင်းမြင်ငါကြား၊ စကားဥဒါန်း
ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ၊ ဆန်း၏ပညာ
ဆန်းမှာဆုံပေါင်း၊ ယောကျိားကောင်းတို့၊ ခေါင်းဆောင်သဘော
မင့်သားချောကို၊
ပြောလိုက်ပါဘိ ဟောပါဘိ။ ။
ဇာနည်ဖွား
အမိမြေမှ၊ သန့်စင်ကြရာ
သူကထူးခြား၊ ဇာနည်ဖွား၏။
သူငယ်ဘာဝ၊ ဆော့မြူးကြလျှင်
သူကငေးကာ၊ တနေရာမှ
မျက်လွှာမယှက်၊ အတွေးနက်၏။
ကျောင်းသားတကာ၊ ဖွေရှာသိပ္ပ
ဆည်းပူးကြခိုက်၊ သူကထူးချွန်
ဇာတိမာန်ဖြင့်၊ ထက်သန်လုံ့လ
ရဲသွေးကြွ၏။
အသက်သုံးဆယ်၊ ဝန်းကျင်ဝယ်၌
အရွယ်စက၊ ခေါ်တုံကြလည်း
သူကသတ္တိ၊ ရဲရဲငြိလျက်
အမိမြန်မာ၊ ရတနာသား
ဇာနည်ဖွားဟု၊ ထင်ရှားပီပီ
ရှေ့သို့ချီ၏။
ဪ… ဇာနည်သတ္တိ၊ တိုင်းမရှိ၍
သူ၏မေတ္တာ၊ အထုမှာလည်း
နှိုင်းရာမရ၊ ကြီးမားစွကို
ကြုံရဘေးရန်၊ အတန်တန်၌
နောက်ပြန်မတွန့်၊ ရဲရဲဝံ့သည်
သက်စွန့် ခန္ဓာ ကြွေသည့်တိုင်။ ။
နုယဉ်
ဗိုလ်ချုပ်အောင်ဆန်း
(အတိတ်နဲ့ ပစ္စုပ္ပန်)
မသိ၍ဆို၊
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့၊
သူ့ဉာဉ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။
အသိ၍ထင်၊
မမြင်၍ပြော။
သူ့စိညာဉ် မသေပျောက်ပါဘူး၊
မိုးပေါက်လို အစဉ်ကြည်လို့၊
နေခြည်လို အစဉ်လန်းကာ၊
ဖျန်းဆွတ်စိတ်စော။ ။
မင်းသုဝဏ်
တစ်ဆယ့် သုံး
မြေငလျင် မလှုပ်ဘူး
ကြယ်ရောင် မတောက်ပဘူး
ဓား၊လှံ လက်နက်တွေက
ထူးထူးခြားခြား အသံမထွက်ဘူး…
သို့ပေမယ့် သူမွေးဖွားခဲ့တယ်။
ရွှေလင်ပန်းနဲ့ အချင်းမဆေးဘူး
တောင်ကျွန်းဆန်ကို မစားခဲ့ဘူး
ခြေမွေးရော လက်မွေးရော
မီးလောက်ခဲ့တဲ့ ငယ်ဘဝနဲ့
သူကြီးပြင်းခဲ့ရတယ်။
အများတစ်ကာလိုပဲ
ကျောင်းကိုတက် စာကိုသင်
ခွကျတဲ့ ဘုတိုက်တဲ့လူငယ်
တစ်ဇွတ်ထိုး တစ်ဇောက်ကန်း
စိတ်ထင်ရာကို လုပ်တက်တဲ့လူငယ်
စကားပြောတော့ မကောင်းဘူး
စကားအများကြီးတော့ပြောတယ်
နားဝင်ကတော့ လုံးဝမချိုဘူး
စီးစီးပိုင်ပိုင်း အသုံးအနှုန်းတွေ
သူအမြဲပြောတက်တယ်။
မလွယ်မှန်း ခက်ခဲမှန်း
ကောင်းကောင်းကြီးကိုသိတယ်
ဟိုကိုပြေးတယ် ဒီကိုကပ်တယ်
တစ်ခြားသူတွေ ဘယ်လိုထင်ထင်
လိုချင်တာကိုရအောင်
နည်းမျိုးစုံနဲ့ ကြိုးစားတယ်
လူအများလိုချင်တာကို
သူရအောင် ယူပေးခဲ့တယ်။
ဒါပေမယ့်…
သူမြင်မသွားရရှာလေဘူး…။
သူလို ငါလို စခဲ့တဲ့သူဘဝနဲ့
မေ့မရနိုင်တဲ့ လူဖြစ်ခဲ့တဲ့သူ
လူလတ်ပိုင်း ၃၂ နှစ်မှာ
လူ့လောက ကပြန်ထွက်သွားတယ်…
ရွှေမိုးညိုတောင် ငိုပါပေါ့လား…။
C.O
4 comments
မြစပဲရိုး
February 14, 2015 at 2:51 am
မောင်ကာကြီး
အမှန် ကလေ ဦးအောင်ဆန်း ဒီလောက်အသက်ရှည် နေတာ နောက် ခေါင်းဆောင် တွေ ညံ့လွန်းလို့ပါ။
ဒီနေ့ ဒီရက် မဟုတ်ပါဘူး။
ဒီ လူညံ့ တွေ ကို မြင်တိုင်း ငါတို့ မှာ ဒီလို တော်လွန်းတဲ့ ခေါင်းဆောင် ရခဲ့ဖူးတာလို့ ပြေးပြေး သတိရနေတော့တာ။
ဒီ တစ်ခါလဲ ငါ့ညီပြောင်ဝင်း က လွဲ လို့ ကျန် ကဗျာ များ ကို မသိခဲ့ပါ။
ဒေါ်လေးမှာ မြန်မာ ကဗျာ ဖတ်အား အင်မတန်နည်းခဲ့ကြောင်း ဝန်ခံပါတယ်။
အခုတော့ မောင်ကာကြီး ကျေးဇူး နဲ့ တစ်ပါတ်တစ်ခါတော့ မှန်မှန် ဖတ်ဖြစ်နေပါတယ်။
ကျေးဇူးပါ။
Mr. MarGa
February 14, 2015 at 10:57 am
မနေ့က ဘာလို့မဖတ်ဖြစ်ပါလိမ့်
အကုန်ဖတ်သွားတယ်ဗျာ
Mike
February 14, 2015 at 12:54 pm
အောင်ဆန်းစသော မျိုးချစ်သူရဲကောင်များသို့
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
.သူသာရှိလျှင်…
.သူ၏နိုင်ငံ ၊ ကြမ္မာကံကို
.စီမံလိမ့်မည် ၊ ဖန်တီးမည်ဟု
.ပြည်သူတိုင်းက ၊ ယုံကြည်ကြ၏ ။
.သူသာရှိလျှင်…
.သူ၏ပြည်ဖွား ၊ ဆင်းရဲသားတို့
.ဝတ်စားနေမှု ၊ ကျန်းမာမှုနှင့်
.သိမှုတက်မှု ၊ ယဉ်ကျေးမှုကို
.ဂရုစိုက်မည် ၊ စောင့်ရှောက်မည်ဟု
.ပြည်သူတိုင်းက ၊ ယုံကြည်ကြ၏ ။
.သူသာရှိလျှင်…
.သူ၏ဉာဏ်စွမ်း ၊ ကိုယ်အစွမ်းသည်
.သူဝမ်းသူ့ခါး ၊ သူ့မယားနှင့်
.သူ့အတွက်ပေ ၊ မဟုတ်လေဘဲ
.သူနေထိုင်သည် ၊ သူတိုင်းပြည်တွက်
.သူ့ပြည်နေရာ ၊ သူ့ကမာ္ဘတွက်
.မေတ္တာဓါတ်ခံ ၊ အပင်သန်လျက်
.အားမာန်ထုတ်မည် ၊ ဦးဆောင်မည်ဟု
.ပြည်သူတိုင်းက ၊ ယုံကြည်ကြ၏ ။
.သူသာရှိလျှင်…
.သူ၏ပြည်အား ၊ ကျူးစော်ကားက
.အသားအသွေး ၊ သက်စတေးလျက်
.ပြည်ရေးဆောင်မည် ၊ ကာကွယ်မည်ဟု
.ပြည်သူတိုင်းက ၊ ယုံကြည်ကြ၏ ။
.သူသာလျှင်…
.သူ၏ပြည်တွင်း ၊ တသွေးချင်း
.စစ်ခင်သည့်ပွဲ ၊ ပြီးပြတ်စဲဖို့
.လက်တွဲလက်ချိတ် ၊ ညီနောင်စိတ်ဖြင့်
.ပွဲတိတ်စေမည် ၊ ဖြေရှင်းမည်ဟု
.ပြည်သူတိုင်းက ယုံကြည်ကြ၏ ။
.အရုဏ်တက်တွင် ၊ တိုက်ပွဲဝင်ခိုက်
.သူလျှင်ကျဆုံး ၊ တစ်ပြည်လုံးက
.ယူကျုံးမရ ဖြစ်ခဲ့ရလည်း
.သူက ရှေ့ဆောင် ၊ မီးတန်ဆောင်သည်
.ထွန်းပြောင်နေဘိ ၊ လင်းတုန်းရှိ၍
.သူ၏ကိုယ်စား ၊ သူ့စိတ်ထားက
.ညွန်ကြားလိမ့်မည် ၊ ခေါင်းဆောင်မည်ဟု
.ပြည်သူတိုင်းက ၊ ယုံကြည်ကြ၏ ။
.တင်မိုး
အလင်းဆက်
February 14, 2015 at 3:26 pm
ကိုရွှေညာသားကြီးကိုတောင် သတိရမ်ိ