ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၂ (အီကြာကွေးအား တို့ထိမိခြင်း)

CourageApril 22, 20151min47417

ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၂

အီကြာကွေးအား တို့ထိမိခြင်း

 

အီကြာကွေးဆိုလို့ လက်ဘက်ရည်နဲ့ တို့စားရတဲ့ ဂျုံမှုန့်ကို ရေနဲ့ဖျောကာ နှဲ၊ ရှည်မျောမျောလေး ဖြစ်အောင်ဆွဲကာ အလည်သားကို သံပြားနဲ့ဖိ၊ ဆီပူပူထဲထည့်ကျော်ပြီးမှ ရလာတဲ့ နှစ်ချောင်းပူး စားစရာ အီကြာကွေးကို ပြောတာမဟုတ်ရပါဘူး။ မောင်ကာကြီးတို့ ငယ်စဉ်ကတည်းကနေ အခုချိန်ထိ ကြိုက်နှစ်သက်ခဲ့ရတဲ့ ဟာသသူရဲ့ကောင်း ဆရာအီကြာကွေးကို ပြောတာပါ။ ဆရာကြီးရဲ့ ဟာသတွေဖတ် သရော်စာတွေဖတ်ပြီး မောင်ကာကြီးလိုပြောင်တတ် လှောင်တတ်လာတဲ့ သူတွေလဲနည်းမှာမဟုတ်။ ဆရာကြီးရဲ့ စာတွေမှာ အမြဲတွေ့ရတတ်တဲ့ ဆန်းသစ်တဲ့ တင်စားမှုတွေ ထူးခြားတဲ့ စကားလုံးတွေကို မောင်ကာကြီးကတော့ အပြင် ဘဝမှာတောင် ယူပြီး သုံးနှုန်းခဲ့ဖူးပါရဲ့။

တစ်ကယ်တန်းကျ ဆရာအီကြာကွေးဆိုတာ စာပေအလုပ်တစ်ခုတည်းကိုပဲ တစ်စိုက်မတ်မတ်လုပ်သွားခဲ့တဲ့ purify စာရေးဆရာတစ်ယောက်ပါ။ မည်သည့်စီးပွားရေးအလုပ်ကိုမှ မလုပ်ပဲ စာရေးခြင်းအတတ်ပညာတစ်ခုတည်းနဲ့ပဲ အသက်မွေးသွားခဲ့တာ အားလုံးလဲအသိ။ လူ့ဘဝရဲ့ အနုအရွတွေကိုဖယ်ပြီး ဘဝရဲ့ မွန်းကျပ်မှုတွေကို ဟာသအမြင်နဲ့ သရော်ခဲ့သူမှန်း သက်သေပြုပေးမယ့် သူ့ရဲ့စာပေမှတ်တမ်းတွေလဲအရှိပေါ့။

အခု မောင်ကာကြီးပြောချင်တာကလဲ ဟာသရသကိုတစိုက်မတ်မတ်ရေးခဲ့တဲ့ ဆရာကြီးရဲ့ ဝီရရသကိုပေးစွမ်းခဲ့တဲ့ ကဗျာလေးတစ်ပုဒ်အကြောင်း။ နာမည်ကတော့ “တိုက်ပွဲပျော်”တဲ့။

အမှန်အတိုင်း ဝန်ခံရရင် မောင်ကာကြီး ဒီကဗျာကို ဖတ်ဖူးခဲ့တာကြာပါပြီ။ ကျောင်းတုန်းကတည်းက သူငယ်ချင်းတစ်ယောက် လာပြလို့ ဖတ်ဖူးခဲ့တာပါ။ ကဗျာရဲ့ စာသားတွေကို မဖတ်မိခင် သူ့ခေါင်းစဉ်ကိုု မြင်လိုက်ရရင်ပဲ စိတ်ထဲမှ နည်းနည်းတော့ တွန့်တက်သွားခဲ့ပါတယ်။ ပြီးတော့ စာသားတွေကို ဖတ်လိုက်မိချိန် ပိုလို့တောင် သိမ့်ကနဲနေသွားသေးတယ်။ တစ်ကယ်ပါ အတွေးနုနုနဲ့ လူငယ်တစ်ယောက်ဟာ ဒီလို ရိုးရှင်းတဲ့စာသားတွေနဲ့ ထိမိတဲ့အကြောင်းအရာကို ပေါင်းဖက်ဖွဲ့စည်းထားတဲ့ ကဗျာကို ဖတ်လိုက်ရချိန်မှာ စိတ်ထဲ ဘယ်လို ဘယ်ပုံဖြစ်သွားလိမ့်မယ်ဆိုတာ ကြုံဖူးသူများကတော့ သိကျမှာပေါ့။ သို့ပေမယ့် အဲ့ဒီ့အချိန်တုန်းက ကဗျာရဲ့ ကလောင်ရှင်ကို “ကျော်ထွန်း (ဓနုဖြူ)” ဆိုတာလောက်ပဲ သိခဲ့ပါတယ်။ အခုခေတ်လို “ဂတ်ဂတ်ဂတ်”ဆိုပြီး ကီးဘုတ်လေး တစ်ချက်ခေါက်လိုက်ရုံနဲ့ မိမိသိလိုသမျှကို အလွယ်တကူ ရှာနိုင်လောက်တဲ့ အခြေအနေလဲ မရှိလေတော့ ဓနုဖြူကျော်ထွန်းဆိုတာ ကဗျာဆရာတစ်ယောက်အဖြစ်ပဲ မှတ်ခဲ့တာပေါ့။ သူ့ကဗျာကိုလဲ ဒီတစ်ပုဒ်ပဲ ဖတ်ဖူးခဲ့တာပါ။

နောက်ပိုင်း စာပေနဲ့ ပတ်သက်ပြီး နည်းနည်းတီးမိခေါက်မိ ရှိလာတော့မှ ဓနုဖြူကျော်ထွန်းဆိုတာ ဆရာအီကြာကွေးမှန်း သိလိုက်ရပါတယ်။ စသိသိခြင်းတော့ မောင်ကာကြီးတော်တော်တောင်မှ မျက်စိလည်သွားမိရဲ့။ ဟုတ်တယ်လေ။ အပတ်စဉ် တတိုင်းမွေးဂျာနယ်ထဲမှာ အသက်နှစ်ထောင် ဂုရုကြီးအကြောင်းကို စောင့်စောင့်ဖတ်ခဲ့ရတဲ့ မောင်ကာကြီးအတွက် ဒီ အီကြာကွေးဆိုတဲ့ ဟာသသူရဲကောင်းကြီးက ဒီလို ဒီပုံ ကဗျာမျိုးတွေကိုလဲ ရေးခဲ့ပါလားလို့ စိတ်ထဲဖြစ်သွားတယ်လေ။ ဒါနဲ့ပဲ ဆရာ့ရဲ့ အကြောင်းတွေကို လက်လှမ်းမှီသမျှ လိုက်ရှာကြည့်တော့ ဟိုက်… ရှာလပတ်ရည်… သူဟာ ကဗျာပေါင်း ၁၂၀ဝ ကျော်ကို ရေးသားခဲ့သူပါတဲ့။ စာရေးတဲ့အလုပ်ကလွဲပြီး ဘာအလုပ်ကိုမှ မလုပ်ခဲ့တဲ့ သူပါတဲ့။ သွပ်သွပ်သွပ်။ ဆရာကြီးက အိမ်ထောင်မပြုပဲ တစ်ကိုယ်ရည်လူပျိုကြီး လုပ်သွားခြင်းကိုက ပရိယေသနအလုပ်တွေနဲ့ အချိန်ကုန်မခံပဲ စာပဲရေးနေလိုခြင်းကြောင့် ဖြစ်မှာပါ့လား။ ကောင်းလှောင်တေး ကောင်းလှောင်တေး။ အားကျစရာပါ့။

ထားပါဦးတော့လေ။ ဆရာအီကြာကွေးရဲ့ ကိုယ်ရေးအကျဉ်းကို ဖေါ်ပြနေခြင်းမဟုတ်တဲ့အတွက် ဆရာ့အကြောင်းကို တော်လိုက်ဦးစို့။ ဆရာ့ရဲ့ ကဗျာအကြောင်းပဲ ဆက်သွားကျတာပေါ့။ ကဲ… “တိုက်ပွဲပျော်”ထဲက တိုက်ပွဲပျော်တွေအကြောင်းကို ခံစားကြည့်ကျရအောင်။

‘ လူဆိုတာ မွေးဖွားစဉ်အချိန်ကတည်းက “ငါဟာ မအူမလည်နဲ့ ဒီသံသရာ ဝဲထဲကို ရောက်လာပြန်ပြီ”လိုု့ ဟစ်ကြွေးပြီးသား။ ဒီ “အူဝဲ” အော်သံရဲ့ နောက်မှာ ဘယ်သူလဲ ဘာလဲ မမေးကျနဲ့။ ငါလဲ ဘဝတိုက်ပွဲကို ဆင်နွဲမယ့် လူထဲက လူတစ်ယောက်။ အတိအကျပြောရရင် လောကဒါဏ်ရဲ့ ခါးသီးမှုတွေ ရက်စက်မှုတွေကို ကြံ့ကြံ့ခံကာ အပွဲပွဲနွှဲနေမယ် စစ်သည်တော်။

တွန့်ဆုတ်ခြင်းအတိကင်းစွာ မိုက်ကန်းစွာနဲ့ ဒီပွဲကို ငါတိုက်ခဲ့တယ်။ ရဲရင့်ခြင်းအတိနဲ့ ဒီပွဲကို ငါနွဲခဲ့တယ်။ ရှုံးနိမ့်မှုတွေ အသေချေင်္ရှိသလို နိုင်ပွဲတွေလဲ အနန္ဒရှိတယ်။

မာယာများတဲ့ လောကတိုက်ပွဲထဲမှာ နှာတစ်ဖျားသာခဲ့တာရှိသလို ခြေတစ်လှမ်းနောက်ကျခဲ့တာလဲရှိမှာပဲ။ ဘယ်အရာကိုမှ ခန့်မှန်းလို့မရနိုင်တာ အသေအချာ။ ဒါမှလဲ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို တစိမ့်စိမ့်အရသာခံနိုင်မှာပေါ့။ ရလဒ်သိပြီးသား ပြိုင်ပွဲတစ်ခုဆိုရင် ရေကုန်ရေခမ်း ဆင်နွဲဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။

မနက်ဖြန်ကို ကြိုသိခွင့်မရှိတာ ဘဝရဲ့ အနှစ်သာရတစ်ခု။ နာလဲရှေ့ဆက်ရမှာပဲ။ သာလဲဆက်လှမ်းရမှာပဲ။ ကိုယ့်ခွန်အားကို ယုံကြည်မှုရှိရင် ဘယ်အရာကိုမှ မကြောက်ရွံ့ဘူး။ ဘယ်အရာကြောင့်မှ နောက်မတွန့်ဘူး။ အားမာန်အပြည့်နဲ့ ရှေ့ကိုလှမ်းမှာပဲ။ ငါ့ဘဝရဲ့ ရှေ့ခရီးလမ်းမှာ ဆူးတွေပဲခင်းထားမလား၊ သစ်ပင်ကို လှဲကာပဲ ပိတ်စို့ထားမလား ငါကျော်လွှားမှာပဲ။

ဟိတ်… … …။ ငါသာယောက်ျား တံခွန်ဖွားမို့ မဟာတံတိုင်းအလား အကာအရံတွေပိတ်စည်းထားလဲ ငါ့ပန်းတိုင်ကို ငါရောက်အောင်သွားမယ် တိုက်ပွဲတွေ ဘယ်လောက်များများ ခွန်အားအပြည့်နဲ့ ကျော်ကာလွှားမယ်။ ငါသာလျှင်တိုက်ပွဲပျော်။ ’

တစ်ကယ့်ကို အားမာန်အပြည့်နဲ့ ကဗျာတစ်ပုဒ်ပါ။ ဒီကဗျာကို ဖတ်မိတိုင်း မောင်ကာကြီးရဲ့ စိတ်ထဲမှာ အမြဲလိုလို တစ်မျိုးလေး ဖြစ်ဖြစ်သွားတယ်။ ဩဇာဂုဏ်မြောက်တဲ့ အရေးအသားတွေကပေးတဲ့ ဝီရ ရသပဲ ဖြစ်ပါလိမ့်မယ်။

အမေရိကန်နိုင်ငံ သမ္မကြီး အေဗရာဟင် လင်ကွန်း က ပြောခဲ့ဖူးပါတယ်။ “Whatever you are, be a good one” တဲ့။ ဇာမချဲ့ပဲပြောရရင်တော့ “ဘာပဲဖြစ်ဖြစ် ကောင်းအောင်နေ” ပေါ့။ ဟုတ်ပါတယ်။ ဘဝဆိုတဲ့ တိုက်ပွဲထဲမှာ ဘယ်အချိန်ရောက်လာမှန်းမသိနိုင်တဲ့ ဘယ်ကရောက်လာမယ်ကြိုမသိနိုင်တဲ့ အခက်အခဲတွေ ဒုက္ခတွေကို ကျော်လွှားနိုင်ဖို့အတွက် ကိုုယ့်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားရမှာပေါ့။ ဒါမှလဲ ဒီတိုက်ပွဲကို အကောင်းဆုံး တွန်းလှန်နိုင်မှာလေ။

ဒီသံသရာထဲမှာ လည်နေသမျှ ဘဝဆိုတာ တစ်ဖန်တစ်လဲလဲ ဖြစ်နေဦးမှာပါ။ ဘဝဆိုတာဖြစ်နေသမျှ တိုက်ပွဲတွေဆိုတာလဲ ရှိနေဦးမှာပေါ့။ ဘိုလိုလေး ကြားညှပ်ပြောရရင် “Life is struggle”လေ။ ဒီတော့ ဆရာဦးအောင်သင်း ပြောသလို “ဘဝဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက အချိန်ကာလတစ်ခု” ဆိုရင် ဒီအချိန်ကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း။ ပျော်ရွှင်ခြင်း၊ ညစ်ညူးခြင်းတွေဆိုတာ ဘဝရဲ့အဆင်တန်ဆာတွေပေါ့။

ကင်ဘတ်အဖြူရောင်ကို ပန်းချီကားအဖြစ် သတ်မှတ်လို့မရသလို မချယ်သရသေးတဲ့ ဆေးစက်တွေဟာလဲ ပန်းချီကားမဟုတ်ပါဘူး။ ဆေးရောင်ချယ်ပြီးသား ကင်ဘတ်ကသာ ပန်းချီကားဖြစ်တာပါ။ ဒီလိုပါပဲ လူရယ်လို့ဖြစ်လာပြီးမှတော့ ဒုက္ခနဲ့ သုခကို တစ်လှည့်စီစားသုံးဖူးမှ ဘဝဆိုတာ အဓိပ္ပါယ်ရှိတော့မှာပေါ့။ ဒါကြောင့်သာပဲ လောကရဲ့ တိုက်ပွဲတွေကို ပျော်ပျော်ကြီး ဆင်နွဲလိုက်ရအောင် တိုက်ပွဲပျော်တွေရေ့။ ။ လွန်တာရှိရင် ဝန္ဒာမိပါ။

အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်

Courage

— တိုက်ပွဲပျော် —

ပုခက်ထဲက အူဝဲဟစ်ကာ
စစ်ကြေငြာပြီး လောကကြီး၏
ခါးသီးတွေ့ကြုံ အလုံးစုံကို
မဖြုံအံခဲ ပွဲဆက်နွှဲရင်း
လူလဲတော်တော် ကြီးခဲ့ပေါ့။
မိုက်လဲမိုက်လို့ တိုက်လဲတိုက်ခဲ့
ရှုံးလိုက်တာလဲ အသင်္ချေ။
ရဲလဲရဲလို့ နွှဲလည်း နွှဲခဲ့
နိုင်ပွဲတွေလဲ အနန္ဒ။
ဒီလိုပဲပေါ့
တိုက်ပွဲဆိုတာ သာချင်သာမယ်၊
တိုက်ပွဲဆိုတာ နာချင်နာမယ်၊
ဘယ်မှာ ခန့်မှန်းသိနိုင်မလဲ။
နာနာသာသာ ဘာမှမဖြုံ
စိတ်လုံခြုံရင်
မတုန်မလန့်ဖျပ်ပါဘူး။
အဟုန်မတန့်ရပ်ပါဘူး။
ရှေ့ကဆီး၍
လမ်းခရီးထဲ သစ်ပင်လှဲမလား။
ရှေ့ကကန့်၍
အဟန့်အတား ဆူးတွေထားမလား။
ယောက်ျားဟေ့နော်
တိုက်ပွဲပျော်
ကျွန်တော်တိုက်ရင်း တက်မှာပဲ။

——-ကျော်ထွန်း(ဓနုဖြူ)

 

17 comments

  • Ma Ma

    April 22, 2015 at 10:50 pm

    အီကြာကွေးလို့ပြောရင် နောက်မယား ဆိုတဲ့ စာကို သွားသတိရတယ်။
    နွေရာသီမှာ ကုတ်တံလေးတွေရောင်းတာကို ဝယ်လာခဲ့တာကို ဟာသရေးထားတာ။
    ဟာသစာပေကြိုက်လို့ အီကြာကွေးရဲ့ စာဖတ်ပရိတ်သတ်တစ်ယောက်ပေ့ါ။
    ဒါပေမယ့်……..
    ဒီလို ဒီလို ကဗျာတွေလည်း ရေးခဲ့သေးတယ်ဆိုတာတော့ ခုမှပဲ သိတော့တယ်။

    • Courage

      April 23, 2015 at 9:06 pm

      ဆရာ့ရဲ့ ဟာသတွေကတော့ အခုထိအောင် အမှတ်ရနေစဲပါပဲ

  • Mike

    April 23, 2015 at 8:33 am

    .ကျုပ်တို့ငယ်ငယ်က စောင့်ဖတ်ခဲ့ရတဲ့ ဆရာကြီးဂုရုကွေး စာတွေအမှတ်ရမိတယ်…
    .ဆရာအီကြာကွေး က ကဗျာတွေဒီလောက်အများကြီးရေးခဲ့တာတော့ ခုမှသိသဗျာ…
    .ရှာဖွေတင်ပြပေးတာကျေးဇူးပါ :))

    • Courage

      April 23, 2015 at 9:10 pm

      ဟုတ်ကဲ့။ အားပေးသွားတဲ့အတွက်လဲ ကျေးဇူးပါ လေးမိုက်။

  • Mr. MarGa

    April 23, 2015 at 9:46 am

    အသက်သုံးထောင် ဂုရုကွေးပေကိုး… သွပ်သွပ်သွပ်
    သူ့ကို ဓနုဖြူကျော်ထွန်းအဖြစ် တွဲသိတာက အီကြာကွေးအဖြစ် သိပြီးတဲ့နောက် တစ်နှစ်လောက်ကြာမှ
    အခု ကိုရင်အစပြန်ထုတ်မှ
    ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ဓနမဂ္ဂဇင်းနဲ့ သောကြာစာစောင်ကို ပြန်သတိရမိ…..
    🙂

    • Courage

      April 23, 2015 at 9:13 pm

      ဟုတ်ပါရဲ့။ သောကြာစာစောင်ဆိုတာ ကျွန်တော်တို့အတွက်တော့ စာဖတ်ရှိန်ကျင့်ပေးခဲ့တဲ့ စာဆောင်လို့တောင် ပြောရမလိုပါပဲ လေးမာဃရေ့။

  • အဲဒီကဗျာလေးကို တစ်ပိုင်းတစ်စသိတယ်.. နောက်ဆုံးစာကြောင်းလေးကို ပိုအမှတ်ရနေတာ.. အပြည့်အစုံရယ်.. ဆရာအီကြာကွေးရေးခဲ့တယ်ဆိုတာရယ်ကို ခုမှ သိရတာပါ….. အနော်က သောကြာပရိသတ်… 🙂

    • Courage

      April 23, 2015 at 9:15 pm

      “ယောက်ျားဟေ့နော်
      တိုက်ပွဲပျော်
      ကျွန်တော်တိုက်ရင်း တက်မှာပဲ။” အရမ်းကို အားပါတာပဲ

  • ခင်ဇော်

    April 23, 2015 at 2:55 pm

    ကဗျာချည်းသာဖတ်မိရင် ဆရာ ဓနုဖြူ ကျော်ထွန်း နဲ့ တွဲမိမယ် မထင်ဘူးးးး
    ရှာဖွေ တွေ့ရှိ မျှဝေမှု အတွက် ကျေးဇူးတင်ပါတယ် ခင်ညာ။

    🙂

    • Courage

      April 23, 2015 at 9:20 pm

      ဟုတ် ကျွန်တော်ကလဲ ကျေးဇူးပါ

  • Alinn Z

    April 23, 2015 at 5:28 pm

    အဲ့ဒီဆရာကြီး ကလောင်နာမည်ကို ကြားတိုင်း…လူမမြင်ပဲ…အီကြာကွေးကြီး ပြေးပြေးမြင်….
    :k:
    ကိုယ်တောင် ကိုယ့်ကလောင်နာမည်ကို နံပြားတို့ စမူဆာတို့ ပဲပလာတာ တို့ ပေးလိုက်ရ ကောင်းမလား တွေးမိ….

    :k:

    ဒါမယ့် ရွှေအမြုတေတိုက်က ဦးဝင်းငြိမ်း ကျနော့်ကို ပြောဖူးတယ်။
    ကလောင်နာမည်ကို အများဆိုင်စကားလုံးလေး မသုံးသင့်တဲ့….
    ကျနော့် ကလောင်တစ်ခုဖြစ်တဲ့ “သူငယ်ချင်း”ဆိုတာကို ရည်ရွယ်ပြီး ကျနော့်အား…..ပြောခဲ့တာ…

    :kwi:

  • Courage

    April 23, 2015 at 9:27 pm

    နာမည်ဆိုတာ ပညက်တစ်ခုအဖြစ်ပဲ သတ်မှတ်မယ်ဆိုရင်တော့ လူတော်တော်များများဆီမှာ ကဗျာဆန်ဆန် နာမည်လေးတွေရှိနေမှာပါ။
    ဒါပေမယ့် လူပုဂ္ဂိုလ် သို့ ပစ္စည်းခုကို ကိုယ်စားပြုဖို့အတွက်ကျတော့ မတူကွဲပြားတဲ့ သီးခြားနာမည်တစ်ခု ဖြစ်သင့်တယ် ထင်တာပဲ။
    ဂုရုကြီးကလဲ သူ့နာမည်ရယ် ဆရာ နွမ်ဂျာသိုင်းရဲ့ နာမည်ရယ်နဲ့ ယှဉ်တွဲပြီး တစ်ခါဖေါ်ပြဖူးပါရဲ့။ အီကြာကွေးက လူတွေရင်းနှီးတဲ့နာမည်ဖြစ်ပြီး နွမ်ဂျာသိုင်းဆိုတာက အထီးလားအမလားတောင် ဝေခွဲမရနိုင်တဲ့ နာမည်တွေမို့ လူအများက စိတ်ဝင်စားကျတာပါတဲ့လေ။

  • မြစပဲရိုး

    April 24, 2015 at 2:21 am

    ဆရာကြီး အီကြာကွေး ရဲ့ စာ တွေ က တော့ ကိုယ့် အကြိုက် တွေထဲ မှာ ရှေ့ဆုံးက ပါပါတယ်။
    သူ အူသလိုလို နဲ့ သရော်ပြီး လှောင်တဲ့ ကုန်ဈေးနှုန်း က သူ့ ကို တစ်ကိုယ်တည်း ဖြစ်စေတဲ့ အကြောင်းရင်းတွေ ထဲ က တစ်ခုနေမှာ။
    သူ့ ကဗျာ ကလောင်ခွဲ ကို သိပေမဲ့ စာ ကို ပိုပြီး အားသာသူမို့ စာ တွေဘဲ ဂရုထားဖတ်ခဲ့တာ။
    မျှပေးတဲ့ ကဗျာ လေးအတွက် ကျေးဇူးပါ မောင်ကာကြီး ရေ။
    အဲဒီကဗျာ ကို ပြန်ရေးပေး တဲ့ ထဲက
    “လူရယ်လို့ဖြစ်လာပြီးမှတော့ ဒုက္ခနဲ့ သုခကို တစ်လှည့်စီစားသုံးဖူးမှ ဘဝဆိုတာ အဓိပ္ပါယ်ရှိတော့မှာပေါ့။” ဆိုတာ လွှတ်ကြိုက်သကွယ်။
    တကယ်တော့ ဒုက္ခကို စားပြီး မသေခဲ့ ရင် တဖြေးဖြေး ဒုက္ခပီး သလို ဖြစ်သွားတာကိုတော့ သတိထားမိတယ်။
    ဒါပေမဲ့ အဲဒီ ဒုက္ခက စိတ်မထားနိုင်ရင် ဒုက္ခထုံ ထုံပြီး ပျော်ရွှင်မှု တွေ နဲ့ ဝေးသွားတတ် တာကိုလဲ ဂရုပြူသင့်သလားဘဲ။
    ကွကိုယ် ဆရာကြီး ကဗျာ ကို စကားလုံး တွေ နဲ့ ပစ်ကြည့်လိုက်တာ။
    😉

  • Courage

    April 24, 2015 at 2:55 pm

    ဟုတ်ပါ့ ဒေါ်လေးမြရယ်။
    ပြီးတာပဲဖြစ်ဖြစ် ထုံတာပဲဖြစ်ဖြစ် နှစ်ခုစလုံးက ထိ/သိ ခံစားနိုင်စွမ်းမရှိတာမို့ လုံးဝကောင်းဘူး။
    သုခဆို ပျော်၊ ဒုက္ခဆို ညစ် ဒီလို သဘာဝကျကျပဲ နေသင်တယ်ဗျို့။
    မင်းသားဖြစ်ဖို့ သူ့ပြိုင်ဘက် လူဆိုးဆိုတာလဲ ရှိရမှာပေါ့ နော့။

  • black chaw

    April 28, 2015 at 2:00 pm

    ဆရာကြီးအီကြာကွေး စာတွေ အများကြီးဖတ်ဖူးပါတယ်…။
    လုံးချင်း ဝတ္ထု တချို့လည်း ဖတ်ဖူးပါတယ်…။
    ကဗျာတွေလည်း ထို့အတူပါပဲ…။
    အရမ်းကြီးကြိုက်လှတယ်တော့ မဟုတ်ခဲ့ပါဘူး…။
    စော်ကားသလိုဖြစ်သွားရင် ခွင့်လွှတ်ပါခင်ဗျ…။
    ဆရာကြီးအီကြာကွေး ရဲ့ စာပေဟောပြောပွဲတွေကိုတော့
    ဆယ်တန်းနှစ်လောက်ကတည်းက နားထောင်ဖူး
    အကြိုက်ကြီးကြိုက်ခဲ့ဖူးပါတယ်…။
    စာပေဟောပြောပွဲတွေကို စွဲလမ်းစေခဲ့သော ဆရာကြီးလို့ တောင် ပြောလို့ရပါတယ်…။
    တိုက်ပွဲပျော် ကဗျာကတော့ ဆရာကြီး အီကြာကွေးရဲ့
    အထင်ရှားဆုံး ကဗျာတစ်ပုဒ် မို့ ဖတ်ခဲ့ဖူးပါတယ်ခင်ဗျ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • Courage

      April 29, 2015 at 10:13 am

      ဆရာကြီးရဲ့ ဟောပြောပွဲတစ်ပွဲတော့ နားထောင်ဖူးတယ်ဗျ။
      သူပြောတဲ့ ရီစရာတွေထဲမှာ ကျွန်တော်တို့ လူငယ်တွေအတွက် မှတ်သားဖွယ် ဗဟုသုတတွေလဲ အများကြီး ပါနေရဲ့။ ဒါလဲ အခုမှ သိတာပါ။ အဲ့တုန်းကတော့ ရီလိုက်ရတာ ဖတ်ဖတ်ကို မောနေတာပဲ။
      ကျေးဇူးပါ ဦးဦး ဘလက်ချော

  • အောင် မိုးသူ

    April 29, 2015 at 10:22 am

    ဆရာအီကြာကွေး စာတွေကိုတော့ အနည်းငယ်သာ ဖတ်ခဲ့ဖူးတယ်။ မထိတွေ့မိခဲ့တာလည်း ပါတာပေါ့နော်။

Leave a Reply