ကျွန်တော်ကသူခိုး သူကလူဆိုး

koyin sithuJune 5, 20151min22013

သူများတိုင်းပြည်တွေမှာ ဝန်ထမ်းတွေဟာ စားဝတ်နေရေး ပြေလည်တဲ့ လစာဝင်ငွေ ရကြပါတယ်။ ဒါ့အပြင်၊ အမေရိကားမှာ benefit လို့ ခေါ်တဲ့ အကျိုးခံစားခွင့်တွေ ရသေးတယ်။ ကျန်းမာရေးအာမခံ၊ အငြိမ်းစားစုငွေ၊ လစာပြည့် နာမကျန်းခွင့်၊ အနားယူခွင့် စတာတွေပါ ပေးတယ်။ အစိုးရဝန်ထမ်းဖြစ်စေ၊ ကုမ္ပဏီဝန်ထမ်းဖြစ်စေ အဲလို အကျိုးခံစားခွင့် ရှိတော့ တစ်ပတ်တန်သည်၊ တစ်လတန်သည် ခွင့်ရက်ရှည် အပန်းဖြေခရီးတွေ ဘာတွေ သွားကြတယ်။ အငြိမ်းစားယူရင်လည်း ပင်စင်လစာအပြင်၊ စုငွေတွေလည်း မြိုးမြိုးမြက်မြက် ရတော့ မပူမပင် လူဖြစ်ကျိုးနပ်တယ်လို့ ခေါ်ရမှာပေါ့။

ပြောရမယ်ဆိုရင် ကျနော်တို့ ရွှေနိုင်ငံတော်ကြီးမှာ ဝန်ထမ်းဆိုတာ မသေရုံ လစာလေးတွေနဲ့ ရုန်းကန်လှုပ်ရှားရင်း စိတ်သောကတွေ ပင်လယ်ဝေနေရသူတွေပါ။ သားသမီးတွေရဲ့ အနာဂတ်ဆိုတဲ့ အဝေးဆီက ပန်းတိုင်ကိုအသာထား၊ မနက်ဖြန်အတွက် ဈေးဖိုးခက်နေကြရတယ် မဟုတ်ပါလား။

ဒီတော့၊ ဝန်ထမ်းတွေ အနည်းနဲ့အများ အကျင့်ပျက်ကြတာ မြန်မာပြည်မှာတော့ လူတိုင်းနားလည်ပြီးသား ဖြစ်မြဲ ဓမ္မတာတရားပါပဲ။ ဘိလပ်မြေခိုးတယ်၊ ဓာတ်ဆီခိုးတယ်၊ ဆေးခိုးတယ်၊ ပိတ်အုပ်ခိုးတယ်၊ ကတ္တရာခိုးတယ်၊ သစ်ခိုးတယ်၊ သံခိုးတယ်၊ အချိန်ခိုးတယ်၊ အလေးခိုးတယ်၊ အိုဗျာ… ခိုးလို့ရတာ အကုန်ခိုးတယ်။ ခိုးလို့မရရင် ခိုးတဲ့သူတွေဆီက ဝေစုခွဲတယ်၊ လာဘ်စားတယ်၊ လိုင်းကြေးတောင်းတယ်၊ ဗိုလ်ကျမိုက်ကြေးခွဲတယ်။ ဆရာဝန်တွေ ဂျူတီကျတဲ့အချိန် ဆေးရုံမှာ မရှိဘဲ အပြင်ဆေးခန်း သွားထိုင်တာ အချိန်ခိုးတာပါ။ ကုန်ကုန်ပြောရင် ဆေးရုံအပေါက်စောင့်၊ သန့်ရှင်းရေးသမားကအစ တောင်းလို့ရသမျှ တောင်းတာပဲ။

ဒါတွေဟာ အောက်ခြေဝန်ထမ်းအဆင့်က စပြီး ထိပ်ဆုံးအရာရှိကြီးအဆင့်အထိ ခိုးဝှက် ဂွင်ရိုက် သပွတ်အူလိုက် ရှုပ်ထွေးနေလေရဲ့။ တစ်ခြားနိုင်ငံတွေမှာ ဒီလို အကျင့်ပျက်မှု ပေါ်ရင် ဟိုးလေးတကျော် အရှက်တကွဲ ဖြစ်ရပေမယ့် ရွှေနိုင်ငံတော်ကြီးမှာတော့ ပျော်ပျော်ပဲ ဘော်ဘော်တို့ရေ၊ သူ့ထက်ကဲရင် ရွှေပြည်စိုးရသတဲ့။ သောက်ရှက်ကလည်း နည်းသလားမမေးနဲ့။ အစိုးရအဖွဲ့ဝင်တွေ၊ အာဏာပိုင်တွေနဲ့ လွှတ်တော်အမတ်တွေရဲ့ ပိုင်ဆိုင်မှုကိုတောင် ဘယ်သူ့မှ ကြေညာစရာမလိုဘဲ မျက်နှာပြောင်တိုက်နိုင်သူတွေပါ။ (တိုက်ရဲတဲ့ တပ်ထဲက ကိုကိုတွေပဲလေ။)

ဒီလို အလီဘာဘာနှင့် ခိုးသား သန်း ၅ဝ ဖြစ်နေတဲ့ တိုင်းပြည်မှာ ခေတ်နဲ့ စနစ် အပြောင်းအလဲ ဖြစ်ပြီး ဒီမိုကရေစီနိုင်ငံ ထူထောင်မယ် ဆိုပါစို့။ ဒီသူခိုးတွေ အချိုးမပြောင်းရင် ကောင်းနိုင်ပါမလား။ သံသယရှိစရာပါ။

စားဝတ်နေရေး ပြေလည်အောင် အစိုးရကလုပ်ပေးလည်း ကားစီး တိုက်ဆောက်ပြီး စိန်ရွှေဝတ်နိုင်ဖို့ ခိုးလို့ရတဲ့ အခွင့်အရေးတွေကို လက်မလွှတ်ဘဲ ခိုးမြဲ၊ ဝှက်မြဲ၊ လာဘ်စားမြဲ၊ ဂွင်ရိုက်မြဲ ဆက်လုပ်နေကြရင် မခက်ဖူးလား။ ဒီမိုကရေစီရလည်း ထူးမခြားနားပဲ နေလိမ့်မပေါ့။

အဲဒီလို ရင်လေးစရာ အတွေးတွေ ချာချာလည်နေတုန်းမှာ ဟိုရှေးခေတ် ဂျပန်ပြည်က ဆာမူရိုင်းတရားသူကြီး တစ်ယောက် ကျနော့ရှေ့ရောက်ချလာတယ်။

အခုခေတ် တိုကျိုဆိုတဲ့ မြို့တော်ကြီး ပေါ်မလာခင် အဲဒီအရပ်ဟာ ရှိုဂွန် စစ်သူကြီး နန်းစိုက်ရာ အဲဒိုလို့ ခေါ်တဲ့ မြို့ ဖြစ်ပါတယ်။ ယိုရှိမူနဲ ရှိုဂွန်အဖြစ် နန်းတက်တဲ့အခါ အိုးအိုးခ ဆိုတဲ့ ဆာမူရိုင်းစစ်သည် တစ်ယောက်ကို တစ်ခြားမှူးမတ်တွေအပေါ် ခုန်ကျော်လို့ အဲဒိုမြို့ အုပ်ချုပ်ရေးမှာ အာဏာအရှိဆုံး မြို့ဝန်တရားသူကြီး အဖြစ် ခန့်အပ်လိုက်တယ်။ မတ်ချိဘုချောဆိုတဲ့ ရာထူးဟာ မြို့ဝန်၊ တရားသူကြီး၊ ရဲလုပ်ငန်းနဲ့ မီးသတ် တာဝန်လေးခုကို ပေါင်းစည်း ဆောင်ရွက်ရတဲ့ အာဏာပိုင်ဖြစ်ပါတယ်။ (ရွှေပြည်ကြီးမှာဆိုရင် တစ်ကယ်ဂွင်ကောင်းပြီး အရမ်းထောမှာမို့ အဘတွေ စားမာန်ခုတ်မယ့်နေရာပေါ့နော်။)

အိုးအိုးခ တာဒါဆုကဲဟာ တစ်ကယ် သက်ရှိထင်ရှား ရှိခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ၁၆၇ရ ခုနှစ်မှာမွေးပြီး ၁၇၅၂ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ် (မြန်မာနိုင်ငံမှာ တောင်ငူခေတ်ပေါ့)။ ကျနော်တို့ရဲ့ မဟော်သဓာ ဖြတ်ထုံးတွေလိုပဲ သူ့ရဲ့ တရားစစ်ဆေး စီရင်ချက်တွေကို ဂျပန်သမိုင်းမှာ လေးလေးစားစား ဖော်ပြခံရသူပါ။ သူ့စီရင်ထုံးတွေကို ပြဇာတ်ကပြီး ခုခေတ်လည်း ရုပ်ရှင်၊ တီဗီဇာတ်လမ်းတွေ ရိုက်ပါတယ်။

ဆာမူရိုင်းတရားသူကြီး အိုးအိုးခရဲ့ နာမည်ကျော် စီရင်ထုံးတွေထဲက ဆန်သူခိုးအမှုကို ကျနော်တို့ ရွှေနိုင်ငံတော်ကြီးမှာ ဖြစ်ပျက်နေတာတွေနဲ့ ထင်ဟပ် စဉ်းစားနိုင်အောင် ပြန်ပြီး ရေးပါရစေ။

အသက် ၃၅ နှစ်မှာ အဲဒိုမြို့ရဲ့ အာဏာအရှိဆုံး မြို့ဝန်တရားသူကြီး ဖြစ်လာခဲ့တဲ့ အိုးအိုးခဟာ စဉ်းစားဆုံးဖြတ်မှု ထက်မြက်သူ၊ ပညာဉာဏ်ကြီးမြင့်သူ အဖြစ်သာမက စာနာသနားတတ်သူ၊ စေတနာထား ကူညီစောင့်ရှောက်တတ်သူ၊ ပြဿနာကို တစ်ပွဲတိုး မဖြေရှင်းဘဲ ရေရှည်ပြေလည်အောင် ဖန်တီးဆောင်ရွက်ပေးသူ ဆိုတဲ့ ကောင်းသတင်းဂုဏ်အင်တွေနဲ့လည်း ကျော်ကြားပါတယ်။

တစ်နေ့တော့၊ တရားသူကြီး အိုးအိုးခရဲ့ ရုံးကို ဆန်ကုန်သည်ကြီး ယောအိချိ ရောက်လာပြီး အမှုတစ်ခုကို တိုင်ချက်ဖွင့်ပါတယ်။ သူ့ရဲ့ ဆန်ဂိုထောင်ထဲက ဆန်တွေ တစ်နေ့ကို နည်းနည်းချင်း ပျောက်နေတာ တစ်ဖြည်းဖြည်းနဲ့ အတော်များလာတာကြောင့် လာတိုင်တာပါ။ အသက် ၇ဝ ကျော် ဆန်ကုန်သည်ကြီး ယောအိချိဟာ ဆန်ဂိုထောင် အစောင့်အဖြစ် သူ့ရဲ့ ငယ်သူငယ်ချင်းကို ခန့်ထားတာကြောင့် သူငယ်ချင်းရဲ့ သစ္စာရှိမှုကို သူဘယ်လိုမှ သံသယမဝင်ကြောင်းလည်း ရှင်းပြသတဲ့။

ဆန်ဂိုထောင်ထဲမှာ ဆန်တွေကို အိတ်ကြီးအိတ်ငယ်တွေနဲ့ သိုလှောင်ထားရာမှာ ပမာဏများတဲ့ ဆန်အိတ်ကြီးတွေ လုံးဝ အပျောက်အရှမရှိဘဲ တစ်နေ့စာ ဆန်အိတ်အသေးလေးတွေသာ နေ့စဉ်ပျောက်နေတယ်။ လက်လုပ်လက်စား ဆင်းရဲသားများ နေ့တွက်ရတဲ့ လုပ်ခနဲ့ တစ်နေ့စာ ထမင်းချက်ဖို့ ခွဲထုပ်ရောင်းတဲ့ ဆန်အိတ် သေးသေးလေးတွေချည်း ပျောက်နေတာအခုဆိုရင် အိတ် ၂ဝ ကျော်ကျော် ရှိနေပြီ။

ဒီတော့ အိုးအိုးခလည်း ဆန်ဂိုထောင်စောင့်နဲ့ တွေ့ဆုံစကားပြောတဲ့အခါ အသက် ၇ဝ ကျော် အဖိုးကြီးဆိုတော့ မျက်စိလည်းမှုန် နားလည်း သိပ်မကြားဘူး။ အသက်ကြီးသူမို့ ညဉ့်နက်ရင် သူအိပ်ပျော်သွားနိုင်တယ်လို့ အိုးအိုးခက တွေးမိသတဲ့။ ဒါကြောင့် သူကိုယ်တိုင် ညလာစောင့်ပြီး သူခိုးဖမ်းမယ်လို့ ဆန်ကုန်သည်ကြီးကို ပြောလိုက်တယ်။

အိုးအိုးခဟာ ဆန်ဂိုထောင် အနီးအပါးက ရပ်ကွက်ထဲမှာ လိုက်ပြီး သတင်းစုံစမ်းရင်း၊ အလုပ်အကိုင်မရှိ တေပေလေလွင့်နေသူတွေကို လိုက်ကြည့်ပြီး စာရင်းမှတ်ထားတယ်။

ညမှာတော့ အိုးအိုးခလည်း သာမန်လူတစ်ယောက်လိုပဲ ဝတ်စားပြီး ဆန်ဂိုထောင်မှာ ညသွားစောင့်တယ်။ သူထင်ထားတဲ့အတိုင်း ညဉ့်နက်လာတော့ အစောင့်အဖိုးကြီး အိပ်ပျော်သွားတာပေါ့။ အဲဒီအချိန် ဂိုထောင်အပြင်က ချိုးချိုးချွတ်ချွတ်အသံကြားတာနဲ့ အိုးအိုးခက အသာသွားကြည့်သတဲ့။

အပြင်က လရောင်အောက်မှာ ဂိုထောင်ဆီ တိတ်တဆိတ် ချဉ်းကပ်လာသူဟာ ရပ်ကွက်ထဲမှာ မကြာခင် တစ်လလောက်က အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ဂိုရို ဆိုသူ ဖြစ်ကြောင်း သူ့မျက်နှာကို လရောင်နဲ့ ထင်ထင်ရှားရှား မြင်လိုက်ရတယ်။ အိုးအိုးခဟာ သူခိုးကို မြင်နေရပေမယ့် ဂိုရိုက ခုချိန်ထိ ဘာမှ မခိုးရသေးတော့ လက်ဆုပ်လက်ကိုင် သက်သေပြစရာ ဘာမှမရှိဘူး။

ဒီတော့၊ အိုးအိုးခက ဂိုရိုကို အသံတိုးတိုးနဲ့ လှမ်းခေါ်တယ်။ “ရှူး…ဟေ့ကောင်၊ မင်းလည်း ငါ့လိုပဲ ဆန်လာခိုးတာလား၊ တိတ်တိတ်လုပ်ကွ၊ အစောင့်အဖိုးကြီး ခုမှ အိပ်တာ၊ မင်းနဲ့ ငါ အတူတူခိုးကြတာပေါ့” လို့ လှမ်းပြောလိုက်သတဲ့။

ဂိုရိုလည်း ရုတ်တရက် လန့်သွားပေမယ့် “ကျနော်က အများကြီး မခိုးပါဘူး၊ အနည်းအကျဉ်းဆို တော်ပါပြီ” လို့ ပြန်ပြောတယ်။ သူဘာကြောင့် တစ်နေ့ကို နည်းနည်းချင်း ခိုးတယ်ဆိုတဲ့အကြောင်းကို အိုးအိုးခကလည်း သိပ်သိချင်တယ်။

သူက ဆန်အိတ်အကြီးတစ်ခုကို ဂိုရို့ဆီ လှမ်းပေးရင်း “ဟေ့ကောင် ဆန်အိတ် အကြီးခိုးခိုး အသေးခိုးခိုး မိသွားရင် အပြစ်ကအတူတူပဲကွ၊ ခိုးမယ့်ခိုးရင် များများခိုးမှပေါ့” လို့ တိုက်တွန်းတယ်။

ဆန်သူခိုး ဂိုရိုက ခေါင်းခါပြီး ငြင်းတယ်။ “ဟင့်အင်း၊ ကျနော် အလုပ်မရှိ၊ စားစရာမရှိ ဖြစ်နေလို့ လူမမယ်သမီးလေးနဲ့ ကျနော်စားဖို့ တစ်နေ့စာ ဆန်အိတ်အသေးတစ်ခု ရရင် တော်ပါပြီ၊ မနက်ဖြန် ကျနော်အလုပ်ရချင် ရမယ်လေ၊ ကျနော်အလုပ်ရလို့ ဝင်ငွေရှိလာတဲ့အခါ ကျနော်ခိုးထားတဲ့ ဆန်တွေကို ပြန်ဆပ်မှာမို့ များများမလိုပါဘူး” လို့ ပြန်ပြောတဲ့အခါ အိုးအိုးခလည်း တော်တော် အံ့အားသင့်သွားတာပေါ့။ သူခိုးက ခိုးထားတာတွေ ပြန်ဆပ်မယ်လို့ ပြောနေပါလား။

အဲဒါနဲ့၊ ဂိုရိုလည်း သူပြောသလို ဆန်အိတ်အသေးတစ်လုံး ယူပြီး အမှောင်ထဲကို တိုးဝင်ပြီး ပျောက်သွားတော့သတဲ့။

နောက်နေ့မှာတော့ သူခိုးတွေ့ပြီလို့ ဆန်ကုန်သည်ကြီး ယောအိချိကို ပြောတဲ့အခါ ဘာဖြစ်လို့ တစ်ခါတည်း မဖမ်းရသလဲလို့ အိုးအိုးခကို အပြစ်တင်လေတယ်။ သူပျောက်နေတဲ့ ဆန်အိတ်တွေဟာ အရင်ညပါပေါင်းရင် စုစုပေါင်း ၂ရ အိတ်ရှိနေပြီဆိုတော့ ထပ်ပျောက်မှာ စိုးရိမ်တယ်လေ။ ဒါပေမယ့် အိုးအိုးခက သူစမ်းသပ်စရာ ရှိသေးလို့ ခဏစောင့်ဆိုင်းဖို့ နှစ်သိမ့်ထားပါတယ်။

အိုးအိုးခဟာ သူစီစဉ်မှန်း မသိစေဘဲ၊ ဂိုရိုအတွက် ယာယီအလုပ်တစ်ခုကို တစ်ဖက်လှည့်နဲ့ ရှာပေးလိုက်တယ်။ ဂိုရိုဟာ ဝင်ငွေလေးရပြီး ဝမ်းသာအားရ ဖြစ်သွားပေမယ့်၊ သူနဲ့သမီးလေး စားဖို့အပြင် ပိုက်ဆံနည်းနည်းလေးပဲပိုတယ်။ ဂိုရိုက ပိုသမျှ ပိုက်ဆံလေးနဲ့ ဆန်ဝယ်ပြီး ညမှာ ဆန်ဂိုထောင်ကို တိတ်တိတ်လေး သွားထားတာ တွေ့တော့ သူ့ကို စောင့်ကြည့်နေတဲ့ အိုးအိုးခဟာ ပထမဆင့် ကျေနပ်သွားလေရဲ့။

အဲဒီလိုနဲ့ ဘယ်လောက်ပဲ အခက်အခဲရှိရှိ ဂိုရိုက နေ့စဉ် မပျက်မကွက် ပြန်ပြန်ပြီး ဆပ်နေတယ်။ နောက်ဆုံး အကျေဆပ်ရမယ့် ၂ရ ရက်မြောက် ညမှာတော့ ဆန်ဂိုထောင်ရှိတဲ့ ရပ်ကွက်မှာ မီးတုတ်ကိုင် အစောင့်ရဲမက်တွေ အပြည့်ချထားဖို့ အိုးအိုးခက အမိန့်ပေးလိုက်သတဲ့။

မီးတုတ်တဝင်းဝင်း ရဲမက်တွေ ကင်းလှည့်နေလို့ အဲဒီညမှာတော့ ဂိုရိုတစ်ယောက် ဆန်ဂိုထောင် အနားကိုတောင် ဘယ်လိုမှ မသီနိုင်တော့ဘူး။ ကဲ…ဂိုရိုဘာဆက်လုပ်မလဲဆိုတာ အိုးအိုးခ စောင့်ကြည့်နေတာပေါ့။

နောက်နေ့ အလုပ်ကအပြန်မှာ ဂိုရိုဟာ ၆ နှစ်အရွယ်သမီးလေးကို လက်ဆွဲပြီး ယောအိချိရဲ့ ဆန်ဆိုင်ကို သွားတယ်။ သမီးလေးလက်ထဲကို ဆန်တစ်အိတ်စာ ပိုက်ဆံနဲ့ စာလေးတစ်စောင်ထည့်၊ သေသေချာချာ သင်ပေးပြီး ဆိုင်ထဲကို လွှတ်လိုက်တယ်။ သမီးလေးလည်း ဆိုင်ထဲကို ဝင်ပြီး ဆန်အိတ်လေး ဝယ်တယ်။ ဆန်အိတ်ရတာနဲ့ ဆိုင်ထိပ်မှာ ထိုင်နေတဲ့ ယောအိချိဆီကို သွားပြီး ဦးညွှတ်အရိုအသေပေးရင်း လက်ထဲက ဆန်အိတ်လေးနဲ့ စာကို လှမ်းပေးလိုက်သတဲ့။

စာထဲမှာတော့ “ဆန်ကုန်သည်ကြီးခင်ဗျာ၊ ကျနော်နဲ့ သမီးလေး စားရမဲ့ သောက်ရမဲ့ မွဲငတ်နေချိန်မှာ ကြံရာမရ ဆန်ခိုးမိပါတယ်။ အခု ကျနော် အလုပ်ရလို့ ခိုးမိတဲ့ ဆန်အိတ်တွေ တစ်နေ့ချင်း ပြန်ဆပ်နေတာ ဒီတစ်အိတ်ဟာ နောက်ဆုံးပါပဲ။ ကျနော်နဲ့ သမီးလေးကို ငဲ့ညှာသောအားဖြင့် အပြစ်မှ ခွင့်လွှတ်တော်မူပါ” လို့ ရေးထားတယ်။

ဆန်ကုန်သည်ကြီး ယောအိချိက သမီးလေးကို အိုဆင်းဘဲ ဆန်မုန့်ကျွပ်လေး ဆုချပြီး သူ့အဖေနဲ့ တွေ့ချင်သူတစ်ယောက် ရှိလို့ ဆိုင်ထဲကို ခေါ်လာခဲ့ဖို့ လွှတ်လိုက်တယ်။ ဆိုင်ထဲကို ဂိုရို ရောက်လာပြီး တောင်းပန်စကား ပြောဆိုနေတုန်းမှာပဲ ယောအိချိ အကြောင်းကြားလိုက်တဲ့ မြို့ဝန်တရားသူကြီး အိုးအိုးခနဲ့ ကိုယ်ရံတော် ရဲမက်တွေ ဆိုင်ထဲကို ဝင်လာကြပါလေရော။

မြို့ဝန်တရားသူကြီးကို တွေ့လို့ ကြောက်လန့်တုန်လှုပ်နေတဲ့ ဂိုရိုကို အိုးအိုးခက သူဟာ ဟိုတစ်ညက ဆုံခဲ့ကြတဲ့ ဆန်သူခိုး ဖြစ်ကြောင်း၊ အဲဒီညက ဂိုရို ပြောခဲ့တဲ့အတိုင်း ကတိတည်မတည် စောင့်ကြည့်ခဲ့တာ ဖြစ်ပြီး ခုလို တိတိကျကျ လိုက်နာတာ တွေ့တဲ့အတွက် ဆုလာဘ်ချီးမြှင့်ဖို့ လာတာ ဖြစ်ကြောင်း မိန့်ကြား ပြောဆိုပါတယ်။

အိုးအိုးခ ချီးမြှင့်တဲ့ အသပြာဒင်္ဂါးတွေကို တုန်ရီတဲ့ လက်နဲ့ ဂိုရို ခံယူပြီးတဲ့အချိန် ဆန်ကုန်သည်ကြီး ယောအိချိကလည်း သူ့ရဲ့ ဆန္ဒကို ဝမ်းသာအားရ ပြောပြပါတယ်။ သူဟာ အသက် ၇ဝ ကျော်အထိ ဆန်ကုန်သည် လုပ်ရင်း အလုပ်ကို မျက်နှာလွှဲရမယ့် ရိုးဖြောင့်တည်ကြည်သူကို ရှာဖွေနေခဲ့ပါသတဲ့။ ဂိုရိုလို ရိုးသားကြိုးစားသူကို သူ့ဆီမှာ အလုပ်ခန့်ချင်လို့ မနက်ဖြန်ကစပြီး သူ့ဆန်လုပ်ငန်းမှာ လာအလုပ်လုပ်ဖို့ ကမ်းလှမ်းတာပါ။

နောင်နှစ်အနည်းငယ်ကြာတဲ့အခါ အဲဒိုမြို့မျက်နှာဖုံး ဆန်ကုန်သည်သူဌေးကြီး ဂိုရိုရဲ့ သမီးမင်္ဂလာဆောင်မှာ မြို့ဝန် အိုးအိုးခက မင်္ဂလာဩဝါဒစကား ပြောကြားပါတယ်။ လူတွေဟာ အခွင့်အရေးရရင် သူဌေးကြီး ဂိုရိုလို ရိုးရိုးသားသား ကြိုးစားကြစေချင်တယ်လို့ သူက စံနမူနာပြ တိုက်တွန်းအားပေးသွားတာပါ။

အမှန်တော့ ပြည်သူတွေ အကျင့်စာရိတ္တကောင်းပြီး တိုင်းပြည်နဲ့ လူထုကို အကျိုးပြုစေချင်ရင် ဖမ်းဆီးထောင်ချတဲ့ ဥပဒေတွေထက် သူတို့ဘဝကို ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်အောင် သမ္မာအာဇီဝ စားဝတ်နေရေး အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုပါတယ်။ လူတွေဟာ ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်ရင် ခိုးမှာဝှက်မှာ မဟုတ်ပါဘူး။
အိုးအိုးခဟာ ဆန်သူခိုး ဂိုရိုကို တွေ့တဲ့ညမှာပဲ ဖမ်းပြီး ထောင်ချလိုက်ရင် သူ့တာဝန်ကျေပါပြီ။ ဒါပေမယ့် လူတစ်ယောက်ကို တန်ဖိုးရှိတဲ့ဘဝ ထူထောင်နိုင်အောင် သူအခွင့်အရေးပေးခဲ့တာ မြင်ကြပါလိမ့်မယ်။ ဒါဟာ အစိုးရရဲ့ တာဝန်ပါ။

ကျနော်တို့ မြန်မာနိုင်ငံမှာ ပြည်သူက မကြိုက်မနှစ်သက်တဲ့ လူဆိုးတွေ အဓမ္မအုပ်ချုပ်တာကို နှစ်ပေါင်း ၅ဝ ကျော် (ရာစုနှစ်ထက်ဝက်ကျော်) ခံနေကြရတယ်။ သူတို့ လူဆိုးတွေကြောင့် ကျနော်တို့ သူခိုး ဖြစ်ကြရတယ်။

ဒါဖြင့်ရင် ကိုယ့်တိုင်းပြည်မှာ ဒီမိုကရေစီစနစ်နဲ့ နိုင်ငံသစ်ထူထောင်နိုင်တဲ့ ခေတ်ကိုရောက်ရင် ရိုးသားတဲ့ သူခိုးများလည်း ကိုယ့်ရဲ့စာရိတ္တမဏ္ဍိုင်ကို ပြန်လည် တည့်မတ်ပြီး တိုင်းပြည်တာဝန်ကို ဆတက်ထမ်းပိုး ထမ်းဆောင်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါရစေ။

Credit to : https://www.facebook.com/minmyat.maung.3?fref=photo

 

13 comments

  • တောင်ပေါ်သား

    June 5, 2015 at 11:55 am

    ကျနော် ဘာခိုးရမလဲ ဟင်

  • အတော်မှတ်သားစရာကောင်းတဲ့ ပိုစ်လေးပါ

    ကမျိုး

    ဘာမှ ခိုးဘို့မစဉ်းစားနဲ့

    ခိုးစရာ ဘာမှ မကျန်တော့ဘူး

  • Shwe Ei

    June 5, 2015 at 1:36 pm

    -ပို့စ်ဖတ်ရသလောက်က..ပဆံမရှိလို့ ဆန်ခိုးစားရတဲ့ ဆင်းရဲသားတစ်ယောက်
    -သထေးဖစ်သွားတယ်..ဘာလို့လဲဆိုတော့ ကတိတည်လို့ .
    -တစ်ခုရှိတာက သူတကယ် ကတိတည်လားဆိုတာ စောင့်ကြည့်မဲ့သူလဲရှိ..အိုက်အပေါ်မှာ -ဂုဏ်ပြုပေးတာလဲရှိလို့..အလုပ်ခန့်ချင်သူတွေ့သွားတာ…
    -ခြုံကြည့်လိုက်ရင် အုပ်ချုပ်သူက ဦးနှောက်ရှိတာ အဓိကကျသလိုဘဲ…
    -ကိုယ့်တိုင်းပြည် အခြေအနေနဲ့ ယှဉ်ကြည့်ရင် အများကြီး ကောင်းနေသေးတယ်လို့ ခံစားရတယ် 😛

    • ခင်ဇော်

      June 5, 2015 at 2:07 pm

      ရွှေအိ မန့်လေး အပေါင်းပေးသွားတယ်။

      • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

        June 5, 2015 at 2:24 pm

        ချွီချွီခင်ဇော့် မန့်လေးကိုလည်း အပေါင်းပေးသွားပါ့မယ်..။ 😳

  • Mike

    June 5, 2015 at 2:27 pm

    .ခိုးမစား၊ တောင်းမစားနိုင်လို့ အစိုးရအလုပ်ကထွက်ခဲ့တာ…
    .ခေါင်းဆောင်ကောင်းရဖို့လိုတယ်ဗ ျို့

    • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

      June 6, 2015 at 8:19 am

      နိုင်ငံသားတစ်ယောက်ဟာ သူ့အစိုးရ သူ့နိုင်ငံဟာ ကိုယ့်မိဘအရင်းလိုပဲ
      ရွေးချယ်ပိုင်ခွင့်မရှိပဲ မွေးဖွားလာတာဆိုတော့..
      မိဘမကောင်း သားသမီးခေါင်း၊ ဆရာမကောင်း တပည့်ခေါင်း ဆိုတဲ့
      အယူအဆတွေကို ဆွဲထုတ် သင့် ချိန် သင့်တန် ရောက်ပီ လို့ ထင်ပါတယ်။ အူးမိုက် ခင်ဗျာ။

  • Ma Ma

    June 5, 2015 at 2:46 pm

    ကျောင်းတုန်းက စက်ရုံဆင်းတော့ တွေ့ခဲ့ရတဲ့ စီနီယာကြီးကတစ်ယောက်က….
    ကိုယ့်အဆင့်နဲ့ ကိုယ့်ဝေစု မယူချင်လည်း မရဘူးလို့ ညည်းရှာတယ်။
    :e:

  • Ma Ei

    June 5, 2015 at 3:49 pm

    ပြသနာတစ်ခု မှာဆိုပါတော့ …
    ဝန်ထမ်းတစ်ယောက်က စတိုအဝင် Voucher ကိုပိုပြတာ
    Account က Store နဲ့ တိုက်စစ်တော့ မိသွားတဲ့အခါ…
    ရုံးက GM ကပြောခဲ့ဘူးတယ်…သူအခု 100 လောက်ခိုးတာ
    သူ 10ပြားခိုးတုံးက မင်းက မဖမ်းနိုင်ဘဲနဲ့ လွှတ်ပေးခဲ့လို့သာ 100 ထိတက်လာသတဲ့…
    သူ့ကိုကူချင်ရင် 10 ပြားမှာတင် တားနိုင်ရမတဲ့…
    မတူတဲ့ အမြင်လေးမို့ပါ…

  • ငွေဝင်တဲ့ဌာန ကြီးတစ်ခုမှာ ခွဲတမ်းပေးတာကို မယူမိလို့

    ဝိုင်းပြဿနာအရှာခံရတာလေးကို လဲ သွားသတိရမိပြန်ပါတယ်

  • Alinsett @ Maung Thura

    June 6, 2015 at 12:42 pm

    ပြောရမယ်ဆိုရင် ကျနော်တို့ ရွှေနိုင်ငံတော်ကြီးမှာ ဝန်ထမ်းဆိုတာ မသေရုံ လစာလေးတွေနဲ့ ရုန်းကန်လှုပ်ရှားရင်း စိတ်သောကတွေ ပင်လယ်ဝေနေရသူတွေပါ။ သားသမီးတွေရဲ့ အနာဂတ်ဆိုတဲ့ အဝေးဆီက ပန်းတိုင်ကိုအသာထား၊ မနက်ဖြန်အတွက် ဈေးဖိုးခက်နေကြရတယ်….

    .မြင်ရသလောက်တော့…. အဟုတ်ပဲ…
    =======
    အမှန်တော့ ပြည်သူတွေ အကျင့်စာရိတ္တကောင်းပြီး တိုင်းပြည်နဲ့ လူထုကို အကျိုးပြုစေချင်ရင် ဖမ်းဆီးထောင်ချတဲ့ ဥပဒေတွေထက် သူတို့ဘဝကို ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်အောင် သမ္မာအာဇီဝ စားဝတ်နေရေး အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုပါတယ်။

    ဒါလည်း အဟုတ်ပဲ…

    ======

    ကျနော်တို့ မြန်မာနိုင်ငံမှာ ပြည်သူက မကြိုက်မနှစ်သက်တဲ့ လူဆိုးတွေ အဓမ္မအုပ်ချုပ်တာကို နှစ်ပေါင်း ၅ဝ ကျော် (ရာစုနှစ်ထက်ဝက်ကျော်) ခံနေကြရတယ်။

    ဒါလည်း ဟုတ်ထာပဲ…

    =======

    လွယ်ရင် သူကြွယ်တောင်ခိုးသတဲ့…
    အဲ့သူကြွယ်ကို သတ်ပစ်သင့်….
    အဲ့ စကား ဖြစ်လာအောင် လုပ်ခဲ့ ပြောခဲ့သူတွေကိုပါ ဆဲပစ်သင့်…

    လွယ်တိုင်းသာ ခိုးရမယ်ဆိုရင်…..

    • မြစပဲရိုး

      June 8, 2015 at 4:49 am

      အခု လောလောဆယ် ရွှေပြည်က သူကြွယ်များ ခိုးနေလို့လား။ နော။
      ဒီ စကားပုံမို့ အလိုက်ကန်းဆိုးမသိ ထွင် ရက်တယ်။ lol;-))

  • ​ဒေါ် လေး

    June 8, 2015 at 3:21 pm

    ခုခေတ် ကခိုးစရာမလို စာပွဲအောက်က ပိုက်ဆံဘဲလိုပါသည်

Leave a Reply