နားဦးတည့်ရာ တစ်ဆယ် – John Thin Zann (Dad’s Diary)
. ပြီးခဲ့တဲ့ တစ်ပါတ်ကျော်က တင်ခဲ့တဲ့ “Whatever Will Be, Will Be” မှာ ဝင်ပြီး အားပေးခဲ့ တဲ့
ပွဲကြိုက်မောင် မင်္ဂလာဂီ ၊ မောင်ကာကြီး၊ သူကြီးမင်း၊ ဆက်ဆက်၊ အစ်မဒုံ၊ ဇီဇီ၊ မိုက်၊ မမ
ဖိုးသိကြား၊ ပုချ်၊ မပြုံး၊ ကြောင်ကြောင်
တို့ကို ကျေးဇူးပါ။
စာပြန်ရမဲ့ အချိန် ကို မိန့်ခွန်း တင်ဖို့ ကူး ရေးရင်း ကုန်သွားလို့ တစ်ယောက်ချင်း တော့ မပြန်နိုင်တာ စောဒီးပါ။
. လောလောဆယ် အလိုချင်ဆုံး က ကိုယ်တွေးလိုက်တာ ကို တခါတည်း ချရေးလိုက်နိုင်တဲ့ ပရိုဂရမ် တစ်ခုဘဲ။
တကယ်တော့ အသံထွက် ကို လိုက်ရိုက်ပေးနိုင် တဲ့ software ရှိရင်တောင် မဆိုးဘူး။
အဂံလိပ်လိုတော့ ရနေပြီ။
ကိုယ့်လို ငပိသံ ကိုတော့ မှန်အောင် ရိုက်ပေးနိုင်စွမ်း မရှိတာတော့ သေချာတယ်။
“Whatever Will Be, Will Be” မှာ သူကြီးမင်း စလိုက် တဲ့ လိပ်ပြာတောင်ပံ ကို ဖမ်းဖို့ ဟိုဟိုဒီဒီ ဖတ်ပြီး မူးနောက်နောက် အတွေး ကို ချပြလိုက်တာ အားလုံးလဲ ချာချာလည် သွားတာ မို့ မဆိုးဘူး လို့ ပြောရမှာဘဲ။ :))
ဒီတစ်ပါတ် ကိုတော့ သူများတွေ ရေးတာတွေ ဖတ်ပြီး မျှမဲ့ အစား ကိုယ်ပိုင် ဒိုင်ယာရီဟောင်း က ကိုယ်ပိုင်စာမျက်မှာ (တစ်ချို့) ကို ပြန်ဖတ်ရင်း ပြောရင် ကောင်းမလားလို့ တွေးလိုက်မိတယ်။
အဲဂလို တွေးလိုက်ပြီး ကထဲ က နား ထဲ ကို ဟိုး အရင်က ချင်းလူမျိုး အဆိုတော် ဂျွန်သင်ဇမ်း ရဲ့
“ဖေဖေ့ ဒိုင်ယာရီ” ဆိုတဲ့ သီချင်း ပြေးဝင်လာတော့တာပါဘဲ။
. တေးရေးက – စောဘွဲ့မှူးပါ။
တကယ်တော့ ၁၉၈ဝ ဝန်းကျင် ဆယ်ကျော်သက်ကာလ မှာ နားထောင်ရတဲ့ ဒီသီချင်း ကို စာသား အနေနဲ့ ခံစားလို့ မရခဲ့ပါ။
မိဘ အရိပ်ထဲ အေးအေးချမ်းချမ်း အပူအပင်ကင်းကင်း နေခွင့်ရခဲ့ တဲ့ သူတစ်ယောက် အဖို့ လောကဓံ အတက်အကျ အနိမ့်အမြင့် ကို ဖွဲ့ပြထားတဲ့ စာသား တွေ ကို နားမလည်ခဲ့တာ မဆန်းပါလေ။
ဒါပေမဲ့ ထူးခြားတဲ့ တီးလုံး သံစဉ် အလိုက်လေး ကို နှစ်သက်ရင်း နားထဲ စွဲခဲ့ဖူးတဲ့ သီချင်းတစ်ပုဒ် တော့ ဖြစ်ခဲ့ပါတယ်။
လက်ရှိ အချိန်မှာ ကိုယ့် ဘဝ စာမျက်နှာ တွေ ကို ပြန်ဖတ်ကြည့် လိုက်တော့
အဖွား ရဲ့ အတော်လေး တင်းကျပ် တဲ့ စည်းကမ်း တွေ နဲ့ နေရလာလို့ ကိုယ်ချင်းစာလို့ လား
(ဒါမှမဟုတ်) ချုပ်လို့ မရတဲ့ သမီး ဂျစ်တူး အကြောင်းကို သိလို့ လား ….
အမေ က သိပ်ပြီး မချုပ်ချယ်ဘူး။
. ကြိုက်သလို နေဆိုတာမျိုး မဟုတ်ပေမဲ့ နေရတာ လွတ်လပ်ခဲ့တယ်။
ငယ်တုန်းက လုပ်ချင်တာဆို ဇွတ်လုပ်တတ်တာမို့ လုပ်တာတွေ က တစ်ချို့ နေရာတွေမှာ အမှန်တွေ ဖြစ်ချင်မှ ဖြစ်မယ်။
ဒါပေမဲ့ အမှားသက်သက်တော့ မလုပ်ခဲ့ဘူး ထင်တာပါဘဲ။
ဘဝ မှာ အိမ်မက် တွေ မက်တာ ဟိုး ကထဲ ကဘဲ။
အဲဒီ အိမ်မက် တွေလား။
အမြဲ လွဲ တယ်။
ဗိသုကာ ရူး ရူးခဲ့တယ်။ မဖြစ်ဘူး။
. နောက် တက္ကသိုလ်ဆရာမ ဖြစ်ဖို့ ကြိုးစားတယ်။ မဖြစ်ဘူး။
ငယ်တုန်းက စာကျက်ရတာ ပျင်းတယ်။
စာမေးပွဲရက် ဆို စာမကျက်ချင်လို့ အဲဒီ ရက်တွေ ဆို ငရဲ ဘဲ။
စာမေးပွဲ တစ်ခု ပြီးတိုင်း ငါ နောက်ထပ် ဘာ စာမေးပွဲ မှ မဖြေတော့ဘူး ပြောပြောပြီး အဲဒီ စာမေးပွဲ နဲ့ ချည်း ပြန်ပြန် တွေ့ နေတာ အခု ထက်ထိ ဘဲ။
ဒါဟာ ဝဋ်ကြွေး တစ်ခုဘဲ လား လို့ တောင် မှတ်လာတယ်။
ကိုယ့်တိုင်းပြည်ထဲ ဟိတ်ဟန် တစ်ခွဲသားထုတ်ခဲ့ ဘူး တဲ့ မိန်းမ ဟာ ကပ်ရက် အိမ်နီးချင်းနိုင်ငံ တစ်ခု မှာ သုံးလ အပြီး နောက်နေ့ချက်ခြင်း ပြန်ဖို့ နှင်ထုတ်ခံ ရဘူးတယ်။
ထိပ်တန်း လူကြီး တွေ နဲ့ တရင်းတနှီး နှုတ်ဆက် ဘူးတဲ့ လက် က တစ်ခြားရေ မြေခြား အရပ်မှာ စားပွဲသုတ် ပြီး အမှိုက်လှဲဘူးတယ်။
ဘဝ မှာ အမြင့်ရောက်ပြီး ပြန်ရှော ကျ လို့ သုည က ပြန် စ ခဲ့ဘူး တယ်။
ကိုယ်မကြိုးစားတာလဲ မဟုတ်၊ ဝီရိယ နဲတာလဲ မဟုတ် တဲ့ အခြေအနေ မှာ
ကိုယ်ကြိုးစား သလို မဖြစ်ခဲ့တဲ့ အကြောင်းဟာ
ကိုယ် မသိတဲ့ နောက် အကျိုးဆက် တစ်ခု ကို ဖြစ်စေဖို့လား။
မပြောတတ်ပါ။ မသိနိုင်ပါလေ။
သိမိလိုက်တာက …..
ဘဝ မှာ အကြောင်း တွေ ကို စနစ်တကျ ဖြစ်ဖို့ လုပ်လာပါရက် နဲ့
တနေရာရာ မှာ ဖြစ်ချင်သလို ဗရမ်းဗတာ ဖြစ် ဖြစ်သွားတာကိုပါဘဲ။။
အခုလဲ အိမ်မက် အသစ် ထပ်မက် နေပြန်ပြီ။
လက်တွေ့ ဖြစ်ဖို့ လဲ ဖြစ်နိုင်သမျှ ကြိုးစားကြည့် နေပါတယ်။
ဒါကို ဘယ်နေရာ ဘယ်လိုဒေါင့် က ဘာဗရမ်းဗတာ ဝင်လာဦးမယ် မသိ။
ဒါတွေ ကို ဘယ်သူ ဘယ်ဝါ ဘယ် အရာက ထိန်းချုပ် အမိန့်ပေး နေတယ် မသိ။
ဘာဘဲဖြစ်ဖြစ်ပါ။ နောက်ဆုံးမတော့လဲ …
. ကောင်းသည်ဖြစ်ဖြစ်၊ ဆိုးသည်ဖြစ်ဖြစ် ဒိုင်ယာရီ စာမျက်နှာ ထဲ တော့ ကျန်ခဲ့မှာပါဘဲ။
. ပြန်ဖတ်ကြည့်လိုက်တိုင်းတော့ ပြုံးချင်ပါတယ်။
သူကြီး ကတော့ “ခေးရော့ကို” .. “ဗရမ်းဗတာထဲက..စနစ်တကျဖြစ်နေခြင်း… လို့. ခေါ်ချင်…။” သတဲ့။
ကိုယ်ကတော့ “စနစ်တကျ ဖြစ်နေရာကနေ ဗရမ်းဗတာ ထထ ဖြစ်ခြင်း လို့ ခေါ်ချင်…။” :))
ဂျွန်သင်ဇမ်း – “ဖေဖေ့ ဒိုင်ယာရီ”
မာစီးဒီးစ် ကားပေါ်မှာ စီးကရက်ရှိုက်ဖူးသလို
လမ်းကြမ်းကြမ်းလေးပေါ်မှာ ဆေးပေါ့လိပ်ခဲဖူးတယ်။
အင်းလျားလိပ်ထဲမှာ ငါ ဇိမ်ခံ အိပ်ခဲ့သလို
လမ်းဘေးနား ဓာတ်တိုင်အောက် ပုဆိုးခြုံ အိပ်ဖူးတယ်။
တောပန်းမွှေးမွှေးစံပယ် ကို ခုံမင်ခဲ့ဖူးသလို
. မြို့က အဆင့်မြင့် သဇင် ကို ငါဝယ်ခဲ့ဖူးတယ်။
နှလုံးသားနဲ့ချစ်သူ ကို ငါ မြတ်နိုးခဲ့သလို
အသွေးအသားတောင့်တသူ ကို ဟန်ဆောင်ချစ်ဖူးတယ်။
ဒါတွေပြန်တွေးတိုင်း အမြဲဘဲပြုံးမိတယ်။
ထိတ်လန့်စရာ ရယ်စရာတွေ စုံတယ်။
တွယ်တာစရာလေးနဲ့ စိတ်ထိခိုက်မှုလေးတွေ
အခန့်မသင့်ရင် ငိုစရာမျိုးလဲ တွေ့ဖူးတယ်။
ထုနှက်ရမဲ့ တူနေရာ ငါနေခဲ့ဖူးသလို
ဇွဲတင်းရမဲ့ ပေနေရာမှာ ငါနေခဲ့ဖူးတယ်။
သနားတတ်လွန်တဲ့ သူတော်စဉ်လို ငါ နေခဲ့ဖူးသလို
စဉ်းလဲရမဲ့နေရာမှာ ငါ မညှာတတ်ခဲ့ပါ။
ဟင်းခွက် သုံး လေး ရာကို အဖော်တွေ ဖိတ်ကျွေး သလို
ပဲပြုတ် ထမင်းကြမ်းချိန်မှာ တစ်ယောက်ထဲစားဖူးတယ်။
ချီးမွမ်းကြတဲ့ အချိန်မှာ ငါဟာ သူဌေးဖြစ်ကာ
ပုတ်ခတ် တံတွေးထွေးခံချိန်မှာ ငါဟာ ဆင်းရဲ တယ်။
ဒါတွေပြန်တွေးတိုင်း အမြဲဘဲပြုံးမိတယ်။
ထိတ်လန့်စရာ ရယ်စရာတွေ စုံတယ်။
တွယ်တာစရာလေးနဲ့ စိတ်ထိခိုက်မှုလေးတွေ
အခန့်မသင့်ရင် ငိုစရာမျိုးလဲ တွေ့ဖူးတယ်။
. ကြိုးပြတ်သွားတဲ့ စွန် တွေကို ငါမြင်ခဲ့ဖူးသလို
ဘိုးရင်းဂျက် ရဲ့ အသံကို ရင်တုန်အောင်ကြားဖူးတယ်။
လှိုင်းလူးတတ်တဲ့ လှေပေါ် အကြိမ်ကြိမ် ဘုရားတသလို
သဘောင်္ကြီး ထက် ငါ့နဘေး ကောင်မလေး အိပ်နေ။
ကျည်းသားရိုက်တဲ့ အရွယ်မှာ ရန်တွေဖြစ်ခဲ့သလို
ဂေါက်သီးရိုက်တဲ့ အချိန်တွေမှာ ဘီယာသောက်ကြတယ်။
လေးခွပစ်တဲ့ အရွယ်မှာ ငါဟာ လက်ဖြောင့်သလို
သေနတ်ပစ် ကွင်း ရဲ့ ဂုဏ်ပြုပွဲ ငါ မူးလဲ တယ်။
ဒါတွေပြန်တွေးတိုင်း အမြဲဘဲပြုံးမိတယ်။
ထိတ်လန့်စရာ ရယ်စရာတွေ စုံတယ်။
တွယ်တာစရာလေးနဲ့ စိတ်ထိခိုက်မှုလေးတွေ
အခန့်မသင့်ရင် ငိုစရာမျိုးလဲ တွေ့ဖူးတယ်။
14 comments
မြစပဲရိုး
February 21, 2015 at 6:07 am
ဂျွန်သင်ဇမ်း – “ဖေဖေ့ ဒိုင်ယာရီ”
https://www.youtube.com/watch?v=fvtsYXKB5Wk
Courage
February 21, 2015 at 7:56 am
“Your karma is liked the seed.” ဆိုတဲ့ သီတဂူတရာတော်ကြီး မိန့်ဖူးတာကိုတောင် သွားသတိရမိရဲ့။ (အီးလိုရေးလိုက်တာက မြန်မာလိုရေးရင် စာတွေရှည်နေမှာစိုးလို့ပါ)
ဟုတ်ပါ့ ဒေါ်လေးမြရယ်…။ ငယ်ငယ်က ဘာဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ့်အိမ်မှာ ဘယ်လိုနေခဲ့နေခဲ့ အခုတော့ ဘာသာမတူ လူမျိုးခြားတွေရှိတဲ့နေရာမှာ လိုအပ်ရင်တောင် မပြောချင်ပါဘူးတဲ့ ဘာသာစကားကို တွင်တွင်ကြီး သုံးနေရပြီပေါ့။ သူတို့တွေရဲ့ ယဉ်ကျေးမှုနဲ့ ယဉ်ပါးကောင်ကြိုးစားရင်း ကိုယ့်အားကိုယ်ကိုးနေခဲ့ရတာ ဆိုးလှတယ်လို့ ဆိုချင်ပေမယ့် ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ဆိုတော့လဲ ခံရဦးမှာပေါ့။ အရင်က အဖြစ်တွေဟာ အိမ်မက်ထဲတောင် ထည့်မက်ဖို့ မသင့်မှန်းသိခဲ့ပါပြီ။ “life is a struggle”ပဲလေ
“ဆန္ဒနဲ့ဘဝ တစ်ထပ်တည်း
မကျနိုင်တာ သိပြီးသွားတဲ့နောက်
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ
တူညီအောင် ကြိုးစားရင်
လုပ်ချင်တာနဲ့ လုပ်သင့်တာ
တူညီစွာ တစ်ထပ်တည်းကြရပါစေ” လို့ပဲ ဆုပန်ပါတယ်။
La Yeik
February 21, 2015 at 9:01 am
စာသားလေးတွေက ကောင်းပြီး အဓိပ္ပါယ်ရှိလိုက်တာ…
•*¨နန်းတော်ရာသူ •*¨
February 21, 2015 at 11:03 am
ခေါင်းစဉ်ကနာဦးတည့်ရာတဆယ် မို့လို့ comment ကလည်း တွေးမိတွေးရာတဆယ် မန့်ရမယ်အရီး
ငယ်ငယ်တည်းက အင်္ဂလိပ်ကျောင်းတွေဘာတွေတက်ခဲ့ရတဲ့အခြေအနေမဟုတ်တော့ အင်္ဂလိပ်စာကိုသာမန်ပဲ။
သို့ပေမယ့် အထင်ကရနေရာတွေကိုခရီးထွက်လို့ တိုးတွေနဲ့တွေ့ရင် စကားပြောချင်စိတ်က လေတွေငုံထားရသလိုပဲ။တစ်လုံးမှလည်းမထွက်ရဲဘူး။ကိုယ့်ကိုလာမေးရင်တော့င် ခေါင်းငြိမ့်ခေါင်းခါပဲပြမိတယ်။သူတို့ထွက်သွားပြီဆို ငါ မပြောမိလေခြင်းဆိုပြီး စိတ်တိုမိတယ်။
အခုလိုတဖြည်းဖြည်းရင့်ကျက်လာတော့ဘယ်သူပဲဖြစ်ဖြစ် ဘယ်နိုင်ငံသားမဆို အားလုံးကလူပဲ ဘာသာစကားနေထိုင်မှုအရသာ တစ်ဦးကိုတစ်ဥိးရှိန်နေတာရှိတာပဲလို့တွေးမိလာတယ်။
နောက်ခါ ပိုက်ဆံချမ်းသာတဲ့လူတွေနဲ့အရာရှိကြီးတွေအပေါ် သာမန်လူတွေက ရှိန်နေ ကြောက်နေတာဟာလည်း ကိုယ့်စိတ်ကိုပြန်နှိမ့်ချနေတာပဲလို့မြင်လာမိတယ်။
အဲ့ဒါကြောင့် အရီးပြောသလို မိဘရိပ်မှာမပူမပင် ထိပ်တန်းတွေလက်ဆွဲနှုတ်ဆက်နဲ့သူများနိုင်ငံမှာ စားပွဲသုတ်တာ တွေအားလုံးက မသေခင်စပ်ကြားနေထိုင်လုပ်ကိုင်နေတဲ့အဖြစ်အပျက်တွေခြင်းအတူတူပါပဲ၊
တွေးမိရင် ဘာမှသိမ်ငယ်စရာမရှိတော့ဘူး။
အခုဆို ငါဒီနေရာမှာ ဒီလိုနေပေမယ့် နောက်နေရာကျ ဘယ်လိုနေရင်နေရမှာ ဆိုတာပါကြိုတွေးထားတတ်လာတယ်။
ကိုယ့်နိုင်ငံထဲမှာပဲ မြင့်တဲ့အလုပ်ကနိမ့်တဲ့အလုူုပ်ပြောင်းရ မြင့်တဲ့အခြေအနေကနိမ့်တဲ့အခြေအနေပြောင်းရတာမျိုးမဟုတ်ပဲ နေရာသစ် ပတ်ဝန်းကျင်သစ်မှာ အေတွေ့ကြုံသစ်ရှာရတဲ့ ဘဝမျိုးကို တကယ်ကြိုက်မိ အားကျမိပါတယ်။
🙂
ခင်ဇော်
February 21, 2015 at 12:24 pm
ဂျွန်သင်ဇမ်း ရဲ့ ဒီ သီချင်းကို မသိဘူးးး
ဝေးလွင့်ခြင်းရဲ့ နောက်ဆုံး ခြေရာကတော့ နောက်ပိုင်း တော်တော် ပြန်ဆိုတာမို့ ပိုင်ရှင်ဘယ်သူမှန်းမသိအောင် နားထောင်ဖူးပါတယ်။
ဟိဟိ။
၁၉၈ဝ ဆိုတော့ သများ ကို မွေးသေးဘူးး
:k:
အလင်းဆက်
February 21, 2015 at 2:21 pm
ငပိသံဆိုလို့…
ဖုန်းမှာပါတဲ့ Google ရဲ့ အသံနဲ့ ခိုင်းစေတာကို ရှာတဲ့ စနစ်ဟာဖြင့်…
ကျနော်နဲ့ တစ်ခါမှအဆင်မပြေ…
ကိုယ်ကပဲ ငပိသံစစ်စစ် ဖြစ်နေလို့နေမယ်..
ကိုယ် ပြောလိုက်တာက တစ်ခု..
သူ ရှာ ချ လာတာက…လုံးဝ မသက်ဆိုင်တဲ့တစ်ခု…
ငပိသံကို နားလည်မယ့် Google အသံ နာခံမှုစနစ်လေး..ပေါ်လာရင်ကောင်းမယ်လို့…တွေးမိ..
:k:
—————–
.မေ့တော့မလို့…
အဲ့သီချင်းလေးမှာလည်း..စာသားတွေကို အသံထက် ပိုကြိုက်တယ်..လို့…
😆
ဦးကျောက်ခဲ
February 21, 2015 at 3:03 pm
ဂျွန်သင်ဇမ်းတို့ ဆလိုင်းသွအောင်တို့ဆိုတာ တကယ့် ကဝေကြီးတွေပါ…
ကျောက်စ်တို့ ခေတ်ရောက်မှ သူတို့သီချင်းတွေကို ပြန်ဆိုကြရင်း ပေါက် ကုန်ကြတာ…
သူတို့ကို သီချင်းအများဆုံးရေးပေးတာ ဆရာစောဘွဲ့မှူးနဲ့ အင်ဒရူးကောင်း…
စကားစပ်ပြီး … Chaos Theory ကို နားလည်မိသလောက် ကတော့ …
ဘဝဆိုတာ ကြိုတင်ပြဋ္ဌာန်းထားတဲ့ လိပ်ပြာတောင်ပံခတ်သံ ကဗျာတစ်ပုဒ်…
ဟီ ဟိ… ဖြစ်ချင်တာ မဖြစ် ၊ မဖြစ်ချင်တာ ဖြစ်မှ … ဘဝ ပိုပီသမလားပဲ …
:k:
Ma Ma
February 21, 2015 at 3:35 pm
ကောင်းလိုက်တဲ့ သီချင်းလေး။
ကိုယ်တိုင်လည်း မိဘရိပ်မှာနေတုန်းက မခံစားတတ်ပေမယ့်
အခုလိုအရွယ်မှာတော့ သီချင်းနားထောင်ရတယ်လို့ မထင်ပဲ
တရားနာရတယ်လို့တောင် ထင်ချင်တယ်။ :a:
“ခေးရော့ကို” သီအိုရီကိုဘယ်လိုခေါ်မလဲလို့ မဲခွဲဆုံးဖြတ်မယ်ဆိုရင်….
မလတ်ဖက်ကို မဲပေးပါတယ်။ :boss:
တခါတလေမှာ လောကကြီးဟာ စာရွက်တွေ လိုက်ပြီး စုထပ်ထားပြီးချိန် လေပြင်းတချက်တိုက်လိုက်သလိုပဲ။ :b:
pooch
February 21, 2015 at 4:27 pm
အခု မှ နားထောင်ဖူးတာ စိုင်းဆိုင်မော်ဝ် အသံနဲ့ ဆင်သလိုလို ပဲ
စာသားလေးတွေ ကောင်းပါ့
စနစ်မကျတာနဲ့ပတ်သတ်လို့ တောင်တက်က ဆရာဒေါက်တာခင်မောင်အမြဲပြောနေကျ စကားလေးရှိတယ်
နောက်ဆုံးရွာကနေ တောထဲ လူမရှိ သူမရှိ ဝင်ရတော့မယ် ဆိုရင် သူအမြဲပြောတယ်
ရှေ့လျှောက်အဆင်ပြေတာ တခုမှ ရှိမှာ မဟုတ်ဖူးတဲ့ ရေတောင် ရချင်မှ ရမှာတဲ့ မခံနိုင်ရင် ခုထဲကနေခဲ့ လှည့်ပြန်တဲ့
တောလမ်းခရီးကြမ်း သွားတယ်ဆိုတာ အဆင်မပြေတာ ဗရမ်းဗတာဖြစ်နေတာ တွေကို ခံနိုင်ရည် ရှိရှိနဲ့ စနစ်တကျ ဖြတ်ကျော်တတ်အောင် ကြိုးစားရတာတဲ့
အဲ့စိတ်ဓာတ်က လက်တွေ့ဘဝမှာ အတော်အသုံးတည့်တယ် ကိုယ်တွေ့
မြစပဲရိုး
February 22, 2015 at 3:05 am
မောင်ကာကြီး ရေ
ဘဝ မှာ သက်တမ်းရှည်လာလေ ကိုယ်မဖြစ်ချင်တာတွေ က ဖြစ်ချင်တာထက် များတာ ပိုသိလာလေပါ။
ညည်းနေမဲ့အစား အပြုံးမပျက် နေနိုင်မှ အဲဒီ ဘဝ က တင့်တယ်မလားဘဲ။
လရိပ်
အရီး လဲ အခု အဲဒီ စာသား အဓိပ္ပါယ်ကို နှစ်ခြိုက်နေပြီ။
မနန်း
မနန်း ပြောလိုက်တဲ့
{ပိုက်ဆံချမ်းသာတဲ့လူတွေနဲ့အရာရှိကြီးတွေအပေါ် သာမန်လူတွေက ရှိန်နေ ကြောက်နေတာဟာလည်း ကိုယ့်စိတ်ကိုပြန်နှိမ့်ချနေတာပဲလို့မြင်လာမိတယ်။}
အတော်လေး စိတ်ဝင်စားပြီး ဆွေးနွေးဖို့ကောင်းတဲ့ စာကြောင်းဘဲ။
အရီး ကိုယ်ပိုင် အမြင် ကို ပြောမယ်နော်။
အနောက်နိုင်ငံ (တနည်း) စိတ်ဓာတ်ရေးရာ ဖွံ့ဖြိုးပြီး နိုင်ငံ တွေမှာ သခင် တွေ၊ ကျွန်တွေ ဆိုတဲ့ စိတ်မရှိတော့ဘူး။
လူဟာလူဘဲ။
ဆင်းရဲသားကလဲ ချမ်းသာသူကို ဖင်မ မနေဘူး။
တံခါးစောင့်ကလဲ အရာရှိ ကို ရှိခိုးမတတ် ရိုကျိုး ပြ မနေဘူး။
ဘာလို့လဲ ဆိုတော့ လူတစ်ဦး ကို နောက် တစ်ဦးက ဖိနှိပ်ပြီး အနိုင်ကျင့်လို့ မရ အောင် ထိန်းချုပ်ထားတဲ့ စနစ် ရှိလို့ဘဲ။
သဘော က အမြင်ကပ် ပုဒ်မ နဲ့ လူတစ်ယောက် ကို အသားလွတ် ဒုက္ခပေးလို့ မရ အောင် တရားဥပဒေ က ကာကွယ်ပေးထားနိုင်လို့ဘဲ။
သူကြီး က ဝင်ပြောလိမ့်မယ်။
ဒါဟာ ဘာသာရေးကြောင့်လို့။
အဝါရောင် ဝတ် ထားတဲ့ သူ တစ်ချို့ က တောင် အစိမ်းရောင် တွေ ကို ဖားယား နေရ တာ အသိ မို့ ဘာသာရေး နဲ့ မဆိုင်ပါ။
ဆိုင်တာ က လူ တွေ ရဲ့ အလွန်အကျွံ ဖြစ်နေတဲ့ အတ္တ တွေ က ကြီးနေလို့ဘဲ။
အထက်လူကြီး တစ်ယောက် က ငါ့ကို ဖင်မ မနေ နဲ့။ မကြိုက်ဘူး။ ကိုယ့်ဟာကို နေကြ လို့ ပြောတာ များ ရှိဘူးလား။
အရိုအသေမပေးရင် ဒင်းက ဘာကောင်လဲ ငါ့ကို ဘာမှတ်လဲ ဆိုပြီး တွေးတတ်တဲ့ စိတ်ဓာတ်ရေးရာ အောက်ကျနောက်ကျလွန်း တဲ့ လူ တွေ ထိပ်မှာ ကပ်နေသ၍ ဒီလို အကျင့်တွေ ပျောက်နိုင်မှာ မဟုတ်ပါ။
ဒီတော့ ဒီလူ တွေ ကို ဖင်မ မနေချင်ရင် လူကို လူလို မြင်တတ်တဲ့ စိတ်ဓာတ်ရှိသူတွေ ကို နေရာ ပေး တွန်းတင်နိုင်မှ ဖြစ်မယ်။
ဇီကလေး
Fair enough ပါလေ။ ရာစု နှစ်စုလောက် ကွာနေသကိုး။
. ဝေးလွင့်ခြင်း ရဲ့ နောက်ဆုံးခြေရာ က (၁) နဲ့ (၂) ရှိတာ။
ကြည့်ရတာ (၁) က အခုထိ ကျန်နေဆဲ ထင်ရဲ့။
. ဝေးလွင့်ခြင်း ရဲ့ နောက်ဆုံးခြေရာ(၁) က ဆလိုင်းသွအောင် က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုပေါ့။
. နောက်ပိုင်း ဖိုးချို ဆိုတာ ဘဲ သိတယ်။
သူတို့ သီချင်း တွေ ကို ဖိုးချို က စပြီး ပြန်ဆိုခဲ့တာလို့ မှတ်တာဘဲ။
အိမ်ပြန်အလွမ်းတွေ ဆက်ဦးလေ။
အလုပ်များနေတယ်လား။
ဆက်ဆက်
ငပိသံ ရှာဖို့ ကို ငပိသံ အရင် သွင်းထားနိုင်ရင် ရလာမှာပါ။
ဂျွန်သင်ဇမ်း က ချင်း ဆိုတော့ အသံလေး ဝဲ တာပေါ့။
နားထောင်လို့ တော့ ကောင်းပါတယ် မဟုတ်လား။
ကျောက်စ်
ငယ်တုန်း က ဒီခေတ်လို အင်တာမနက်နိုင် တီဗီမကြည့်နိုင် ကြတော့ သီချင်းတွေဘဲ အားပြုနားထောင်ရမို့ ထွက်သမျှ သီချင်း တော်တော်များများ သိခဲ့တယ်။
သတိထားမိလား ကျောက်စ်။
ကျွန်မတို့ အလယ်ခေတ် ဂျဲန်နရေးရှင်း က ရှေ့လူ တွေ ကို ကျော်တက်နိုင်ပေမဲ့ နောက်တက်လေး တွေ က ကျွန်မတို့ကို မမှီ သလိုဘဲ။
အိုင်တီမှာလဲ ဝင်းဒိုး နဲ့ ပန်းသီး ဘဲ နေရာယူမြဲ၊
နောက်ထပ် အားကြီး တဲ့ အိုအက်စ် OS တစ်ခု မပေါ်နိုင်သေး။
အသစ်ထဲ ပြောစရာ က Facebook တို့ Google တို့ ဘဲ ရှိသလားဘဲ။
မြန်မာပြည် မှာ တော့ ပိုသာဆိုး လို့ ပြောရင် ကလေး တွေ စိတ်ဆိုးမလားဘဲ။ 😉
တကယ်တော့ ကိုယ်တွေညံ့လို့ နောက်လူတွေ ကို ဆွဲမခေါ်နိုင်တာလို့ တွေးရင်လဲ ရပါတယ်။
ညီမနှင်း ရော စားနိုင် အိပ်နိုင် မဟုတ်လား။
ဗိုက်ထဲက ကိုယ်တော်လေး က အတော်မှ ဆော့သလား။
ဒီလို နဲ့ ကျောက်စ် ကို sleepless မြို့တော်က ကြိုဆို ခံ ရတော့ မယ်။
” ဖြစ်ချင်တာ မဖြစ် ၊ မဖြစ်ချင်တာ ဖြစ်မှ … ဘဝ ပိုပီသမလားပဲ ” ဆိုတာ ကို လွှတ်သဘောကျပါတယ်။
မဟုတ်ရင် ပျင်းစရာကြီး။
ဟိုနေ့က မောင်ဂီ ပြောသလိုပေါ့။
“အသက်ရှူရတာ သိပ်ပျင်းစရာကောင်းသွားလိမ့်မယ်” ဆိုတဲ့သဘောဘဲ။
ချစ်မမ
ပြောလိုက်တဲ့ “တခါတလေမှာ လောကကြီးဟာ စာရွက်တွေ လိုက်ပြီး စုထပ်ထားပြီးချိန် လေပြင်းတချက်တိုက်လိုက်သလိုပဲ။” ဆိုတဲ့ ဥပမာ လေး ကို သဘောကျမိတယ်။
ကစင့်ကလျား လွင့်မသွားအောင် ဘယ်လို ပေပါဝိတ် ကို သုံးသင့်သလဲ စဉ်းစားလိုက်ဦးမယ်။
ပုချ်လေး
ဆရာပြောတာ ကို တကယ်ဘဲ လက်တွေ့ဘဝ ထဲ အသုံးချသင့်တာပါ။
ကိုယ့်ဘဝ ထဲ ဗရမ်းဗတာမဖြစ်အောင် ဘယ်လောက် ပလန် လုပ်လုပ် သူ့ဟာသူ အချိန်ကျရင် ဖြစ်သွားတာပါ။
ကိုယ်က စနစ်တကျ ကြိုပြီး ဖြစ်နိုင်ခြေတွေ အတွက်ကာကွယ် ထားနိုင်ခဲ့ရင် အခြေအနေ ဆိုးဆိုးရွားရွားကြီး မဖြစ်နိုင်ဘူးပေါ့။
ဒါကြောင့် ဟုတ်ဟုတ် မဟုတ်ဟုတ် ဆိုင်ဆိုင် မဆိုင် ဆိုင် ပရိတ်ရွတ်တာ၊ ဘုရားစာဆိုတာ အမြဲကြိုးစားလုပ်မိတယ်။
ဒါဟာကိုယ့် အတွက် အကာအကွယ် မဟုတ်ဘူးဆိုတာ ဘယ်သူ မှ သက်သေပြ မပေးနိုင်တာကိုးနော။
လုပ်တော့ ကိုယ့်မှာ အရှုံးမှမရှိတာလေ။
တစ်ခုခု ဆို သံဗုဒ္ဓေ ကို အသေရွတ်တာဘဲ။
ဘာဘဲဖြစ်ဖြစ် စိတ်ထဲမယ် ထူးတယ်လို့ ခံစားရတယ်။
မိဘ ကို စေတနာ နဲ့ လုပ်ကျွေးတာလဲ ကိုယ့် အတွက် အကာအကွယ် တစ်ခု လို့ ဆိုတာကိုလဲ ယုံတာဘဲ။
နောင်ဘဝ တွေ ဘာတွေ အထိတော့ ရည်မှန်းချက်မကြီးပါဘူး။
ရတဲ့ ဘဝ ထဲ ရနိုင်သ၍ အဆင်ပြေရင်ဘဲ ကျေနပ်လှပါပြီ။
ဒီတော့ လောကီ ကိုဘဲ အာရုံပြုနေသေးတဲ့ အမိုက်မကြီး ပေါ့။
ဒီတစ်ခါ အစိမ်းချယ်ပေးချင်သူ တွေ များနေလို့ ထူးထူးခြားခြား စကားဖြစ်နေတဲ့
မနန်း ပြောလိုက်တဲ့
{ပိုက်ဆံချမ်းသာတဲ့လူတွေနဲ့အရာရှိကြီးတွေအပေါ် သာမန်လူတွေက ရှိန်နေ ကြောက်နေတာဟာ}
ဆိုတဲ့ အသေအချာ ပြင်သင့်တဲ့ စိတ်ဓာတ်တွေ အကြောင်းမို့ မနန်း မှတ်ချက်လေး ကို စိမ်းလိုက်ပါတယ်။
ဝင်ဆွေးနွေးပေးသူ အားလုံးကို တကယ်ဘဲ အထူးကျေးဇူးတင်ပါတယ်။ :))
black chaw
February 22, 2015 at 7:08 pm
အစ်မရေ…။
အပေါ်က ကိုကျောက်ခဲ ကွန်းမန့်အတိုင်းပါပဲ ခင်ဗျ…။
လေးလေးစားစား ဖတ်ပြီး
ရင်ထဲကို အမှန်တကယ် ရောက်သွားခဲ့ပါတယ်…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
Mr. MarGa
February 23, 2015 at 11:56 am
အရီး
ခေးရော့ ကို “စနစ်တကျထဲက ဗရမ်းဗတာဖြစ်စဉ်” လို့ ပြောတာ ပိုကောင်းမလား (ဟိုပို့စ်ကအရှိန် မသေသေးလို့ ခွင့်လွှတ်ပါ :loll: )
သီချင်းကိုတော့ ဒေါင်းလိုက်ဦးမယ်ဗျာ စာသားတွေတော့ အတော်ကောင်းရဲ့
ကျနော်လည်း နောက်ထပ် ဆယ်နှစ်အတွင်း ဘာတွေဖြစ်ဦးမယ်မသိ…
တောင်ပေါ်သား
February 23, 2015 at 12:19 pm
အရီးရေ
ကျနော်က စိုင်းဆိုင်မောဝ်ခရေဇီ
ဂျွန်သင်ဇမ်း ဆလိုင်းသွှအောင် ဆွန်ကျဲအိုတို့လည်းကြိုက်တယ် ၊
စောဘွဲ့မှုးသီချင်းတွေမှာ ဒဿနတွေသိပ်ပါ ၊
( ဘဝဆိုတာကတော့ ကြိုးစားတိုင်း မဖြစ်လို့
ဖြစ်လာတဲ့ဘဝအပေါ်မှာပဲ တတ်စွမ်းသမျှ ကြိုးစားနေထိုင်ရင်း . . . )
Mike
February 23, 2015 at 2:11 pm
.ဂျွန်သင်ဇမ်း ကိုမကြားဖူးခဲ့ဘူးဗျို့…အံ့ရော :b:
.ဘဝဆိုတာတော့ ဖြစ်ချင်တာတွေ တခါမှအလွယ်တကူ မဖြစ်ခဲ့ဖူးပါဘူး…
.ဒါကလည်း ဖြစ်ချင်တာတွေဖြစ်လာတဲ့အခါ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတာကိုနောက်ပြန်လှည့်ကြည့်ရင်းကြည်နူး
.ပီတိဖြစ်စရာမဟုတ်လားဗျ… :))