ပြက်ရယ်ပြုသင့် မပြုသင့်
အားလုံးပဲ မင်္ဂလာပါရှင်
အကြောင်းကြောင်းနဲ့ ကျမရွာထဲမရောက်ဖြစ်တာ အတော်ကြာသွားပါပြီ။ ကိုယ့်စိတ်ထဲရှိတာလေးတွေ ၊တွေ့မြင်ရတာလေးတွေရေးဖို့ ကြံတာအခါခါရှိပေမယ့် အခုမှပဲ လက်တွေ့ရောက်ဖြစ်ပါတော့တယ်။ အရင်ကတည်းက လူသိနည်းတာကတစ်ကြောင်း၊ ရွာနဲ့အဆက်ပြတ်သွားတာကတစ်ကြောင်းနဲ့ဆိုတော့ ကျမကို မှတ်မိသူရှိပါ့မလားတော့ မပြောတတ်ပါဘူး။ ဘယ်လိုပင်ရှိစေ ဒီနေ့တော့ ကြုံခဲ့တာလေးပြောချင်လို့ ရောက်လာခဲ့ပါပြီ။
ဖြစ်ပုံကတော့ ဒီလိုပါ။
ဒီနေ့ အလုပ်ပိတ်ရက် ကိစ္စတစ်ခုရှိလို့ အပြင်သွားတော့ bus ကားပေါ်မှာ ကိုယ့်နောက်ကကပ်လျက်ရှိတဲ့ ထိုင်ခုံဆီက သူငယ်ချင်းလို့ ယူဆရတဲ့သူနှစ်ယောက် (ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်) ပြောနေတာတွေကို ကြားနေရတယ်။ သူတို့ပြောတာတွေက ခပ်ကျယ်ကျယ်ဆိုတော့ နားမထောင်ပေမယ့်ကြားနေရတာပေါ့။ ကောင်လေးပြောတာကိုကြားရတာတော့ နှစ်ယောက်လုံး တက္ကသိုလ်ကျောင်းသားပဲ။ အောင်စာရင်းသွားကြည့်မယ့်အကြောင်း ကောင်မလေးရဲ့မွေးနေ့မှာ သွားချင်တဲ့ဘုရားကိုလိုက်ပို့ပေးမယ်ဆိုတာတွေပြောနေရင်းက ကောင်လေးက ကောင်မလေးကိုမေးတယ်။ သူသိထားတဲ့ကောင်လေးနဲ့ခုထိတွဲနေတုန်းလား ပြတ်သွားပြီလားပေါ့။ အဲဒီတစ်ယောက်နဲ့ပြတ်သွားပြီလို့ ကောင်မလေးက ပြောတယ်။ အိမ်ကသဘောတူထားတဲ့တစ်ယောက်နဲ့ရော ဘယ်လိုလဲဆိုတာဆက်မေးလိုက်တဲ့အခါမှာတော့ မပြောသင့်ဘူးလို့ ကျမယူဆတဲ့ စိတ်မကောင်းစရာစကားကို ကြားလိုက်ရတယ်။ ကောင်မလေးပြန်ပြောလိုက်တာက ”လောက်ကိုင်မှာ ကျသွားပြီ” လို့ ခပ်ပေါ့ပေါ့ပဲ အတည်ပေါက်နဲ့ ဟာသသဖွယ်နောက်ပြောင်ပြောလိုက်တယ်။ ကောင်လေးက ”မဖြစ်နိုင်တာ ပေါက်ကရတွေပြောတော့မယ်..နင်ပြောတော့ သင်္ဘောသားဆို” လို့ဆက်ပြောတော့ ကောင်မလေးက..”မဟုတ်ပါဘူး..နင်အမှတ်မှားနေတာပါ..သင်္ဘောသားမဟုတ်ပါဘူး ..သင်္ဘောသားဆိုလည်း ရေနစ်သေသွားပြီ” လို့ စောစောကပုံစံအတိုင်းပဲ နောက်ပြောင်ပြောပြန်တယ်။ အမှန်က အင်ဂျင်နီယာတဲ့။ အဲဒါကို အဲဒီလိုတွေပြောတာကြားရတော့ လောက်ကိုင် စစ်မြေပြင် ရှေ့တန်းရောက်စစ်သားတွေကိုယ်စားရော စစ်ဘေးခံကြရတဲ့ ပြည်သူတွေအတွက်ရော သင်္ဘောသားတွေကိုယ်စားရော တော်တော် စိတ်မကောင်းဖြစ်မိသွားတယ်။ ကျမဆွေမျိုး အသိုင်းအဝိုင်းထဲမှာ သင်္ဘောသားတွေရှိပါတယ်။ လောက်ကိုင်စစ်မြေပြင်ရောက် စစ်သားတွေထဲမှာရော စစ်ဒဏ်ခံရတဲ့လူတွေထဲမှာရော ကျမတို့ရဲ့ဆွေမျိုး အသိ တစ်ယောက်မှမရှိပေမယ့်် ကြားရတဲ့စကားအပေါ်တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ နောက်လှည့်ပြီး ချိုသာစွာနဲ့ တစ်ခုခုပြောချင်စိတ်ဖြစ်မိပေမယ့် bus ကားပေါ်မှာမို့ ထိန်းလိုက်တယ်။ သူ့မိသားစုအသိုင်းအဝိုင်းထဲမှာ လောက်ကိုင်စစ်မြေပြင်ရောက်စစ်သား၊ စစ်ဘေးခံရသူ၊ သင်္ဘောသား တစ်ယောက်ယောက်ရှိနေရင် အဲဒီလို လွယ်လွယ်နဲ့ ဟာသသဖွယ်နောက်ပြောင်ပြောဆိုနိုင်မယ်မထင်ပါဘူး။ သူငယ်ချင်းနဲ့ ဘယ်လိုပင် လွတ်လွတ်လပ်လပ်နောက်ပြောင်ပြောဆိုလို့ရတာမှန်ပေမယ့် အခုလိုတော့ မပြောသင့်ဘူးလို့ထင်ပါတယ်။ စာနာစိတ်မရှိ မထားနိုင်ရင်သော်မှ အဲဒီလို ဟာသသဖွယ် မပြောသင့်ဘူးထင်ပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ဘာကြောင့်များ အဲဒီလို ပြောထွက်ရက်သလဲဆိုတာ နားမလည်နိုင်အောင်ပါပဲ။ သတိပြု ဆင်ခြင်စရာတစ်ခုအနေနဲ့ ရေးလိုက်ခြင်းပါ။
ဒီနေ့ကြားခဲ့ရတဲ့ ကိစ္စနဲ့ စကားတစ်ခွန်း အပေါ် ကျမရဲ့အယူအဆ ခံစားချက်သက်သက်ပါ။
အားလုံး ကျန်းမာရွှင်လန်းကြပါစေ။
ပန်းစံပါယ်