ငယ်ငယ်တုန်းက ပုံပြင်တွေ – ၁
ကျွန်တော်တို့ မွေးချင်းက ငါးယောက်ပါ။ ကျွန်တော်ကတော့ အငယ်ဆုံးပေါ့။ နံပါတ် (၁) နဲ့ (၂)က အစ်ကို ၊ နံပါတ် (၃) နဲ့ (၄)က အစ်မ။ ကျွန်တော်အဖေကတော့ ကျွန်တော် (၄)နှစ်သားမှာ ဆုံးပါးသွားပါတယ်။ အမေကတော့ သားသမီးငါးယောက်ကို အိမ်နားက မြင်သာဈေးမှာ “ဝါဝါရွှေ” ဇာဘော်လီဆိုတဲ့ ဘော်လီချုပ်ရင်း ရှာကျွေးခဲ့ပါတယ်။
စဉ်းစားတော့လည်း သားသမီးငါးယောက်ကို အစအဆုံး ဘော်လီချုပ်ရင်း ရှာကျွေးတဲ့ အမေ့ကို အံဩချီးကျူးမိတယ်။ ပြောချင်တဲ့အကြောင်းအရာလေးက အမေက မနက် (၆)နာရီဆို ဈေးမှာဆိုင်ဖွင့် ၊ ညနေ (၆)နာရီမှ ဆိုင်သိမ်း။ ကျွန်တော် သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ကိုယ်တိုင်ကျောင်းလိုက်အပ်မပေးခဲ့ဘူး။ ငယ်ငယ်တုန်းကတော့ အိမ်မှာ ဖေဖေ့လက်ထပ်ကတည်းကနေတဲ့ အဖိုးကြီးတစ်ယောက်ကပဲ ကျောင်းလိုက်အပ်ပေးတယ်။
အစ်ကိုအကြီးဆုံးက ဆိုးလိုက်တာ တာတေကိုလန်ရော ရန်မဖြစ်တဲ့နေ့မရှိဘူး။ ရှစ်တန်းနဲ့ကျောင်းထွက်တယ်။ အစ်ကိုအလတ်လည်း ရှစ်တန်းနဲ့ကျောင်းမတက်ဘူး လျှပ်စစ်ပိုင်းနဲ့ ဦးလေးတွေဆီမှာနေတယ်။ နံပါတ်(၃)အစ်မကတော့ တက္ကသိုလ်တက်နေပြီ ဆရာမကြီးပေါ့။ နံပါတ် (၄)အစ်မကတော့ စက်ချုပ်သင်ဖို့ဆိုပြီး အဒေါ်ရှိရာ ကော့သောင်းကိုလိုက်သွားတယ်။
မနက်နိုးတာနဲ့ အိမ်က စက်ခုံပေါ်မှာ အမေက မုန့်ဖိုးဘယ်လောက်ဆိုတာ ထားခဲ့ပြီးသား။ ကိုယ့်ဖာသာ ထမင်းချိုင့်ဆွဲ ရေချိုး ကျောင်းသွား၊ ကျောင်းကပြန်လာရင် ထမင်းအိုးတည်ပေးထား။ အဓိကကတော့ ကျွန်တော်တို့နေတဲ့ အရှေ့အိမ်က မိသားစုပါပဲ။ သူတို့က အစ္စလာမ်ဘာသာဝင်တွေပါ။ အဲသည်အစ်မကြီးတစ်ယောက်က ကျွန်တော့်ဆို သိပ်ချစ်ပါတယ်။ ငယ်ငယ်ကတည်း ပုံပြင်စာအုပ်ဆို အသည်းအသန်ဖတ်ခဲ့တဲ့ ကျွန်တော်ဟာ အဲသည်အစ်မကြီးပြောပြခဲ့တဲ့ ပုံပြင်တွေနဲ့ ရင်းနှီးခွင့်ရခဲ့တယ်။ အဲသည်ထဲက မှတ်မှတ်ရရဖြစ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ပြန်ပြောပြဖို့ စိတ်ကူးရလာတာနဲ့ ဒီပို့စ်လေးကို ရေးလိုက်ပါတယ်။
မိုးလေးရွာတဲ့နေ့လေးဆို အဲသည်အစ်မကြီးပေးမှာ ခေါင်းအုံးလေးနဲ့ အိပ်ပြီး နားထောင်ခဲ့တဲ့ပုံပြင်ပေါ့။
တစ်ခါတုန်းက တိုင်းပြည်နှစ်ခုက ဘုရင်နှစ်ပါးဟာ ရင်းနှီးချစ်ခင်စွာ ကူးလူးဆက်ဆံကြသတဲ့။ ဘုရင်နှစ်ပါးဟာလည်း ရင်းနှီးချစ်ခင်ကြသတဲ့။ သည်လိုနဲ့တစ်ရက်မှာ သူတို့ထက် အင်အားကြီးတိုင်ပြည်တစ်ခုဆီကနေ ဘုရင်တစ်ပါးဆီ စာတစ်စောင်နဲ့ သေတ္တာတစ်လုံးရောက်လာတော့တယ်။ ရောက်လာတဲ့စာထဲမှာတော့
သေတ္တာထဲမှာပါတဲ့အရာရဲ့ လျှို့ဝှက်ချက်ကို ဖြေပေးစေဖို့ပါ။ မဖြေနိုင်ရင်တော့ စစ်ခင်းပါ့မယ်လို့လည်း ပါသတဲ့။ သည်လိုနဲ့ ဘုရင်ကြီးဟာ သေတ္တာကိုဖွင့်ကြည့်တဲ့ အချိန်မှာ။ သစ်သားနဲ့လုပ်ထားတဲ့ လူရုပ်သုံးရုပ်ကိုတွေ့ရပါသတဲ့။ လူရုပ်သုံးရုပ်ထဲက တစ်ရုပ်ကိုပဲ သူ့ဆီပြန်လည်ပေးပို့ဖို့လည်း မှာလိုက်ပါသတဲ့။
လူရုပ်သုံးရုပ်ရဲ့ လျှိုဝှက်ချက်ကို သူကိုယ်တိုင်ကော ၊ သူ့တိုင်းပြည်မှာရှိတဲ့ ပညာရှိတွေကို ပါ ဖော်ထုတ်ခိုင်းတော့တာပေါ့။ သစ်သားရုပ်အားလုံးဟာ ဆင်တူပဲဖြစ်ပြီး ဘယ်သူကမှ စဉ်းစားမရဘူးဖြစ်နေသတဲ့။ အဲသည်တော့ ဘုရင်ကြီးဟာ သူ့ရဲ့မဟာမိတ်တိုင်းပြည်က ဘုရင်ကြီးကို အကူအညီတောင်းရတာပေါ့။
တစ်ဖက်တိုင်းပြည်က ဘုရင်ကြီးကလည်း ဘယ်လိုစဉ်းစားစဉ်းစားမရဘူး ဖြစ်နေချိန်မှာ ဘုရင်ကြီးအနားမှာနေတဲ့ အမတ်က အဲသည်အရုပ်သုံးရုပ်ကို သူ့ကိုပေးပါ သူဖော်ထုတ်ကြည့်ပါ့မယ်ဆိုပြီး အိမ်ကိုယူသွားသတဲ့။ သုံးရက်မြောက်နေမှာ အမတ်ကြီးဟာ ဝမ်းသာအားရနဲ့ လျှို့ဝှက်ချက်ကို သူဖော်ထုတ်နိုင်ပြီလို့ ပြောသတဲ့။
အဲသည်မှာ အမတ်ကြီးက ရှင်းပြပါတော့တယ်။ သစ်သားရုပ်သုံးရုပ်ဟာ လူသုံးယောက်ကို ကိုယ်စားပြုပါသတဲ့။ အမတ်ကြီးဟာ ကောက်ရိုးမျှင်လေးယူလာပြီး ပထမဆုံးအရုပ်တစ်ရုပ်နားထဲကို ထိုးထည့်လိုက်ပါတယ်။ ကောက်ရိုးလေးဟာ တစ်ဖက်နားကနေပြန်ထွက်လာသတဲ့။
နောက်တစ်ရုပ်နားထဲကိုထည့်လိုက်တဲ့အခါမှာ ကောက်ရိုးဟာ ပါးစပ်ကနေ ပြန်ထွက်လာပါတယ်။ နောက်တစ်ရုပ်နားထဲကို ထည့်လိုက်တဲ့အခါမှာတော့ ဘယ်နေရာကမှ ထွက်မလာတော့တာ တွေ့ရသတဲ့။
ပထမတစ်ရုပ်ကတော့ အရေးကြီးကြားတဲ့စကားအကြောင်းအရာတွေဟာ တစ်ဖက်နားထဲကနေ ပြန်ထွက်တတ်တဲ့ လူမျိုးပါတဲ့။
ဒုတိယတစ်ရုပ်ကတော့ အရေးကြီးကြားတဲ့စကားအကြောင်းအရာတွေဟာ ပါးစပ်ကနေပြန်ထွက်တတ်တဲ့ လူမျိုးပါတဲ့။
တတိယတစ်ရုပ်ကတော့ အရေးကြီးကြားတဲ့စကားအကြောင်းအရာတွေဟာ ဘယ်ကမှမထွက်တဲ့အကြောင်း စောင့်စည်းတဲ့လူမျိုးပါ။
ဘုရင်ကြီး တတိယမြောက်တစ်ရုပ်ကို ပြန်လည်ပေးပို့လိုက်ပါလို့ဆိုပါတယ်။
အဲသည်လိုနဲ့ အမတ်ကြီးဖြေရှင်းမှုကြောင့် အားလုံးအဆင်ပြေသွားပါသတဲ့။
ငယ်ငယ်တုန်းကတော့ အဲ့ပုံပြင်လေးနားထောင်ပြီး တော်ရုံလောက်သာ စဉ်းစားခဲ့ဖူးပါတယ်။ အခုတော့ အဲ့ပုံပြင်လေးရဲ့အဓိပ္ပာယ်ကို ပိုပိုပြီးသိလာခဲ့ရပါတယ်။ နောက်ကြုံရင်လည်း နားထောင်ခဲ့ရတဲ့ ပုံပြင်လေးတွေ ပြောပြပါဦးမယ်။
လေးစားစွာဖြင့်
အောင်မိုးသူ
14 comments
Alinsett@Maung Thura
March 30, 2015 at 1:00 pm
မင့် အစ်ကို အကြီးဆုံးနဲ့ ငါ့အစ်ကိုအကြီးဆုံး လဲစရာမလိုလောက်အောင်ပဲ… ဘာမှ ထူးပြီး မကွာဘူး..
:buu:
၁ တော့ ဖတ်ပြီးပြီ… ၂ တွေ ၃ တွေ လာဦးမလား.. လာရင် မြန်မြန်လာဟေ့
😆
အောင် မိုးသူ
March 30, 2015 at 1:58 pm
၂-၃ တော့ လာဦးမှာ။ ဟုတ်ပါ့ အစ်ကိုတွေက အသုံးမကျဘူး။ 🙁
naywoon ni
March 30, 2015 at 1:19 pm
နားက ၂ဘက် ပါးစပ်က တစ်ပေါက်ထဲရှိတာ နားက ကြားသမျှတစ်ဝက်ပဲပြောဖို့ထက် ခုတော့ နားက ကြားသမျှထက်ပါးစပ်က ၂ဆ မက ပြောနေတဲ့ နိုင်ငံမှာ နေရတာ စိတ်ညစ်ဆြာဂျီး 🙂
Ma Ei
March 30, 2015 at 4:32 pm
ပုံပြင် ကောင်းလေးပါဘဲ
ချစ်တတ်တဲ့ အမက ပုံပြင်လေးတွေပြောပြီး ပြုစုပျိုးထောင်ပေးခဲ့လို့
အဲ့ဒီ ကလေး လိမ္မာယဉ်ကျေးတာဖြစ်မယ်…
lu lu
March 30, 2015 at 4:32 pm
ဘဝက ကြမ်းလွန်းလို ့ပုံပြောပြမယ့်သူသိပ်မရှိခဲ့ဘူး
ကွကိုယ် ပုံပြင်စာအုပ်ရှာဖတ်ရတာ များတယ်
😥
kai
March 31, 2015 at 12:29 am
အရေးကြီးအကြောင်းအရာဆိုတော့.. လျှို့ဝှက်ချက်တွေပေါ့..။
ဘယ်မှပြန်မထွက်တဲ့အတူတူ.. သူ့… မပြောတာကမှကောင်းမယ်ထင်တာပဲ..။
ဘာဖြစ်လို့.. အပင်ပန်းခံပြောနေမလဲ.. ? :k:
အောင် မိုးသူ
March 31, 2015 at 9:34 am
တော်တော်များများကလည်း ရင်ဖွင့်တတ်ကြတယ် မဟုတ်လားးးး
အူးစည်
March 31, 2015 at 7:42 am
ပုံပြောကြိုက်သော အရုပ်မလေးတို့သည် ချော့သိပ်ရလွယ်သည်…
ခင်ဇော်
March 31, 2015 at 7:49 am
မမဂျီးကတော့လေ
တစ်ခုခုကို တစ်ယောက်ယောက်သို့ ပြောမယ်ဆိုရင်
တစ်ချိန်ချိန် တစ်နေရာရာမှာ နောက်တစ်ယောက်ယောက်ကို တစ်နည်းနည်းနဲ့ ပြန်ပေါက်ကြားနိုင်တယ်ဆိုတာ စိတ်ထဲ သတိထားနေတယ်ကွယ်။
:a:
နောက်ပြီးတော့လေ
မောင်ဂလေး မိုးသူ
မိန့်ခွန်းတွေ၊ ဝါဒတွေ၊ လိုရာစွဲတွေ၊ အတင်းအဖျင်းတွေနဲ့
ဒီ ခေတ်ဟာ နားထောင်မိသူတွေပါ အပြစ်ရှိတဲ့ ခေတ်ကွဲ့။
😥
အောင် မိုးသူ
March 31, 2015 at 9:31 am
ဟုတ်ကဲ့ပါ မမကြီး သားမှတ်ထားပါ့မယ်။
Mike
March 31, 2015 at 10:23 am
.အဲ့ ပုံပြင်လေးဖတ်ဖူးသဗျ….ငယ်ငယ်ကပေါ့
.ဇဂါးအတင်းစပ်…ဘာလို့အစ်ကိုအကြီးဆုံးတွေဆိုးသလဲမသိ
.ကျုပ်အစ်ကိုအကြီးဆုံး THS ကျောင်းမပီးခင်မိန်းမခေါ်တင်လာတယ်…အိမ်ကိုဒုက္ခပေးချက်ကကမ်းကုန် :a:
အောင် မိုးသူ
March 31, 2015 at 1:21 pm
အဖေလည်းမရှိ အစ်ကိုတွေလည်းမရှိ တစ်ခါတစ်လေတော့ ရှိရင်ဘယ်လိုနေမလဲလို့ မျှော်ကိုးမိသား။ ခုတော့လည်း တစ်ယောက်တည်းရုန်းကန်နေရဆဲပါ။
Kaung Kin Pyar
March 31, 2015 at 11:55 am
ပုံပြင်တော့ ငယ်ငယ်ကတည်းက အရမ်းကြိုက်တယ်..။ အဖေနဲ့ အမေ့ကို ပြောပါဆိုလဲ စင်ဒရဲလားနဲ့ ရွှေယုန်ရွှေကျားက မထွက်နိုင်လို့ ကွကိုယ် ပုံပြင်တွေ ရှာဖတ်ခဲ့ရတာ…။ မသိတဲ့စကားလုံးတွေဆို သွားမေးတယ်၊ လမ်းမှာ မြင်တဲ့ ဆိုင်းဘုတ်တွေ လိုက်ဖတ်တယ်…။ ပုံပြင်တွေကြောင့်ပဲ ငယ်ငယ်က စာဖတ်စောခဲ့တာ..။
Chicken soup for the soul ကြိုက်တယ်..၊ အဲ့ဒါကို ဘာသာပြန်ထားတဲ့ ဆရာအတ္တကျော်ရဲ့စာအုပ်တွေလဲ ကြိုက်တယ်….
ဒီပုံပြင်နဲ့ ခပ်ဆင်ဆင်တူမလား…..
ကိစ္စမပြီးမှီ မည်သူ့ကိုမှ မပြောအပ် ဆိုတဲ့ စကားလေးလဲ ကြိုက်တယ်….။ HR ပါးစပ်မှာ ဇစ်ရှိရတယ်လေ…။
🙂
အောင် မိုးသူ
March 31, 2015 at 1:18 pm
ကျွန်တော်ကတော့ အိမ်နီးနားချင်းတွေပြောတာရယ်။ စာအုပ်တွေဖတ်တာရယ် ပုံပြင်တွေနဲ့ ကြီးပြင်းခဲ့ရတာများတယ်။