အမျိုးဖြုတ်မဲ့ ဖိုးတုတ်

kotun winlattApril 17, 20151min41411

အမျိုးဖြုတ်မဲ့ ဖိုးတုတ်
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရွာဦးစေတီ ဘုရားပွဲရောက်လေတိုင်း ကိုဖိုးတုတ်မှာ နှာခေါင်းရင်းတွင် ပြားချပ်ချပ်ဖြစ်နေသည့်နေရာကို လက်ဖြင့် ပွတ်သပ်ကြည့်ပြီး တစ်မျိုး ထက်ပိုင်းကျိုးနေသည့် ရှေ့သွားနှစ်ချောင်းနေရာကို လျှာဖျားလေးဖြင့် တို့တို့ကြည့်ရင်း တစ်ဖုံဖြင့် မေ့မရနိုင်သော ညလေးတစ်ညအကြောင်းကို ပြန်မတွေး ပြန်မမြင်ယောက်ပဲ မနေနိုင်ချေ။
ကိုဖိုးတုတ်ကား ယခုဆိုလျှင် အသက် ၄ဝ ကျော် လူပျိုကြီး ….. လူငယ်ဘဝက ယခုလို ရွာဦးဘုရားပွဲရောက်တော့မည်ဆိုလျှင် ကိုဖိုးတုတ်တို့က ဘုရားပွဲတော်မှာ ဘယ်လို အဝတ်အစား ဘယ်လို အပြင်အဆင်ဖြင့် ကဲလိုက်မည်ဖြင့် မမောနိုင်အောင် ပြင်ဆင်ခဲ့ရတာ မဟုတ်လား ….. အခုတော့လည်း ကိုဖိုးတုတ်မှာ ဘုရားပွဲရောက်လေတိုင်း နာကျင်စရာ ခံပြင်းစရာ အတိတ်က သူ့ကို ကလူကျီစယ်နေပေတော့သည်။
ဘကြီးတုတ်ဟူသည်မှာ ယခု အသက် ၄ဝကျော်လာမှ ရွာကလူငယ်တွေ သူ့ကိုခေါ်ကြသည့် အမည်နာမ …. ငယ်ငယ်ကတော့ ဖိုးတုတ်ပေါ့… ငယ်ဆို အသက် ၂ဝ ကျော်အရွယ်လောက်ကပါ …..။ ကိုဖိုးတုတ်က အရပ်ရှည်ရှည်ပိန်ပိန်ပါးပါး … နဂိုကတည်းက ခပ်ဆိုးဆိုး ခပ်ပေပေရယ်…. နာမည်တစ်လုံးနဲ့ နေလာတာ မဟုတ်လား …. ဖိုးတုတ် ….. ဟုတ်တယ်…. “အမျိုးဖြုတ်မဲ့ ဖိုးတုတ်…….”။ မဟုတ်မခံ …. အရည်ရှည်သလောက် စိတ်တိုတတ်သူ …. တခြား ကာလသားများလို မိန်းကလေးတွေကို ပိုးတာပန်းတာ ဝါသနာမပါ …. အပေါင်းအသင်းများနှင့် ပျော်ပျော်ပါးပါး သောက်သောက်စားစားနေတတ်သူ … မူးယစ်ပြီးရမ်းကား တတ်သူတော့ မဟုတ်…. သို့သော် အပေါင်းအသင်းများနှင့် ပတ်သက်ပြီး မကြာခဏရန်ပွဲတွေ ဆင်နွဲတတ်လို့ သူကြီးရဲ့ ထိပ်တုံးစာလည်း ခဏခဏမိတတ်သူ …… ရန်ဖြစ်တိုင်းလည်း ဘယ်တော့မှ ခံရသည်ဆိုတာ မရှိတဲ့လူ …. ဖြစ်ပြီဟေ့ ဆိုတာနဲ့ ဖိုးတုတ်က တွယ်လိုက်ပြီးသား လက်မြန်သူ …. ဒီတော့ တော်ရုံလူတွေက ဖိုးတုတ်ဟေ့ဆိုလျှင် မီးသေပြီးသား ….
တစ်ရက်မှာတော့ ကိုဖိုးတုတ်တို့ရွာမှာ ရှမ်းသိုင်းဆရာကြီး တစ်လောက်က ကိုယ်လုံပညာလာသင်ပေးတယ်လေ…. ဘကြီးတုတ်အပါအဝင် လူငယ်တွေ ရှမ်းဆရာကြီးဆီမှာ ကိုယ်လုံပညာသင်ကြတာရယ်….။ နဂိုကတည်းက ခြေမြန်လက်မြန် ဖိုးတုတ် ပညာလေးတတ်ထားတော့ သူ့တင်မကဘူး … သူ့အပေါင်းအဖော်တွေကိုပါ ထိဝံ့သူ မရှိတော့ …… ။

ဒီလိုနှင့် တစ်နှစ်ကျတော့ နှစ်စဉ်ကျင်းပမြဲ ရွာဦးစေတီ ဘုရားပွဲမှာ လက်ဝှေ့ပွဲအစီအစဉ်ပါဝင်မှာမို့ ဖိုးတုတ်တို့ လက်ရည်သွေးဖို့ အကွက်ဝင်လာတာပေါ့။ ရှမ်းဆရာကြီးဆီက ရထားတဲ့ ပညာတွေကို ပြန်လေ့ကျင့် ….. အဘက်ဘက်က အဆင့်သင့်ဖြစ်အောင် ပြင်ဆင်ပြီး ရွာဦးစေတီဘုရားပွဲရက်ကို စောင့်မျှော်နေတော့တာ ….
ဖိုးတုတ်တို့ ရွာဦးစေတီက သမိုင်းဝင် စေတီတော် ….. အသောကမင်းကြီးတည်ထားခဲ့တဲ့ စေတီအဆူပေါင်း ရှစ်သောင်းလေးထောင်ထဲက တစ်ဆူလို့ ရှေးလူကြီးတွေကတော့ ပြောကြတာပဲ… စေတီတော် တည်ရှိရာနေရာက ချောင်းသုံးချောင်းဆုံတဲ့နေရာ ….. ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းပြီး ဗုဒ္ဓပူဇနိယပွဲကို နှစ်စဉ်ကျင်းပလာခဲ့တာရယ်…။ နှစ်စဉ်ပွဲတော်မို့ စည်ကားတယ် ပြောရမယ်…. ရွာနီးချုပ်က ရွာတွေက လူတွေအပြင် အခြားမြို့ရွာကတွေပါ ဘုရားဖူးလာကြ … ဈေးရောင်းလာကြနဲ့ပေါ့။ ဘုရားပွဲက ငါးရက်ကျင်းပတာ… နောက်ဆုံးရက်မှာ ဒေသခံ သံဃာတော်တွေရော ဧည့်သံဃာတွေကိုပါ ဆွမ်းဆန်စိမ်းလောင်လှူပွဲလည်း ပါသေးတာကိုး။ ဘုရားပွဲရက်ရောက်တော့ လက်ဝှေ့အဖွဲ့လည်း ရောက်လာတာပေါ့။ စစ်ကိုင်းမြို့နဲ့ မန ္တလေးမြို့က လက်ဝှေ့သမားတွေပေါ့။ စစ်ကိုင်းမြို့က လက်ဝှေ့သမားတွေကိုတော့ နာမည်ကြီး လက်ဝှေ့သမား စစ်ကိုင်းကျောင်းသားက ဦးစီးအုပ်ချုပ်လာသလို မန ္တလေးမြို့က လက်ဝှေ့အဖွဲ့ကိုလည်း နာမည်ကြီး လက်ဝှေ့သမား ကျားသစ်ရဲခေါင်က ဦးဆောင်လာတာ…။ လက်ဝှေ့တွဲဆိုင်းအများစုက မန​ ္တလေးလက်ဝှေ့သမားတွေနဲ့ စစ်ကိုင်းလက်ဝှေ့သမားတွေပါ။ နယ်ခံ လက်ဝှေ့ကို စိတ်ပါဝင်စားသူတွေအတွက်လည်း လက်ဝှေ့အဖွဲ့ထဲမှာ ပါတဲ့ သင့်တော်မယ်ထင်တဲ့လူနဲ့ တွဲပေးပြီး ထိုးသတ်ခွင့် ပေးထားတယ်…. ဖိုးတုတ်လို့ပဲ နယ်ခံ လူတွေ လက်ဝှေ့ကြိုးဝိုင်းပေါ်တက်ပြီး လက်ရည်စမ်းကြတာပေါ့။ သိပ်ဟန်မကျကြပါဘူး။ ငါးချီစိန်ခေါ်ပွဲထိုးရပေမယ့် သုံးချီပြည့်အောင် ဘယ်နယ်ခံလက်ဝှေ့သမားမှ မခံနိုင်ဘူး။ အလွန်ဆုံး နှစ်ချီနဲ့ သုံးချီအစမှာ မှောက်သွားကြတာပဲ ….။ နယ်ခံနဲ့ လက်ဝှေ့သမားထိုးတဲ့ တွဲဆိုင်းကို တစ်ညမှာ တစ်ဆိုင်းပဲ ထည့်ပေးတာ။ ဖိုးတုတ်ထိုးရမဲ့ ညက ဘုရားပွဲနောက်ဆုံးည … သူထိုးသတ်ရမဲ့သူက စစ်ကိုင်းလက်ဝှေ့အဖွဲ့က ရေနဂါးဆိုတဲ့ လက်ဝှေ့သမား အရပ်က ဖိုးတုတ်ထက်ပုတယ်…။ ဗလကလည်း သိပ်တော့ မရှိလှပါဘူး။ နယ်ခံအားလုံးကတော့ ဖိုးတုတ်ကို အားပေးကြတာပေါ့။ ရှေ့ပိုင်းညတွေက ထိုးသတ်ခဲ့တဲ့ ပွဲစဉ်တွေမှာ နယ်ခံတွေ အရှုံးပေါ်ခဲ့ပေမယ့် …. ဖိုးတုတ်ကတော့ နာမည်တစ်လုံးနဲ့ နေလာခဲ့တဲ့ကောင် မဟုတ်လား… ြ့ပီးတော့ ဒီနယ်တစ်ဝိုက်မှာ အမျိုးဖြူတ်မဲ့ ဖိုးတုတ်ဆိုပြီး နာမည်ကြီးနေတဲ့ကောင်လေ…. ဘုရားပွဲနောက်ဆုံးညမှာ ဖိုးတုတ်ထိုးသတ်ရမဲ့ အလှည့်က သုံးပွဲမြောက်…. လက်ဝှေ့ပွဲစဉ်က ညရှစ်နာရီဆို စတာ…. ဖိုးတုတ် လက်ဝှေ့ရုံထဲကို ညခုနှစ်နာရီ ထိုးပြီးကတည်းက ရောက်နေပြီး သွေးပူလေ့ကျင့်ခန်းကို ဖြည်းဖြည်းမှန်မှန် သက်သက်သာသာ လေ့ကျင့်နေတာပေါ့။ သူလေ့ကျင့်နေချိန်မှာပဲ …သူ့ရဲ့ ငယ်သူချင်း သာချို အချိုရည်ဗူးလေးတစ်ဗူးကိုကိုင်ပြီး အနားကိုရောက်လာတယ်…။
“ဖိုးတုတ် … ဒီမှာ မင့်အတွက် ရဲဆေးပါလာတယ်….. မနည်းရှာလာရတာကွ … မင့်အကြိုက် ဦးရေစစ်စစ်လေးရအောင် ….ခါတိုင်းမင်းသောက်နေကျအတိုင်း တစ်မော့စာလေးပါ။ “ဟုပြောပြီး အချိုရည်ဘူးလေးကို လှမ်းပေး၏။
“အေးးးး အခုသောက်လို့ မဖြစ်သေးဘူးကွ… ငါထိုးရမှာက သုံးပွဲမြောက်ဆိုတော့ လက်ဝှေ့စင်ပေါ်တက်ခါနီးမှ သောက်တော့မယ်”
ဖိုးတုတ် သွေးပူလေ့ကျင့်ခန်းလေးကိုသာ ဆက်လုပ်နေမိသည်။ ထိုးသတ်ရမည့် လက်ဝှေ့ပွဲကိုသာ စိတ်ရောက်နေတာမို့ ညနေစာပင် ကောင်းကောင်း မစားခဲ့ရ …..။
ညရှစ်နာရီထိုးပြီးသည်နှင့် လက်ဝှေ့ပွဲစရန် ပြင်ဆင်လေပြီ…. လက်ဝှေ့စင်ဘေးမှ ဆိုင်းဝိုင်းကလည်း ” ဗေပုံ ထိ … ဗေပုံ ထိ… ထိ…ထိ…”ဖြင့် သွေးကြွအောင် မြောက်ပေးနေလေပြီ….. ပထမတွဲဆိုင်းကို စထုတ်ရန် ပွဲအစီအစဉ်ကြေညာသူမှ တွဲဆိုင်းများကို ကြေညာနေလေပြီ ……။ “ယနေ့ညမှာ ပထမဆုံး ထိုးသတ်မဲ့ တွဲဆိုင်းကတော့ နယ်ခံလက်ဝှေ့သမား ဖိုးတုတ်နဲ့ စစ်ကိုင်းမြို့က လက်ဝှေ့သမား ရေနဂါးတို့ပဲဖြစ်ပါတယ်”ဟု ကြေညာလိုက်တော့ ဖိုးတုတ် အံ့ဩသွားသည်။ သူသိထားသည်က သူထိုးသတ်ရမည်မှာ တတိမြောက်ပွဲစဉ်ဖြစ်ပြီး ယခုတော့ ပထမဆုံးထိုးသတ်ရမှာဆိုတော့ စိတ်ထဲမှာ နည်းနည်းတော့ စိုးရိမ်သလို ဖြစ်သွားသည်။ ခဏက သွေးပူလေ့ကျင့်ခန်းဆင်းရင်း တွေးထားသည့် ပြိုင်ဘက်ရဲ့ ထိုးကွက်သတ်ကွက်တွေကို ဘယ်လိုရှောင်ပြီး ဘယ်လိုပြန်တိုက်ခိုက်မယ်ဆိုသည့် နည်းဗျူဟာများပင် ခေါင်းထဲမှ ပျောက်သွားသည်။ ပထမဆုံးတွဲဆိုင်းထိုးရမည်မို့ လက်ဝှေ့အဖွဲ့မှ တစ်ယောက်က သူ့ကို့ လက်အိတ်လာစည်းပေးသည်။ သူ၏ အပေါင်းအဖော်သုံးယောက်ကလည်း သူ့ဘေးတွင် အားပေးစကား ပြောနေကြသည်။ အားလုံးပြင်ဆင်ပြီး လက်ဝှေ့စင်ပေါ်သို့ တက်ရန် ပွဲကြေညာသူမှ ခေါ်တော့…. ခဏက သာချိုပေးထားသည့် အချိုရည်ဘူးထဲမှ ရဲဆေးကို တစ်ကျိုက်တည်းမော့ချလိုက်သည်။ ပြီးလျှင် ရေတစ်ငုံငုံပြီး လက်ဝှေ့စင်ဆီသို့ တက်လာတော့ ပရိတ်သတ်များမှ ” ဖိုးတုတ်… ဖိုးတုတ်… အမျိုးဖြုတ်မဲ့ ဖိုးတုတ်…..အမျိုးဖြုတ်မဲ့ ဖိုးတုတ်….. ဖိုးတုတ်ကွ … ရေနဂါးကို အရေဆုပ်ပစ်လိုက်စမ်း…..” ဆိုပြီး အားပေးနေကြသည်။ လက်ဝှေ့ပွဲတို့၏ ထုံးစံအတိုင်း လက်မှတ်ထိုးကာ ဖိုးတုတ်မှာ ကြိုးဝိုင်းအတွင်းသို့ဝင်ပြီး ပွဲကြေညာသူမှ သူ့ကို ပရိတ်သတ်နှင့် မိတ်ဆက်ပေးပြီး လက်ဝှေ့ဟန်ရေးပြခိုင်းတော့သည်။ လက်ဝှေ့ ဟန်ရေးပြပြီး ကြိုးဝိုင်းထောင့်မှာ ခဏနားနေချိန် ရေနဂါးကို မိတ်ဆက်ပြီး လက်ဝှေ့ဟန်ရေး ပြစေပြန်သည်။ ဖိုးတုတ်ကြိုးဝိုင်းဒေါင့်မှာ နားနေစဉ် သူ့မျက်နှာများ ထူအမ်းလာကာ ခေါင်းထဲမှာ ရီဝေစပြုလာသည်။ သာချို၏ ရဲဆေး အစွမ်းပြလေပြီ ….. ဘေးပတ်လည်မှ ပရိတ်သတ်များဆီကြည့်မိတော့ အမြင်တွေဝါးလာလေပြီ….။ ရာဇဝင်တော့ အရိုင်းမခံနိုင်… စင်ပေါ်တက်လာပြီးမှ ပြန်ဆင်းသွားလျှင် အရှက်ကွဲပေတော့မည်။ ခါတိုင်းသောက်နေကျ အရက်က ဒီညမှာ ပိုမိုအစွမ်းပြနေပုံ ……
အစွမ်းပြပေလိမ့်မပေါ့ ….. ညနေစာမစားခဲ့ရသည့်မို့ ဘာအစာမှ မရှိသည့် အစာအိမ်ထဲကို အရက်ဦးရေပြင်းဝင်သွားမှတော့ မမူးဘယ်ခံနိုင်ပေလိမ့်မည်နည်း။ ဖိုးတုတ်တို့ ဒေသက ဆန်အရက်ကိုသာ သောက်သုံးသူများလေသည်။ ဆန်အရက်မှာ တစ်ခွက်သောက်လိုက်လျှင် တစ်ခွက်စာ ချက်ချင်းမူးသည့် အရက်မျိုး… ကြိုးဝိုင်းပေါ်မတက်မီ ဖိုးတုတ်သောက်လိုက်သည့် အရက်က ရေမရောထားသည့် အရက်ဦးရေ … မီးတောက်အရက် …..
ကြိုးဝိုင်းဒိုင်မှ သူတို့နှစ်ဦးကို ကြိုးဝိုင်းအလယ်သို့ ခေါ်ပြီး စည်းကမ်းချက်များကို ပြောသည်။ လက်အိတ်များကို စစ်ဆေး၏။ ပြီးနောက် စတင်ထိုးသတ်ရန် အချက်ပေးလေပြီ…. ကြိုးဝိုင်းအောက်မှ တီးဝိုင်းကြီးမှ” ဗေပုံ …. ထိ… ဗေပုံ …ထိ….ဗေထိ…ဗေထိ…” ဟု ခပ်မြူးမြူး ခပ်ပြင်းပြင်းလေးတီးပေးသလို … ပွဲကြေညာသူမှလည်း ” ဟ….ယောင်….. အကဲမစမ်းနဲ့ ပွဲကြမ်းသွားမယ်… အသည်းကောင်းလို့ ပွဲတောင်းတာလား … ဘာတဲ့…. အမျိုးဖြုတ်မဲ့ ဖိုးတုတ်နဲ့ ဗိုလ်မထားတဲ့ ရေနဂါး … ထိုးထားမယ်… ပဝါမကူ ရေမကူကြေး … ဟယောင် …..” ဆိုပြီ ……ကြေညာနေတော့သည်။ ကြိုးဝိုင်းထဲမှ ဖိုးတုတ်ကတော့ သူ့ရှေ့မှ ရေနဂါးကို နှစ်ယောက်အဖြစ်မြင်နေရလေပြီ… ခေါင်းကိုခါယမ်းပြီး … သေချာစူးစိုက်ကြည့်ပြန်သည်… အမြင်အာရုံများက ဝေဝါးလျှက်… ထိုစဉ် “ဖောင်း” လက်သီးတစ်လုံး သူ့မျက်နှာတည့်တည့် ဝင်လာသည်။ ပုတ်ထုတ်လိုက်တော့လည်း မမီလိုက်တော့ နောက်လန်ကာ ဟန်ချက်ပျက်သွားသည့် သူ့မေ့ရိုးဆီသို့ ရေနဂါး၏ လက်သီးတစ်လုံးပြီး တစ်လုံး လှစ်ခနဲ လှစ်ခနဲ ပြေးဝင်လာပြန်သည်။ ထို့နောက်တွင်တော့ ဖိုးတုတ် မျက်စိထဲ အမှောင်အတိဖုံးကာ … အရုပ်ကြိုးပြတ် ဝုန်းခနဲလဲကျ သူ့အသိစိတ်တို့သည် အမှောင်ကမ ္ဘာဆီသို့ အလည်အပတ် ထွက်ခွာသွားတော့သည်။
အဆုံးသတ်မတော့ ဖိုးတုတ်၏ ရှေ့သွားနှစ်ချောင်း ထက်ပိုင်းကျိုးပြီး နှာခေါင်းရိုးကျိုးသည့် ဒဏ်ရာမှာ တစ်သက်စာ အမှတ်တရ … ထိုဒဏ်ရာတို့ထက် ပို၍နာကျင်ရသည်ကား …… “ဒါဝဋ်လည်တာခေါ်တယ် ….. လက်မြန်တဲ့ ဖိုးတုတ် အမျိုးဖြုတ်မဲ့ ဖိုးတုတ်ဆိုတဲ့ကောင် … သူ့ထက်လက်မြန်တဲ့ကောင်နဲ့တွေ့တော့ ဖိုးတုတ်က ချိုးရုပ်ဖြစ်သွားပြီး တကူကူးတောင် မအော်နိုင်အောင်ဖြစ်သွားတာပေါ့…..”

ဪ……. ရွာဦးစေတီ ဘုရားပွဲရောက်လေတိုင်း ကိုဖိုးတုတ်တစ်ယောက် ပြားချပ်ချပ်ဖြစ်နေသည့် နှာခေါင်းနှင့် ထက်ပိုင်းကျိုးသွားသော သွားနှစ်ချောင်းကို ယောင်ယမ်းစမ်းမိပြီး ရင်နာနေရတုန်းပါပဲလေ…….။

11 comments

  • ခင်ဇော်

    April 17, 2015 at 9:53 am

    ဖတ်လို့ ကောင်းတယ်။
    အဖြစ်မှန်လားဟင်??

  • naywoon ni

    April 17, 2015 at 12:55 pm

    ကျုပ်​တို့လို အယက်​သမား​ဒွေဂို အယက်​​သောက်​တာ မ​ကောင်​းဘူးလို့ မက်​​ဆေ့​ပေးချင်​တာလား ဆြာ​လေး ။ မရဘူးဗျို့ ကျုပ်​ဒို့ဂ ​ဒေါ့ ​သောက်​စရာရှိရင်​​သောက်​မှာဘဲ 🙂

  • kotun winlatt

    April 17, 2015 at 1:44 pm

    လူမိုက် ခင်ဇော်ရေ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို စိတ်ကူးနဲ့ပေါင်းစပ်ပြီး ထွင် ရေးလိုက်တာပါ ခမျ

  • kotun winlatt

    April 17, 2015 at 1:47 pm

    အမ် အဘနီရ ကျနော်ရေးတဲ့ အထဲမှာ အရက်သောက်တာ မကောင်းဘူးလို့ မပါဘူးနော် အာဟိ ကိုယ်ကြိုက်တာ ကိုယ်လုပ် ကိုယ်ဖြစ်တော့ က်ုယ်ခံပေါ့ ခိခိ

  • uncle gyi

    April 17, 2015 at 10:41 pm

    ဘာပြောပြောအရက်ကတရားခံဆိုတာငြင်းမရ
    ဒါပေသိသောက်တဲ့သူကဆင်ချင်တုံရှိဖို့ပိုအရေးကြီးတာ

  • မြစပဲရိုး

    April 18, 2015 at 9:21 pm

    အရီး တို့ ငယ်တုန်း က ဦးမင်းနောင် လို့ ထင်တာဘဲ။ ဆိုထားတာ။
    ဘယ်လောက်ဘဲ တော်တော် တစ်နေ့ကျ ကိုယ့်ထက်သာသူ ပေါ်လာမြဲ မို့ မာန် မထားဖို့ အကြောင်း သီချင်းလေး။
    တစ်ခါတစ်ခါလဲ ကိုယ်က လက်ရည် သာပါရက် နဲ့ လက်ရည်ကျ စေ တဲ့ အရာ တွေ ကို ရှောင်ဖို့ ဉာဏ် နဲ့ မစဉ်းစားလေတော့ မကျဆုံးသင့်ဘဲ လဲ ကျဆုံး ရတော့တာ။
    ဒီ ဇာတ်လမ်း လို ပေါ့။
    ဒါကြောင့် အသိတရား မပြတ်ဖို့ ဘုရားဟော ကို ရှိခဲ့တာ။

  • padonmar

    April 18, 2015 at 9:47 pm

    ဂီတလုလင်မောင်ကိုကိုပါ အရီး၊မာန် တဲ့ သီချင်းနာမည်က။

  • Alinn Z

    April 20, 2015 at 5:12 pm

    အရေး ကောင်းလိုက်တာ
    မျက်လုံးထဲ ရုပ်ရှင် ကြည့်နေရသလို
    မဟုတ်သေးပါဘူး
    တကယ့်အဖြစ်အပျက်တခု မျက်စိရှေ့ လာဖြစ်ပြနေသလိုလို
    ဟုတ်တယ်။

  • Ma Ma

    April 20, 2015 at 5:56 pm

    လက်ဝှေ့ပွဲရဲ့အော်သံ ဟေ့ယောင် ဆိုတာကို ကြားမိအောင် ရေးနိုင်ပါပေတယ်။
    ဘယ်နေရာမှာမဆို သတိရှိဖို့ စဉ်းစားဆင်ခြင်ဉာဏ်ရှိဖို့ အရေးကြီးပါတယ်။ :e:

Leave a Reply