နှလုံးသွင်းနည်း-၆

sofiadimpleAugust 20, 20101min630

အန ္တရာယ်နံပါတ်-၆ ကို ကျော်လွှားနိုင်ဖို့ ကျတော့ ပန်းတိုင်မှန်မှရမယ်ဆိုတာ သိသင့်သလောက်တော့သိခဲ့ပြီနော်။ ဒါပေမယ့် အပြောသာလွယ်တယ် ။ တကယ့်လက်တွေ့မှာက ဒီ ဘုံဘဝ တွေကို တွယ်နေတဲ့တဏှာက ရှိနေသေးလေတော့ အင်း နိဗ္ဗာန်ဆိုတာက အလှမ်းဝေးပါသေးတယ်လေ။ ဒါကြောင့်ဒီ “ နိဗ္ဗာန် မရောက်ခင်ကြားမှာ ဖြစ်လေရာဘဝတိုင်းမှာ လူဖြစ်သော်က လူတကာထက် မြတ်သော အဆင်း၊အသံ၊ အလုံးအရပ် ပိုင်ဆိုင်ရပါလို၏။ နတ်ဖြစ်သော်ကား နတ်တကာထက်မြတ်သော ကိုယ်ရောင်ကိုယ်ဝါ ပိုမိုတောက်ပသော ၊ဘုန်းတန်ခိုးကြီးသောနတ် ဖြစ်ရ ပါလို၏။ ” ဆိုပြီးလေ ဆုတွေတောင်းနေတာတွေ တွေ့ဖူးမှာပေါ့။ နမူနာအနေနဲ့ မိဖုရားဖွားစော ကျောက်စာထဲက ဆုတောင်းပုံလေးကိုတော့ လူတိုင်းသိပြီးဖြစ်မှာပါ။ အင်း…ဒါကိုကြည့် လိုက်ရင်ကိုပဲ နိဗ္ဗာန်ဆုထက်ကို ဘုံဘဝ တွေကိုတွယ်နေတဲ့တဏှာလေး ကိုအထင်းသားတွေ့နိုင်မှာပါ။ ဒီတဏှာလေးရှိသေးသမျှကတော့ဖြင့် ဒီအန ္တရာယ်နံပါတ်-၆ ကနေလွတ်ဖို့သိပ်မလွယ် တော့ဘူးသာမှတ်လိုက်ပေတော့။ ဒါဆို အဲဒီ အန ္တရာယ်ကလွတ်အောင် ဘယ်လိုကြိုးစားရပါ့မလဲ လို့အဖြေရှာရပါတော့မယ်နော်။

ဒို့ အားလုံး ကျီးအာသီးကိုတော့ သိကြတယ်နော်။ အဲဒီအသီးလေးဟာ အပေါ်ယံကတော့ ရဲတွတ်နေတဲ့ အရောင်လေးနဲ့ဆွဲဆောင်ထားလေတော့ လူတိုင်းဟာ သူ့အဆင်းလေး ကိုကြည့်ပြီး လိုချင်စရာလို့ထင်ကြတာပေါ့။ အဲဒါနဲ့ အဲဒီ အသီးလေးကို မရ ရအောင်းဆွတ်ယူကြတယ်။ အဲ…လက်ထဲရောက်လို့ ဝမ်းသာအားရ စားမယ်ဟေ့ဆိုပြီး ခွဲကြည့်လိုက်တော့မှပဲ အော တွေ့ပါပြီ။ အထဲမှာက မဲပုပ်နေတဲ့ အရည်တွေသာတွေ့ရတယ်လေ။ အနံ့ကလည်းဆိုး ဆိုတော့ သူ့ကို ကိုင်ထားတဲ့လက်တောင် ထိမှာဆိုးလို့ တန်းပြီး ဟိုးအဝေးကြီးကိုပစ်လိုက်ရ တယ်လေ။ နောက်ထပ် ဒီလို အသီးတွေတွေ့ရင်တောင် ဝေးဝေးကနေ ရှောင်တော့တာပေါ့။ အဲဒီအချိန်မှာ မင်းဒါကိုလိုချင်သေးလားလို့ သွားမေးကြည့်ပါလား။အမလေး မပြောစမ်းပါနဲ့ ။  ဒီ အသီးအကြောင်းများတော့ ပါးစပ်နဲ့ပြောဖို့တောင် မပြောချင်တော့ပါဘူး။ နောက်များသူ့အကြောင်း ထပ်မမေးပါနဲ့လို့ဆိုပေလိမ့်မယ်နော်။ အင်း အဲဒီတုန်းသွားပြီး လက်ဆောင်ပေးလို့ကတော့ ကြည့်ကောင်းလိုက်မယ့် ဖြစ်ချင်း ။ အဲဒီ အသီးတွေ့ရင်ကိုပဲ အော်ဂလီတွေဆန်လွန်းလို့ ကြောက်ပါပြီလို့သာ ပြောပြီးပြေးရပေလိမ့်မည်။ ဒါကိုမသိတဲ့လူကတော့ လိုချင်လို့ ရအောင် ကြိုးစားနေဆဲပဲမလား။ ဒို့ လည်းအဲလိုပါပဲ။ ဒီခန္ဓာရဲ့အပြစ်ကို မသိသေးမချင်း ဟိုခန္ဓာကကောင်းသလို ဒီခန္ဓာကပိုကောင်းသလိုနဲ့ တစ်မျိုးပြီးတစ်မျိုးလိုချင်နေပြန်တာပဲမလား။ တကယ်တော့ ခန္ဓာရှိလေသမျှ ဒုက္ခရနေဦးမှာပါလားဆိုတာကို သိနိုင်တဲ့ ဉာဏ်ကလေးမရှိသေးသ၍ကတော့ဖြင့် ဒီလိုချင်မှုတွေကြောင့် ဒုက္ခတွေပွားနေရပါဦးမယ်နော်။

အင်း…ဒီအန္တရာယ်က လွတ်စေဖို့ ခန္ဓာအကြောင်း ကောင်းကောင်းသိဖို့ ကြိုးစားကြပါစို့ဆိုတော့ ဘယ်ကစရမလဲ?။အင်း…ဟိုးရှေ့ကအန္တရာယ်တွေကို လွတ်မြောက် ဖို့ကြိုးစား ကတည်းက အခြေခံသည် သီလဆောက်ခြင်းကစခဲ့တယ်နော်။ နောက်တော့ သမာဓိထူထောင်ခဲ့မယ်။ အဲဒီကနေမှ ဝိပဿနာ ဘာဝနာတွေပွားကြမယ်။ အဲလိုပွားတဲ့အခါမှာလည်း ဒိဋ္ဌိကို အရင်ဖြုတ်ပြီးမှ ရုပ်၊နာမ်ခွဲပြီးမှ ဖြစ်ချင်း၊ပျက်ခြင်း သဘောတွေကို မြင်အောင်ရှုမှတ်ရပါမယ်။ အဲလိုရှုမှတ်ရင်းက အန ္တရာယ်နံပါတ်-၄ ဖြစ်တဲ့ မဂ်တုတွေနဲ့ ကြုံတွေ့ရဦးမယ်နော်။ ဒါလည်း ရှောင်နိုင်သွားမယ်ထား။ ဒီနောက်ဆက်လက်ရှုပွားတဲ့ အခါ နေ့စဉ်ရှုပွားတိုင်းမှာ ပုံသဏ္ဍာန်ပညတ်ပျောက်ပြီး ပရမတ်သားသက်သက်ကိုသာ တွေ့ရပါလိမ့်မယ်။ ဒါလည်းရှုမြဲ ရှုလာလိုက်တဲ့အခါ ရှုပါများတော့ မုန်းလာမယ်။ ဘာလို့မုန်းလာလဲဆိုရင် ဖြစ်သမျှတွေတိုင်းပျက်နေလို့ပဲ။ အဲလိုသာဆို ဖြစ်နေသမျှတိုင်းပျက်နေမှတော့ ဘယ်တော့မှ ပြီးတော့မှာလဲ။ ဒါကိုပဲ မှတ်နေရတော့ ကြာတော့စိတ်တွေပျက်လာမယ်။ ဒါကြောင့် မဖြစ်မပျက်ရာကို သာလိုချင်လာတော့တယ်။ အင်းဖြစ်လို့သာပျက်နေရတာ။မဖြစ်ရင်ပျက်စရာလည်းမရှိတော့ဘူးမို့ မဖြစ်ပါနဲ့တော့လားဆိုတော့ ရပ်ခိုင်းလို့မရဘူးလေ။ အဲလို မရလေ မှတ်နေရလေဆိုတော့ အဲဒီမှာပဲ ဒီဖြစ်ခြင်း ပျက်ခြင်းတွေ အပေါ် ဒုက္ခ အစစ်ကြီးပါလားလို့ တွေ့မြင်လာပါမယ်။ ဒီကျမှပဲ အော် မြတ်စွာဘုရားဟောတဲ့ ဒုက္ခ သစ္စာကြီးကို မျက်ဝါးထင်ထင် ခံစားသိမြင်လာရပြီပေ့ါ။ ဒါသည်ပင် ကျီးအာသီးအတွင်းကို ဖွင့်လိုက်လို့ ထွက်လာတဲ့ မဲပုပ်နေတဲ့ ရွံရှာဖွယ်အရည်ကို တွေ့ လိုက်ရပြီနော်။ ကဲ ဒါဆို ဒီဒုက္ခအစစ်ကြီးတွေ့ဖို့က ဘာအမြင်ကိုအရင်းခံရမလဲ ဆိုရင်တော့ အနိစ္စအမြင်ဖြစ်တဲ့ ဖြစ်ပျက်အမြင် ကိုသာ အခြေတည်နိုင်ရမှာပေါ့။ အင်း…အနိစ္စ ခန္ဓာကနေမှ ဒုက္ခခန္ဓာ ဖြစ်ကြောင်း ပြနေပါပေါ့လား။ ကဲ အဲဒီအခြေအနေမှာ ကိုယ့်ဖက်က မုန်းနေပါပြီ ။ ဒုက္ခကြီးမို့ မလိုချင်တော့ပါဘူးဆိုတာကို ဒီခန္ဓာကလက်ခံရဲ့လား။ ကိုယ့်အလိုကို ရောလိုက်ရောရဲ့လား။ ကိုယ်က ဒီဒုက္ခသစ္စာကနေ လွတ်ချင်လေ ဒီဒုက္ခကပဲ ပြုံးပြုံးကြီး နှိပ်စက်ပြလေဆိုတော့ ။ အင်းသိသိကြီးနဲ့ခံနေရပါပြီ။ မသိတုန်းကတော့ မလွတ်ချင်ဘူးပေါ့။ ခုသိတော့ မလိုချင်တော့ဘူး။ လွတ်ချင်လာပြီ။ ဒါပေမယ့် ကိုယ်ဖြစ်ချင်သလိုရောဖြစ်လို့လားဆိုတော့ လွတ်ချင်လေ မလွတ်နိုင်လေပဲလေ။ အင်း အဲဒီမှာပဲ သိလိုက်ပါပြီ။ အနတ္တ သဘောခန္ဓာ ကြီးဆိုတာလေ။ အင်းဒီမှာပဲ အော်ဒို့တွေနဲ့ အမြဲရင်းနှီးပြီးသား ဖြစ်တဲ့ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဆိုတာ ဒါပါပဲလားလို့ သိနိုင်တဲ့ ဉာဏ်လေးရသွားပါပြီ။ အရင်ကတော့ဖြင့် ကိုယ့်မှာ အဆင် မပြေတာ တစ်ခုရှိရင်ပဲ ဒုက္ခလို့ထင်ထားတာနော်။ ဘုရားဟောတဲ့ ဒုက္ခက ပြင်ပအာရုံတွေကြောင့် ရလာတဲ့ ဒုက္ခမဟုတ်ဘူးပဲ။ သူများနှိပ်စက်လို့ ရလာတဲ့ ဒုက္ခထက် ကိုယ့်ခန္ဓာက ပြလာတဲ့ ဒုက္ခ အစစ်ကြီးက ပိုဆိုးပါလားဆိုတာ အစစ်နဲ့ အတုကို နှိုင်းယှဉ် မိရင်းမှ ကွဲသွားပါပြီ။ အင်း ဒီ ဒုက္ခသစ္စာ ကြီးကို ဘာနဲ့ အနိုင်ယူရပါ့ဆိုတော့ သူ့ကို တောက်ရှောက်ကိုပဲ လိုက်ပြီး စောင့်ကြည့်ပေးနေတဲ့ မဂ္ဂသစ္စာ နဲ့ပဲပေါ့။ အင်း ဒီ မဂ္ဂသစ္စာနဲ့သာ လိုက်ပြီးသိပေးနေမယ် ။ ရှု့မှတ်ပေးနေမယ်ဆိုရင် ဒီဒုက္ခကြီးလည်း ဘာခံနိုင်လိမ့်မလဲ။ အဲဒီကမှ ဒုက္ခတို့ ချုပ်ရာ၊ငြိမ်းရာ၊သိမ်းရာ နိရောဓ သစ္စာကို မျက်မှောက်ပြုနိုင်သွားပါမယ်။ အဲဒီနေရာမှာ သမုဒယသစ္စာ ကတော့ဖြင့် ဖြစ်ချင်၊လိုချင်၊ရချင်နေတဲ့ တဏှာပါလား လို့သိလိုက်တဲ့အခါမှာပဲ ။ ဒီ“ချင်”တွေကို ရပ်လိုက်နိုင်မှ ဒီဒုက္ခက လွတ်မှာပါလားဆိုတဲ့ အဖြေကတန်းထွက်လာပြီမို့ လွတ်ချင်နေတာကိုပါ သူ့သဘောသူဆောင်နေတဲ့အနတ္တပဲလို့ နှလုံးသွင်းပေးလိုက်ရပါမယ်နော်။ ကဲဒါမှသာ ပန်းတိုင်မှန်သွားပြီး ရည်ရွယ်ချက် နိဗ္ဗာန် ကြီးကိုသာ ဆိုက်ဆိုက်မြိုက်မြိုက် ကြီးရောက်ရမှာပေါ့။ ကဲဒီမှာမှ အနုသယ တဏှာကို မဂ်က ပယ်သတ်သွားနိုင်ပါမယ်။

အင်းဒီလို ကျင့်စဉ်မှန်လို့ လမ်းမှန်ကို ရောက်ပြီးလို့ ဒုက္ခ အစစ်ကြီးကို ကိုယ်တိုင်တွေ့မြင် ခံစားနိုင်မှသာ နောက်ထပ် ခန္ဓာတွေကို မလိုချင်တော့ပါဘူးဆိုတာ တွေဖြစ် လာတော့မှာပေါ့။ မဟုတ်လို့ကတော့ သူများက မလိုချင်ရဘူးပြောလို့သာ ကိုယ်လည်းလိုက်ပြီးမလိုချင်တာပါ ။ တကယ်တော့ ဒီလောကီအာရုံကာမဂုဏ်တွေမှာ ပျော်လို့တောင် အားမရပါဘူး ဆိုသလိုဖြစ်နေပါမယ်နော်။ ဒါကြောင့်ပဲ ကိုယ့်ဖာကိုယ် ကြိတ်ပြီး နတ်ဘုံ ၊ ဗြဟ္မာ့ဘုံတွေကို ဆုတောင်းချင် ဆုတောင်းနေဦးမှာနော် ။ တကယ့် အရှိ ဒုက္ခသစ္စာကြီးကို မသိနိုင်သေးသမျှ ကတော့ဖြင့် အင်းဒီအန ္တရာယ်တွေက လွတ်ဖို့ လမ်းမမြင်တော့တာမို့ ဒို့တွေလည်း တကယ့် ဒုက္ခအစစ်ကြီးကို ကိုယ်တိုင်သိမြင်လို့ ဆုတောင်းမမှားကြစေဖို့ ကြိုးစားကြပါစို့ လားလို့ တိုက်တွန်းနိုးဆော်ရင်းနဲ့ပဲ အန ္တရာယ်နံပါတ် – ၆ ကနေ ရုန်းနိုင်ဖို့ နည်းလမ်းကောင်းလေးတွေ ဝေမျှလိုက်ရပါတော့တယ်။

လိုအပ်ချက်များရှိပါက လမ်းညွှန်ဆုံးမနိုင်ပါကြောင်း …….

နောက်ထပ် ကြုံရဦးမယ့် အန္တရာယ်နံပါတ်-ရ အတွက်လည်း စဥ်းစားပေးကြပါဦးနော်။