သစ်တစ်ရွက်ရဲ့ ဒိုင်ယာရီ

alinsettMay 18, 20153min1506

leafe

.နေမဝင်အင်ပါယာလို ကြီးကျယ်ခမ်းနားသည့် နယ်မြေကြီးတစ်ခုကို
ရင်ဘတ်ထဲ ထည့်ထားသည်ဆိုလျှင် ပိုလွန်းသည်ဟု စွပ်စွဲကြလိမ့်မည်။

နားမလည်နိုင်ဘူးဟု အများစု မှတ်ချက်ပြု ကြကုန်သော ကဗျာတို့၏ ဖြစ်တည်မှုအစ ဝါဒအချို့ကို ကိုယ် နှစ်သက်စွာလက်ခံ ကိုင်စွဲထားခြင်းကိုက နေမဝင်အင်ပါယာကြီးတစ်ခု ရင်ဘတ်ထဲ ထည့်ထားသည်ဟုပဲ ဆိုကြပါစို့။

နားမလည်နိုင်သော ကဗျာများ(ထို့အပြင် စာများ/စကားလုံးများ) ကိုယ် ရေးသည့်အခါတိုင်း ဘာတွေမှန်းလဲ မသိဘူးဟု စိတ်ရှုပ်စွာ ညည်းညူ ပြသူများကို မြင်တိုင်း စကား ပုံပမာ နှိုင်းဆဖန်တီးမှုတို့ ကိုယ် ပြုချင်သည်။

(ဤလက်သည်းကွင်းထဲမှ စာပိုဒ်အား ကိုယ့်ဘာသာ ပြန် ဖတ်ကြည့်ချိန်မှာပင် အလွန်တရာမှ ချဉ်တူးခါးလှသဖြင့် ဖြတ်ပစ်လိုက်ပြီး ဤ မှတ်ချက်အား အစားထိုး ထည့်လိုက်ပါသည်။)

ဒါပေမဲ့ ကိုယ်ကတော့ အသံမကောင်းချေ။
ကိုယ့် အသံ ခပ်ညံ့ညံ့ဖြင့် မှန်ရာကို ပြောဆိုချိန်တိုင်း ကိုယ့်ဘာသာ အသံသာပါသည်။

နံရံပေါ်မှာ သေနတ်တစ်လက် ချိတ်ထားသည်ဟု အစမှာ ဖော်ပြမိသည့်အဖြစ်ကြောင့် တနေရာရာမှာ ထိုသေနတ် ပစ်ကိုပစ်ရမည်ဟူသော ခပ်ကြောင်ကြောင်အယူအဆကို ကိုယ် လှောင်ရယ်ပစ်လိုက်ချင်သည်
(ဟု ဆိုလျှင် ကိုယ့်ကို လှောင်ရယ်မည့်သူတွေရှိသည်)
(ဟု ယူဆပြလျှင် သင်တို့ ယုံမည်လား)
(ဟု ကိုယ်မေးလျှင် မည်သူ ဖြေဆိုနိုင်ပါသလဲ)
( ဟု ကိုယ်မေးသော်လည်း မဖြစ်မနေ ဖြေဆိုရန် မလိုအပ်ပါ)

ထိုစကားကို ကိုယ် မပြောခဲ့ဘူးလို့သာ ထားပေးပါ။

ဤလောကတွင် ထပ်ခါတလဲလဲ မေးနေပါသော်လည်း ယောင်လို့ပင် လွှတ်ခနဲ မဖြေလိုက်မိစေဖို့ ထိန်းချ ု ပ်ထားသင့်သော အမေး/အဖြေများ ရှိပါသည်။

တချို့  မှန်ကန်သော အဖြေများကြောင့် မေးသူ သိက္ခာ ကျဖူးသလို တချို့ မှားယွင်းသော မေးခွန်းများကြောင့် အမှန်ဖြေဆိုချင်သူတို့ ရှက်ရွံ့နာကျင်ရတတ်ပါသည်။

ထို့ကြောင့် ဤလောကထဲမှ တခုခု ဆွဲထုတ်လွှင့်ပစ်ခွင့်သာ ရခဲ့လျှင်(နောင် ဘယ်သောအခါမျှ ပြန် မမြင်တွေ့ရတော့အောင် ဖယ်ထုတ်ခွင့်များ ရခဲ့လျှင် သင်ဆိုလျှင် ဘယ်အရာကို ရွေးချယ်ဆွဲထုတ်ပစ်ချင်မည်လဲ မသိ)

ကိုယ်ကတော့. . .
ရှိရှိသမျှ မေးခွန်းများ အဖြေများကို စုထုတ်ပြီး ဆွဲယူလွှင့်ပစ်လိုက်ပါမည်။

ကိုယ်က တခါတရံ မီးခိုးတစ်ဝက် မီးတောက်တစ်ဝက်ဖြင့် ကလက်တက်တက် ဖြစ်နေတတ်သည့် ဖယောင်းတစ်တိုင် ဖြစ်ပါသည်။

တကယ်တမ်းတော့ . . .
”ဖူးခနဲ”လာမှုတ်ငြှိမ်းသတ်မည့် တခုခုကို စောင့်မျှော်နေစရာမလိုသည့် မီးတောက်တစ/မီးခိုးတလွှသာ ဖြစ်ချင်ပါသည်။

စကားမစပ်. . .
ကိုယ့်အိပ်မက် နံပါတ် (၄၀၅)ကို ပြောပြချင်ပါသည်။ နားထောင်ချင်သည်ဆိုလျှင်ပေါ့. . . .

လွင့်မျောပျံ့နှံ့. . . . ကိုယ့်ရည်မှန်းချက်တို့လည်း အခိုးအငွေ့ဖြစ်ကုန်ပါလားဟု တအံ့တဩမဟုတ်တောင် တအံ့တဩ စိုက်ကြည့်လို့ရမည့် သာမန်လူ တစ်ယောက်လည်း ဖြစ်ချင်ဖူးခဲ့သည်။

ပေးကမ်းစွန့်ကြဲသူတို့ထံမှ ရလာသမျှ ငွေအတိုအစများကို ရေတွက်ပြီး စုသင့်တာစု / သုံးသင့်တာသုံး/ပြန်လည် စွန့်ကြဲသင့်တာ စွန့်ဖို့ ခွဲခြမ်းစီမံတတ်သော ဂျစ်ပစီအိုကြီးတစ်ယောက်နှင့် တစ်ညလုံးနီးပါး ထိုင်စကားပြောဖူးသည့်ညမျိုး တညဖြစ်ဖြစ် ပြန်လိုချင်ပြန်သည်။

ဘီယာတွေ တငုံပြီးတငုံ. . . အဲ့သည်နောက် တငုံပြီးတငုံ သောက်ချရင်း အဝေးပြေးလမ်းမကြီး တနေရာက လမ်းဆုံလမ်းခွတခုရဲ့ ပလက်ဖောင်းပေါ်ထိုင်ရင်း ကိုယ်ချစ်၍ ကိုယ်မရေးသော ကာရန်ပီသပါပေ့ဆိုသည့် ကဗျာတွေ ရွတ်မိသောညတညမှာမှ
ကိုယ့်လိုလူကို အချဉ်မှတ်ကာ ထောင်ချောက်ထဲ မောင်းသွင်းချင်သူများ ဝိုင်းလာသည့်အဖြစ်ကိုတော့ နောက်တစ်ကြိမ် ပြန်မလိုချင်ပြန်။

လောကသည် အဆိပ်တခွက်ကို ပျားရည်အမှတ်နှင့် သောက်မိတတ်သော မာယာအတိပြီးသည့် ပြဇာတ်တပုဒ်ဖြစ်ကြောင်း သိခဲ့ပြီ။

ထို့နောက် ကိုယ့်အတ္တနှင့်ကိုယ့်မာနတို့ကို ကိုယ်ကိုယ်တိုင် အကြိမ်ကြိမ် ပြန်သတ် . . .
အဲသည်နောက် . . . ကိုယ်ကိုယ်တိုင် ပြန်တပ်မက် . ..
ထိုသို့ဖြင့်  မပြီးဆုံးနိုင်သော ပန်းချီကားတချပ်လို အရောင် အရုပ်တို့ ရောနှောရှုပ်ထွေး. . .
ဘုရားရေ. . .
ကိုယ်အလိုအပ်ဆုံးအရာဟာ အခုအချိန်မှာ ဘာများလဲ. . .

တစုံတခုကို လက်ထဲမှာ ဆွဲကိုင်မွှေ့ရမ်းပြီး အားခနဲအော်ဟစ် ပေါက်ခွဲပစ်လိုက်ဖို့များ လိုအပ်နေပြီလား. . .

ဗလာစာရွက်ဖြူဖြူလေးအပေါ် မှင်ရည်ပျစ်ပျစ်တွေ လောင်းသွန်ချပြီး စိတ်ဦးတည့်ရာ အက္ခရာတွေ ဝုန်းဒိုင်းကြဲ ရေးချလိုက်ဖို့ရော လိုအပ်နေပြီလား…

တကယ်တော့ ဘယ်လိုလူကမှ တိတ်ဆိတ်ပြီး အေးချမ်းတဲ့ အပူအပင်ကင်းကင်း ညသန့်သန့်တွေကို ညစ်ပတ်စွာ မပျောက်ဆုံးစေချင်ပါဘူး။

ပြတင်းပေါက်ကို ဖွင့်ကြည့်ပြီး အပြင်လောကထဲက တချို့အရာတွေကို ကျိန်ဆဲပစ်လိုက်ဖို့ ပြင်လိုက်တိုင်း ကိုယ်ကချည်း ဦးအောင် အဆဲခံလိုက်ရ. . .

တခါတရံတော့လည်း ဟောသည်လိုညတွေ စုချုပ်ပြီး စာတအုပ်အဖြစ် ထုတ်ဝေ ကြည့်ချင်တယ်။  လှပသာယာတဲ့ ပြီးပြည့်စုံသောညကိုသာ ပိုင်စိုးခဲ့ဖူးသူတို့ လေ့လာခံစားကြည့်ဖို့အတွက်ပေါ့။

(မလွယ်ဘူး မေမေရယ်။ မြစ်တကာမြစ်ထဲမှာ လူမှုဝန်းကျင် ဆက်ဆံရေးမြစ်ကြီးက ကူးရခတ်ရတာ အခက်ဆုံးပဲ။
အဲဒီ ခပ်ခက်ခက် မြစ်ရေတွေကို ခပ်ထုတ်ပြီး ကမ႓ာလောကရဲ့ အပြင်ဘက်ထိ မောင်းထုတ်ပစ်ချင်မိတာ ကိုယ် မှားများ သွားသလားမေမေ)

နောက်ဆုံးတော့လည်း ဇာတ်သိမ်းညံ့တဲ့ ရုပ်ရှင်တကားလို ရှက်ကိုးရှက်ကန်းလေးနဲ့ ပြီးပါပြီရယ်လို့ စာတန်းထိုး။
ခေါင်းခါခါ လည်ခါခါနဲ့ ထပြန်သွားသူတွေကို ရင်ခွင် ဟာလာဟင်းလင်းနဲ့ ခေါင့်ငုံ့ နှုတ်ဆက် . . .

ဒါပါပဲ ။
ဒီထက်လည်း ဘာမှ မပိုခဲ့ပါဘူး။
ရူးရူးမူးမူးနဲ့ အော်ဟစ်သီဆိုဖူးတဲ့ ကပေါက်တိကပေါက်ချာ သီချင်းတပိုဒ်လောက်တောင် ရသ မမြောက်ခဲ့ပါဘူး။
ဘဝဆိုတာ. . . စွဲမက်စွာ သောက်ခဲ့ဖူးတဲ့ ကျဆိမ့်တစ်ခွက်လောက်မှ မပြောင်မြောက်လှပါဘူး။

တကယ်တော့ တစ်ခုခု ဖြစ်ပျက်သွားဖို့. . . ဒါမှမဟုတ် ဘာမဆို ဖြစ်ပျက်သွားဖို့ ကောင်းတဲ့ အနေအထား မဟုတ်လား။
အဲသည်လောက် အကြောင်းအချက်တွေ တိုက်ဆိုင်နေပါလျက်နဲ့ ဘာကြောင့်များ ငြိမ်သက်မွေ့လျော်နေပါလိမ့်။

အတွေးရခက်လိုက်တာ။
သက်ပြင်းကို ခပ်ပြင်းပြင်းချရင်း ကိုယ့်အကြောင်းကို ကိုယ်တွေးမိသမျှထဲမှာ ”ငါဟာ ပေပေါင်းများစွာ အမြင့်ကြီး မြင့်တဲ့ တောင်ထိပ်ဖျား တနေရာကနေ လက်တွေဆန့်တန်းပြီး လွှားခနဲ ခုန်ချလိုက်တဲ့ ဆောက်တည်ရာမဲ့ လူငယ်တစ်ယောက်များလား” လို့။

သေချာအောင် ထပ် စဉ်းစားကြည့်တော့လည်း. . .

မသေချာချင်တော့သလိုလို. . .

ဟိုးးးအမြင့်ကနေ တိမ်ထုကို ထိုးခွဲပြုတ်ကျ ဝေ့ကာဝိုက်ကာ နိမ့်ဆင်းသွားတဲ့ ဒြပ်ထည်တစ်ခုလေ. . .

ဒါဆိုရင်. . .
”ငါဟာ. . . သစ်ရွက်အစိမ်းနုနုလေး တစ်ရွက်”လည်း ဖြစ်နိုင်တာပဲ. . .

Alinsett@ Maung Thura

၂၀၁၅ / မေလ ရ ရက်

6 comments

  • အောင် မိုးသူ

    May 18, 2015 at 10:24 am

    ဒသန အက်ဆေးလေးတစ်ခုပဲ။ အရမ်းမရှည်တဲ့အတွက် ညည်းငွေ့မသွားဘူး။ ကောင်းတယ် ဒညင်းဝက်ရေ။

    • Alinsett @ Maung Thura

      May 18, 2015 at 2:11 pm

      လာရောက် ဖတ်ရှု အားပေးသွားပါသော…သယ်ရင်းအား..ဇူးဇူးပါလိုစ့်…

      :kwi:

  • Mike

    May 20, 2015 at 11:27 am

    .နားမလည်ပါးမလည်နဲ့ဖတ်သွားပါတယ်

  • manawphyulay

    June 16, 2015 at 1:58 pm

    အင်း ငါ တော်တော်လိုပါသေးလား… (စာဖတ်အားပြောပါတယ်)။ ကိုယ့်ဘာသာကိုယ် စာမဖတ်တာ အတော်ကြာမှန်း မောင်အလင်းဆက်ရေးတာ ဖတ်မိမှ သိရတော့တယ်။ ရေးဖို့နေနေသာသာ ဖတ်ဖို့တောင် အတော်လိုသေးတယ်ဆိုတာ ခုမှသိလိုက်ရတယ်။ ၃ ခေါက်လောက် ဖတ်ကြည့်တာတောင် ရေးရေးပဲ သိတယ်။ နားလည်ဖို့ဆိုတာ ဝေလာဝေးပဲ… ဟူး စိတ်အားငယ်လိုက်တာနော်…

    • Alinsett @ Maung Thura

      June 17, 2015 at 8:57 am

      အဟီးးး
      ကျနော် ရေးတဲ့ တချို့စာကို တချို့တော်တော်များများ နားမလည်ဘူးချည်း ပြောနေကျပဲမို့…
      မမ မနောက ပုံမှန်ပါပဲ လို့..

      :mrgreenn:

Leave a Reply