နားဦးတည့်ရာ တစ်ဆယ့်ရှစ် – Sai Htee Saing (Radio Kamayut)

မြစပဲရိုးApril 26, 20151min48621

ငယ်ငယ်တုန်း က စာမေးပွဲပြီးတိုင်း အသံမထွက်သလောက် ဖြစ်ကျန်လေ့ရှိတယ်။
အသားကုန် အော်ကျက် လိုက်မှ စာရတယ် မှတ်တာကိုး။
အိမ်နီးချင်းတွေ က တော့ ကိုယ့်စာကျက်သံ ကို အပျင်းပြေတယ် တွေးမလား၊ နားညည်းတယ် ဆိုပြီးပြေးမလား မသိ။
အခုလို ပညာရေးစနစ်ကြီး ဇောက်ထိုးမှောက်နေချိန် အတွင်း လှောင်ပြောပြော နေ သလို ပြောရရင် “ကြက်တူရွေး” နှုတ်တိုက် ကျက်တယ် ပေါ့။
ကိုယ့်အချိန်တွေ တုန်းကလို အခုချိန် မှာရော စာအော် ကျက် ကြတဲ့ ဓလေ့ ရှိသေးလား သိချင်သား။

တွေးမိနေတယ်။
စာအော်ကျက် ခဲ့တာ က စာတွေကို နားမလည်ဘဲ နှုတ်တိုက် အလွတ်အော်ခဲ့တာလား လို့။
နားလည်တဲ့ စာ ကို နှုတ်တိုက်ရအောင် ပြန်ကျက်ခဲ့တာ လို့ ဘဲ ယုံကြည်ပါတယ်။
ဒါဆို “၏ သည် မရွေး” ဘာလို့ ကျက်နေခဲ့လဲ မေးဖို့ ရှိလာမှာပါ။
အဖြေ က “နားလည်ပြီးသား ကို စာမေးပွဲခန်းထဲ မှာ ရေးချချိန် တစ်ခါထဲ သွက်သွက်ချ ရေးနိုင်အောင် ကျက်ခဲ့တာလို့”။
သူငယ်ချင်း တစ်ချို့ က စာကျက်ပျင်းလို့ သိပ်ပြီးမကျက်ဘူး။ စာမေးပွဲခန်းထဲ ကျမှဘဲ နားလည်သလိုချရေးမယ် ဆိုပြီး အေးအေးဆေးဆေး နေကြတာ။
သူတို့လဲ အောင်တာပါဘဲ။
ပြောရရင် ကိုယ့်ကိုယ်ကို ယုံကြည်သူ ဆို သိပ်ပြီး ကျက်မနေကြပါဘူး။
ကိုယ့်လို စာမေးပွဲခန်းထဲ မေ့ကုန်ရင်ဒုက္ခ လို့တွေးကြောက် သူတွေ ကတော့ အလွတ် လိုရအောင် ကျက်ကြပါတယ်။
အဲလိုကျက်တဲ့နေရာမှာ တစ်ချို့ က အသံမထွက်ဘဲ ချရေးပြီး ကျက်ကြတယ်။
တစ်ချို့ က ချ ရေးရမှာ ပျင်းလို့ အသံထွက် ကျက်တယ်။
ကိုယ်ကျက်တာ ကိုပြန်ကြား ဖို့ အော်ရင်း အော်ရင်း အသံ မထွက်နိုင်အောင် ကို ဖြစ်တဲ့ အထိပါ။

အခုချိန် ဒီလို အာဖြဲ ပြီး နှုတ်တိုက် ရွတ် နေတာ ကြားကြရင် ကြက်တူရွေး စာကျက် လို့ ပြောခံရမှာ။
နားမလည်ဘဲ အော်နေရင်တော့ ကိုယ် အော်နေတဲ့ စာ တွေ ကို လက်တွေ့မှာ ပြန်မသုံးနိုင်ဘူးပေါ့။
နားလည်ပြီး အော်နေနိုင်ခဲ့ရင် (သို့) ပြန်ချရေးနိုင်ခဲ့ ရင် လက်တွေ့မှာ သုံးနိုင်မယ်ပေါ့။
ဒီမှာ အရေးကြီးလာတာက ဆရာမ တစ်ယောက်ဟာ သူ စာသင်တဲ့ အကြောင်း ကို ကလေး တွေ ခေါင်းထဲ မှတ်မိပြီး လက်တွေ့မှာ ဆက်စပ်နိုင်အောင် ဘယ်လောက် ရှင်းပြပေးနိုင်ခဲ့လဲ ပါ။
ကလေးတွေ စိတ်ထဲ တကယ်ဘဲ နားလည်ခဲ့ရင် အဲဒီနောက်မှာ သူ့ဟာသူဘဲ ရေးချချ၊ / အလွတ်နှုတ်တိုက်ကျက်ကျက် အဲဒါက အရေးမကြီး တော့ဘူး။
ဘာလို့လဲ ဆိုတော့ အဲဒါတွေ က နားလည်ပြီး သား ကို စာမေးပွဲခန်းထဲ ဘယ်လို တင်ပြမယ် ဆိုတဲ့ နည်းလမ်း ဖြစ်သွားပြီ လို့ ထင်လို့ပါ။
ကိုယ်ပိုင် အမြင် အတွေး ယူဆချက်မို့ မှားနိုင်ပါတယ်။

ဒါကြောင့် အနောက်တိုင်းတွေမှာ စာသင်ခန်းထဲ သင်တာ ကို နားလည် ဖို့ လိုရင်း မို့ စာမေးပွဲ ဆိုတာ မထားတော့ဘူး။
စာမေးပွဲ က နေ ကလေးတစ်ယောက် ရဲ့ အရည်အချင်း ကို အကဲမဖြတ်သင့်ဘူးပေါ့။
မှန်သင့်သလောက် မှန်ပါတယ်။
ဒါပေမဲ့ အဲဒီ စာမေးပွဲ နဲ့ မထိတွေ့ရတဲ့ ကလေး တွေ ဟာ တကယ်တော့ ကိုယ်ပိုင် ယုံကြည်မှု အရည်အသွေး အားနည်းကြတယ် လို့ ထင်မိတယ်။
အင်္ဂလန် မှာ အစိုးရကျောင်း တွေ က ကလေး တွေ ကို စာမေးပွဲ နှစ်တိုင်း မစစ်ဘူး။
ပုံမှန် နှစ် တွေ ဆို ဒီအတိုင်း သင် ပြီး အတန်းတက် ကြပါတယ်။
ပုံမှန်မဟုတ် တဲ့ နှစ်တန်း၊ ခြောက်တန်း၊ ဆယ့်တစ်တန်း (GCSE) တွေမှာ ကလေးအားလုံးအစိုးရစစ် စာမေးပွဲ ဖြေရပါတယ်။
ဒါပေမဲ့ အစိုးရ ကျောင်း မဟုတ်တဲ့ ပြင်ပကျောင်း တွေ မှာတက်ရင်တော့ နှစ်တိုင်း စာမေးပွဲ စစ်ပါတယ်။
ဒီမှာတင် ပြသနာ က တကဲ့ တက္ကသိုလ်ကျောင်းကောင်း တွေ အတွက် ဝင်ခွင့်မှာ အမှတ်ကောင်းပြီး ဝင်လို့ ရသူ တွေဟာ အစိုးရကျောင်းထက် အပြင်ကျောင်းကလေး တွေ က လူများစုပါဘဲ။
အစိုးရကျောင်းက လူနည်းစု ကလဲ ကျူရှင်လို တက်ပြီး ဝင်ခွင့် ကို ကြိုးစားရပါတယ်။
ဒါဟာ ဘာလို့လဲ ဆိုတော့ ကလေး တွေ ကို စာမေးပွဲ နဲ့ အမြဲ ထိတွေ့ပေးနေမှု၊ စာမေးပွဲ အတွက် လေ့ကျင့်ပေးနေမှု ပေါ်မှာ ကွာတာပါဘဲ။

တကယ်တော့ ပြောရရင် ကလေး တစ်ယောက် ရဲ့ အရည်အချင်း ကို စာမေးပွဲ က နေ အကဲ မဖြတ်နိုင်ပါဘူး။
ဒါပေမဲ့ အများ နဲ့ ဆုံးဖြတ် ရတဲ့ အခါမှာတော့ ယေဘူယျ သတ်မှတ်ချက် တွေ က နေ ကျောင်းသား တစ်ယောက် ဟာ မေးခွန်း ကို သူ ဘယ်လို နားလည်ပြီး အဖြေကို ဘယ်လို ပြန် ရှင်းပြ နိုင်လဲ ဆိုတာ နဲ့ အကဲဖြတ် ရတာပါဘဲ။
စာတိုင်း ကို နှုတ်တိုက် အလွတ် မကျက်သင့်တာ မှန်ပါတယ်။
ဒါပေမဲ့ တစ်ချို့ စာတွေ က စာသင်ခန်းမှာတင်မက တစ်သက်စာ အလွတ်ကျက်မှတ် ထားရတာ တွေ ရှိ တယ်။
အဲဒီဟာ တွေ ကို အသေမှတ် အလွတ်ကျက် မှ စာမေးပွဲခန်းမှာ အဲဒါတွေ ကို အချိန်ကုန်ပြီး စဉ်းစားဖို့မလိုဘဲ အမြန်ချရေးနိုင်မယ်။
ဒါမှ အဲဒီကနေ ထွက်လာတဲ့ အချိန်ပို မှာ ဉာဏ်စမ်းလို မေးခွန်း တွေ အတွက် စဉ်းစားဖို့  အချိန်ပိုယူနိုင်မယ်။
ဒီအတွက် ကြက်တူရွေးလို ကို နှုတ်တိုက်ကျက်ရပါတယ်။
ဒါကို နည်းလမ်းမှားတယ် ပြောမရနိုင်ဘူးထင်ရဲ့။
အရှေ့တိုင်းသားတွေဟာ အလီ တွေ ဂဏန်းပေါင်း တွေ ကို အနောက်တိုင်း က လူ တွေ ထက် ပိုမြန်မြန် ရတယ်။
ဒါဟာ အလွတ်ကျက်တတ်လို့ဘဲ။
ဒါပေမဲ့ စဉ်းစားပြီး တီထွင်ရေးသားရမဲ့ အကြောင်းတွေ ဆို အားနည်းတယ်။
အဲဒီ အတွက် အနောက်တိုင်းက အားသာချက် ကို ရှာပြီး ဖြည့်ပေးဖို့ ကြိုးစားရမယ်။

.  မြန်မာ ပြည်က ကလေး တွေ ရဲ့ ပညာရေး ကို များ ပြင် ကြရင် ဆုတောင်း ချင်ပါတယ်။
(ကိုယ်မှ ဝင်ပြီး မပြင်နိုင်တာကိုး)
ကိုယ့်မှာ ရှိပြီး အားသာချက်လေး တွေ ကို ဖယ်ပြီး သူများ ဆီက အားနည်းချက် တွေ နဲ့ အစားမထိုးလိုက်ပါစေနဲ့။
သူများဆီမှာ အမှားတွေကို မပြင်နိုင်လို့ အသာကြည့်နေရတာ တွေ ကို လိုက်ပြီး အတုမခိုးကြပါစေ နဲ့။
စိတ် စေတနာကောင်းကောင်း နဲ့ မြင်ကွင်းကျယ်ကျယ် ကို မြင်နိုင်အောင် ကြိုးစားကြည့်တတ်သူများ နေရာရပါစေ။
ဆုတောင်း ရုံ ကလွဲလို့ တစ်ခြားဘာများ တတ်နိုင်ဦးမှာလဲ။

လောလောဆယ် တတ်နိုင်တာကတော့ ကြက်တူရွေး နှုတ်တိုက် ကျက်တယ် ဆို ပေမဲ့ စာကို တတ်အောင် သင်ပေးခဲ့တဲ့ ဆရာကြီး/ဆရာမကြီး များ ကျေးဇူးကို ပူဇော်ကန်တော့ ရင်း ….
အသံနာအောင် စာအကျယ်ကြီး အော်ကျက်ခဲ့တဲ့ အချိန်တွေ မှာ ကိုယ့် ရေဒီယိုသံ မြန်မြန်တိတ် သွားအောင် ဒင်းစာမေးပွဲ အောင်မှ ဖြစ်မယ်တွေးပြီး ဆုတောင်းပေး မဲ့ သူများကို ပြန်လွမ်းရင်း …..
“ရေဒီယိုကမာရွတ်” ကို နားဦးတည့်ခဲ့ပါတယ်။
နားရွှင်လန်းချမ်းမြေ့ကြပါစေ။ :))

+ + + + + ++ + + + + ++ + + + + ++ + + + + ++ + + + + ++ + + + + ++ + + + + +

ရေဒီယိုကမာရွတ် (တေးရေး – စိုင်းခမ်းလိတ် ၊ တေးဆို-စိုင်းထီးဆိုင်)

ဟိုဘက်အိမ်က ညတိုင်း ညတိုင်း စာအကျယ်ကြီး ကျက်တတ်တဲ့ ဆယ်တန်းကျောင်းသူကို
ကျွန်တော်တို့ အဖွဲ့က ချစ်စနိုးလေးနဲ့ ရေဒီယိုကမာရွတ် လို့ မှည့်ထားတယ်။
အိုး ရေဒီယိုကမာရွတ်ရေ့ ကြိုးစားလိုက်စမ်းကွယ် ဒီတွေ နဲ့အောင်ဖို့ ဆုတောင်းပေးမဲ့သူတွေ ရှိတယ်
အိုး ရေဒီယိုကမာရွတ်ရေ့ ကြိုးစားလိုက်စမ်းကွယ် ဒီတွေ နဲ့အောင်ဖို့ ဆုတောင်းပေးမဲ့သူတွေ ရှိတယ်

စာအုပ်ကိုင်ကာ ကျက်ရင်း လျှောက်ရင်း တစ်ခါတစ်ခါ ပြူတင်းဝက ဖြတ်အလာချောင်းကြည့်သူ ရေ
ကိုယ်တို့ရှိလို့ အနှောက်အယှက် ဖြစ်ရင် အလည်လာတဲ့ တစ်ရပ်သားမို့ ခွင့်လွှတ်ကွယ်။
အိုး ရေဒီယိုကမာရွတ်ရေ့ စိတ်မဆိုးလိုက်နဲ့ကွယ် စာတွေ မကျက်နိုင်ရင် ဝမ်းနည်းရမဲ့သူတွေ ရှိတယ်
အိုး ရေဒီယိုကမာရွတ်ရေ့ စိတ်မဆိုးလိုက်နဲ့ကွယ် စာတွေ မကျက်နိုင်ရင် ဝမ်းနည်းရမဲ့သူတွေ ရှိတယ်

ဒီနေ့မှာတော့ တို့များရင်ထဲ ဟာနေရတဲ့  အကြောင်းရင်း စီစစ်လိုက်ရှာတော့
ဆယ်တန်းတွေစာမေးပွဲပြီးလို့ ရေဒီယိုကမာရွတ်ပိတ်ထားခြင်းဘဲ
အိုး ရေဒီယိုကမာရွတ်ရေ့ တိတ်ဆိတ်လွန်းလို့ကွယ် စာအံတဲ့ အသံလေးတောင့်တတဲ့သူတွေ ရှိတယ်
အိုး ရေဒီယိုကမာရွတ်ရေ့ တိတ်ဆိတ်လွန်းလို့ကွယ် စာအံတဲ့ အသံလေးတောင့်တတဲ့သူတွေ ရှိတယ်

21 comments

  • မြစပဲရိုး

    April 26, 2015 at 3:37 am

    ကြက်တူရွေး နှုတ်တိုက် ကျက်တယ် ဆို ပေမဲ့ စာကို တတ်အောင် သင်ပေးခဲ့တဲ့ ဆရာကြီး/ဆရာမကြီး များ ကျေးဇူးကို ပူဇော်ကန်တော့ ရင်း ….
    အသံနာအောင် စာအကျယ်ကြီး အော်ကျက်ခဲ့တဲ့ အချိန်တွေ မှာ ကိုယ့် ရေဒီယိုသံ မြန်မြန်တိတ် သွားအောင် ဒင်းစာမေးပွဲ အောင်မှ ဖြစ်မယ်တွေးပြီး ဆုတောင်းပေး မဲ့ သူများကို ပြန်လွမ်းရင်း ….

    ရေဒီယိုကမာရွတ် (တေးရေး – စိုင်းခမ်းလိတ် ၊ တေးဆို-စိုင်းထီးဆိုင်)
    https://www.youtube.com/watch?v=eXCj1OnofsM

  • Ma Ma

    April 26, 2015 at 6:51 am

    အိမ်ကကလေးတွေကတော့ ဟိုတဝက် ဒီတဝက်ဆိုတော့…..
    အလွတ်ကျက်တဲ့အကျင့်လည်းရှိတော့ တခြားကလေးတွေနဲ့ယှဉ်ရင် တပန်းသာသွားတယ်။
    အလီကို အလွတ်ရနေတာကိုပဲ သူတို့သူငယ်ချင်းတွေက အံဩအထင်ကြီးနေကြတာ။ :k:

    ငယ်ငယ်က စာကျက်ရင် အသံထွက်ကျက်ဖို့ လူကြီးတွေက ပြောကြတယ်။
    ကိုယ့်အသံကိုယ်ပြန်ကြားရတော့ ဆိုတာကတကြိမ်၊ ကြားတာက တကြိမ် ပိုမှတ်မိတယ်ဆိုပြီးတော့ပေ့ါ။

    ဒါပေမယ့် သမိုင်းကို ခုနှစ်သက္ကရာဇ်တွေအဓိကထားသင်ပြီး အလွတ်ကျက်ရလို့ ဒီမှာနေတုန်းက အတန်းထဲမှာ ဘိ်တ်ဆုံးတူလေးကတော့ ………

    ွှအဲဒီမှာ သမိုင်းကို ပုံပြင်ပြောပြသလိုပြော၊ documentary ရိုက်ပြီး အကြောင်းအရာကို ဆက်စပ်ပြောပြသွားတဲ့ သင်ကြားမှုနည်းစနစ်မှာတော့ သမိုင်းကိုတောင် စိ်တ်ဝင်စားပြီး အတန်းထဲမှာ ထိပ်ဆုံးရောက်သွားတယ်။ 🙂

  • မဟာရာဇာ အံစာတုံး

    April 26, 2015 at 10:24 am

    အရှေ့တိုင်းသားတွေဟာ အလီ တွေ ဂဏန်းပေါင်း တွေ ကို အနောက်တိုင်း က လူ တွေ ထက် ပိုမြန်မြန် ရတယ်။
    ဒါဟာ အလွတ်ကျက်တတ်လို့ဘဲ။
    ဒါပေမဲ့ စဉ်းစားပြီး တီထွင်ရေးသားရမဲ့ အကြောင်းတွေ ဆို အားနည်းတယ်။
    အဲဒီ အတွက် အနောက်တိုင်းက အားသာချက် ကို ရှာပြီး ဖြည့်ပေးဖို့ ကြိုးစားရမယ်။

    အရီး ပြောတာ အမှန်ဘဲ …။
    . ကျော်လည်း စာကို မျက်စိ စုံမှိတ်ပြီး အလွတ်ကျက် ခဲ့ဖူးပါတယ်။
    . ယုတ်စွအဆုံး အင်းဂလိပ်စာတောင် အလွတ်ကျက်တယ် ဆိုတော့ စဉ်းစားကြည့်ပေတော့ …။
    . စာမေးပွဲ ရောက်ရင် ကိုယ်ကျက်ထားတဲ့ စာတွေထဲက နည်းနည်းလေး ခပ်ဆင်ဆင် တူလိုက်တာနဲ့ .. ကျက်ထားသမျှ ဟောတစ်ကြောင်း၊ ဟောတစ်ကြောင်း လွှတ်ထည့်လိုက်တာပဲ။

    . စာအော်ကျက်တာနဲ့ ပတ်သက်ပီး ပြောရရင်ဒေါ့ဖြင့် ..
    . မှတ်မှတ်ရရ ငယ်ငယ်က ဆရာမ က နက်ဖြန် မေးမယ်ဆိုပြီး ပထဝီ တစ်ပုဒ် ကျက်ခိုင်းလိုက်တယ်။
    . အဲ့ဒီမှာ ခါတိုင်း စာကျက်ပျင်းတဲ့ အံစာတုံး .. ဘာစိတ်ကူးပေါက်သွားတယ် မသိ …
    . ဖယောင်းတိုင် တစ်တိုင်လုံး ကုန်တဲ့အထိ .. စာတွေ အော်ကျက်ပလိုက်တာ …
    . ရွာထဲမှာ နံမယ်ကြီးသွားခဲ့ပါရောလား ….
    . မှတ်မှတ်ရရ ဆိုတဲ့အတိုင်း အဲ့လို စာအော်ကျက်ခဲ့ဖူးတာ အဲ့တစ်ရက်တည်း .. ဟီးဟီး …

    ဘိုင်ဒယ်ဝေး … အရီးရဲ့ ပို့စ် ခေါင်းစဉ်မှာ ကျော် ပြောတဲ့ ခေါင်းပိုင်းက “နား” ပါတယ်နော် …

  • Alinn Z

    April 26, 2015 at 12:26 pm

    စားမေးပွဲစစ်တယ်ဆိုတာ
    ဆရာက ကျောင်းသူားကို အရည်အချင်းစစ်တာ. . .ဆိုတဲ့အနေအထားထက်
    ကိုယ့်အရည်အချင်းကို ကိုယ်ပြန်စစ်တာ လို့ ခံယူရမယ်ထင့်

    .ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ/မ
    အပြန်အလှန်အလှန် ဆွေးနွေး ငြင်းခုန်ရင်း လက်တွေ့ကျကျ သင်ကြားနေတဲ့ပုံစံမျိုးကို
    နိုင်ငံခြားဇာတ်ကားရုပ်ရှင်တွေထဲမှာ မြင်ရတိုင်း ကျနော်တို့တိုင်းပြည်က စာသင်ခန်းတွေကို
    အားမလို အားမရဖြစ်မိတယ်။

    .အေးလေ. . . ဘာတတ်နိုင်မလဲ ”အားမလို” ”အား” မရတာပဲ

    :buu:

    —–

    ဦးစိုင်းထီးဆိုင်ရဲ့ သီချင်းအတော်များများကို စွဲစွဲလမ်းလမ်း နှစ်သက်ခဲ့တယ်. . .

  • အရီးပြောမှ ငယ်ငယ်က စာအော်ကျက်ခဲ့တာကို ပြန်လွမ်းသွားပြီ…သူများတွေ အိပ်ကောင်းချိန် သန်းခေါင်ကျော် တိတ်နေတဲ့အချိန်မှ စာကျက်ကောင်းတာမို့.. သူများတွေ အိပ်ရေးပျက်အောင် အော်ခဲ့တာတွေကို သတိရမိတယ်… စာတကယ်တော်တဲ့သူတွေက တိတ်တိတ်လေးနဲ့ ငြိမ်ပြီး ကြည့်တတ်တဲ့သူတွေများတာမို့ စပ်စလူးထပြီး အော်ဟစ်ကျက်နေတဲ့ အနော့်ကို အထင်မကြီးကြတာမျိုးလည်း ကြုံခဲ့ပါရဲ့… ဒါပေမယ့် စာကိုတစ်ပုဒ်လုံး concept မိအောင် နားမလည်ဘဲ ဘယ်လိုမှ အလွတ်ကျက်လို့မရတာကတော့ ကောင်းတဲ့အကျင့်ပဲ ထင်တယ်… စာတစ်ပုဒ်လုံးကို အရင်ဖတ်တယ်… ဆက်စပ်နားလည်အောင် ကြည့်တယ်… အချက်တွေအကုန်လုံး ဆက်စပ်မိပြီဆိုရင်တော့ လာထားပဲ.. တစ်ကြောင်းချင်းကြည့်အော်လိုက်..ပြန်စဉ်းစားပြီး အလွတ်အော်လိုက်နဲ့… ရသွားပြီဆိုရင် ချရေးတော့တာ… ပြီးရင် စာအုပ်နဲ့ ပြန်တိုက်စစ်… မမှန်သေးရင် ပြန်ရေး.. အဲဒီလိုနဲ့ ၁ဝ တန်း အောင်ခဲ့ပါလေရော..

    တကယ်တော့ အကျင့်ပါသွားတာ.. ငယ်ငယ်က စာပြိုင်ဘက်တွေရှိတော့ ဆရာတွေက သည်၊၏ လွဲရင်တောင် အမှတ်လျှော့ပစ်တာဆိုတော့ တစ်လုံးမလွဲမရရင်ကို ယုံကြည်မှုမရှိတော့တာ.. ခုထက်ထိပါပဲ အရီးရယ်… မိန်းထဲမှာ ကျောင်းတက်တော့ ဒုက္ခရောက်လိုက်တာ… ကိုယ့်စကားနဲ့ပြန်ရေးရတာလေ… ဘယ်လိုရေးရမှန်းမသိလို့… 🙁

    ဖြစ်နိုင်ရင် စာသင်ခန်းထဲက သင်နည်းတွေကို ပြောင်းပစ်ချင်တယ်… တွေးမိတယ်.. ငါသာ ကျောင်းအုပ်ကြီးဖြစ်ခဲ့ရင် ဆိုပြီး… :k:

  • weiwei

    April 26, 2015 at 10:39 pm

    ကျွန်မကတော့ စာအော်မကျက်ခဲ့ဘူးအရီးရေ …
    စာမေးပွဲကို မကြိုက်တဲ့ကျောင်းသားမျိုးဖြစ်ခဲ့လို့ အမှတ်ဘယ်တော့မှ မကောင်းခဲ့ဘူး ..
    အခု မျိုးဆက်သစ် တူ တူမ တွေကိုတော့ စောင့်ကြည့်နေတုန်းပဲ …
    လတ်တလောမှာတော့ international school မှာထားတဲ့ တူ တူမတွေက အရမ်းသာနေတာတွေ့ရတယ် .. အတန်းကြီးလာရင် ဘယ်လိုရလဒ်တွေ ထွက်လာမလဲတော့မသိဘူး ..

  • ဦးကြောင်ကြီး

    April 27, 2015 at 2:29 am

    .. ရေဒီယို ကမာရွတ်၊ သေပြီဆို တဏှာခြွတ်၊ ဖြေဆည်လို သဒ္ဓါညွှတ်၊ လေပြည်ချို ကဗ္ဗလာစွပ်

  • ခင်ဇော်

    April 27, 2015 at 8:14 am

    စာကို အော်ပဲကျက်တတ်တယ်။
    ဒါမဲ့ အရင် ဖတ်ဖြစ်တယ်။
    နားမလည်ပဲ ဘယ်လောက်အော်ကျက်ကျက်စာမရဘူးးး
    ဟိဟိ။
    ခါတရံတော့ စာကျက်သံကြားချင်တဲ့ အဒေါ်တွေ အတွက် ပါးစပ်က အော်။ မျက်စိက ကာတွန်းဖတ်။
    ဟိဟိ..
    :k:
    လုပ်ဖူးတာ။
    အဲဒီ သီချင်းလေးကို ချစ်တယ်။

  • အောင် မိုးသူ

    April 27, 2015 at 9:11 am

    စာကိုအကျယ်ကြီးအော်ကျက်မှ ရတဲ့အထဲမှာ ကျတော်လည်းအပါအဝင်ပါပဲ။ သုံးလေးအိမ်ကြားအောင် အော်ကျက်ပြီ အသံတွေလည်း ဝင်ခဲ့ဖူးတယ်။ ဆယ်တန်းတုန်းကတော့ ဘောဂဗေဒနဲ့ မြန်မာစာကို မကျက်ဘဲ ကိုယ့်ဖာသာ စကားပြေတွေ အလင်္ကာတွေကို လက်တန်းရေးနိုင်အောင် ကျင့်ခဲ့တယ်။ စာစီစာကုံးကောပေါ့။ း)))

  • Courage

    April 27, 2015 at 10:03 am

    အလွတ်ကျက်တယ်ဆိုတိုင်း ကြက်တူရွေးနှုတ်တိုက်မဟုတ်တာတော့ အသေအချာပါ။ ကျက်ဖို့လိုရင်တော့ ကျက်ရမှာပေါ့။ အဓိက က နားလည်မလည်နဲ့ပဲဆိုင်တာလေ နော့။
    စကားစပ်မိလို့ ပြောပါရစေ။ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးစနစ်က အတော်ကောင်းနေကြောင်းကို တခြားနိုင်ငံမှာ ပညာသင်ဖူးမှ ကျွန်တော်ကောင်းကောင်းသိခဲ့ရသလို အရင်က ပညာကို ကောင်းကောင်းမသင်ခဲ့မိတဲ့အတွက်လဲ တော်တော်ကို နောင်တရသွားဖူးပါတယ်။ 😥

    ဒါနဲ့ လွန်ခဲ့တဲ့၄နှစ်လောက်တုန်းက အိမ်ဘေးက ကောင်မလေးကို စောင်းပြီး ဒီသီချင်းကို ဆိုခဲ့ဖူးတယ်ဗျ 🙂

  • Mike

    April 27, 2015 at 11:18 am

    . ရေဒီယိုကမာရွတ် အပါအဝင် ထီးဆိုင်သီချင်းတွေတော့ အသဲစွဲပါပဲ
    .ဟိုးတုန်းကတော့ လူတော်တော်များများ စာအော်ကျက်ကြတာပဲ
    .ခုခေတ်တော့တစ်မျိုးဗျ…စာကျက်သံကို မကြားမိတော့ဘူး
    .အိမ်ကနှစ်ယောက်လုံးလည်း ဘာသံမှမထွက်…တိုးတိုးတော့အသံထွက်ဖတ်တာတွေ့ရဲ့ :))

  • Kaung Kin Pyar

    April 27, 2015 at 3:32 pm

    ကောင်းကင်ပြာရဲ့ အမေကိုယ်တိုင်ကလဲ စာအော်ကျက်သံကို သိပ်နားထောင်ကောင်းတယ် ထင်ခဲ့တာ…
    ကိုယ်တိုင်တော့ ဒါဟာ ပြည့်စုံတဲ့ လေ့လာသင်ယူမှုဖြစ်နိုင်တယ်လို့ ငယ်ငယ်ကတည်းက မထင်ခဲ့ဖူးဘူး…
    ကိုယ့်ဟာကိုယ်ဆိုရင်တော့ စက္ကူလွတ်တစ်ခုပေါ်မယ်…ဟိုခြစ်ဒီခြစ်ပြီး စကားပြောသလို ကွကိုယ်သင်ခဲ့ဖူးပါတယ်…
    ဒါလဲ အဓိက တားဂတ်က စာမေးပွဲကာလထိပဲ ဖြစ်နေတာရယ်….။ ကာလကြာထိတော့ မမှတ်မိနိုင်ခဲ့ဘူး…..
    တစ်ခါက ဂျပန်ကလေးတွေကို စာသင်ပုံသင်နည်းကို ဖဘမှာ ဖတ်လိုက်ရတယ် …။ ဆရာက မေးလိုက်၊ တွေးခိုင်းလိုက်၊ ပြန်ပြောခိုင်းလိုက်၊ မှန်တယ်မှားတယ် ငြင်းလိုက်နဲ့…. ဘာကြောင့်မှန်ပြီး ဘာကြောင့်မှားရတယ်…၊ ဘယ်လိုတွေဆက်လုပ်ကြမယ်ဆိုတဲ့ပုံစံမျိုးရယ်…
    ကောင်းလိုက်တာ….
    ဒီမယ်တော့…
    ခုချိန်များ ကောင်းကင်ပြာကို ရုတ်တရက် ၅တန်းနဲ့ပြိင်ခိုင်းရင်တောင် မနိုင်နိုင်ဘူးရယ်…
    :k:

  • uncle gyi

    April 27, 2015 at 10:36 pm

    ဆရာသင်တာဘယ်လောက်ကောင်းကောင်းကျောင်းသားပြန်လေ့လာမှုမရှိရင်
    သင်ထားတာအလကားပါပဲ
    ကျောင်းသားပြန်လေ့လာဖို့ကလဲတခြားနိုင်ငံမှာတော့မသိ
    မြန်မာမှာတော့စာမေးပွဲသာမရှိလို့က
    ပြန်လေ့လာမယ့်ကလေးနဲ့မလေ့လာမယ့်ကလေးဘယ်သူပိုမာျးမယ်ထင်ကြပါသလဲ

  • black chaw

    April 28, 2015 at 1:09 pm

    စာ အကျယ်ကြီးအော်ကျက်တာနဲ့ ပတ်သက်လို့
    အမှတ်တရ အဖြစ်အပျက်တစ်ခု ရှိခဲ့ဖူးတယ် အစ်မရေ…။
    ကျွန်တော်တို့ ဆယ်တန်းလောက်တုန်းက
    စာကို အပြိုင်အဆိုင် အော်ကျက်ကြတာ ခေတ်စားတယ်ခင်ဗျ…။
    တပ်ထဲမှာ ပြောတာပါ…။
    အဲဒီအထဲ မဝင်းသိန်း ဆိုတဲ့ အစ်မကြီးက အသံ အကျယ်ဆုံးပါ…။
    စာအရမ်းကြိုးစားသူကြီးပေါ့…။
    ကျောင်းတွင်း အစမ်းစာမေးပွဲတွေမှာလည်း အဆင့် တစ် ချည်းပဲ
    ရတာခင်ဗျ…။
    ဒါပေမယ့် စာမေးပွဲ ကြီးဖြေလိုက်ရင် ဘီ နဲ့ အောင်လိုက် ကျလိုက်ပါပဲ…။
    ကျောင်းကလည်း အပြင်ဖြေဆိုပေမယ့် စာကြိုးစားသူကြီးဆိုတော့
    အထူးအခွင့်အရေးအနေနဲ့ ကျောင်းတက်ခွင့်ပေးထားတယ်ခင်ဗျ…။
    အဲဒီ အစ်မကြီး ဆယ်တန်း ငါးနှစ်မြောက်လောက်မှာ
    ကျွန်တော်တို့က ဆယ်တန်း ပထမဆုံး နှစ်ခင်ဗျ…။
    တပ်ထဲမှာက ညနေ ၆ နာရီကနေ ည ၁ဝ နာရီအထိ မီးပေးပါတယ်…။
    မမက ၁ဝ နာရီ မီးပိတ်သွားလည်း ၁၂ နာရီလောက်အထိ
    အသံအောင်အောင် နဲ့ အော်ကျက်နေရောဗျာ…။
    ညတိုင်းနော်…။
    ကျွန်တော် အမေ က အဲ့ အစ်မ စာကျက်သံကြားတိုင်း
    ကျွန်တော့်ကို အမြဲဆူပါတယ်…။
    စာမေးပွဲ ကြီးဖြေတော့လည်း ထုံးစံအတိုင်း
    အဲ့အစ်မက ကျမြဲပဲ ခင်ဗျ…။
    အခုအထိ အဲ့အစ်မ ဆယ်တန်းမအောင်သွားဘူးလို့လည်း
    သတင်းကြားရတယ်ဗျ…။
    ရေဒီယို ကမာရွတ် သီချင်းပေါ်တော့ အဲ့အစ်မကို
    ရဲဘော်လူပျိုတွေက ရေဒီယို ကမာရွတ်လို့ နာမည်ပေးကြတာကို မှတ်မိပါတယ်ဗျာ…။
    အိုဘယ့် ရေဒီယို ကမာရွတ်…။
    :k:

  • lu lu

    April 28, 2015 at 4:30 pm

    ခုချိန်မှာရေဒီယိုကမာရွတ် လေးတွေ ရင်ခုန်နေတဲ့အချိန်ပေါ့
    🙂

  • Mr. MarGa

    April 29, 2015 at 11:34 am

    ရေဒီယို ကမာရွတ် ဆိုတော့
    ဦးမိုက်ရဲ့ သမီးကိုပဲ ပြေးမြင်တယ် (ဟီးးဟီးး ပြေးပေါက်ရှာထားမှ)
    စာကို အရမ်းကာရောတော့ အော်မကျက်ဖူးဘူးဗျ
    ဖတ်ရင်းနဲ့ နားလည်အောင်လုပ်ပြီး တစ်ကြောင်းချင်းစီ စာဆိုပြီးကျက်တတ်တယ်
    အလွတ်ကျက်တဲ့စနစ်ကို ရှိနေသင့်သေးတယ်လို့ မြင်ထားပေမယ့် အလွတ်ကျက်ရမယ့်အကြောင်းအရာတွေကို သေချာနားလည်အောင်သင်ပေးဖို့က ပိုအရေးကြီးတယ်လို့လည်း လက်ခံထားပါတယ်

  • naywoon ni

    April 30, 2015 at 10:27 am

    ​ကျောင်​းစာတိုင်​း အလွတ်​ကျက်​ရမယ်​ဆိုတာကို​တော့ ကျ​နော်​မကြိုက်​ဖူးဗျ ။ တက္ကသိုလ်​တုန်​းက ဆရာတစ်​​ယောက်​က​ပြောဖူးတယ်​ ။ ဘယ်​စာမျိုးမဆို အမျိုးအစားသုံးမျိုးခွဲခြားလို့ရသတဲ့ဗျ ။
    ၁။ ကွမ်​းယာလို ဝါးပြီး အရည်​​ကော အဖတ်​ကိုပါ ​ထွေးထုတ်​ပစ်​လိုက်​လို့ရတဲ့စာ ။
    ၂။ ကြံရိုးလိုပဲ ဝါးပြီး အရည်​ကိုမျိုချ အဖတ်​ကို​ထွေးထုတ်​ပစ်​လိုက်​ရမဲ့စာ ။
    ၃။ ထမင်​းလုပ်​လိုပဲ ​ကျေညက်​​အောင်​ဝါးပြီး အားလုံးမြိုချလိုက်​ရမဲ့ စာ ။ တဲ့
    အဲ့​တော့ အ​ကြောင်​းအရာ သိ​အောင်​ပဲ ဖတ်​ရမဲ့စာ ။ ဆင်​ခြင်​ဉာဏ်​နဲ့ ဆက်​စပ်​ပြီး အသုံးချရမဲ့စာ ။ အလွတ်​ကို ကျက်​မှတ်​ရမဲ့စာ ။ သူ့​နေရာနဲ့သူ အသုံးချတတ်​​အောင်​ ဆရာ/ ဆရာမ​တွေက လမ်​းညွှန်​​ပေးသင်​့တယ်​လို့ ထင်​တယ်​​လေ ။
    ဆရာ ဆိုကတည်​းက နည်​း​ပေးလမ်​းပြ လုပ်​သူလို့ အဓိပ္ပာယ်​ဖွင်​့ရင်​ ဘယ်​သူငြင်​းမလဲဟင်​ !

    • မြစပဲရိုး

      May 1, 2015 at 2:00 am

      ဒီတစ်ခါမငြင်းပါ အဘနီ ရေ၊
      စိမ်း လိုက်ပါတယ်။
      ကျောင်းစာထဲ ကွမ်း တွေတော့ မပါသင့်ဘူး ထင်ရတာပါဘဲ။ lol:-)))

  • မြစပဲရိုး

    May 1, 2015 at 1:58 am

    ဝင်ပြီးအားပေးသူများ အားလုံး ကိုကျေးဇူးပါရှင့်။
    ဒီတစ်ခါတော့ အားလုံး သဘောညီ ပါတယ်။
    စာက နားမလည် ဘဲ နှုတ်တိုက်ရွတ် ပြီး သင်တဲ့ နည်း နဲ့ ပညာရေးစနစ်ကောင်း တစ်ခု ကို ဖန်တီးလို့ မရတာ မို့
    လက်ဦးဆရာ များ စေတနာ၊ ဝါသနာ၊ အနစ်နာ (မခံ လဲ ရပါတယ်) လေးများ ထည့်ပြီး ကိုယ့်တာဝန်ကို ကျေစေဖို့ အသိလေးများ ဝင်ကြဖို့။
    အဲဒီ ဆရာ တွေ ကိုလဲ သင်ကြားရေးမှာ အထောက်အကူပြု နိုင်မဲ့ သင်တန်းကောင်း တွေ စေလွှတ်ဖို့၊
    စာသင်ရာမှာ အထောက်အပံ့ ပိုင်း ဆိုင်ရာ နည်းပညာ များ နဲ့ ပံ့ပိုးဖို့ စသဖြင့် ကိုလဲ
    သက်ဆိုင်ရာ လူကြီးမင်းများ နား နဲ့ မနာ၊ ဖဝါး နဲ့ မနာ ဘဲ နှလုံးသားလေး နဲ့ နာတော် မူကြဖို့။
    (စာမေးပွဲ ကတော့ အစဉ်အလာ မဖျက်သင့် လို့ ထင်ပါတယ်။ ကိုယ်ပိုင် အမြင်ပါ)

    • naywoon ni

      May 1, 2015 at 9:30 pm

      စာ​မေးပွဲ အစဉ်​အလာ မဖျက်​ဖူးဆိုရင်​ သင်​ထားတဲ့ စာ​တွေဘယ်​လို/ဘယ်​​လောက်​ထိနားလည်​သလဲ ဆိုတာကို တစ်​ဘာသာ အမှတ်​သုံးဆယ်​ဖိုး​လောက်​ Unseen ​မေးခွန်​းထည်​့​မေးမယ်​​လေ။ ဘယ်​လိုသ​ဘောရ 🙂 ။

      • မြစပဲရိုး

        May 3, 2015 at 4:12 am

        ကျွန်မတို့ တုန်းက စာမေးပွဲ ဖြေရင် တိုက်ရိုက် လာနိုင်တဲ့ အပိုင်း နဲ့ ဉာဏ်စမ်းလာနိုင်တဲ့ အပိုင်း ခွဲ ပြီး မေးပါတယ်။
        မေးခွန်းပုံစံ မှာ ကို ပြောထားပြီးပါ။
        ဒါကြောင့် အဲဒီ တိုက်ရိုက် လာနိုင်တာ ဆို အချိန်မကုန်ဘဲ စဉ်းစားစရာ မလိုဘဲ အမြန်ရေးချနိုင်အောင် အလွတ်နီးပါးရအောင် ကျက်ထားတာပါ။
        ဒါမှ ဉာဏ်စမ်း အတွက် စဉ်းစားချိန် ရမှာလေ။
        တစ်ချို့ အောင်ရုံသမားတွေ ကတော့ ဉာဏ်စမ်း တွေ ကို သိပ်ပြီး ဂရုမစိုက်တော့ဘူး။
        အောင်မှတ်ရပြီးရော သဘောပေါ့။

        တကယ်တော့ တစ်ချို့ စာ တွေ က စာမေးပွဲ အတွက်တင်မဟုတ်ဘဲ life time နဲ့ ကို မှတ်မိသင့်တဲ့ စာတွေ ရှိတယ်။
        အဲဒါဆို အလွတ် ရနေ ရင် အချိန်မရွေးပြန်သုံး နိုင်တာပေါ့။
        အခု အနောက်တိုင်းမှာ ကြီးရင် မေ့တဲ့ ရောဂါ မဖြစ်အောင် ဓာတုဗေဒ က ဒြပ်တွေ ရဲ့ ဖွဲ့စည်းမှု ကို အလွတ်ကျက်ပြီး ဘယ်လောက် မှတ်မိ နေတယ် ဆိုတာ ကို မှတ်ကြတယ်။
        ဥပမာ – H2O တို့၊ CO2 တို့ အပြင် ရာ ချီပြီး ရှိနေတာ တွေ ပေါ့။
        ဒီတော့ စာသင်တာ နည်းမှန်ရင် အလွတ်ကျက်တာ လဲ ကျက်ဖို့ တိုက်တွန်းကြတယ်လို့ ထင်ပါတယ်။
        🙂

Leave a Reply