“အောက်ပါမေးခွန်းများကို ဖြေဆိုပါ”

koyin sithuApril 18, 20151min54422

မိုက်ကရိုဆော့ဖ်ဆိုရင် ခေတ်မီသူတိုင်း သိကြတယ်။ ကမ႓ာကျော် ဆော့ဝဲကုမ္ပဏီကြီးကို ပူးတွဲ တည်ထောင်သူ ဘီလ် ဂိတ်စ်ဟာ ကမ႓ာ့အချမ်းသာဆုံး ဘီလျံနာသူဌေးကြီး ဖြစ်သလို မိုက်ကရိုဆော့ဖ် ကုမ္ပဏီဝန်ထမ်းတွေဟာလည်း ၅ ယောက်မှာ တစ်ယောက်က မီလျံနာ ဖြစ်ပါတယ်။ ကြည့်ရတာ အပေါက်စောင့် ဒလဝမ်တွေ၊ သန့်ရှင်းရေးအလုပ်သမားတွေကလွဲရင် မိုက်ကရိုဆော့ဖ်မှာ အလုပ်လုပ်သူတိုင်း ဝင်ငွေကောင်းတဲ့ သူဌေးတွေချည်းပဲပေါ့။

ဒီလိုဆိုတော့၊ မိုက်ကရိုဆော့ဖ်မှာ အလုပ်ရချင်သူတွေ ကြိတ်ကြိတ်တိုးနေတာ ဘာမှမဆန်းဘူး။ အလုပ်တစ်နေရာကို ရာထောင်ချီပြီး လျှောက်လွှာတင်ကြတယ်။ ဒီအထဲက အတော်ဆုံးလူတွေကို လက်ရွေးစင် ခေါင်းခေါက်ရွေးတဲ့ စာမေးပွဲမှာ မိုက်ကရိုဆော့ဖ်က ပေါက်တတ်ကရ မေးခွန်းတွေ မေးလေ့ရှိတာ နာမည်ကျော်သတဲ့။

(၁) မြေအောက်ရေမြောင်း၏ လူဝင်ပေါက် manhole သံပြားအဖုံးများကို မည်သည့်အကြောင်းကြောင့် အဝိုင်းပုံစံများသာ သုံးသနည်း။

(၂) နယူးယောက်မှ လန်ဒန်သို့ လေယာဉ်ဖြင့် အသွားအပြန်စီးလျှင် အသွားခရီးနှင့် အပြန်ခရီး အကွာအဝေးမိုင် အတူတူ ဖြစ်သော်လည်း ပျံသန်းချိန် တူညီပါသလား။ အကျိုးအကြောင်း ရှင်းပြပါ။

အဲဒီလို မျှော်လင့်မထားတဲ့ မေးခွန်းတွေ မေးတတ်တယ်။ ကျောင်းစာအုပ်တွေထဲမှာ မပါတဲ့ မေးခွန်းတွေကို မေးတဲ့ မိုက်ကရိုဆော့ဖ်ကို မေးငေါ့မဲ့ရွဲ့သူတွေ အများကြီးပါ။ အလုပ်နဲ့ ဘာဆိုင်လို့လဲပေါ့လေ။

ဒါပေမယ့်၊ မိုက်ကရိုဆော့ဖ်ကို အတုခိုးပြီး တစ်ခြားကုမ္ပဏီများကလည်း အဲလို မေးခွန်းတွေ မေးလာတယ်။ ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ချို့လည်း ကိုယ့်နည်းကိုယ့်ဟန် မေးခွန်းမျိုးတွေ ထုတ်ကြတယ်။

(၃) လူများ လှေကားအတက်အဆင်း လုပ်ရာမှာ တိုကျိုမြို့တွင် လှေကား၏ လက်ဝဲဖက်မှ ကပ်၍၊ အိုဆာကာတွင် လက်ယာဖက်မှ ကပ်ပြီး ဆင်းတက်သည်မှာ အဘယ်ကြောင့်နည်း။

ဒီလိုမေးခွန်းမျိုးကို ဖြေခိုင်းတဲ့ ဂျပန်ကုမ္ပဏီအကြီးအကဲ တစ်ယောက်ကို သတင်းမီဒီယာတွေက မေးမြန်းတဲ့အခါ သူဖြေကြားတာကို လေ့လာကြည့်ပါ။

“ဒီလို ပေါက်ပေါက်ရှာရှာ မေးခွန်းတွေ ဘာဖြစ်လို့ မေးတာပါလဲခင်ဗျာ?”

“စဉ်းစားတွေးခေါ်တတ်တဲ့ လူတွေကို ရွေးချယ်ခန့်ထားချင်လို့ ဉာဏ်ရည်စမ်းသပ်ခြင်းပါ”

“အလုပ်လျှောက်သူတွေဟာ ထိပ်သီးတက္ကသိုလ်ကြီးတွေက ဘွဲ့ရလာတာ မဟုတ်လား? ကျောင်းသားတွေ စဉ်းစားတွေးခေါ်တတ်အောင် ဒီကျောင်းတွေက သင်ပေးပြီးသားပါ”

“ကျောင်းတွေက စဉ်းစားတွေးခေါ်တတ်အောင် သင်ပေးတာ မှန်ပါတယ်။ ဒါပေမယ့်၊ လက်တွေ့ဘဝမှာ တစ်ကယ်ကို စဉ်းစားတွေးခေါ်တာကတော့ ကိုယ့်ဖာသာ လုပ်ရတာ ဖြစ်ပါတယ်။ ကျောင်းက သင်ပေးလို့ မရပါဘူး။ ကျောင်းက ဘယ်လိုပဲ သင်ကြားလေ့ကျင့်ပေးလိုက်ပေမယ့် ကိုယ့်ဖာသာ မစဉ်းစားသူ၊ တီထွင်ကြံဆမှု မရှိသူတွေကို ကျွန်တော်တို့ ကုမ္ပဏီမှာ မလိုချင်ဘူး”

သူပြောပုံအတိုင်းဆို အထက်က ဉာဏ်စမ်းပဟေဠိတွေကို မှန်အောင် မဖြေနိုင်ရင် ခက်ရချည်ရဲ့။ ပြီးတော့ ဘယ်လို မေးခွန်းလာမယ်ဆိုတာ ကြိုတင်မှန်းဆလို့လည်း မရဘူး။ ပေါက်ကရ မေးချင်တာ မေးမှာကိုး။

ကဲ… ခုနက မေးခွန်း သုံးခုကို အချိန် ၁၅ မိနစ်အတွင်း ကိုယ့်ဖာသာ အရင်ဖြေကြည့်ပါဦး။

ဒေါင်… ကဲ… အချိန် ၁၅ မိနစ်စေ့ပါပြီ။ ရကြပါသလား။

နံပါတ် (၁) မေးခွန်းအတွက် သရုပ်ဖော်ပုံပါ ထည့်ပေးထားပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ မြေအောက်ရေမြောင်း၊ တူးမြောင်း၊ လိုင်ခေါင်းတွေကို အဆင်းအတက် လုပ်ဖို့ manhole လို့ ခေါ်တဲ့ အပေါက်တွေ ရှိပါတယ်။ ဒီအပေါက်တွေရဲ့ အဖုံးကို အမြဲတမ်း အဝိုင်းပုံ လုပ်ထားတဲ့ ရည်ရွယ်ချက်ကတော့ စက်ဝိုင်းဟာ ဘယ်နေရာကပဲတိုင်းတိုင်း အချင်းရဲ့ အလျား အတူတူပါပဲ။ ဒါကြောင့် အဖုံးဟာ သူ့ထက် အချင်းဝကျဉ်းတဲ့ အပေါက်ထဲကို ဘယ်လိုနည်းနဲ့မှ ကျွံပြီး ပြုတ်ကျသွားစရာမရှိပါဘူး။ သူ့အပေါ်က ယာဉ်အသွားအလာ အလေးဒဏ်ခံနိုင်အောင် သံပြားအထူကြီးလုပ်ထားတဲ့ အဲဒီမြောင်းဖုံးတွေဟာ လူကြီးတစ်ယောက်အလေးချိန် ပေါင် ၂၀ဝ လောက်အထိ ရှိတတ်ပါတယ်။ အဲဒီအဖုံးကြီး အပေါက်ထဲ ပြုတ်ကျသွားရင် ထိခိုက်ပျက်စီးမှု မနည်းဘူး၊ အောက်မှာ လူရှိရင် သေနိုင်တယ်။

မြောင်းဖုံးက လေးထောင့် စတုရန်းဖြစ်နေရင်တော့ ထောင့်တန်း ကန့်လန့်ဖြတ်ဆိုရင် အပေါက်ထဲကို ဝင်သွားနိုင်တာ ပုံကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် အောက်ကို ဘယ်လိုနည်းနဲ့မှ ပြုတ်ကျမသွားနိုင်တဲ့ အဝိုင်းပုံ အသုံးပြုရခြင်းပါ။

နံပါတ် (၂) မေးခွန်းရဲ့အဖြေကတော့ နယူးယောက်-လန်ဒန် လေယာဉ်ခရီးမှာ အသွားအပြန် ပျံသန်းချိန်မတူပါဘူး။ ကမ႓ာကြီးဟာ မိမိရဲ့ ဝင်ရိုးပေါ်မှာ လည်နေတာကြောင့် အသွားခရီးမှာ လည်တဲ့လမ်းကြောင်းအတိုင်း အနောက်မှ အရှေ့ကို ပျံသန်းတဲ့အခါ jet stream ဆိုတဲ့ လေကြောင်းသင့်ပြီး အချိန်တိုပါတယ်။ အပြန်ကျတော့ ကမ႓ာလည်တဲ့ လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက် လေကိုဆန်ပြီး ပျံရတာမို့ အချိန်ပိုကြာပါတယ်။ နယူးယောက်-လန်ဒန် ခရီးမှာ အသွားနဲ့အပြန်ဟာ ခေတ်မီ ခရီးသည်တင် ဂျက်လေယာဉ်ကြီး တစ်စင်းအတွက် မိနစ် ၄ဝ လောက် ကွာခြားပါတယ်။

နံပါတ် (၃) မေးခွန်းကတော့၊ ဂျပန်နိုင်ငံရဲ့ အတိတ်သမိုင်းနဲ့လည်း သက်ဆိုင်တယ်။ တိုကျိုဟာ မူလက အဲဒိုဆိုတဲ့အရပ်ကနေ ရှိုဂွန် စစ်ဘုရင် နန်းစိုက်ရာ နိုင်ငံ့မြို့တော် ဖြစ်လာခဲ့တာပါ။ တိုကျိုမြို့သားတွေဟာ ဆာမူရိုင်းစစ်သည်တွေ၊ နန်းတွင်းအမှုထမ်းတွေ များပါတယ်။ သူတို့ဟာ ဓားရှည်ကိုင် လက်ယာလက်ကို လွတ်လပ်စွာ လှုပ်ရှားနိုင်အောင့် လှေကားရဲ့ လက်ဝဲဖက်က ကပ်ပြီး အသင့်နေရာယူ အတက်အဆင်း လုပ်ပါတယ်။

အိုဆာကာကတော့ ကုန်သည်ပွဲစားများရဲ့ စီးပွားရေးမြို့ပါ။ ကီမိုနိုခါးစည်းရဲ့ ညာဖက်မှာ ပိုက်ဆံအိတ်ကို ချိတ်ဆွဲထားတဲ့ စီးပွားရေးသမားတွေဟာ လှေကားအတက်အဆင်းမှာ အလစ်သမား၊ သူခိုးဓားပြတွေ ကိုယ့်ပိုက်ဆံအိတ်ကို အလွယ်တကူ လုမပြေးနိုင်အောင် လှေကားညာဖက်မှာ ကပ်ပြီး ကာကွယ်ထားပါတယ်။

အဲဒီ ရှေးအစဉ်အလာ ဓလေ့တွေဟာ ခုခေတ်အထိ အကျင့်ပါနေပြီး လှေကားမှာ တိုကျိုသားတွေက ဘယ်ဖက်ကပ်တယ်၊ အိုဆာကာသားတွေက ညာဖက်ကို ကပ်ပြီး အတက်အဆင်း လုပ်လေ့ရှိတာပါတဲ့။

ဟင်…အဲလို ပေါက်ပေါက်ရှာရှာ ဘယ်လိုလုပ် သိနိုင်မှာလဲ။ မြန်မာနိုင်ငံက လူတွေအနေနဲ့ ဖြေရခက်မယ်၊ နံပါတ် (၃) မေးခွန်းကတော့ ဂျပန်ကို မရောက်ဖူးရင် ဖြေနိုင်ဖို့ မလွယ်ပါဘူး။ ဒါတမင်သက်သက် ကပ်သီးကပ်သတ်မေးတဲ့ မေးခွန်းတွေ ဆိုပြီး မဖြေနိုင်လို့ စိတ်ပျက်မသွားပါနဲ့ဦး။ အကြောင်းတွေ ရှိပါတယ်။

“ဒီလိုမေးခွန်းတွေဟာ တိုက်ရိုက် အဖြေမှန်ရဖို့ အင်မတန် ခက်တာ တွေ့ရပါတယ်၊ ဒါဆိုရင် အလုပ်ခန့်စရာ လူတော်တွေ ဘယ်ရနိုင်တော့မလဲ”

“ဟုတ်တာပေါ့၊ တိုက်ရိုက် မှန်အောင် ဖြေနိုင်သူဆိုရင် တစ်ခါတည်း တန်းပြီး အလုပ်ခန့်လိုက်ရုံပဲ။ ဒါပေမယ့်၊ အဖြေမမှန်သည့်တိုင်အောင် ကိုယ်စဉ်းစားလို့ရသလောက် ယုတ္တိယုတ္တာနဲ့ ရှင်းပြဖို့ ကြိုးစားသူမျိုးကို ကျွန်တော်တို့က ပိုပြီး သဘောကျတာပါ၊ အဲဒီလို ဉာဏ်ရည်မြင့်သူတွေကို ပိုပြီးလိုချင်တာပါ”

ဆိုလိုချင်တာကတော့ အဲဒါပါပဲ။ ဘာမှ မစဉ်းစားပဲ ကျွန်တော်မသိပါဘူး၊ ကျွန်မမသိပါဘူးလို့ လွယ်လွယ်ဖြေတဲ့လူမျိုးထက် ကိုယ့်ဖာသာ စဉ်းစားကြံဆပြီး အကျိုးအကြောင်း ဆက်စပ် ရှင်းပြတတ်ဖို့ ပိုပြီး အရေးကြီးပါတယ်။ အဖြေမှန်ထက် စဉ်းစားဉာဏ်ကို ပိုပြီး သိချင်တဲ့သဘောပါ။ ခုတလော လူပြောများနေတဲ့ critcal thinking (ဆန်းစစ်ဝေဖန်စဉ်းစားခြင်း) ရှိမရှိ စမ်းသပ်တဲ့ မေးခွန်းတွေပါပဲ။

ကဲ…ဒီလိုဆိုရင် ကျနော်တို့ ရွှေပြည်ကြီးမှာ ပြည်သူလူထု စဉ်းစားတွေးခေါ်ဉာဏ် ရင့်သန်လာအောင် ဘာတွေလုပ်နေသလဲ၊ ဘယ်လို ပြုစုပျိုးထောင်သလဲ ဆိုတဲ့ မေးခွန်းကို မမေးခင်မှာ တိုင်းပြည်ရဲ့ ဝန်ထမ်းတွေကို ဘယ်လိုပုံစံနဲ့ ရွေးချယ်သလဲဆိုတာကို အလျင်ဆုံး ကြည့်ကြရအောင်။

မိုက်ကရိုဆော့ဖ်တို့လို အနောက်နိုင်ငံကုမ္ပဏီတွေ၊ ဂျပန်ကုမ္ပဏီတွေနဲ့ အတူတူပါပဲ၊ အရည်အချင်းစစ် စာမေးပွဲနဲ့ ရွေးချယ်တာပေါ့။ ဒါပေမယ့် အကြီးအကျယ် ကွာခြားချက်ကတော့ မေးခွန်းပုံစံပါ။

(၁) နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဒုတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေး အဖွင့်အမှာစကားပါ အချက်များကို ဖြေဆိုပါ။

(၂) ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် ပြောကြားသော အမှာစကားပါ အချက်များကို ဖြေဆိုပါ။

အဲဒီမေးခွန်းတွေဟာ ၂၀၁၂ ခုနှစ်၊ ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ဆရာဝန်ရာထူး ရေးဖြေစာမေးပွဲမှာ တစ်ကယ်ကြီးကို မေးခဲ့တဲ့ မေးခွန်းအစစ်အမှန် ဖြစ်ပါတယ်။ (ကိုယ်တွေ့မျက်မြင် ကြည့်ချင်ရင် ကွန်မန့်ထဲမှာ မူရင်းမေးခွန်းလွှာကို ဖော်ပြပေးထားပါတယ်။)

ကျနော် ဆွေးနွေးခဲ့တဲ့ အချက်များကို အခြေတည် စဉ်းစားရင် မေးခွန်းပုံစံနှစ်မျိုးရဲ့ ဦးတည်ချက်တွေ ဘယ်လောက် ကွာခြားသလဲဆိုတာ သတိပြုမိပါလိမ့်မယ်။ တစ်ခြားနိုင်ငံတွေမှာ စဉ်းစားတွေးခေါ်သူ၊ တီထွင်ကြံဆသူတွေကို လိုချင်လို့ ဉာဏ်ရည်စမ်းတာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာတော့ အထက်ပိုင်း အုပ်ချုပ်သူ လူတန်းစားရဲ့ အဆက်အနွယ်တွေကို ခန့်ထားဖို့ ရည်ရွယ်တာ သက်သက်ပါပဲ။

မြန်မာနိုင်ငံက အရည်အချင်းစစ် စာမေးပွဲကို (မေးခွန်းကြိုတင်ရထားသူတွေသာ) ဖြေနိုင်မယ်လို့ တပ်အပ် ပြောလို့ရပါတယ်။ အဲဒီလို မေးခွန်းကြိုတင်ရဖို့ဆိုတာ အာဏာရှိသူ ဒါမှမဟုတ် ငွေရှိသူတွေသာ တတ်စွမ်းနိုင်ပါတယ်။ ဒီတော့ အဘတွေ၊ ခရိုနီပြာစိမ်းတွေနဲ့ မပတ်သက်တဲ့ သာမန်ပြည်သူများ ဒီစာမေးပွဲမျိုး အောင်ဖို့ ဟိုး….အဝေး….ကြီး……..ပါ။

အဲဒီမေးခွန်းတွေကို ကာယကံရှင် ဦးသိန်းစိန်နဲ့ ဒေါက်တာ စိုင်းမောက်ခမ်းကို မေးရင်တောင် စာရွက်မကြည့်ဘဲ သူတို့ကိုယ်တိုင် အလွတ် ဖြေနိုင်ဖွယ် မရှိဘူးဆိုတာ လောင်းရဲပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ဝန်ထမ်းရွေးချယ်မှုကို ကြည့်ရင် တိုင်းပြည်အတွက် ခန့်ထားသူတွေဟာ တစ်ကယ်ကို ထူးချွန်ထက်မြက်ပြီး စဉ်းစားတွေးခေါ်မှု အဆင့်မြင့်သူတွေ ဟုတ်မဟုတ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ကြည့်လေ၊ အခု သင်္ကြန်မှာကိုပဲ လိင်ဆိုင်ရာ ပြစ်မှုတွေ ဖြစ်ပွားမှာစိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ကွန်ဒုံးတွေ၊ ပဋိသန္ဓေတားဆေးတွေကို သိမ်းဆည်း တားမြစ်ဖို့ အမိန့်ထုတ်တဲ့ ဆေးသုတေသန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဇင်သန့်ရဲ့ ရွှေဉာဏ်တော်ကို နိုင်ငံတကာ အံ့အားသင့်ခဲ့ရပါတယ်။

အဆိုးဆုံးကတော့ ဘယ်နေရာမှာဖြစ်ဖြစ် စစ်ဗိုလ်စစ်သားတွေကို ခန့်တဲ့ ကိစ္စပါ။ သူတို့ဟာ ကိုယ့်တပ်မှာ ကိုယ်နေရင် ဘာမှ ပြောစရာမရှိဘူး။ လွှတ်တော်အပါအဝင် အများပြည်သူတစ်ရပ်လုံးနဲ့ ဆိုင်တဲ့ နယ်ပယ်တွေမှာ ဝင်ပြီး နေရာယူကြတာဟာ တိုင်းပြည်ရဲ့ အဓိက ပြဿနာကြီးပေါ့။ သူတို့ကတော့ ဘာစာမေးပွဲမှတောင် ဖြေစရာမလိုဘဲ စစ်ယူနီဖောင်းချွတ်လိုက်တာနဲ့ ကုလားထိုင်ပေါ်ကို စွေ့ကနဲ ‘မိုးကျရွှေကိုယ်တွေလို’ ရောက်လာတာလေ။

ခုတော့ ကျနော်တို့ မြန်မာပြည်လည်း ဆင်းရဲမွဲတေလှပါပြီ။ ဒီလို ဆင်းရဲတွင်းက လွတ်ကင်းအောင် လုပ်ချင်ရင် စဉ်းစားတွေးခေါ်မှု၊ တီထွင်ကြံဆမှု အသိဉာဏ်အဆင့်မြင့်သူတွေကို ရွေးချယ် ခန့်အပ်ဖို့ အရေးကြီးတယ်။

ဒါဆိုလည်း အလွယ်ဆုံး ဒီမေးခွန်းလေး ဖြေကြည့်ပါ။

မြန်မာနိုင်ငံကို ယခင် နှစ် ၅ဝ ကျော် အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်းများ၏ အရပ်သားအစိုးရ အသွင်ပြောင်း ဆက်လက်အုပ်ချုပ်ခြင်းနှင့် လုံးဝ ပြုပြင်ပြောင်းလဲသော ဒီမိုကရေစီအစိုးရသစ် အုပ်ချုပ်ခြင်းတို့ မည်သည်က ပိုမို ကောင်းမွန်တိုးတက်မည်ကို အကြောင်းအကျိုး ခိုင်လုံစွာ ရှင်းလင်း ဖြေဆိုပါ။ (၁၀ဝ မှတ်)

Credit from : https://www.facebook.com/minmyat.maung.3/posts/437070929786558:0

22 comments

  • ခင်ဇော်

    April 18, 2015 at 8:08 am

    ကောင်းလိုက်တဲ့ စာပါလားးး
    ရှယ်လာတဲ့ စူသီ ကို ကျေးကျေးးး

    မေးခွန်းကို ဖြေဖို့ တန်းဝင်တယ် မထင်လို့ ဖြေမသွားဘူးးး
    :kwi:

    • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

      April 18, 2015 at 6:30 pm

      ဆရာမနီနီခင်ဇော်ကလည်း မဖြေနိုင်ဘူးတော့မဟုတ်ပါဘူးဗျာ..
      မဖြေချင်လို့ ထားထားလိုက်တယ်ပဲ ထင်ပါတယ်နော့…
      အမှတ် ၁၀ဝ ယူလိုက်ရင် တခြားသူတွေအတွက် ဘယ်တရားပါ့မလဲနော့.. 🙂

  • ခင်ဇော်

    April 18, 2015 at 8:15 am

    ဆိုတော့ ဖတ်လို့ ရအောင် ငရဲသား ရဲ့ ပို့(စ)လေး လာထားမယ်နော့။
    ယှဉ်ဖတ်လို့ရတာပေါ့။

    https://www.facebook.com/notes/536609773081947/
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    Reform၊ ဘောင်းဘီကျွတ်၊ skill နှင့် အစိုးရယန္တရား
    November 3, 2013 at 11:25am

    နိဒါန်း

    ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေ ပြီးပြီးခြင်း NLD အပြတ်အသတ် အနိုင်ရရှိပြီး ဆယ်ရက်ကျော်အကြာ ၁၁-၅-၂၀၁၂ မှာ သမ္မတ ဦးသိန်းစိန်ဟာ အစိုးရအဖွဲ့၊ ဝန်ကြီးဌာနပေါင်းစုံပါဝင်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ တိုင်းပြည်ကို မိန့်ခွန်းပြောကြားထုတ်လွှင့်ခဲ့ပါတယ်။

    အဲဒီမိန့်ခွန်းဆိုလိုရင်းက

    အစိုးရရဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ ပထမအဆင့် (First Stage of Reform Strategy for National Development) ကို အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ကြောင်း၊ ယခု ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့် (Second Stage of Reform Strategy for National Development) ကို တဆင့်တက်ဆောင်ရွက်ရမှာဖြစ်ကြောင်း။ ကြားဖြတ်ရွေးေကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်ပြီး အစိုးရရဲ့ အောက်ခြေ ရပ်ကွက် ကျေးရွာအဆင့်မှ မြို့နယ် ၊ တိုင်းဒေသကြီး/ ပြည်နယ်မှ ပြည်ထောင်စု အဆင့်အထိ ရှေးယခင် လုပ်နည်း လုပ်ဟန်တွေအတိုင်းလုပ်ကိုင်ဆောင်ရွက် နေကြတာကို မကြိုက်တော့ဘူးဆိုတဲ့ အနေအထားကို ပြသခဲ့ခြင်းဖြစ်ကြောင်း။

    ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့် (Second Stage of Reform Strategy for National Development) ကို ဆောင်ရွက်ရာမှာ

    (၁) ပြည်သူလူထုရဲ့ လူမှုစီးပွှားရေး လိုအင်တွေကို ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မယ့် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး (People Centered Development) ဖြင့် ဆောင်ရွက်ရေး ၊

    (၂) ပြည်သူလူထု ဗဟိုပြု တိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးပါ လာသည့် လူမှုရေး ၊ စီးပွှားရေး အသင်းအဖွဲ့များ ပါဝင်သော လူမှုအဖွဲ့အစည် (Civil Society) များ၏ ပူးပေါင်း ဆောင်ရွက်မှု အရေးပါ လာသည့်အလျောက် မြို့နယ် တိုင်းမှာ လူမှုရေး ၊ စီးပွားရေး အသင်းအဖွဲ့များ ၊ ကျေးလက်သမဝါယမ အစုအဖွဲ့များ ၊ မြို့နယ် သမဝါယမ အသင်းများ တိုးချဲ့ ဖွဲ့စည်းပေးပြီး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်အောင် တိုးချဲ့ ဆောင်ရွက် ခြင်းဖြင့် တိုင်းပြည်၏ စွမ်းအားကို မြှင့်တင် ဆောင်ရွက်ရေး ၊

    (၃) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှု စီးပွှားရေး တိုးတက်မှုအတွက် ငွေကြေး အရင်းအနှီးများ ရင်းနှီးမြုပ်နှံ သုံးစွဲ နိုင်မှု အခြေအနေ အခွင့်အလမ်းသည် လူ့စွမ်းအား အရင်းအမြစ် ပြီးလျှင် အခြေခံ အကျဆုံး အဓိက လိုအပ်ချက် ဖြစ်သည့်အတွက် ဘဏ္ဍာရေးမူဝါဒ ၊ ငွေကြေး မူဝါဒ ပြုပြင်ပြောင်းလဲမှုများနှင့်အညီ အောက်ပါ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲ ရင်းနှီးမြုပ်နှံမှုများကို ထိရောက် အကျိုးရှိစွှာ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရေးအစရှိသဖြင့် Reform လုပ်ငန်းစဉ်တွေကို ပြောကြားခဲ့ပါတယ်။

    Administration Reform

    အဲဒီလိုပြောကြားခဲ့ပြီးသုံးလအတွင်းမှာ သက်ဆိုင်ရာ ဌာနအသီးသီးက ဝန်ကြီးနေရာ ဌာနဆိုင်ရာ အရာရှိကြီးများရဲ့ နေရာတချို့ကို အုံလိုက်ကျင်းလိုက် အစားထိုး ပြောင်းလဲခဲ့သလို အသစ်ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။နိုင်ငံတစ်ခုကို Reform (ပြုပြင်ပြောင်းလဲရေး ) မှာ များစွာရှိပါတယ်။Political Reform, Administration Reform, Economic Reform, Social Reform အစရှိတဲ့နေရာမှာ Administration Reform အဖြစ် ထိပ်ပိုင်း ဦးဆောင်သူ policy maker, Decision Maker တွေနဲ့ ဝန်ကြီးဌာနတွေထဲက ဆိုင်ရာကဏ္ဍတွေကို တာဝန်ယူထားသူတွေကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဌာနခွဲတွေ ပြောင်းလဲဖွဲ့စည်းခြင်း။ ပြောင်းလဲ ဖွဲ့စည်းရန် ကြိုးစားခြင်း စတာတွေကိုလည်း ပြုလုပ်လာကြပါတယ်။အဲဒီလို ပြောင်းလဲလိုက်ခြင်းကို ပြည်သူအများစုက စောင့်ကြည့်နေခဲ့ကြပါတယ်။ ကျွန်တော် လေ့လာသုံးသပ်မယ့် အပိုင်းကလည်း လူကို အဓိကထားတဲ့ အဲဒီ ရာထူးပြောင်းလဲမှု အပိုင်းပဲ ဖြစ်ပါတယ်။ ရာထူးပြောင်းလဲမှုရဲ့ အကျိုးဆက်က ကျန်တဲ့ reform အားလုံးကို အကျိုးသက်ရောက်မှုရှိတယ်လို့ ခံယူထားလို့ပါ ..။

    မူ ဘယ်လောက်ချချ လူက အဓိကပါပဲ။
    .

    သမိုင်း

    အရင်တုန်းက ဖြစ်ရပ်တွေကို နောက်ကြောင်းပြန် လေ့လာလိုက်ရင် မြန်မာနိုင်ငံရဲ့ အစိုးရယန္တရားဟာ Top down စနစ်တောင်မဟုတ်ပဲ နှစ်သုံးဆယ်နီးပါး တသွေးတသံတမိန့်နဲ့ သွားခဲ့တဲ့အတွက် စစ်ဖက်က တပ်မတော်သား အရာရှိအငြိမ်းစားတွေဟာ အုံလိုက်ကျင်းလိုက်နဲ့ ဦးစီးအရာရှိအဆင့်ကနေ ဝန်ကြီးအဆင့်အထိ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ မြောက်များစွာ တာဝန်လာရောက် ထမ်းဆောင်ကြပါတယ်။ အဲဒါကြောင့် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာတဲ့ ပညာရှင်တွေ (အင်ဂျင်နီယာ၊ ပါမောက္ခ) အစရှိသူတွေဟာ အလိုလျောက် ၎င်းတို့ရဲ့ အုပ်ချုပ်မှုအောက်ကို ကျရောက်သွားပါတယ်။ အဲဒီ မိုးကျရွှေကိုယ်တွေ ရဲ့ခံယူချက်ဟာလည်း အရပ်သားတွေက ပျော့တယ်။ ၎င်းတို့က admin နိုင်တယ်ဆိုတဲ့ ခံယူချက်က တစ်ပါတည်း ပါလာပါတယ်။

    ၎င်းတို့ နားမလည်တဲ့ အပိုင်းတွေ၊ နေရာပျောက်မှာ ကြောက်တာတွေ၊ လက်ရှိရာထူးနဲ့ ထိုက်တန်ကြောင်း ပညာပြချင်တဲ့ အခြေခံစိတ်တွေကြောင့် ၎င်းတို့ဟာ လက်အောက်ငယ်သားတွေကို push လုပ်ပါတယ်။ administration ကို ပိုင်နိုင်တယ် လို့ ၎င်းတို့ကိုယ်တိုင် ယူဆထားတဲ့အတွက် အထက်ကချမှတ်ထားတဲ့ နည်းပညာဆိုင်ရာ ပညာရပ်ဆိုင်ရာ မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ အောက်ခြေက ပညာရှင်တွေရဲ့ မကျေနပ်မှုတွေ များစွာဖြစ်လာပါတယ်။ တချို့လူကြီးတွေက မိမိ မကျွမ်းဝင်တဲ့ အပိုင်းကို အကောင်အထည်ဖော်တဲ့ အောက်ခြေဝန်ထမ်းကို ချော့ပေါင်းပါတယ်။ အများစုကတော့ power ပြပါတယ်။
    .

    ပြဿနာ

    အဲဒီတော့ နှစ်သုံးဆယ်လောက်အတွင်းမှာ လျော်ကြေးပေး ဌာနဆိုင်ရာတွေထဲက နှုတ်ထွက်တဲ့ ပညာရှင်တွေ၊ နိုင်ငံခြားရောက်ကုန်တဲ့ ပညာရှင်တွေ များလာပါတယ်။ အဲဒါကြောင့် အစိုးရ ဌာနဆိုင်ရာ ယန္တရားလည်ပတ်သူ ဝန်ထမ်းတွေ skill တွေကျလာသလို mind set လည်း ပြောင်းလာပါတယ်။ အချိုကြိုက်တဲ့ လူကြီးကို အချို၊ အချဉ်ကြိုက်သူကို အချဉ် ဆက်ဆံလာကြပြီး မိမိ ရာထူးတက်ရေး၊ နေရာကောင်းရေးနဲ့ အခိုင်းခံရမှု လျော့နည်းရေးတို့ကိုပဲ အားစိုက် ကြိုးစားလာကြပါတယ်။ သက်ဆိုင်ရာ လုပ်ငန်းတစ်ခုကို ကျွမ်းကျင်သူတွေဟာ ခံယူချက် နှစ်မျိုးနှစ်စားဖြစ်လာပါတယ်။ တစ်မျိုးက မိမိကျွမ်းကျင်မှုကို လူကြီးအသိအမှတ်ပြုအောင် လုပ်တာနဲ့ နောက်တစ်မျိုးက မိမိ ကျွမ်းကျင်တာကို လူကြီးသိရင် အခိုင်းခံရမှာစိုးလို့ ရှောင် တာပဲဖြစ်ပါတယ်။

    အဲဒါကို အရင်းစစ်ကြည့်ရင် မိမိတို့ အထက်အရာရှိ လူကြီး ဆိုသူက မိမိ တတ်ကျွမ်းမှု စံနှုန်းကိုတောင် လေ့လာသိရှိနားလည်နိုင်စွမ်းမရှိသူတွေ ဖြစ်သလို ၎င်း တာဝန်ထမ်းဆောင်ရာနယ်ပယ်ရဲ့ နည်းပညာဆိုင်ရာ အတတ်ပညာဆိုင်ရာ ဗဟုသုတကို လုံးဝမသိရှိခဲ့သူ ဖြစ်သောကြောင့် ၎င်းကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်၊ မူဝါဒချမှတ် စီမံခန့်ခွဲနိုင်စွမ်း မရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ အဆိုးဝါးဆုံးဖြစ်ရပ်တစ်ခုကတော့ ဌာနတွေမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာခဲ့တဲ့ အင်ဂျင်နီယာ၊ ပညာရှင် တွေအပါအဝင် အရာထမ်း အများစုဟာ ၎င်းတို့ ရှေ့ဆက်တက်မယ့် လစ်လပ်ရာထူးတစ်ဆင့်နေရာကို ဝန်ကြီးကောင်းမှုနဲ့ ချက်ချင်းရောက်လာတဲ့ သက်ဆိုင်ရာ နယ်ပယ်ရဲ့ skill and knowledge လုံးဝ မရှိတဲ့ စစ်တက္ကသိုလ်ပေါင်းစုံဆင်း မိုးကျရွှေကိုယ် စစ်ဗိုလ် အငြိမ်းစားတွေက ရယူသွားခဲ့ခြင်းကြောင့် ရာထူးတက်ဖို့ နေရာ မရှိတော့တာပဲ ဖြစ်ပါတယ်။ ဒါဟာ ဌာနတိုင်းမှာ ဖြစ်ပေါ်နေတဲ့ လက်ရှိလည်း ဖြစ်ပေါ်ဆဲဖြစ်နေတဲ့ အကြီးမားဆုံးသော ပြဿနာကြီးဖြစ်ပါတယ်။

    အဲဒီပြဿနာရဲ့ အကျိုးဆက်ကြောင့် နေရာရသင့်သူတွေနေရာမရပဲ မတတ်သူတွေ မဝင်ဆံ့သူတွ ပွဲမတိုးသူတွေက ပြန်ခိုင်းတာကို နှစ်ပေါင်းများစွာ ခံခဲ့ရတဲ့အတွက် နိုင်ငံရဲ့ ဌာနဆိုင်ရာယန္တရားတွေမှာ စီမံဆောင်ရွက်မှု နှောင့်နှေးညံ့ဖျင်းအားနည်းခဲ့တာတွေကလည်း ငြင်းမရတဲ့ သက်သေတွေပဲ ဖြစ်ပါတယ်။အဲဒီလို ဖြစ်စဉ်တွေ ရှိသလို ထိပ်ပိုင်းမှာလည်း weather မကောင်းရင် ပြန်ဝယ်ထည့်လိုက် ဆိုတဲ့ ကျော်မကောင်းကြားမကောင်းအဖြစ်တွေ တကယ်ဖြစ်ခဲ့သလို ပုသိမ်လမ်းမှာ ကမ်းနားက ကိုင်းပင်တွေစိမ်းလန်းနေတာကို စပါးပင်အဖြစ် ကားလမ်းပေါ်က ရှင်းလင်းပြောပြနေတာကို လက်ခံတဲ့ ဝန်ကြီးတွေလည်း ပေါ်ထွက်လာပါတယ်။ 3G ဆိုတာ ဘာလဲဆိုတာ မသိတဲ့ ဝန်ကြီးတွေ ရှိသလို estimate ဆိုတာ ဘာကို ဆိုလိုမှန်းမသိတဲ့ ဝန်ကြီးတွေလည်း အထင်အရှားပါပဲ …။ထိုသို့သော ကိစ္စတွေ ရှိခဲ့တဲ့အတွက် သမ္မတရဲ့ Reform ကို အများကြီး မျှော်လင့် မိပါတယ်။

    .
    အဂတိလိုက်စားမှု

    ဒါပေမယ့် လူကြီးအပြောင်းအလဲ ဌာန အပြောင်းအလဲ လုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အကြီးမားဆုံးသော ဆက်သွယ်ရေးဝန်ကြီးဌာန လာဘ်စားမှုတွေ ပေါ်ပေါက်လာပြီးတဲ့နောက် သမ္မတအမိန့်နဲ့ ဘေးကင်းစွာနှုတ်ထွက်စေပြီး၊ ပွင့်လင်းမြင်သာမှု မရှိစွာ စစ်ဆေးနေကာ ယနေ့အထိ ဘာသတင်းမှ မကြားရတော့တဲ့ ကိစ္စတွေ ဖြစ်ပေါ်လာတာက ယခု အစိုးရသစ်လက်ထက်မှာ မှတ်တမ်းတင်ရမယ့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

    အဲဒီတော့ လူအပြောင်းအလဲလုပ်တဲ့ reform ဟာ အကျိုးရှိမရှိ လေ့လာမိပါတယ်။

    တနည်းအားဖြင့် သုံးသပ်ရရင် သမ္မတ ဆိုင်ရာ ဝန်ကြီးဌာနနဲ့ သင့်တော်မယ်ထင်ပြီး reform မလုပ်ပဲ ချန်လှပ်ထားခဲ့တဲ့ သူတွေထဲက ကြီးမားတဲ့ အုံလိုက်ကျင်းလိုက် အဂတိလိုက်စားမှု အရှုပ်တော်ပုံကြီး ဖြစ်လာတဲ့ ကိစ္စတွေပါပဲ။ တကယ်အရေးပါတဲ့ ပညာရပ်ဆိုင်ရာ နည်းပညာဆိုင်ရာ ဌာနကို တာဝန်ယူတဲ့ ဝန်ကြီးဟာ အနည်းဆုံး အင်ဂျင်နီယာ တနည်းအားဖြင့် အရပ်သား တော့ဖြစ်သင့်ပါတယ်။ DSA (10) က ဆင်းတိုင်း၊ ကကဆက်မှာ ညွှန်မှုး လုပ်ခဲ့တိုင်း ကြီးမာကျယ်ပြန့်တဲ့ ICT လောကကို စီမံဖို့၊ decision making လုပ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အကျိုးဆက်အနေနဲ့ ခရိုနီတွေရဲ့ အသုံးချခြင်းနဲ့ sim card တွေ ဈေးကြီးပေးဝယ်တဲ့ပြည်သူ့ဆီက ငွေကျပ် သန်းပေါင်းများစွာ ပိုက်ပြီး ရာထူးပြုတ်သော်လည်း ဖမ်းဆီးထောင်ချခံရခြင်းမရှိပဲ ဘေးကင်းလုံခြုံစွာနဲ့ နှပ်နေတာက အကျိုးရှိသွားပါတယ်။

    အဲဒီ အုံလိုက်ငျင်းလိုက် အဂတိလိုက်စားသူတွေ တသီတတန်းကြီးထဲမှာ စစ်ဗိုလ်ချုပ်တွေ ပါသလို နှစ်သုံးဆယ်လုံးလုံး အဂတိလိုက်စားမှုတွေကြောင့် ရာထူးပြုတ်ပြီး ထောင်မကျပဲ တာဝန်မှ ဇိမ်နဲ့ အနားယူသွားသူတွေ အားလုံးနီးပါးဟာ အရပ်ဖက်ကို ပြောင်းလာတဲ့ စစ်အရာရှိတွေချည်းပဲ ဆိုတာကလည်း မဆန်းတော့တဲ့ ဖြစ်စဉ်တွေပါပဲ …။ နောက်တစ်ချက်က ယခင် အစိုးရအဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်သွားတဲ့ တပ်မတော်အရာရှိက မိမိနဲ့ လုံးဝ ပတ်သက်ကျွမ်းဝင်ခြင်းမရှိတဲ့ နယ်ပယ်ဖြစ်တဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန IT Department မှာ အင်ဂျင်နီယာချုပ် ဖြစ်သွားခဲ့တာပဲ …။ ဒါမျိုးတွေ ဝန်ကြီးဌာနတိုင်းမှာ ဘယ်နှစ်ယောက်လောက် ရှိနေခဲ့ ရှိနေဆဲ သလဲ … တွေးစရာဖြစ်လာပါတယ်။

    .

    Reform အကျိုးဆက်

    အဲဒီ ဥပမာကို လေ့လာပြီး လက်ရှိပြောင်းလဲ၊ အသစ်ခန့်အပ်တာဝန်ပေးထားတဲ့ အရာရှိကြီးတွေကကော လက်ရှိကိုင်တွယ်တဲ့ ဌာနတွေနဲ့ သင့်တော်အဆင်ပြေသလား လေ့လာမိပါတယ် …

    မြန်မာနိုင်ငံရဲ့ နည်းပညာ အတတ်ပညာဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောက်ခြေက ရာထူးတက်မလာပဲ reform နဲ့ ဝုန်းကနဲ ရောက်လာတဲ့ decision maker, Policy Maker တွေကကော skill and knowledge ရှိပါ့မလား။ ဘာမှ မလေ့လာရသေးတော့ နှစ်နဲ့ချီ သွေးတိုးစမ်း၊ အောက်ခြေက ပညာရှင်ရေးပေးတဲ့ မိန့်ခွန်းတွေပြော၊ စီစဉ်ပေးတဲ့ Plan အတိုင်းလုပ်၊ အောက်ခြေက ပညာရှင်၊ ဒါမှမဟုတ် အရာရှိက ခေါ်သွင်း promote လုပ်တဲ့ ကုမဏီ၊ လုပ်ငန်းရှင်တွေနဲ့ စီမံကိန်းတွေ MOU ထိုး။ ပဋိညာဉ်ချုပ်၊ မိမိကိုယ်တိုင် ဘာမှ နားမလည်တော့ seminar တွေ workshop တွေမှာ အိပ်ငိုက်၊ ရေးပေးတဲ့အတိုင်းပြောနဲ့ operation ပိုင်းကို မရောက်ပဲ သံသရာတွေ လည်နေတာကို စတင် လေ့လာမိပါတယ်။

    တချို့ ဒီနယ်ပယ်မှာ နှစ်ပေါင်းများစွာ လုပ်လာတဲ့ အရပ်သား ပညာရှင်ကို reform ကြောင့် တခြားဌာန ပြောင်းလိုက်ရင် မိမိနဲ့ မကျွမ်းဝင်တဲ့ နယ်ပယ်ဖြစ်လို့ တာဝန်ထမ်းဆောင်နိုင်စွမ်းလျော့ကျသွားပါတယ်။ ဒါလည်း ထုံးစံတစ်ခုလိုပါပဲ..

    reform တပ်ဖက်က အငြိမ်းစားရပြီး အသစ်ရောက်လာတဲ့ ဝန်ကြီး ဦးဆောင်ညွှန်ကြားရေးမှူး၊ အင်ဂျင်နီယာချူပ်၊ ညွှန်ချုပ်၊ ဆိုသူတွေကလည်း မိမိမကျွမ်းဝင်တဲ့ အပိုင်းဖြစ်တဲ့အတွက် မိမိထက် ရာထူးတစ်ဆင့်နိမ့်တဲ့ သူကို ခိုင်း အောက်ကပညာရှင်တွေက မိမိတက်နယ့်နေရာ ရောက်လာသူဆိုတောု အခိုင်းမခံချင်၊ ပညာတွေပြ အပေါ်ကလူကလည်း သူတို့ ပြောသမျှ အဟုတ်ထင်။ စီမံကိန်းကိစ္စ၊ တင်ဒါ ကိစ္စ သူဘာမှ နားမလည်တော့ လက်မှတ်ထိုး တဲ့အလုပ်ပဲလုပ်ရ။ workshop တွေ လုပ် seminar တွေ လုပ်၊ အကောင်အထည်ဖော်မှု ဘာမှ မယ်မယ်ရရမရှိ၊ တကယ် အစအဆုံး စီမံသွားတာက အောက်ကလူပါပဲ။ အပေါ်က decision maker ဆိုသူတွေက အရုပ်ပါပဲ။ မီဒီယာတွေရှေ့မှာ စကားတွေကို အလွယ်ပြော၊ ဖြစ်မလာတော့ အဝေဖန်ခံရ။ အဲဒီလိုနဲ့ပဲ တိုင်းပြည် အစိုးရယန္တရား ကသောင်းကနင်းလည်ပတ်နေတယ်လို့ ခပ်ကြမ်းကြမ်း ဝေဖန်ချင်ပါတယ်။

    နိဂုံး

    ဆိုလိုချင်တာက လူမှန်နေရာမှန် ဖို့ပါပဲ …။ လူမှန်နေရာမှန် ဆိုရင် အခက်အခဲရှိမှာမဟုတ်သလို စစ်ဗိုလ် အငြိမ်းစားတွေရဲ့ စီးပွားရေး ချောင်လည်ဖို့ ရပ်တည်မှု အဆင်ပြေဖို့အတွက်တော့ တိုင်းပြည် အုပ်ချုပ်ရေးယန္ဆား ယိုယွင်းသွာတာနဲ့ မလဲသင့်တာတော့ အမှန်ပဲလို့ သုံးသပ်ပါတယ်။ သက်ဆိုင်ရာဌာနတွေမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာတဲ့ ကျွမ်းကျင် အရာထမ်းတွေများစွာရှိပါတယ်။

    ဒါပေမယ့်

    အခု မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ များပြာလာတာနဲ့အမျှ ပညာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးကို နိုင်ငံတကာ ကုမဏီတွေ ဝင်လာပါပြီ။ အဲဒီမှာ ဖြစ်လာနိုင်တာက လက်ရှိ ဌာနဆိုင်ရာတွေမှာ အဲဒီနယ်ပယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ လုပ်ငန်းအတွေ့အကြုံရှိတဲ့ နှစ်ပေါင်းများစွာ ရာထူးမတက်တဲ့ အသိပညာရှင် အတတ်ပညာရှင်ဝန်ထမ်းတွေနဲ့ လုပ်ငန်းကျွမ်းကျင်တဲ့ သက်နုဝန်ထမ်းတွေက စိတ်ဝင်တစား မျက်စောင်း လှမ်းထိုးနေကြပါပြီ …။ အခွင့်ရရင် လျော်ကြေးပေးပြီး အစိုးရအလုပ်က ထွက်ကြဖို့ပါ …။

    ဒီတော့က ………………………….။

    ———————-

    ဘယ်သူတွေကြောင့် ဘယ်သူတွေ ဘာတွေဘာတွေ နစ်နာနေခဲ့သလဲ

    နောက် ဘယ်သူတွေ ဘာတွေ နစ်နာဦးမလဲ ..။

  • ဝင့်ပြုံးမြင့်

    April 18, 2015 at 1:00 pm

    .ဘုရား ဘုရား ကောင်းလိုက်တဲ့ ပို့စ်။ ကျေးဇူးပါ စိ်န်ပလိန်တိန်။ အဲဒါလေး သယ်လာပေးလို့။

    • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

      April 18, 2015 at 6:43 pm

      ဆရာမတို့လို့ ပညာရှင်တွေက အဲ့ထက်ပိုတဲ့ အကြောင်းအရာတွေ ခေါင်းထဲမှာရှိပီးသာပါနော့။
      ကျနော်ကလည်း ဆရာမပရိသတ်တစ်ယောက်အနေနဲ့ ကျေးဇူးပါဗျ.။

  • kai

    April 18, 2015 at 1:54 pm

    မူရင်းပို့စ်ရော.. ကော်မန့်ပို့စ်ရောကောင်းတယ်ဗျ..
    ချုပ်လိုက်တော့.. ပရိုတွေက..ပရိုအလုပ်မလုပ်လို့.. ဆိုတဲ့အဖြေပေါ့…။
    စစ်သားရဲ့ပရိုက.. စစ်တိုက်တာဖြစ်ပြီး.. ဘိုချုပ်ကြီးများရဲ့ပရိုက.. စစ်နိုင်အောင်ကွပ်ကဲရမှာ..
    အခုတော့.. တိုင်းရင်းသားအချင်းချင်း”ချ”တဲ့.. စစ်ပွဲတွေမှာတောင်… ယက်ကန်ယက်န်မို့.. ကိုယ့်ပရိုအလုပ်တောင်ကိုယ်မနိုင်ပဲ.. ဘယ်နှာ.. တိုင်းရေးပြည်ရေး..ဥပဒေပြုရေး… အရပ်ဖက်အုပ်ချုပ်ရေးတွေထဲ..ဝင်ရှုပ်ကြသလည်းမသိ…။

    တကယ်တော့.. စစ်တပ်က.. နိုင်ငံရေးထဲဝင်ရှုပ်တာ.. ရာစုနှစ်တခုတောင်ရှိသေးတာမဟုတ်..။
    မြန်မာ့ယဉ်ကျေးမှုထဲ.. နေရာတကာဝင်ပါနေတဲ့…. အဝါရောင်လူတန်းစားက.. ပိုအရေးကြီး..
    သာသနာ့ဝန်ထမ်းဖြစ်ပြီး.. အကုန်ဝင်ပါသမှ..
    အလုပ်တကယ်လုပ်.. ကုန်ထုတ်ရတဲ့.. အလုပ်နေရာတွေကလွဲပြီး.. ကျန်တဲ့နေရာ..ဆရာလုပ်ရမယ့်နေရာမှန်သမျှပါ..။
    မိန်းမအိမ်ထောင်ပြုရေးမှာလည်းပါ…။ :k:

    • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

      April 18, 2015 at 6:35 pm

      အဘသူကြီးအုးကိုင်က အမြဲတမ်း ဒီမိုကရေစီရဲ့ ပျားရည်စက်ကို
      ရွာထဲမှာ တစ်နည်းနည်းနဲ့ ဝမ်းပြန်ချတတ်တယ်…။
      သင်္ဘောသားက သင်္ဘောမောင်းတာပဲ သင့်ပါတယ်။
      လေယာဉ်ပျံပါတတ်မောင်းရင်တော့ မပျက်ကျရင်တော့
      ချာလည်လည်ရင်းနောက်ဆုံး ဆီခမ်းပီး စိုက်ထိုးကျမှာပါပဲ..။ ။
      ဘာမှမပြောတော့ပါဘူး.. သဂျီးပြောသလိုပါပဲ.. အဟီးးး

    • မြစပဲရိုး

      April 18, 2015 at 7:44 pm

      သူကြီးမင်း အဖြေ ထဲ မလို တာ တွေ ပါ ဆွဲ ထည့် လို့ အမှတ် ပြန်နှုတ်ပါ ကိုရင်စည်လေး။ 😉

      အရီး လဲ ဖြေဗျစီ။ အောင်မှတ်လေးတော့ ပေးနော်။
      ပရို အကြောင်း ကိုတော့ သူကြီးဖြေပြီး သွားပြီ။
      ပရိုအပြင်တစ်ခြား အရေးကြီး တဲ့ အချက် က
      “ရန်သူ ကို မိတ်ဆွေဖြစ်အောင်” မလုပ်နိုင်သော သူများ မည်သူ မဆို တိုင်းပြည် ကို ကောင်းအောင် အုပ်ချုပ်နိုင်မည် မဟုတ်ပါ။
      လက်ရှိ အစိုးရ သည် မိတ်ဆွေအဖြစ်ဟန်ဆောင်ပြီး နောက်ကျော ကို ထိုးရန် ဓား ကိုင် ထားသူများ ဖြစ်ကြောင်း သိသာသော အကြောင်းများ ဖြင့် သက်သေပြပြီး ဖြစ်တာကြောင့် ပိုပြီး ကောက်ကျစ်ပါသည်။
      သူတို့ နဲ့အတူ လက်ဝါးမရိုက်နိုင်သူများ ကို သူတို့ ရဲ့ ရန်သူ တွေ အဖြစ် သတ်မှတ်ပြီး တူသူများ စုဝေးပြီး

      တိုင်းပြည်ဘဏ္ဍာ ကို ထိပါးနေခြင်း ဖြစ်တာကြောင့် ထို ကိုယ်ကျိုးကြည့် သူများ လက်ထဲ တိုင်းပြည်တိုးတက်ဖို့ လမ်း လုံးဝ မရှိပါလေ။

      • ခင်ဇော်

        April 18, 2015 at 8:25 pm

        ဒေါ်အောင်ဆန်းစုကြည်=စတုပစ္စယ သံဃာ့မာတာ (ပစ္စည်းလေးပါးဒယကာမ သံဃာ့မိခင်)

        ရွှေကျင်သာသနာပိုင် သံဃာဂိုဏ်းက ဒေါ်အောင်ဆန်းစုကြည်ကို ပစ္စည်းလေးပါး ဒါယကာ၊ သံဃာမိခင်ဘွဲ့ဖြစ်သည့် စတုပစ္စယ သံဃာ့မာတာ ဘွဲ့တံဆိပ်ကို အပ်နှင်းလိုက်ကြောင်း ရွှေကျင်သာသနာပိုင်ဆရာတော်၊ ဘဒ္ဒန္တအဂ္ဂိယက ဧပြီလ ၁၈ရက်တွင် မဇ္ဈိမသို့ မိန့်ကြားသည်။

        “အင်မတန်ကြီးကျယ်တဲ့ ဘွဲ့ပါ၊ သံဃာတွေရဲ့မိခင်ဆိုတာ၊ အဲဒီဘွဲ့ကို ပေးအပ်ခဲ့တာ၊ အဓိကက ပစ္စည်းလေးပါးကို သံဃာတွေအတွက် မိခင်အဖြစ် ထောက်ပံပေးတဲ့ အဓိပ္ပါယ်ရှိတယ်” ဟု ဘဒ္ဒန္တအဂ္ဂိယ က မိန့်သည်။

        အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၂၇၊ ၂၈နှင့် ၂၉ ရက်ထိ သုံးရက်ကြာ မှော်ဘီမြို့နယ်တွင်း ပြုလုပ်သည့် (၁၉) ကြိမ် မြောက် ရွှေကျင် သာသနာပိုင် သံဃာ့အစည်းအဝေးက ဆုံးဖြတ်ကာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

        အဆိုပါ ဘွဲ့သည် သာသနာရေးအတွက် အကျိုးပြုခြင်း၊ နိုင်ငံရေးအတွက် သာသနာကို အသုံးချကာ ဆောင်ရွက်ခြင်းမရှိခြင်း စသည့် အချက်များအပေါ် မူတည်ကာ ရွှေကျင်သာသနာပိုင်ဂိုဏ်းဝင်သံဃာတော်များအားလုံး၏ဆုံးဖြတ်ချက်ဖြင့် ချီးမြှင့်ပေးအပ်ခဲ့ခြင်း ဖြစ် သည်ဟု ဆိုသည်။

        မူရင်းသတင်း http://www.mizzimaburmese.com/…/i…/43197-2015-04-18-11-45-08

      • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

        April 18, 2015 at 10:14 pm

        အန်တီလတ်ရေ.. အောင်မှတ်မကလို့.. မာစတာ တန်းတောင် အဖြေက ဝင်နေပါပီဗျ..
        မေးခွန်းပဲမေးပါ့မယ်..။ ကျနော်တော့ အဖြေမဖြေရဲပါဘူး..။
        မြန်မာပြည်ခဏပြန်လည်ချင်ပါသေးတယ်ခင်ဗျ..။ ။
        အာဏာဆိုတာ သေနတ်ကိုင်ပီးတဲ့လူတွေအတွက် ပိုအရသာရှိတဲ့
        အိပ်ဆေးလို့.. ပြောလဲပြောချင်တယ် ပြောလဲမပြောရဲပါဘူးလို့.. 🙂
        စကားမစပ်.. အန်တီသတိတရခေါ်တဲ့ ကိုရင်စည်လေးအတွက်ကျေးဇူးတင်ပါတယ်။
        အဲ့အမည်က ၂၀၁၃ နဲ့ မြေမြုပ်ခဲ့လိုက်ပါပီ။ ။။ မုန့်ကြိုးလိမ်က ကောက်ပေမဲ့ စားလို့ကောင်းတဲ့ မြန်မာ့ အချိုစာပေါ့ရယ်လို့နော်..။

        • မြစပဲရိုး

          April 18, 2015 at 10:25 pm

          “ဟေ့အေး” ရဖူး။
          တို့များ ကတော့ မျက်စိမှိတ်ပြီး တရားထိုင် နေတဲ့ ကိုရင် လိုဂို ပိုင်ရှင် လေး ကိုဘဲ သတိရတော့ တယ်။ 😉

  • uncle gyi

    April 18, 2015 at 10:18 pm

    မူရင်းပို့စ်ထက်ကိုဆက်ဖြေစရာမက ျန်အောင်ကို
    ခင်ဇော်ကငရဲသားရဲု့ပို့စ်ကိုချပြလိုက်တာ
    အားရပါးရဖတ်ပြီးပါပြီဗျာ

    • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

      April 18, 2015 at 10:39 pm

      လေးစားပါတယ်.. အန်ကယ်ကြီးခင်ဗျ..
      ကျူးဆိုတဲ့ ပို့စ်ကို သဘောကျပီး အားပေးနေတာပါ။ ။
      ကျူးထက် ရူးလို့တောင် ပို ပို ပို မှန်နေမလားလို့..

  • Ma Ma

    April 19, 2015 at 4:44 pm

    ပို့စ်ကလည်းများ ကွန်မန့်ကလည်းများတော့ လူဟောင်းပဲထင်ပေမယ့် ဘယ်သူဆိုတာ ကွန်မန့်တွေကျမှပဲ သိတော့တယ်။

    အင်မတန်အဖိုးတန်တဲ့ပို့စ်လေးကို လက်ဆောင်ပေးလို့ ကျေးဇူးတင်ပါတယ် စိန်လိန် တိန်လိမ် လေးရေ။

    ခင်ဇော်ရဲ့ ဘေးကင်းစွာနှုတ်ထွက်စေပြီး၊ ပွင့်လင်းမြင်သာမှု မရှိစွာ စစ်ဆေးနေကာ….. ဆိုတဲ့စာကိုလည်း ကြိုက်ပ့ါ။ :kwi:

  • Alinn Z

    April 19, 2015 at 7:34 pm

    ဟွာလေ
    သဂျန်င်္တွင်းမှာ အဟွာတွေ တားမြစ်ပိတ်ပင်လိုက်တော့
    အဟွာတွေက မဖြစ်ကြတော့ဘူးတဲ့လား
    အဟွာတွေ မပါပဲ အဟွာဖြစ် ဖြစ်အောင် ဖြစ်မှ အဟွာတွေ ဘွားခနဲဖြစ်ပြီး
    အဟွာလေးတွေကို ဖြတ်ချတာတို့
    အဟွားလေးတွေ ထွက်လာမှ စွန့်ပစ်တာတို့ ဖြစ်လာနိုင်တာ
    ရလဒ် အကျိုးသက်ရောက်မှုက ဘေးမကင်းဘဲ ဘေးပိုဖြစ်မယ်ထင်။
    အမှန်က အကာအကွယ်ပစ္စည်းတွေ ပေါပေါသီသီ ချပေးထားရမှာာာာ

    :kwi:

    ကျနော့်အတွေးအခေါ်က ခါးအောက်ပိုင်းက မတက်သေးလို့
    ဒါပဲ ပြောသွားတယ်
    ပလို့ဂျိ

    :k:

    • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

      April 20, 2015 at 7:40 am

      စိန်တိန်နဲ့ အတွေးအခေါ်ခြင်းက တူနေပီဆိုတော့..
      အလက်ဆင်းနဲ့ ပေါင်းလို့ရပီပေါ့နော်..။ ။ 😎

  • naywoon ni

    April 20, 2015 at 1:07 am

    အဲ့လာ​ကြောင်​့မ​နေ့က ညက်​​စိလည်​သွားတာကိုး နံမယ်​ကအသစ်​ တင်​ထားတဲ့ပို့စ်​က တစ်​ရာ​ကျော်​ တစ်​​ယောက်​​တော့ နာမယ်​​ပြောင်​းထားပြန်​ပြီထင်​သား ။ ဘယ်​သူမှန်​းမသိဘူး ။ လက်​စသတ်​​တော့ သင်​း​ဘောသီးကိုး ။ ညန်​မာပြီ ပြန်​မ​လာ​သေးဘူးလား ????

    • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

      April 20, 2015 at 7:39 am

      မှတ်မိပေးတဲ့အတွက် ကျေးဇူးပါ.. အဘနေဝန်း..။ ။
      အရှေ့ကျွန်းမှာပဲ ကျောက်ချထားလို့.. တော်တော်နဲ့တော့ ပြန်မလာဖြစ်သေးဘူးခင်ဗျ။ 🙂

  • ၁၀ဝ ဖိုး မေးခွန်းကိုတော့ မဖြေတတ်ဘူး..

    ရွေးချယ်ရေးမေးခွန်းအကြောင်း ကိုယ်တွေ့ပြောရရင် ၂၀၀ရ တုန်းက ခြင်္သေ့ကျွန်းက Youth Camp တစ်ခုကို သွားဖို့ လူရွေးဖြေရတယ်… သမ္မတကြီးတို့ အရင်ပါတီက ဦးစီးဦးဆောင်လုပ်တယ်ပေါ့နော်… နိုင်ငံခြားကို သွားဖို့ ဖြေရတဲ့ လူတွေ့မေးခွန်းက သူတို့ အဖွဲ့ကြီးရဲ့ ဗဟိုဥက္ကဌက ဘယ်သူလဲ… တိုင်းဥက္ကဌက ဘယ်သူလဲ.. လုပ်ငန်းစဉ်တွေက ဘာတွေလဲ… ရည်ရွယ်ချက်တွေက ဘာတွေလဲ… အဲဒါတွေကို အလက်ကျွတ်ပြီး ဖြေခဲ့ရတာ…

    အင်္ဂလိပ်စာစွမ်းရည်ကျတော့ Myself ကို ပြောခိုင်းတယ်.. (အနော် ပထမနှစ် တက်နေပြီ)… ပြီးတော့ Who are your parents? What are they? တဲ့.. အဲဒီ နှစ်မျိုးမေးတယ်…

    ပြီးလည်းပြီးတော့ ဝင်ဖြေတဲ့ ၁ဝ ယောက်မှာ အနော် ရွေးခံခဲ့ရတယ်… :k:

  • Mike

    April 22, 2015 at 9:05 am

    .တော်တော်မှတ်သားစရာကောင်းတဲ့ပို့စ်ပါပဲ
    .သဂျီးကွန်မန့်ကိုလည်း သဘူတောပါတယ် :k:
    .ကျုပ်တို့ လည်းဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးကမေးတဲ့ ပေါက်ပန်းစေး မေးခွန်းများကို
    .စိတ်ပျက်တဲ့ကြားက ကြိုးစားဖြေခဲ့ရဖူးတာ သတိရမိတယ်

Leave a Reply