ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၅ (ဖိုးမောင်ဟုခေါ်သည်)
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၅
ဖိုးမောင်ဟုခေါ်သည်
တစ်ခါက အေးချမ်းသာယာလှပတဲ့ ရွာလေးတစ်ရွာမှာ ဖိုးမောင်ဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိသတဲ့။ ဖိုးမောင်လေးဟာ ငယ်စဉ်ကတည်းက မိဘများ ဆုံးပါးသွားတဲ့အပြင် ဆွေမရှိ မျိုးမရှိဆိုတော့ ဆင်းရဲ နွမ်းပါးစွာနဲ့ပဲ ကြီးပြင်းခဲ့ရသူပေါ့။ ရွာထဲက တက်နိုင်သူတွေရဲ့အိမ်မှာ ထင်းခွေ၊ ရေခပ်လုပ်ရင်း ရွာထဲကနွားတွေကို စားကျက်ချပေးရင်းနဲ့ ဝမ်းရေးအတွက် ရုန်းကန်ခဲ့ရသတဲ့လေ။ သို့ပေမယ့် ဖိုးမောင်လေးဟာ လူသာဆင်းရဲပေမယ့် စိတ်ဓါတ်ကတော့ မဆင်းရဲ ရှာဘူး။ လပြည့် လကွယ် ဥပုတ်နေ့တွေဆို ရွာဦးကျောင်းက သံဃာတွေအတွက် ဆွမ်းခံထွက်တာတို့ ရွာထဲက အလှူတွေ မင်္ဂလာဆောင်တွေမှာ ဝေယာဝစ္စတွေလုပ်ပေးတာတို့ကို ဝတ္တရားမပျက်လုပ်ပေးနေကျပေါ့။
ရွာထဲက လူတွေကလဲ ဖိုးမောင်အပေါ်မှာ မေတ္တာထားကျပါတယ်။ သူဟာ မိဘမဲ့ တစ်ကောင်ကြွက် တစ်ယောက်ဖြစ်ပေမယ့် ရွာသူရွာသားများက သူ့ကို ဆွေမျိုးရင်းချာလို တူလို သားလို သဘောထားကျတာတဲ့။ သူကလဲ ရွာသူရွာသားတွေအပေါ်မှာ အမြဲလိုလို ကူညီ ရိုင်းပင်းခဲ့တာကြောင့်လဲ ဖြစ်မှာပေါ့လေ။
သို့ပေမယ့် တစ်ခုသော ပြည်တွင်းစစ်ကာလရောက်တဲ့ အချိန်မှာတော့ ငြိမ်းအေး သာယာစွာ နေထိုင်လာခဲ့တဲ့ ဖိုးမောင်တို့ ရွာလေးအတွက် ကပ်ဆိုးကြီးတစ်ခုဟာ ကျရောက်ခဲ့ပါတယ်။ သိကျတဲ့ အတိုင်းပဲလေ ပြည်တွင်းစစ်ကာလဆိုတော့ ဟိုလူက တောခို ဒီလူက သူပုန်ထနဲ့ ကျီးလန့်စာစားကာလဖြစ်နေတော့ နေရာတကာမှာကလဲ သူခိုး ဓါးပြဆိုတာ မှိုလို ပေါက်လာခဲ့ပြီလေ။ ဖိုးမောင်တို့ ရွာလေးဟာလဲ ရောင်စုံ သူပုန်တွေနဲ့အတူ ထကြွလာတဲ့ လက်နက်ကိုင်ဓါးပြတွေရဲ့ ရန်ကကာကွယ်ဖို့ လူငယ်ကာလသားတွေစုပြီး ရပ်ရွာ လုံခြုံရေးအတွက် ဆောင်ရွက်နေရပြီလေ။ အရင်က တံခါးမရှိ ဓါးမရှိနဲ့ ဝင်ထွက်သွားလာလို့ရနေတဲ့ သူတို့ရွာလေးမှာလဲ လူအရပ်နှစ်ပြန်လောက်ရှိတဲ့ သစ်တပ်ခြံစည်းရိုးကြီးကို ဆောက်လုပ်ပြီး မနက်အစောပိုင်းနဲ့ ညမိုးချုပ်တွေဆို အပြင်ထွက်ခွင့်ကို တားမြစ်ခဲ့တယ်။ ဒီခေတ်အခေါ်အရပြောရရင်တော့ ညမထွက်ရ ကာဖြူး ထုတ်ခဲ့တယ်ပေါ့လေ။
အရင်တုန်းက သာယာစည်ပင်ခဲ့တဲ့ ဖိုးမောင်တို့ ရွာကလေးဟာ အခုခါမှာတော့ ဘယ်အချိန်များ ဓါးပြတွေဝင်လာမလဲ၊ ဘယ်တော့များ သူပုန်တွေရောက်လာမလဲလို့ စိုးတထိတ်ထိတ်နဲ့ဖြစ်နေရပြီ။ လယ်စိုက် တောပစ်လုပ်ရင်း ထမင်းတစ်နပ်အတွက် ပူပင်စရာမရှိခဲ့တဲ့ သူတို့ရဲ့ရွာလေးမှာလဲ စားရေ ရိက္ခာ ရဖို့ အခက်အခဲဖြစ်လာပြီပေါ့။ မငြိမ်းချမ်းတဲ့ ကာလမှာဖြစ်တဲ့အတွက် ငါးရှာ တောပစ်ထွက်ဖို့ ဘယ်သူမှ မရဲကျတော့ သားစိမ်း ငါးစမ်းရဖို့ ဆိုတာ အတော်ကို မလွယ်ကူဖြစ်လာခဲ့တယ်။ ဒီလို ဒီလို ရွာသူရွာသားတွေရဲ့ အခက်အခဲကို သိလာတဲ့ မောင်ဖိုးမောင်ဟာ တစ်နေ့တော့ စဉ်းစားမိတယ်။ “အင်း။ ဒီလိုအချိန်မှာ တောလိုက်ပြီးအသားရှာဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ရွာအရှေ့ဖက်မှာရှိတဲ့ ချောင်းထဲမှာ ငါးသွားရှာဖို့တော့ ဖြစ်နိုင်လောက်တယ်”ဆိုပြီး အတွေးရောက်မိလေရဲ့။ သူ့ရဲ့အတွေးကို ရွာမှာ တာဝန်ရှိတဲ့ သူတွေနဲ့ တိုင်ပင်ပြီးတဲ့ နောက်မှာတော့ မောင်ဖိုးမောင်ရဲ့ ငါးရှာခြင်းလုပ်ငန်းကြီး စတင်ခဲ့ပါပြီ။
မိုးချုပ်ညနေ လူခြေတိတ်စ ကာလကိုရောက်ပြီဆိုရင် ရွာအရှေ့ဖျား ချောင်းနား တံခါးဆီကနေ ခွေးဟောင်သံတစ်ခု ထွက်ပေါ်လာတတ်ပြီ။ ဒီလိုမျိုး ဂုတ်ကြားဆီက ကျယ်လောင်တဲ့ ဟောင်သံကိုကြားရပြီဆိုရင်တော့ ညဖက်ခါမှာ ငါးရှာထွက်လေတဲ့ မောင်ဖိုးမောင် ပြန်လာပြီလို့ ရွာသား ရွာသူတွေက ဆိုကျလေရဲ့။ ဟုတ်ပါတယ်။ ဂုတ်ကြားရဲ့ ဟောင်သံတိတ်ဆိတ်သွားပြီး မရှေးမနှောင်းမှာပဲ ဖိုးမောင်ရဲ့ ရွာကိုဝင်ခွင့်ပေးဖို့ တောင်းဆိုသံကို ကြားရမှာပေါ့။ ဖိုးမောင်ရဲ့ အသံကိုကြားရင်ဖြင့် အလှည့်ကျ ကင်းသမားက အဝင်တံခါးမကြီးအောက်က မလွယ်ပေါက်တံခါးလေးကို ဖွင့်ပေးလေရဲ့။ မလွယ်ပေါက်တံခါးဆိုုတာကလဲ တကယ့်ကို ကျဉ်းမှ ကျဉ်းကျဉ်းလေးပါ။ ငါးပလိုင်းကိုလွယ်ထားတဲ့ ဖိုးမောင်ခမျာ ဒီတံခါးကျဉ်းလေးထဲ ကိုယ်ကိုကိုင်း ခါးကိုစောင်းပြီး ဝင်လိုက်တာနဲ့ ရွာသား ရွာသူတွေရဲ့ မျှော်လင့်တကြီး စောင်မျှော်နေတဲ့ မျက်ဝန်းကိုယ်စီကို တွေ့လိုက်ရပါပြီ။ ဟုတ်တော့လဲ ဟုတ်ပါတယ်။ ဖိုးမောင်မှ ဒီလို ညစဉ် ငါးရှာမထွက်ဘူးဆိုရင် သူတို့ ရွာသားတွေအနေနဲ့ အသားဟင်း ငါးဟင်းဆိုတာ စားရဖို့ ဖြစ်မှမဖြစ်နိုင်တော့ဘဲကိုး။ ဖိုးမောင်ရဲ့ ကျေးဇူးကြောင့်ပဲ သူတို့တွေ ငါးစို ငါးစိမ်းကို မငတ်ခဲ့တာမို့လား။
တစ်ခုသော ဆောင်းညတစ်ညခါမှာပေါ့။ ဆောင်းလရဲ့ အအေးရှိန်ကြောင့်လားမသိ လကလေးမှာတောင် ကွေးကွေးလေးဖြစ်လို့၊ ရွာနံဘေး ကျီပျက်နားက ဇီးကွက်အော်သံ တောက်တဲ့အော်သံတွေကလွဲလို့ ညမှောင်မှောင်လေးမှာ ဘာအသံမှ မကြားရ။ မရှေးမနှောင်းမှာပဲ တစ်ရွာလုံးကို လွှမ်းခြုံနိုင်လောက်တဲ့ ဂုတ်ကြားရဲ့ ဟောင်သံက ကျယ်လောင်စွာ ပေါ်လာခဲ့ပေါ့။ ဖိုးမောင် ငါးရှာက ပြန်လာချိန်ရောက်လေပေါ့။ သို့ပေမယ့် ယခင်ကလို ဂုတ်ကြားရဲ့ အသံတတ်ပြီးသွားတဲ့နောက် ဖိုးမောင်ရဲ့ တံခါးဖွင့်ဖို့ တောင်းဆိုသံကို တော့မကြားရပါလား။ ဖိုးမောင်ရဲ့ အသံကို နားစွင့်နေနဲ့ ကင်းသမား ရုတ်တရက်ကြားလိုက်ရတာကတော့ “မောင်းထုကြဟေ့။ လူစုကြဟေ့။ ငါ့ကို ဓါးပြတွေ ဖမ်းထားပြီ။ ရွာကို ဓါးပြရန်က ကာကွယ်ကျဟေ့”ဆိုတဲ့ ဖိုးမောင်ထံက စိုးရမ်းတကြီး အော်လိုက်တဲ့အသံကို ကြားလိုက်ရတယ်။ ဒီအသံမဆုံးခင်မှာပဲ ရွာအပြင်ဘက်က ဒုန်းဒိုင်း ဆူညံတဲ့ သေနတ်သံတွေဟာ ချောင်းရိုးတစ်လျှောက် လွင့်ပျံလို့ သွားခဲ့ပြီ။ ဖိုးမောင်ရဲ့ သတိပေးချက်ကြောင့် ရွာသားတွေ အချိန်မှီလူစုနိုင်ခဲ့ပြီး ဓါးပြတွေရန်ကနေ သူတို့ ရွာလေးကတော့ လွတ်မြောက်သွားခဲ့တယ်။
သို့ပေမယ့်လဲ ဓါးပြတွေရဲ့ လက်ချက်နဲ့ ဖိုးမောင်ရဲ့ ဘဝလေးကတော့ နိဂုံးချုပ်ခဲ့ရပေါ့။
ဘယ်လိုပင် သူသေသွားပြီဆိုဆို ရွာသားတွေရဲ့စိတ်ထဲမှာတော့ ရပ်ရွာအကျိုးကို တတ်စွမ်းသမျှသယ်ပိုးသွားသူ ဓါးပြတွေရန်ကနေ အသက်စွန့်ကာ ကာကွယ်သွားသူ ဖိုးမောင်ဆိုသူရဲ့ အကြောင်းကိုတော့ ရွာသားရွာသူတွေ ဘယ်လိုများ မေ့လို့ရမှာလဲ။ မှောင်ရီပျိုးစ ညအချိန်ရောက်လို့ ချောင်းနားဆီက ခွေးဟောင်သံတစ်ချက်ကြားလိုက်ရပြီဆိုရင် ဖိုးမောင်များ လာလေလားလို့ ယခုတိုင် ရွာသူရွာသားတွေ အတွေးရောက်နေရဆဲပါလေ။ ။
ဒါလေးကတော့ ဆရာမင်းသုဝဏ်ရဲ့ နာမည်ကျော် “ဖိုးမောင် လာပြီ” ဆိုတဲ့ ကဗျာလေးကို မောင်ကာကြီး စိတ်ထဲရှိသလို ဇာတ်လမ်းလေး ဆင်ကာ ပြန်ပြီးရေးသားထားခဲ့တာပါ။ တစ်ကယ်တော့ ဆရာ့ရဲ့ ဖိုးမောင်လာပြီနဲ့ယှဉ်ရင် မောင်ကာကြီး ဆင်ထားတဲ့ ဇာတ်လမ်း ဇာတ်ကွက်နဲ့ အရေးအသားက များစွာ ညံ့ဖျင်းနေပါလိမ့်မယ်။ ဒါပေမယ့်လဲ ပြောနေကျအတိုင်း ခံစားမိသလို ရေးပြရတာ ဆိုတော့ အမှားပါလဲ အပြစ်မမြင်ပဲ အချစ်ဝင်ပေးကျပါဦးပေါ့။
ဒီကဗျာလေးက ပေးချင်တဲ့ မက်ဆေ့ကို သေချာရှာကြည့်မိတော့ စာသားနဲ့ ဖေါ်ပြမထားတဲ့ စကားလုံးပေါင်းများစွာကိုပါ တွေ့ခဲ့ရပါတယ်။ ဖိုးမောင်ရဲ့ ဖြူစင်တဲ့ စိတ်ထား၊ ရိုးသားတဲ့ စိတ်ရင်း၊ ရပ်ရွာအကျိုးကို သယ်ပိုးချင်တဲ့ စိတ်ဓါတ်၊ သူဒီလို အသံပြုလိုက်ရင် အသတ်ခံရမှာမှန်းသိရက်နဲ့ ရပ်ရွာလုံချုံရေးအတွက် အသက်စွန့်ကာ “ဓါးပြဟေ့။ ဓါးပြ”လို့ အသိပေးရဲတဲ့ သတ္တိတွေဟာ စာဖတ်သူရဲ့ ရင်ထဲကို စီးမျောဝင်ရောက်သွားစေနိုင်လောက်အောင် ကောင်းမွန်လှတဲ့ ကဗျာလေးပါ။ ဒါကြောင့်ပေပဲ ခေတ်စမ်းစာပေလောကမှာ ရှန်းရှန်းတောက်ခဲ့တဲ့ ဆရာ မင်းသုဝဏ်ဖြစ်ခဲ့ပေါ့။
ကဲလေ အခုတော့ ဤ၍ ဤမျှနဲ့ပဲ ဆရာမင်းသုဝဏ်ရဲ့ “ဖိုးမောင်လာပြီ”ကို နိဂုံးချုပ်ပါရစေ။ ဆရာ့ရဲ့ တူ သား တပြည့် မောင်ကာကြီးလဲ ဆရာ့ကဗျာထဲက မောင်ဖိုးမောင်ဖြစ်အောင် ကြိုးစားသွားပါမယ်လို့ ကတိပြုရင်း ဆရာ့ရဲ့ ပညာ့ဂုဏ်ရည်ကို ဂါရဝပြုလိုက်ပါတယ်။ လွန်တာရှိရင် ဝန္ဒာမိပါ။
အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်
Courage
ဖိုးမောင်လာပြီ
မှိုင်းညို ့ ညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ် အနား၊ ရွာတံခါးမှ
ဂုတ်ကျား ကျယ်လောင်၊ ဆီးကြို ဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။
ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ၊ အသံမှာကား
ညခါ ငါးထောင်၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။
ဖိုးမောင် သံ့ကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင် အုပ်ဆောင်း၊ ဝဲ တက်ချောင်းနှင့်
ခါးစောင်း ကိုယ်ကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား၊ တစ္ဆေလား။
တစ္ဆေမကြောက်၊ မြွေမကြောက်ပဲ
တယောက်တည်းပင်၊ ညဉ့်မှောင်တွင်၌
သူလျှင် ငါးရှာ၊ မကျွေးပါက
ထိုရွာသူသား၊ လူအများတို ့
ငါးစို ငါးစိမ်း ငတ်ပေလိမ့်။
ဆောင်းတည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်က အော်၊ တောက်တဲ့ ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ဂုတ်ကျားဟောင်သည်
ဖိုးမောင်လာချိန် ပါတကား။
သို ့ဖြစ်သော်ငြား၊ ခါတပါးသို ့
တံခါးဝင်လို၊ သူမဆိုပဲ
မောင်းကိုထုပါ၊ လူစုပါဟေ့
ရွာကိုဘေးမှ၊ ကာကွယ်ကြလော့
ဒမြ ငါ့အား၊ ဖမ်း၍ထားဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်း ဒိန်းသံ၊ ရွာလုံးညံသည်
ချောင်းယံပဲ့တင် ထပ်သတည်း။
ဖိုးမောင်နိဂုံး၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ၊ ဟည်းလျှက်ပါတည့်
ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို ့
မှိုင်းညို ့ညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုတ်ကျား ကျယ်လောင်၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင်။ ။
မင်းသုဝဏ်
10 comments
မြစပဲရိုး
February 21, 2015 at 2:49 am
ဒီ “ဖိုးမောင် လာပြီ” ကိုတော့ ကောင်းကောင်းကြီးသိတယ်။
ကျောင်းစာထဲ သင်ရတာကိုး။
စိတ်ထဲ စွဲပြီး ဘယ်တော့မှ မမေ့တဲ့ စာ ထဲ မှာ ပါခဲ့တာပေါ့။
ဒေါ်လေးတို့ အချိန်တုန်းက စာသင်တဲ့ ဆရာမကြီး တွေ က တကယ် စာတတ် တဲ့ အပြင် ကျောင်းဆရာစိတ်လဲ ရှိတာမို့
အဲဒီ ကဗျာ ကို ရွတ်ပြီး စိတ်ထဲ မှာ ဘာကျန်ခဲ့ တယ် ဆိုတာ တစ်ယောက်ချင်း ဖြေရတယ်။
စာတစ်ပုဒ် ထဲ ဖတ် လိုက်တာချင်း အတူတူ မှာ ကို ကျောင်းသား တစ်ယောက် နဲ့ တစ်ယောက် အမြင် ရှုဒေါင့် ကွာတတ်တာ ကို ဆရာမ က ထုတ်ပြပေးတယ်။
တစ်ချို့ က ဖိုးမောင် ကို သနားကြတယ်။
တစ်ချို့ က အားကျကြတယ်။
တစ်ချို့က ဓားမြတွေ ကို ဒေါသထွက်ကြတယ်။
တစ်ချို့ က အသားငါး စားချင်သူ တွေ ကို အပြစ်ဖို့တယ်။
ဖိုးမောင် သရဲ ဆိုပြီး ကြောက်တဲ့ သူတောင်ရှိသေး။ lol:-)))
တစ်ချိန်က နှစ်သက်ခဲ့တဲ့ ကဗျာလေး ကို ပြန်ဖော်ထုတ်ပေးလို့ ကျေးဇူးပါ မောင်ကာကြီး ရေ။
Courage
February 21, 2015 at 7:37 am
ဆရာကြီး ကိုယ်၌က ကဗျာအစမှ “လူပင်လေလား၊ တစ္ဆေလား။” လို့ ညွှန်းခဲ့တော့ ဖိုးမောင်ကို သရဲတစ်ယောက်အဖြစ် မြင်တယ်ဆိုတာဖြစ်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အဲ့စာသားနဲ့ အသိမ်းစာသားကို တွဲဖတ်မိချိန်မှာ ဖိုးမောင်ဟာ တစ်ကယ်ပဲ ပြန်လာလေသလားလို့ အထင်ရောက်ခဲ့ဘူးပါတယ်။ ဒါကိုကပဲ ဖိုးမောင်ရဲ့ ရွာအပေါ်သံယောဇဉ်ဘယ်လောက်ကြီးလဲဆိုတာကို ဖွဲ့ဆိုခြင်းတစ်မျိုဖြစ်မှာပေါ့ 🙂
ကျွန်တော်တို့ ခေတ်ကျတော့ ဒီကဗျာတွေ မသင်ရတော့ဘူးဗျ။ မှတ်မိသလောက် ဆရာ့ရဲ့ ကဗျာထဲက “သူ့မှာတမ်း”ပဲ မှတ်မိတော့တယ်။ ကျွန်တော်လဲ တက္ကသိုလ်ရောက်မှာ ဆရာတစ်ယောက်ကောင်မှုနဲ့ ဒီလိုနားလည်ခဲ့တာပါ။ အခုနောက်ပိုင်း သင်ရိုးတွေမှာဆို ကျွန်တော်တို့တုန်းကလောက်တောင် ခံစာမှု ရသကဗျာတွေ မပါတော့ဘူး ဒေါ်လေးမြရဲ့
ခင်ဇော်
February 21, 2015 at 12:39 pm
မှတ်မိသလောက် မြန်မာ စာ ဆရာမ ရွတ်သံရယ် ရှင်းပြသံရယ်မှာ ခံစားသက်ဝင်ပြီး တစ်တန်းလုံး ငိုဖူးတယ်။
😥
Courage
February 23, 2015 at 12:35 am
အသင်အပြဆိုတာထက် အဟောအပြောကောင်းတဲ့ ဆရာတွေနဲ့ ကြုံခဲ့ဖူးတဲ့ သူတွေဆို အရမ်း မနာလိုဖြစ်တာပဲ။
တစ်ကယ်ပါ။ အဲ့လို ဆရာ ဆရာမမျိုးရဲ့ တပြည့် ဖြစ်ခွင့်ရရင် ပြန်ဖြစ်ချင်ပါသေးတယ် ဗျာ။
အလင်းဆက်
February 21, 2015 at 2:03 pm
ဒီကဗျာကို ဖတ်ပြီး…အများကြီး စဉ်းစားဖူးတယ်…
အဲဒီအများကြီးထဲကတစ်ခုက…
နှစ်ပေါင်းများစွာ ကြာတဲ့အထိ… ပြန်ဖတ်မိသူတိုင်း… ရင်ထဲ..လှိုုက်ခနဲ..ဖြစ်စေနိုင်တဲ့…ဒီလိုကဗျာမျိုး…
ဆရာကြီး..ရေးခဲ့သလို….
ကျနော်လည်း ရေးခဲ့ချင်လိုက်တာ..
.ရေးနိုင်ချင်လိုက်တာ..ဆိုတဲ့ အတွေးလေးလည်း ပါဖူးတယ်…
———
တစ်ခုပဲ…
ကျနော်က…. ကဗျာကို ပုံပြင်ဆန်ဆန်ရေးတာတွေ မကြိုက်ဘူး…
black chaw
February 22, 2015 at 7:23 pm
ဆရာကာ ခင်ဗျား…။
ဖိုးမောင်လာပြီဆိုတဲ့ ကဗျာကို ကျွန်တော်တို့ မန်းဂဇက်ရွာရဲ့
နယ်စည်းမခြားအရက်သမားပျိုလေးများ အဖွဲ့က အဖွဲ့ဝင်လေးတွေ
အရမ်းရင်းနှီးကြပါတယ် ခင်ဗျ…။
ကျွန်တော်တို့ ရွာရဲ့ ကဗျာဆရာ တစ်ယောက်ဖြစ်တဲ့
ဆရာကမ်းဝေး ဟာ အရက်ရှိန်လေး တစ်ရိပ်ရိပ် တက်လာပြီဆိုရင်
အဲဒီ ဖိုးမောင်လာပြီ ကဗျာကို မု(ဒ်) အပြည့်နဲ့ ရွတ်တော့တာပါပဲ…။
ကျွန်တော်တို့ အဖွဲ့သားတွေကလည်း
ဆရာကမ်းဝေးရဲ့ ကဗျာရွတ်သံကို
ငြိမ်သက်စွာ နားထောင်ကြရင်း…
ကဗျာအဆုံးမှာ လက်ခုတ်တွေတီးပြီး ဂုဏ်ပြုခဲ့ကြတာ
အကြိမ်ကြိမ်ပါပဲခင်ဗျ…။
အထက်မှာ ဆရာ ရေးခဲ့တဲ့ ဇာတ်လမ်းလေးလိုပဲ
သူကလည်း သူ့ ရင်ထဲရောက်တဲ့ ဇာတ်လမ်းလေးကို
ပုံပြောသလို ကို ပြော…ပြော…ပြခဲ့ဖူးပါတယ်…။
ဆိုတော့…။
အဓိက..ကတော့…။
ဆရာကြီးမင်းသုဝဏ် ရဲ့ ကဗျာကို တိုက်ဆိုင်စွာ ချစ်ကြခင်ကြ နှစ်သက်ကြတဲ့
ဆရာ ကာ နဲ့ ဆရာကမ်းဝေးတို့ကို
ဒီနေရာက ဂုဏ်ပြုလိုက်ချင်တာပါ ခင်ဗျ…။
သူ့မှာတမ်း ကဗျာ အကြောင်းလည်း ရေးပါဦးလို့
တိုက်တွန်းခဲ့ပါရစေခင်ဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
Courage
February 23, 2015 at 12:38 am
“သူ့မှာတမ်း”ကိုလဲ ကြိုးစားပါဦးမယ် ကိုဘလက်ချော … 🙂
ဒါနဲ့ ကာကြီး ဆိုတာရဲ့ ရှေ့မှာ “ဆရာ”ဆိုတာကြီး မထည့်ပါနဲ့ဗျာ။ တော်ကြာ မတန်မရာဆိုပြီး ဝမ်းလားနေမှ ဒုက္ခ… … …
Mr. MarGa
February 23, 2015 at 12:39 pm
ဒီကဗျာကို
သင်ရိုးမှာ မသင်ခဲ့ရဘူး
အဲ ဒါပေမယ့်
မြန်မာစာဆရာမ အသံနေအသံထားနဲ့ ရွတ်ပြတာကိုတော့ နားထဲ စွဲနေမိတယ်
မှတ်မှတ်သားသား မဖတ်ဖြစ်ဘဲ သိနေမိတဲ့ ကဗျာတစ်ပုဒ်ပါ…..
Mike
February 23, 2015 at 2:22 pm
.ကိုဘလက်ပြောသလိုပဲဗျ…ကျုပ်တို့ “နယ်စည်းမခြားအရက်သမားပျိုလေးများ အဖွဲ့”က
.ဆုံမိသောက်မိပြီဆိုရင်…ကိုကမ်းဝေးရဲ့ “ဖိုးမောင်လာပြီ” ရွတ်သံကြားနေကျဗျ…
.သူ့ရွတ်သံကောင်းလွန်းလို့ ကြက်သီးတောင်ထပါရဲ့…
.အော်…ခုတော့ အလုပ်ကိုယ်စီနဲ့ မဆုံဖြစ်ကြတာတောင်ကြာပါပေါ့
.ကဗျာဟောင်း ကဗျာကောင်းလေးတွေဖေါ်ထုတ်နေတာ အားပေးနေပါသဗျ…
.ကိုရွှေညာသားကြီးတောင် သတိရသွားမိသေး…ဟေးဟေး :))
Courage
February 23, 2015 at 2:38 pm
🙂 🙂 🙂