အလွမ်းပြေစကားတောင် မပြောလိုက်ရဘူး – ၁
အလွမ်းပြေစကားတောင် မပြောလိုက်ရဘူး -၁
ဒီအဖြစ်အပျက်လေးက ပြီးခဲ့တဲ့ ခုနှစ်လ ရှစ်လ လောက်က အဖြစ်အပျက်လေးပါ ။ ရေးချင် ပေမဲ့ အကြောင်းမသင့်တာကြောင့် ရယ် ဘယ်ကစရ မယ် ဆုံးဖြတ်မရတာနဲ့ မရေးဖြစ်ခဲ့တာ ။ လက်ရှောင်ချင်တာလဲ ပါတာပေါ့ ။ ခုတော့ သူကြီးရဲ့ မှတ်ချက်လေး တစ်ခုနဲ့ ဆက်နွယ်ပြီး ရေးဖြစ်ခဲ့တာပါ ။ ဒါကိုပဲ အတွေးထဲ ထည့်ထားလို့လာမသိဘူး စိတ်ကူးထဲမှာတော့ ချောနေတာပဲ ။
××××××××××××××××××××××
ဝါခေါင်လရဲ့ နေပူချိန်ပြင်းပြင်းအောက်မှာ သီချင်းသံတွေကလည်း ဆူညံလို့ပါ ။ ဟုတ်ပါ့ ဝါတွင်းကာလ ဆွမ်းကြီးခံ လှည့်လာတဲ့ အဖွဲ့တွေပါ ။ နေဝန်းနီ တို့ဆီမှာ နေပြည်တော်ဖြစ်ပြီးကာမှ အရေအတွက်တိုးလာတာက အလှူခံတွေရယ် ကျူရှင်ဘော်ဒါ ဆိုင်းပုဒ်တွေရယ် ဘီယာဆိုင်တွေရယ် ရေတွက်လို့တောင်မရတော့ဘူး ။ အဟုတ် ။ တော်သေးရဲ့ ။ ကျေးလက်ထွက်ကုန်ပေါ်မှာ အမှီပြုထားတဲ့ မြို့လေးမို့ ကေတီဗွီ တို့ မာဆတ် တို့မရှိလို့ ။ လပြည့် လကွယ်ကလွဲလို့ နေ့တိုင်းဈေးဖွင့်ပေမဲ့ ငါးရက် တစ်ဈေးရယ်လို့ သတ်မှတ်ထားတဲ့ မြို့လေး ။ ခေါ်ပုံလေးကလည်း သင်းတယ် ။ ဈေးနေ့လို့တောင် မခေါ်ဘူး ။ ဈေးကြီးနေ့တဲ့ ။ နောက်တစ်ရက်က ဈေးလွန်တစ်ရက်တဲ့ ။ နောက်နှစ်ရက်တဲ့ ။ အဲ့ဒိနေ့မှာ ညောင်လွန့် ဆိုတဲ့ ရွာဈေးက ဈေးနေ့ကျလို့ ညောင်လွန့်ဈေးနေ့ တဲ့ ။ ဈေးလွန် သုံးရက် ရောက်တော့ ကြားဈေး လို့ ခေါ်ပြန်တယ် ။ အဲ ” ကြားဈေး” နေ့ ပြီးတော့ ဈေးပိတ်နေ့တဲ့ ( အရင်က ဈေးဖိတ်နေ့ လို့ခေါ်ခဲ့တယ်လို့ မှတ်သားဖူးပါရဲ ့ ။ အဖိတ် ဥပုတ် ဆိုတဲ့ စကားကနေ ဥပုတ်နေ့မတိုင်ခင် တစ်ရက် ကို အဖိတ်နေ့လို့ ခေါ်တာကိုလိုက်ပြီး ဈေးနေ့မတိုင်ခင် တစ်ရက် ကို ဈေးဖိတ်နေ့လို့ ခေါ်ခဲ့တယ်လို့ ဆိုပါတယ် ) ။ ကျေးလက်က လူတွေက ဈေးနေ့ နဲ့ ကြားဈေး နေ့ကိုပဲ မှတ်သားပြီး လာလေ့ရှိပါတယ် ။ ငါးရက်မှာ အဲ့ဒိ နှစ်ရက်ပဲ ရောင်းစရာ ရှိတဲ့ လယ်ယာထွက်ကိုလေးယူလာ ရောင်းချ ပြီးရင်ပြန်လေ့ ရှိပါတယ် ။ သူတ်ို့နဲ့ ပါလာလေ့ ရှိတာကတော့ ရှေ့က စက်ဘီးပေါ်မှာ လော်စပီကာတင် နောက်က စက်ဘီးပေါ်က ဗွီစီဒီပလေယာက ကာရာအိုကေ ခွေဖွင့် ။ သီချင်းဆိုတဲ့သူက လမ်းလျှောက် မိုက်ခဲ ပြီး အလှူခံတဲ့ အလှူခံပါပဲ ။ လူက ရှုပ် ရှုပ် ဈေးတွင်းလမ်းတွေ အကုန်ဝင် ။ အဲ့ အလှူခံ ဝင်ရင် ဈေးသည် ဈေးဝယ် အော်မကြား ခေါ်မကြား တော်တော် စိတ်ပျက်ဖို့ကောင်းတာက ဝါတွင်းသုံးလလုံး ။ ရက်ကိုးဆယ်မှာ သုံးဆယ့်ခြောက်ရက်ပါ ။ ဈေးသွားဈေးလာ နဲ့ ဈေးသည်တွေကို ဘာသာရေး တံဆိပ်ကပ် အနှောက်အယှက်ပေးနေပေမဲ့ ဈေးစည်ပင်ကလည်း ကြည့်နေပါတယ် ။ နောက်မှသိရတာက ဒီလို အလှူခံ ခွင့်ရဖို့ သတ်မှတ်ကြေး ရှိတယ်ဆိုပဲ ။
အဲ့ တစ်ရက် ကတော့ ဈေးထဲမှာ မွေးသမိခင် ကို ဈေးခင်းပေးခဲ့ ပြီး လက်ဖက်ရည် ဆိုင်ဘက်ထွက်လာပါတယ် ။ လက်ဖက်ရည်ဆိုင်မရောက်ခင် ဓာတ်တိုင် နှစ်တိုင်လောက်မှာ ဆွမ်းကြီးခံ နဲ့ တိုးနေပါရောလား ။ သူတို့က တစ်မျိုး ။ လူဆွဲတဲ့ လှည်း အကြီးကြီးပေါ်မှာ ဒရမ်ဆက်တင်ထားတယ် ။ လှည်းဘေးတွေမှာလည်း ဗုံကလေးငါးခြောက်လုံး စီတင်ထားတယ် ။ လျှပ်စစ်အော်ဂင်လည်းပါရဲ့ ။ လှည်းရဲ့ ဒေါင့်လေးခုမှာ ခါးလောက်မြင့်တဲ့ ဆောင်းဘောက်ကြီးက လေးလုံး နေရာယူထားတယ် ။ အောက်မှာကတော့ လျှပ်စစ် ဂစ်တာ တီးတဲ့ သူတွေရယ် ။ ဗုံသမားရယ် ။ အော်ဂင် ဆရာရယ် ။ သီချင်း ဆိုတဲ ့ သူတွေရယ်က ခြေလျင် ။ ဆိုတော့ကာ နေဝန်းနီ ကတော့ သူတို့ ဆောင်းဘောက်က ထွက်လာတဲ့ အသံ ကို ရင်ဘတ်ထဲကတောင်တုန်လာလို့ စက်ဘီးပေါ်က ဆင်းတွန်းပြီး ခပ်လှမ်းလှမ်းကနေ ကွေ့ပြီး လက်ဖက်ရည်ဆိုင်ထဲ ရောက်အောင်လာတော့တယ် ။ ရန်ကုန် မန္တလေး လမ်းဘေး ဝဲယာ တစ်လျှောက် ဒီနေ့တော့ အသံနဲ့ နှိပ်စက်တော့မယ်လို့ ဆုံးဖြတ်ထားတဲ့ ဆွမ်းကြီးခံ လှည်းဟာ ပဏမ အလှူခံ အာလုပ်ပြုစကားနဲ့ စတင်ကလူ ကြည်စယ်ပါတော့တယ် ။
” သဒါ္ဓ ကြည်လင် ပါရမီ ရှင်အပေါင်း တို့ ခင်ဗျာ ××××××××× ——-&&&&&&$$$###########@@@@@±±±±±±±±±~~~~~~~~~~~~ :)”
နေဝန်းနီ လည်း ရှေ့ လက်ဖက်ရည်ခွက်ရောက်လာတာနဲ့ တစ်ငုံသောက်လိုက်ပြီး မီးသေနေတဲ့ ကြယ်နီ ဆေးပေါ့လိပ်ကို မီးညှိလိုက်ပြီး ဖွာအရှုက်
” ဒီနေ့တော့ တောင်းဆိုထားတဲ့ တေးများထဲက ကောင်းနိုးရာရာ နဲ ့ စတင်ဖျော်ဖြေပါ့မယ် ”
ဟုတ်တော့ ဟုတ်နေပြီ ။ ပရိဿတ်က တောင်းဆိုနေလို့ပဲ သူတို့က ဖျော်ဖြေနေရသလိုလို ။ နေဝန်းနီလည်း မှာထားတဲ့ ပလာတာ လိပ်ညှပ်လို့ သူဆို့ဆိုင်ကခေါ်တဲ ့ ပလာတာ ကပ်ကျေး ကိုက် စားရင်း လက်ဖက်ရည်လေး ကျိုက်လိုက် ဆေးပေါ့လိပ်ကလေး ရှိုက်လိုက် ဇိမ်ကြနေတုန်း ………… စောစောက ဆွမ်းကြီးခံ လှည်းနဲ့ လားရာ ဆန့်ကျင်ဘက်က သီချင်းသံကြောင့် အသံလာရာ အာရုံကရောက်သွားပြန်ရော ။
” အလွမ်းပြေ စကားတောင်မပြောလိုက်ရဘူး ကွယ် ×××× ပန်းတွေကြားက —— ”
ဟ ….. ဠ …. အ စောစောစီးစီး လွမ်းနေကုန်ပဟ ။ ပေါ့လေ ……. သီးချင်း က နေဝန်းနီ တို့ ငယ်ငယ် က သီချင်း ဆိုနေတဲ့ ကောင်မလေးကလည်း ငယ်ငယ်ပဲ ရှိသေးတယ် ။ ဟိုက် နေဝန်းနီ ရဲ့ မိတ်ဆွေ ကြီး ‘ ကိုထွန်းအံ့ ‘ သမီးပါလား ။ တစ်လောကပဲ သူ့သမီး ကျောင်းမတက်ချင်တော့ဘူး အလုပ်လေးဘာလေး အဆင်ပြေရင် ခိုင်းချင်တယ်ဆိုလို့ နေဝန်းနီပဲ သူငယ်ချင်းရဲ့ ကုန်စုံဆိုင်မှာ အလုပ်သွင်းပေးခဲ့သေးတယ် ။ ကောင်မလေးက ကိုးတန်းဆိုပဲမဲ့ ကျောင်းစိမ်းလေးနဲ့ တုန်းကသာ ငယ်ရုပ်ဆင်နေတာ ။ အရပ်ဝတ်နဲ ့ ဆိုတော့ ထွားလာသလိုပဲ ။ မနှစ်ကတည်းက ကျောင်းမတက်တစ်ရက် တက်တစ်ရက် လုပ်နေလို့ ကိုထွန်းအံ့ကော သူ့မိန်းမကော ခု သီချင်းဆိုလာတဲ့ ကောင်မလေးကော တော်တော် ပြောပစ်ဖူးသေးတယ် ။ ကျောင်းပိတ်ရက်ကျတော့ ကောင်မလေးက သူကျောင်းမနေချင်တော့ဘူးတဲ့ ။ ဈေးထဲမှာ အလုပ်ရရင် လုပ်ချင်တယ်ဆို့လို့ ။ သူငယ်ချင်း ဆိုင်ကို အတင်းအကျပ်ပြော ။ အဲ့မှာ သွင်းပေးခဲ့တာ နှစ်လလောက်ပဲ ရှိဦးမယ် ။ သူငယ်ချင်းဆိုင်က ဈေးထဲကို ပြန်ဖြန့်တဲ့ လက်ကားဆိုင်ဆိုတော့ အလုပ်သမား များပေမဲ့ နားနေရတယ်မရှိဘူး ။ အဲ့တာကြောင့် ပြန်ပြေးလာတာလား ။ ဟိုဟို ဒီဒီ မျက်နှာပျက်စရာ ပြဿနာတွေ ဘာတွေများဖြစ်ခဲ့ သေးလားပေါ့ ။ အတွေးတွေသာပွားနေတာ ။ ကိုထွန်းအံ့ နဲ့ တော်တော်နဲ့ မဆုံဖြစ်ပါဘူး ။ သူကလည်း အလုပ်စုံတယ် ။ ဂွေးသီး ဆွတ်တဲ့ အချိန် ပွဲစားနောက်က လိုက်ပြီး ဂွေးသီး ဆွတ်တယ် ။ အလှူချိန်ရောက်ရင် မောင်ရင်လောင်းထိန်း ။ နောက် ချွဲ ထိုး လည်း ကောင်းတယ် ဆိုပဲ ။ အလှူ တစ်ပွဲ လေးငါးထောင်တောင်ရတယ် ဆိုပဲ ။ အလှူရှင်က ရက်မသတ်မှတ်ခင်ကတည်းက သူ့ကိုကြိုချိတ်ရတယ် ဆိုပဲ ။ အလှူရက်မှာ သူ မအားမှာစိုးလို့ ။ တစ်ချို့မျာ း သူအားတဲ့ ရက် ကို အလှူ လှည့်ဖို့ ရက်ရွေ့ပေးရတာတောင်ရှိသတဲ့ ။ သူ့သား အကြီးကောင်က အရပ် ဇာတ်လေးမှာ ဂစ်တာ လိုက်တီးတယ်ဆိုပဲ ။ တစ်နှစ်က သူ့သား ဇာတ်နဲ့ စာချုပ်ချုပ်ဖို့ သက်သေတောင်လိုက်သွားပေးရဖူးတယ် ။ အံမာ နေဝန်းနီ တို့ တပ်ကုန်းမြို့လေး ပေါ့သေးသေးမထင်ပါနဲ့ ။ ဗလာဆိုင်းကလည်း လေးခုလောက်ရှိသတဲ့ ။ ဇာတ်ကလည်း နှစ်ခုတောင်ရှိ ဆိုပဲ ။ ထားပါ ။ ကိုထွန်းအံ့ နဲ့ တွေ့မှ မေးကြည့်ရဦးမယ်လို့ စိတ်ထဲမှာ တေးထားမိပေမဲ့ မြို့သေးသေးလေးမှာ နေကြတာပေမဲ့ လူချင်းတော်တော်နဲ့ မဆုံဖြစ်ဖူး ။
နေဝန်းနီ
5 comments
Foreign Resident
March 5, 2015 at 6:45 am
့မြေပြန့်က တပ်ကုန်းမြို့ ကလည်း ၊
ငါးရက် တစ်ဈေး စံနစ်ကို သုံးတာဘဲကိုး ။
အဲဒီ စံနစ် တောင်ပေါ် ဒေသတွေမှာဘဲ ရှိတယ် ထင်နေတာ ။
naywoon ni
March 5, 2015 at 12:00 pm
ရှိတယ် အဘဖော ကျနော်သိသလောက် ” လယ်ဝေ း ” ရမည်းသင်း ” ” သာစည် ” မြို့တွေမှာလည်းရှိတယ် ။ မြေပြန့် ဆိုပေမဲ့ တပ်ကုန်း ရမည်းသင်း သာစည် ဆိုတဲ့ မြို့ တွေဟာ ရှမ်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မြို့တွေ ။ အဲ့ဒိထဲမှာ ကျနော်တို့ တပ်ကုန်း ဆိုတဲ့ မြျို့လေးက မြို့သက်အနုဆုံး ၁၉၆ဝ မှ မြို့ဖြစ်လာတာ ။ ဆိုတောကာ တောလည်းမကျ မြို့လည်းပီပီ ပြင်ပြင် မဖြစ်သေးတဲ့ မြို့လေး တစ်မြို့ပါ ။
တောင်ပေါ်သား
March 5, 2015 at 12:16 pm
အပိုင်း ၂ လုပ်တော့လေ ဆရာရဲ့ 🙂
Mike
March 5, 2015 at 1:11 pm
.ခီများစာဖတ်ပြီးမောတယ် ကိုနီရေ
.အလှူ ခံကတော့ နေရာတကာအော့ကြောလန်ဗျို့
Alinsett@Maung Thura
March 5, 2015 at 1:19 pm
ဆိုင်းတို့
ဇာတ်တို့ … ဝါသနာမပါ…
ဖိုးချစ်တို့… ဟိုးရှေးရှေးက…အကမင်းသားကြီးတို့ မိတ်စကပ်တွေလိမ်းပြီး ကွေးနေအောင် ဆိုငို ကပြနေကြတာကိုလည်း… ကြည့်မရ.. ခံစားလို့မရ..
ဒါတောင် ရွာမှာ ကျနော်တို့ ညီအစ်ကို ရှင်ပြုတော့ ဂုံဂလွမ်ဆိုင်းဝိုင်းကြီးနဲ့ အငြိမ့်ကိ ပါလိုက်သေးးး
မြန်မာ့ဆိုင်းဆို…တီးလုံးချည်းသက်သက် ငြိမ့်ငြိမ့်လေးတွေ နားထောင်ချင်တာ..
အဲအဲ… ဒီပိုစ့်ဖတ်ပြီးမှ သတိရသွားတယ်..
ကျိုက်ထီးရိုးတောင်တက်လမ်းတလျှောက်က အလှူ ခံတွေအကြောင်း
:buu: