ပုံပြောကောင်းသူလေးများ
ဒီတခေါက် ဇာတိမြေ အပြန်ခရီးမှာ နေ့လည်ပိုင်းကျတော့ အဖေ့ဆီစက်လုပ်ခဲ့ရာ တရုတ်တန်းရပ်ကွက်ကလေးကို ပဲ့ထောင်နဲ့ ကူးခဲ့ကြပါတယ်။
ရောက်တဲ့ အချိန် ကလေးတွေ နည်းနေလို့ သာကူကျိုနေတဲ့ အဖွဲ့ကို မေးကြည့်တော့ ညနေ ၃နာရီမှ လာလို့ ခေါ်ထားတယ်တဲ့။ အခုက ၂နာရီပဲ ရှိသေးတယ်။စောနေသေးတော့ အနီးအနားကို လိုက်ကြည့်ဖို့ ထွက်ခဲ့ပါတယ်။
မထွက်ခင် ရောက်နေတဲ့ ကလေးတွေကို
`အခုစောသေးတယ်။ သားတို့ သမီးတို့ ဒီနား တဝိုက်မှာ အမှိုက်တွေ ပွနေတာပဲ၊ဆရာမ ဟိုဖက်သွားတုံး အမှိုက်ကောက်ထားကြနော်။ အမှိုက်ကောက်ပြီးရင် ဘယ်မှာ ပစ်မလဲ´
`မြစ်ထဲ ချပါမယ်´
`မြစ်ထဲ အမှိုက်ချရင် အဲဒီအမှိုက်ဘယ်ရောက်သွားမလဲ´
`ရေထဲ မျောသွားပါမယ်´
`မျောပြီးရင်ကော´
တချို့က နည်းနည်း တွေ သွားကြတယ်။
`ကမ်းပေါ် တနေရာရာမှာ တင်သွားပါမယ်´
`အဲသလို အမှိုက်တွေ တင်တင်လာရင် ဘာဖြစ်သွားမလဲ´
`မြစ်ကြီး ကောသွားပါမယ်´
`အေး၊ဒို့ မြစ်ကြီးကောသွားရင် အခုမြင်နေရတဲ့ သင်္ဘောတွေ သွားလို့ မရတော့ဘူး။ဒါ့ကြောင့် သားတို့ သမီးတို့ အမှိုက်တွေ မြစ်ထဲ မချကြနဲ့နော်။အခု လည်း မချနဲ့၊နောင်လည်း မချနဲ့´
`ဟုတ်ကဲ့ပါဆရာမ´
ကလေး တယောက်ကတော့ မေးလာပါတယ်။
`ဆရာမ၊ဒါဆို ဘယ်မှာ သွားပစ်ရမလဲ´
ကျမလည်း တော်တော် အကြံအိုက်သွားပါတယ်။ဟုတ်တယ်လေ၊သူတို့မှာ အမှိုက်ပစ်စရာ သတ်မှတ်ပေးထားတဲ့ အမှိုက်ပုံလည်း မရှိ၊အမှိုက်ဆိုတာ မပစ်ရပြောရုံ၊ကောက်ပေးရုံနဲ့မပြီးသေးဘူး။ဒီအမှိုက်တွေကို ဘယ်လို စနစ်တကျ စွန့်မယ်၊ဘယ်လို ပြန်အသုံးချမယ် ဆိုတာက ပိုအရေးကြီးပါတယ်။
အခုတော့ လောလောဆယ်ပြဿနာ ကို ကျမတို့ စက်ဘေး မြေကွက်လပ်မှာပဲ အမှိုက်သွားပုံကြလို့ ကလေးတွေကို ပြောပြီး ဖြေရှင်းလိုက်ရပါတယ်။
ရွာထဲ တပတ်လှည့်ပြီး ပြန်လာတော့ ကလေးတွေ အတော်စုံနေပါပြီ။
မနှစ်က စာစီစာကုံးရေးခိုင်းတော့ ဒီနှစ်လည်း ရေးခိုင်းမယ် ထင်ပြီး ကလေး တချို့က ကြိုရေးကျင့်ထားကြတယ်တဲ့။စာရွက်လေးတွေ လာပေးပါတယ်။
(ကျမက ဒီနှစ်တော့ ရွာသူားတွေ အကြံပေးတဲ့ အတိုင်း ကလေးတွေကို ပုံပြောခိုင်းမယ်လို့ ပြောပြလိုက်ပါတယ်။ဆုချဖို့ကတော့ တူ၊တူမတွေဆီက အလှူခံတဲ့ စာအုပ်၊ပေတံ၊ခဲတံ၊ဘောပင်တွေရယ်၊ကဇီ့လက်ဆောင်တွေရယ်၊မိတ်ဆွေ တယောက်ရဲ့ အမ အမေရိကားက ပြန်လာတော့ မြန်မာပြည်က ကလေးတွေအတွက် ဆိုပြီး မုန့်တွေ သယ်လာတယ်။အဲဒါကြားလို့ ကျမ ကလေးတွေ အတွက် တောင်းထားတာရယ် ဆုချပါမယ်)
ကလေးတွေကို `ကဲ ၊ပုံပြောပြချင်တဲ့သူ ထွက်ခဲ့´ ဆိုတော့ အားလုံးနောက်ဆုတ်သွားပါတယ်။
ဒါနဲ့ ကျမကပဲ စပြီး `
`ပုံပြောတယ်ဆိုတာ မခက်ပါဘူး။
ဆရာမ ပြောပြမယ်၊နားထောင်ကြ၊
ဟိုရှေးရှေးတုံးက ရေကန်ကြီး တကန် ဘေးမှာ သစ်ပင်ကြီး တပင်ရှိတယ်။အဲဒီ သစ်ပင်ပေါ်မှာ ချိုးငှက်တကောင်နေတယ်။ ပိတုန်း တကောင်လည်း နေတယ်။တနေ့တော့ လေပြင်းပြင်းအတိုက်မှာ ပိတုန်းလေးဟာ ရေကန်ထဲကို ပြုတ်ကျပြီး ရေနစ်ပါလေရော။´
အဲသလောက်ပြောလိုက်တာနဲ့ နောက်က ကြွက်စီကြွက်စီ ကြားလိုက်ရပါတယ်။
`သစ်ရွက်လေး ချွေချပေးတာ ´တဲ့။
ဒီပုံကို သူတို့ သိတယ်လေ။သူတို့ ဖတ်စာအုပ်ထဲက ပုံပြင်ပဲ။
`ပုံပြောတယ် ဆိုတာ လွယ်ပါတယ်။သိပြီးသားတွေပဲ ပြောရတာလေ´
ပုံကို ဆုံးအောင်ပြောပြလိုက်ပြီးတော့
`ကဲ ၊အဲသလိုမျိုး ပုံပြောပြမယ့်သူထွက်´ ဆိုတော့ ပထမ မလှုပ်ကြပါဘူး။
နောက်မှ သူရဲကောင်းမလေး တယောက်ထွက်လာပါတယ်။
Photo Essay လေး ဆက်ကြည့်ကြပါနော်။
ပုံပြောပြကြတဲ့ ကလေးတွေ အများကြီးပါပဲ။ အကုန်တောင် လိုက်မမှတ်မိတော့ပါဘူး။တော်တော်ကောင်းတဲ့ ပုံပြင်တွေ ပြောပြသွားကြပါတယ်။(ထူးခြားတာကတော့ အရင်နှစ်က ဆုတွေရတဲ့ တင့်ဇော်ထွန်း ဆိုတဲ့ ကလေး လာတာတော့ တွေ့ပြီး ပုံပြောရမယ် ဆိုတော့ ခဏစောင့်ကြည့်ပြီး ပျောက်သွားတယ်။သူက လူရှေ့ စကားပြောရမှာ ရှက်တယ်ထင်ပါရဲ့။
အမှန်တော့ Public speaking ဆိုတာ ကလေးတွေ တတ်ဖို့ တော်တော် အရေးကြီးတယ်လို့ ကျမ ထင်ပါတယ်)
ဆုချစရာတွေ ပေးပြီးတဲ့နောက်မှာ ကလေးတွေကို စုပြီး
`အခု သားတို့ သမီးတို့ ဆုတွေရတာ ဘာလို့လဲ´
`ပုံပြောပြတတ်လို့ပါ´
`အရင်နှစ်တွေက ဆုရတာရော´
`စာတတ်လို့ပါ၊´`ကျောင်းနေလို့ပါ´
`အေးဟုတ်တယ်။ သနားလို့ ပေးတာ မဟုတ်ဘူးနော်၊ဆင်းရဲလို့ ပေးတာလည်း မဟုတ်ဘူး၊သားတို့ သမီးတို့ အရည်အချင်းရှိလို့ ဆုရတာနော်၊နောင်လည်း ဒီလို ဆုရအောင် ကြိုးစားကြမယ်မလား´
`ကြိုးစားပါမယ်´
ကလေးတယောက်ကတော့ `နောင်နှစ်ကျရင် သီချင်းဆိုခိုင်းပါဆရာမ´တဲ့။
ဖိုးဆိုချင်လေး ထင်ပါရဲ့။
ကဲ၊နောင်နှစ် ဘာလုပ်ခိုင်းရရင် ကောင်းမလဲ၊အကြံပေးကြပါအုံး။
35 comments
မြစပဲရိုး
April 26, 2015 at 3:55 am
အစ်မ ရဲ့ အခု ခရီး ကို လိုက်ရရင်ကောင်းမလား တွေးခဲ့သေးတယ်။
ဂျူတီယူထားမိတာ မဖျက်ချင်လို့သာ။
အစ်မ ရေးပြသလို ဆိုရင် ကလေးတွေ က မညံ့တာ အသေအချာပါဘဲ။
သူတို့ ကို သင်ထားတာ တွေ ကို ဒီလို ပြန်ပြောနိုင်တာ သင်ကြားမှုလဲ ညံ့တယ် မခေါ်နိုင်ပြန်ဘူး။
သူတို့ အတွက် စနစ်တကျပံ့ပိုးမှု အားနည်း နေလို့ သာ ဖြစ်မှာ။
နောက်နှစ် အတွက် အထောက်အကူပစ္စည်းပို့ပေးရင်းအကြံပြုနိုင်အောင် ကြိုးစားကြည့်ပါ့မယ်။
အခု တော့ တစ်ခု ကြိုပြီး အကြံပြုမယ်နော်။
နောက်နှစ်ကျ ကလေး တွေ ကို လက်မပိုက်ခိုင်း ဘဲ လွတ်လွတ်လပ်လပ် ပုံစံလေး တွေ နဲ့ လုပ်ခိုင်း ပေးဖို့ကိုပါ။
ကျွန်မ ပြောတာ ကို ကိုယ့် အစ်မ နားလည်မယ်လို့ ယုံကြည်ပြီးသားပါ။ :))
သဲတစ်ပွင့် တင်မက သဲတစ်ကျင်းလောက် ကို လုပ်ပေးနေနိုင်တဲ့ ကိုယ့်အစ်မ အတွက် ဂုဏ်ယူမိပါတယ်။
ကျွန်မလဲ တစ်နေ့ မှာ သဲတစ်ပွင့်စာတော့ တာဝန်ယူလိုက်ချင်ပါသေးတယ် အစ်မရေ။
padonmar
April 27, 2015 at 9:53 pm
မလတ်ရေ
အကြံလေးတွက ်ကျေးကျေးပါ။
ပထမဆုံးထွက်ပြီး ပုံပြောတဲ့ သမီးလေးကတည်းက လက်ဟန်ခြေဟန်လေးနဲ့ ပြော ဆိုပြီး အားပေးခဲ့တာ။
ဒါပေမယ့် ကလေးတွေက အကျင့်ပါနေတယ်။
Obedience Vs. Fear ရိုသေမှုနဲ့ အကြောက်တရားကြားမှာ ကွဲပြားဖို့ အတော်ကျင့်ယူရအုံးမယ်။
အပြင်မှာတော့ မေးလိုက်ပြောလိုက် ပျော်နေကြပေမယ့် ဓာတ်ပုံထဲမှာ အကြောက်တရားကို တွေ့နေရတယ်။
Ma Ma
April 26, 2015 at 6:37 am
အခုဆို အနည်းဆုံး ၄နှစ်လောက်ရှိပြီထင်တယ်။
ကလေးတွေကို ပြုပြင်ပေးနိုင်တာ ပျိုးထောင်ပေးနိုင်တာ ဝမ်းသာစရာပဲ။
နောက်နှစ်ဆို သီချင်းဆိုခိုင်းပါလို့ိဆိုတဲ့ ဖိုးဆိုချင်လေးကို သဘောကျတယ်။
ဆရာတွေပြောဖူးတာ သတိရတယ်။
လူတစ်ယောက်ဟာ နေရာတိုင်းမှာ မထူးချွန်နိုင်ဘူး။
ကိုယ်ထူးချွန်တာ (ကိုယ့်ဝါသနာ)ကို သိပြီး အဲဒီနေရာမှာ သူများထက်တော်အောင် ကြိုးစားဖို့ပဲ လိုတယ်တဲ့။ 🙂
Ma Ma
April 26, 2015 at 8:57 am
ကိုယ်မလုပ်နိုင်ပဲ လိုက်ပြောတတ်တဲ့ အကျင့်ကို မဖျောက်နိုင်သေးလို့ အကြံပေးချင်တယ်။ :k:
ပုံပြောပြီးတဲ့အခါ ပုံပြောပြတဲ့သူကို အားပေးတဲ့အနေနဲ့ ဝိုင်းပြီးလက်ခုပ်တီးပေးကြရင်ကောင်းမယ်။
လက်ခုပ်တီးအားပေးတဲ့ အမူအကျင့်မျိုးကို သဘောကျတယ်။
သူတပါးအောင်မြင်မှုကို အားပေးရာရောက်သလို
ကိုယ်တိုင်လည်း သူတပါးအောင်မြင်မှုကို မုဒိတာပွားပေးနိုင်တဲ့ စိတ်ထားမျိုးကို ဖြစ်စေနိုင်သလားလို့။ 🙂
padonmar
April 28, 2015 at 8:57 pm
အဲဒီနေ့က ကလေးတယောက်ပုံပြောပြီးတိုင်း ဆုပေးပြီး လက်ခုပ်တီးပေးကြပါတယ်။
padonmar
April 27, 2015 at 9:54 pm
ပုံပြောခိုင်းဖို့ စိတ်ကူးကတော့ ချစ်မက စတာပါပဲ။
lu lu
April 26, 2015 at 7:14 am
ကြည်နူးစရာကောင်းလိုက်တာ အန်တီဒုံ ရယ်
ကလေးတွေက အရမ်းကိုဖြူစင် ပါတယ်
🙂
ခင်ဇော်
April 26, 2015 at 10:32 am
မေ လူကြုံ နဲ့
နည်းးနည်းးပါးးပါးး ပေးးလိုက်သေးးတယ် အာတီဒုံ..
မြင်ရတာ စိတ်ချမ်းးသာလို့ ကျေးဇူးးး တင်ပါတယ်..
:chit:
Alinn Z
April 26, 2015 at 12:40 pm
သူတို့ပြောတဲ့ ပုံပြင်လေးတွေ
ကိုယ်တိုင် နားထောင်ချင်လိုက်တာာာ
သူတို့က အဲ့ဒီပုံပြင်တွေကို စာအုပ်ထဲက ဖတ်ပြီးပြောပြနိုင်တာလား
ဒါမှမဟုတ် လူကြီးမိဘတွေပြောပြရာကတဆင့် ပြန်ပြောပြတာလားးး
သူတို့ကိုယ်တိုင် စာအုပ်ထဲက ဖတ်မှတ်လေ့လာတာပဲ ဖြစ်ပါစေတော့. . .
😆
အဲ့င်္ဒီသူတို့ ပြောပြတဲ့ပုံပြင်ထဲက သူတို့ ဘယ်လိုသင်ခန်းစာတွေ ထုတ်ယူလိုက်နိုင်သလဲဆိုတာလည်း
သိချင်လိုက်တာ. . .
padonmar
April 28, 2015 at 9:09 pm
အန်တီ ဒီတခေါက် ပြန်လာမှ ကလေးတွေ ပုံပြောတာလေး ဗီဒီယိုရိုက်ထားရကောင်းသားလို့ တွေးမိတယ်။
ကိုယ်က ဗီဒီယိုဖိုင် မတင်တတ်တော့ ခေါင်းထဲ အကြံပေါ်မလာဘူး။နောက်ပြီး ကလေးတွေ ဒီလောက် ပုံပြောတတ်ကြမယ် မမျှော်လင့်ခဲ့မိဘူး။
အခု သူတို့ ပြောကြတာ ကျောင်းသင်ခန်းစာထဲကလည်းပါတယ်။
ကျောင်းမှာ မသင်တာတွေလည်းပါတယ်။
ကြက်ကလေးက ကြောင်ကြီး မကြားအောင် တိုးတိုးလေး အီးပေါက်လိုက်တာ အိုးကြီးကွဲသွားတာလည်းပါတယ်။
မိချောင်းလျှာကို ကြောင်ကလေးက သစ်ပင်ခွကြားမှာ တင်ထားရာက ကြောင်လျှာပင်ဖြစ်သွားတယ် ဆိုတာ လည်းပါတယ်။
တချို့ပုံတွေက ဇာတ်တော်တွေထဲက ပါတယ်။
မိချောင်းက မျောက်ရဲ့ အသည်းနှလုံးစားချင်လို့ ဆိုတဲ့ ပုံလေးလည်းပါတယ်။
မစင်လူးတဲ့ ဝက်ကို အရှုံးပေးတဲ့ ခြင်္သေ့ ပုံဆို ဇာတက ထဲက။
တချို့ပုံတွေကတော့ အန်တီ့စိတ်ထင် နောက်ပိုင်းထွက်တဲ့ ပုံပြင်စာအုပ်လေးတွေက ဖြစ်မယ်ထင်တယ်။
ကလေးတယောက်ပြောပြတာ အဖိုးကြီးက မိချောင်းပေါက်ကလေးမွေးထားတာ ကြီးလာတော့ သူ့ကို ပြန်ကိုက်သွားတယ် ဆိုတာမျိုး ၊အန်တီတခါမှ မကြားဖူးဘူး။
…
အန်တီ ပြောပြတဲ့ ချိုးငှက်နဲ့ပိတုန်း ပုံပြင်အဆုံးမှာ ဒါ့ကြောင့် ကလေးတို့တွေ သူတပါးကျေးဇူးကို သိတတ်ရမယ်။သူများ ဒုက္ခရောက်ရင် တတ်နိုင်သ၍ ကယ်ရမယ်နော် လို့ သင်ခန်းစာ ထုတ်ပြီး ပြောပြခဲ့တယ်။
ကလေးတွေကတော့ သင်ခန်းစာ ကောက်ချက်မချတတ်ဘူး။
လူကြီးတွေကပဲ အခု သား/သမီးပြောတဲ့ ပုံကနေ …..သင်ခန်းစာယူရမယ်နော် လို့ ပြောပြလိုက်ရတယ်။
လုံမလေးမွန်မွန်
April 26, 2015 at 2:42 pm
အာတီဒုံပုံပြောတာ နားထောင်ချင်ထှာ.. :k:
အနော်တို့ကိုယ်တိုင်တောင် ပုံပြောခိုင်းရင် ခေါင်းထဲက ထွက်လာဖို့ အတော်ကြာမယ်ထင်တယ်… သူတို့လေးတွေ မှတ်မိသလောက်နဲ့ ခုလိုမျိုး ထွက်ပြောကြတာ.. ချီးကျူးဖို့ကောင်းတယ်… အနော်တောင် ခု public speaking သိပ်မလုပ်ရဲတော့ဘူး.. :k:
မွသဲ ( 17082011 )
April 26, 2015 at 5:20 pm
အားကျပါတယ် အန်တီဒုံ။ တကယ့်ကိုကောင်းမွန်လှတဲ့အလုပ်မို့ နောက်နှစ်အနားနီးရင်သတိပေးပါအုံး။ ကလေးတွေဖို့လက်ဆောင်လေးတွေပေးချင်လို့။
lamin ngel
April 26, 2015 at 10:53 pm
ကိုယ်မလုပ်နိုင်ပေမဲ့လုပ်နိုင်လို့လုပ်တဲ့သူတွေကိုလေးစားတယ်။အားပေးတယ်။တနေ့ထက်တနေ့ပိုအောင်မြင်ပါစေ
ဦးကြောင်ကြီး
April 27, 2015 at 2:26 am
ခိုနီအာတီဒုံဂျီး .. အနော့်ဂို ဘာပုရို့ ဘော့တွားဒါရဲ….. အီလုတ်သမားဂ တိုးအတောင်းဒေါ့ပါပူး.. ပျံအတ်ပေးပါ… အီးဟီးဟီး.. .သဗိတ် သဘိတ် မမှောက် မမှောက်
အောင် မိုးသူ
April 27, 2015 at 9:07 am
ကလေးတွေဆိုတာ အနာဂတ်ရဲ့ လူကြီးတွေပေါ့။ တီဒုံရည်ရွယ်ချက်လေး အရမ်းကောင်း။ သဘောကျမိ။
Mike
April 27, 2015 at 11:33 am
.တွေ့ရမြင်ရတာကြည်နူးစရာပါ…သာဓု သာဓု သာဓုပါ
padonmar
April 28, 2015 at 9:34 pm
လုလု၊မွသဲ၊လမင်းငယ်၊အောင်မိုးသူ၊ဦးမိုက်တို့ရေ
အားပေးတာကျေးဇူးတင်ပါတယ်။
uncle gyi
April 27, 2015 at 11:03 pm
ဘာပြောပြောမြန်မာမှာကလေးတွေကိုလူရှေ့ထွက်စကားပြောတာငယ်စဉ်ကတည်းက
ကျင့်ပေးဖို့လိုနေတာအမှန်ပါ
ဒါပေမဲ့သူတို့ကအဲလိုရှေ့ထွက်လာတာကိုမကြိုက်လို့ဒီစံနစ်ကိုဖျက်ခဲ့တာလေ
အခုပြန်ပျိုးထောင်ပေးမှနောက်၁၅နှစ်အနှစ်၂ဝလောက်စောင့်ရအုန်းမှုာ
padonmar
April 28, 2015 at 9:39 pm
အန်ကယ်ဂျီးရေ
ကောင်းနေတာကို ဖျက်ရတာ လွယ်တယ်။
ပျက်နေတာကို ကောင်းအောင် ပြန်ပြင်ရတာ ပိုခက်ပါတယ်။
ခက်ပေမယ့်လည်း မပြင်ရင် ပိုဆိုးမှာဆိုတော့ ရသလောက်တော့ ဝိုင်းဝန်းပြင်ကြပါစို့။
မဟာရာဇာ အံစာတုံး
April 27, 2015 at 11:46 pm
အမလေး …
ဆရာမ က ကလေးတွေ တပုံကြီး ကြားထဲမှာ
. ပြုံးလို့ ရွှင်လို့ ….
တီဒုံ ကလေးတွေ ကြားထဲ ရိုက်ထားတဲ့ပုံကိုကြည့်ပြီး ..
ဟိုစကားတောင် သတိရလိုက်သေးတယ် ..
ဘာတဲ့ .. ကလေးဗိုလ်ကြီး .. တဲ့ …။
ခုလည်း တီတီဒုံ က ကလေးဗိုလ်ကြီး ဆရာမ ပေါ့နော် … အဟိ ..
နောက်တာ …
padonmar
April 28, 2015 at 9:17 pm
အံစရာ ရေးမှ ကိုုယ် ကလေးဗိုလ်ဖြစ်နေတာ သတိထားမိတယ်။
ဒီပို့စ်က အလှူရှင်တွေကို သူတို့ အလှူပစ္စည်းလေးတွေ ပေးဖြစ်ကြောင်းပြချင်တာနဲ့ ဆုပေးတဲ့ ပုံလေးတွေပါတင်လိုက်တာ၊
ဆုကလည်း ပေးခိုင်းရမယ့်လူ မရှိတော့ ကိုယ်ချည်းပဲ ပေးလိုက်ရတယ်။
ရွာသူား မဟုတ်တဲ့ ဖွဘုတ်က အလှူရှင်တွေ ပါရည်ရွယ်လို့ ကိုယ်ပါတဲ့ ပုံတွေပါ တင်လိုက်တာ။
ဖွဘုတ်မှာတော့ ကိုယ့်ပရိုဖိုင်းနဲ့ ဆိုတော့ ဓာတ်ပုံပါတာ ကိစ္စမရှိဘူး။
ဒီထဲမှာတော့ ကိုယ့်ပို့စ်မှာ ကိုယ့်ပုံ တခါမှ မတင်ဘူး။
တွေ့ဆုံပွဲပုံတွေကတော့ အားလုံးနဲ့ အတူ ရောကောသောကော အကြောင်းမဟုတ်။
အဘဖေါ မျက်နှာဖွက်သလို ဘဲဥပုံလေး ဘယ်လိုဖွက်ရသလဲ ပြောပြကြပါ။ဒါမှမဟုတ်
တီဒုံ့မျက်နှာကို ဖျက်ပေးကြပါအုံး။
padonmar
April 28, 2015 at 9:42 pm
ညဖက်လေး အချိန်ရတုံး ကွန်မန့်တွေ အချိန်လုပြန်နေတာ။
ည ၁ဝနာရီဆို အိမ်က အိမ်သာနက်က ပျက်ပျက်သွားရော။
မော်မော်တွေ အချိန်ရရင် တီဒုံ့မျက်နှာ ပျက်အောင် ကူပေးကြပါနော်။
မဟာရာဇာ အံစာတုံး
April 28, 2015 at 11:32 pm
အို .. ဖျက်နေပါနဲ့လို့ …
ဒါက ရှိုးပြပြီး ရိုက်တာမှ မဟုတ်ဒါ …
အလှူဒါန လုပ်နေတာပဲ ..
ဖျက်စရာ လိုဘာဘူး တီတီဒုံ ရယ် ….။
အကယ်၍ တီတီဒုံ က မျက်နှာကို ကွယ် ကို ကွယ်ချင်သပ ဆိုရင်တော့ဖြင့် …
လုပ်ပေးပါ့မယ် လို့ …
black chaw
April 28, 2015 at 1:35 pm
နောက်နှစ် ကျရင် သီချင်းဆိုခိုင်းပါ လို့ အကြံပေးပါရစေခင်ဗျ…။
အချိန်ရှားပါးတဲ့ လူတစ်ယောက်က အခုလို အချိန်ပေးပြီး
လုပ်နေတာတွေအတွက်
လေးစား အားကျ စိတ်ဝင်မိပါတယ်ခင်ဗျာ…။
ချစ်ခင်လေးစားတဲ့
့ဘလက်ချော…။
padonmar
April 28, 2015 at 9:40 pm
ကိုဘလက်
သီချင်းဆိုခိုင်းရမယ်လား။ဒိုင်လိုက်လုပ်ပေးမှာလား။
ကိုစွယ်တော်ကတော့ ပန်းချီပြိုင်ပွဲ လုပ်ပါတဲ့၊ဖွဘုတ်မှာ ပြောတယ်။
Alin cho
April 28, 2015 at 3:47 pm
အန်တီဒုံရေ
ရွာထဲဝင်လို့ရပြီဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်။ ကျေးဇူးပါနော်။
postလေးကိုလည်းအားပေးသွားပါတယ်နော်။
ဦးကြောင်ကြီး
April 29, 2015 at 10:24 am
.. အလင်းချိုလေး
.. မငြင်းဆိုကြေး
.. ပယင်းချို ဖွေး
.. ငါးမြင်းလိုဈေး။
Alinn Z
April 29, 2015 at 4:04 pm
အလင်းချိုု ဆိုတာက… Alinn Z နဲ့ ဘာတော်လဲဟင်…
:k:
padonmar
April 28, 2015 at 9:44 pm
Yay!!!!
ကိုယ်လည်း ရွာထဲကို ရွာသူတယောက်ခေါ်လာနိုင်ပြီ။
တီချာကြီး ကေဇီ့ကို ရွာထဲပို့ပေးပြီး ပျောက်သွားသလို နားလိုက်အုံးမှပဲ။
kai
April 29, 2015 at 2:28 am
တချိန်ချိန်… အဲဒီကလေးတွေထဲကနေ.. ဦးသန့်လိုလူ ထွက်မလာဘူးလို့.. မပြောနိုင်…။
ဆိုတော့…
သာဓုအကြီးကြီး.. ၃ခါခေါ်ပါတယ်အရီးဒုံရေ…။
တနေ့နေ့မှာ.. အဲလိုကလေးတွေထဲက.. ပညာတော်တဲ့တယောက်ယောက်ကို.. ယူအက်စ်ခေါ်ပြီး.. ထရိန်းလုပ်ပေးနိုင်ဖို့အထိ..တွေးနေမိ…။
Ma Ei
April 29, 2015 at 10:02 am
အားကျလိုက်တာအမရယ်…
လေးစားသမှုနဲ့ အမသာခေါ်ရ ကိုယ့်ထက်များ ငယ်မလားမသိ…ထားပါတော့ … 🙂 …
အိမ်မှာတော့ ကိုယ်က ပုံပြောသူဆိုတော့ ခုလို…ကလေးတွေပြောတဲ့ ပုံပြင် နားထောင်ချင်မိသား…
နောက်တစ်ခေါက် သို့ နောက်ထပ်နေရာ မှာ ဒီလိုလေးတွေ ရှိမယ်ဆို လက်တို့ပါဦး နော်…
ဦးကြောင်ကြီး
April 29, 2015 at 10:22 am
ခိုနီအာတီဒုံဂျီး မြတ်နှာ ပျားအုံနေဒရယ်.. မဟာခိုနီဂျီး ဖစ်တော့မည် နမိတ်ရား..
Mr. MarGa
April 29, 2015 at 11:49 am
အားကျ
ဝမ်းသာ
ပီတိဖြစ်
ကိုယ်တွေ ဘာလုပ်ပေးနိုင်မလဲ တွေးမိ
လောလောဆယ်တော့
မောင်မာဃ ပုရွက်ဆိတ်ကြံ ကြံလိုက်ပါဦးမည်
:k:
Alin cho
April 29, 2015 at 1:24 pm
ပခုံးသေး၍ ပခုံးပြောင်တာဝန် မထမ်းဆောင်နိုင်သေးပါကြောင်း။ တီဒုံရဲ့ နိုင်ရာဝန်ထမ်းပုံလေးကို ဝမ်းမြောက်အားကျရပါတယ်။ ဆရာမင်းသုဝဏ်ရဲ့ ကဗျာလေးနဲ့ အားပေးဂုဏ်ပြုလိုက်ပါတယ်နော်။
ပရဟိတ မွန်မြတ်လှ (မင်းယုဝေ)
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြတ်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘဝခရီး လမ်းမကြီးကို
အသီးသီးသူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို
စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့်
ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို
သာဓုကြိမ်ကြိမ် ခေါ်မိတကား။
manawphyulay
April 30, 2015 at 10:16 am
မီးမီးကိုကော ပေးမှာရား… မီးမီးရဲ ပုံကျောကြရယ်ရေ…
ဟိုးချေးချေးဒုံးက ရွာကြီးတစ်ရွာ ရှိပါတယ်။ ရွာကြီးမှာ အမတန် ဂဂျီဂဂျောင်များပြီး အားလုံးနဲ့ဆန့်ကျင်ဘက်ကျောတတ်တဲ့ တဂျီးဆိုသူရှိသတဲ့ကွယ်…