ပညာရေးအဟောသိကံ ဖြစ်မှု – မောင်စွမ်းရည်
ကျနော်က မန္တလေးမှာ အထက်တန်းပြဆရာ လုပ်နေရာက ၁၉၇ဝ ကျော်လောက်မှာ ရန်ကုန်၊ အခြေခံပညာရေးဌာန ”ပညာရေး သုတေသနဗျူရို”ကို ပြောင်းရတယ်။ ပညာရေး သုတေသနဗျူရိုကို နောက်တော့ ”ပညာရေးသုတေသနဌာန”လို့ အမည်ပြောင်းတယ်။ (အဲဒီတုန်းက ”မြန်မာစာ ကော်မရှင်”ဆိုတာလဲ ”မြန်မာစာအဖွဲ့” အမည် ပြောင်းတယ်။ ) ကျနော် ရောက်သွားချိန်မှာ ”စာမတတ်သူ ပပျောက်ရေး” သို့မဟုတ် ”စာတတ်မြောက်ရေး လှုပ်ရှားမှု” ဆိုတာကို ပညာရေး သုတေသနဌာနက ဦးဆောင် လှုပ်ရှားနေတယ်။
အဲဒီအချိန်မှာပဲ ပညာရေး သုတေသနဌာနရဲ့ အဓိက သုတေသန ပြုနေတာက ”ပညာရေး အဟောသိကံ ဖြစ်မှု”တဲ့။ အင်္ဂလိပ်လို ”Drop Out” တဲ့။ ပါဠိလို ၊ အင်္ဂလိပ်လို ပြောတော့ ခန့်ညားတဲ့အပြင် နားချမ်းသာတယ်။ အမှန်ကတော့ ဗမာပြည်မှာ ကလေးတွေ ပညာဆက် မသင်နိုင်လို့ ကျောင်းထွက်သွားကြရတဲ့အကြောင်းပါပဲ။ အဟောသိကံ ဆိုတာ ကိုလိုနီခေတ် ဗမာပညာရှင်တဦး ဘာသာပြန်ထားတာ ဆိုပဲ။
ဦးပေါ်ဦးက ဦးရွှေလေးဆိုတဲ့ ပုဂ္ဂိုလ် စိတ်ချမ်းသာအောင် ”သုဝဏ္ဏဓနု”ဆိုတဲ့ ဘွဲ့ တီထွင်ချီးမြှင့်သလိုပေါ့။ ဗြုံစိနဲ့ ဗြိစုံ ပါပဲ။ အဲဒီ ”ပညာရေး အဟောသိကံဖြစ်မှု” ဆိုတာ ပညာရေး သုတေသနဌာနရဲ့ ပထမဆုံး ထင်ရှားကျော်ကြားတဲ့ ဆောင်ရွက်ချက် ဖြစ်ပုံရပါတယ်။
ဗမာပြည်က ကလေးတွေဟာ မူလတန်း ခေါ်တဲ့ စတုတ္ထတန်းအဆင့်ကိုတောင် ဆုံးခန်းတိုင်အောင် မသင်ယူနိုင်ဘဲ ကျောင်းထွက်ကြရရှာတယ်။ စာအုပ်ဖိုး၊ ခဲတံဖိုးလဲ မတတ်နိုင်တဲ့အပြင် ၊ မိဘရဲ့ အလုပ်ကို ကူညီရလို့ မိဘကလဲ ကျောင်းမလွှတ်နိုင်ဘူး။ ဆင်းရဲသားတွေရဲ့ အမြင်မှာ ကျောင်းတတ်တယ်ဆိုတာ အားယားနေမှ တက်ကြရတာကိုး။ အဲဒါကို ပညာရေး ပြုန်းတီးမှု၊ ဆုံးရှုံးမှု မခေါ်ဘဲ ”အဟောသိကံ” လို့ ခေါ်တာပါပဲ။ အချည်းနှီး ဖြစ်ရခြင်းပေါ့ ။
ကျောင်းဆက်မတတ်နိုင်လို့ လမ်းခုလတ်က ကျောင်းထွက်သွားရတဲ့ (အချည်းနှီး) ဦးရေဟာ ဘယ်လောက်များသလဲ ။ အများကြီးပေါ့။ ကလေးတွေဟာ ပညာရေးဘက်မှာ အချည်းနှီး ဖြစ်သွားရတယ်။ ဆုံးရှုံးသွားရတယ်။ အဲဒါကို စကားလုံး လှလှကလေးနဲ့ ပြောရရင် ”အဟောသိကံ” ဖြစ်သွားရတယ်တဲ့။ အဟောသိကံဖြစ်ရတဲ့ ဦးရေဟာ မူလတန်းအဆင့်မှာ ကျောင်းသား ၁၀ဝ တက်ရင် ရှစ်ဆယ်က ကျနေရစ်တယ်။ နှစ်ဆယ်လောက်ပဲ တန်းကုန်အောင် သင်ရပါသတဲ့။ (ကျနော်က ကိန်းဂဏန်းတို့ စာရင်းဇယားတို့ မေ့တတ်လို့ အတိအကျ မမှတ်မိတာ အားနာပါတယ်။) ဆယ်တန်းအောင်ဖို့ကျတော့ တထောင်မှာ တယောက်လောက်ပဲ ရှိတော့သတဲ့။
မူလတန်းမှာ ပညာရေးအဟောသိကံ ဖြစ်မှုက ၈ဝ % ဆိုရင် အလွန်များနေတယ်။ ဒါကြောင့် ကျေးလက်တွေမှာ စာမတတ်သူ ဦးရေလဲ အလွန်များနေတယ်။
ဒါကြောင့် တဆက်တည်းမှာပဲ စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှုဆိုတာ လုပ်ပါတယ်။ ”စာမတတ်သူ”ဆိုတဲ့ စကားလုံးမှာ (မ) ပါနေတယ်။ အင်္ဂလိပ်လို ”နဂေးတစ်”တဲ့။ မင်္ဂလာ မရှိဘူး။ ဒါကြောင့် ”စာမတတ်သူ ပပျောက်ရေး”ကို”စာတတ်မြောက်ရေး လှုပ်ရှားမှု”လို့ပြောင်းလဲ သုံးနှုန်းတယ်ဆိုလားပဲ။ ၁၉၆၅ ခုနှစ်လောက်ကပါ။
ပညာရေး သုတေသနဌာနမှ ဗကသ ၊ တကသ ကျောင်းသားခေါင်းဆောင်ဟောင်းတွေ ရှိနေကြလို့ လှုပ်ရှားမှုမှာ ကျောင်းသားတွေ ပါဝင်လှုံ့ဆော်ရာမှာ အထူးအောင်မြင်ခဲ့တယ်လို့ ထင်ပါတယ်။ တပြည်လုံး အုန်းအုန်းကျက်ကျက်ပါပဲ။ ကိုယ့်စရိတ်နဲ့ကိုယ် အားရစရာကြီးပါပဲ။ ကျောင်းသားတွေကလဲ ကျေးလက်ပြည်သူတွေနဲ့ ထိတွေ့ရလို့ အထူးတက်ကြွခဲ့ကြပြီး အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။ မိုဟာမက် ရေဇာပါလဗီဆုကို ရလိုက်တယ်။ ဝန်ကြီးက ဒေါက်တာ ညီညီပါ။
ဒီလို ကျောင်းသားနဲ့ ပြည်သူ ထိတွေ့ရင်းနှီးသွားတာကို ဗိုလ်နေဝင်း ကြိုက်နှစ် သက်ပုံ မရပါဘူး။ ရေရှည်စဉ်ဆက်မပြတ် လှုပ်ရှားရမယ့် လှုပ်ရှားမှုကြီးဟာဆက်မလှုပ်ရှားတော့ဘဲ ရပ်ဆိုင်းလိုက်တော့ ”အဟောသိကံ” ဖြစ်မြဲ ဖြစ်သွား ရပါ တော့တယ်။
စာတတ်သူဦးရေ များလာရင် အဆင်းရဲဆုံးနိုင်ငံ သတ်မှတ်တာ မခံရဘဲနေမှာ စိုးလို့တဲ့လေ။ ”မူလတန်းမပညာ မသင်မနေရ”ဆိုတာ ဥပဒေပြဌာန်းခဲ့တာ ဟိုး-လွတ်လပ်ရေး ရစလောက်ကပါပဲ။ အကောင်အထည်မပေါ်ခဲ့ပါဘူး။ ပညာရေး
သုတေသနဌာနက ဦးဆောင်ကြွေးကြော်ခဲ့တဲ့ ”စာသင်ရွယ်ရောက်သူတိုင်း စာသင်
ခန်းထဲရောက်ရှိရေး”(လူတိုင်းအတွက် ပညာရေး)တဲ့။ ဒီကြွေးကြော်သံဟာလဲ ယူနက်စကိုက လှုံ့ဆော်ဆဲကာလမှာပဲ ကြားလိုက်ရပြီး မိုးတွင်း ဖားအော်သံလိုပါပဲ။ ”ဥုံ-အင်”ဆိုပြီးပျောက်သွားတာပါပဲ။ ဖါးကောက်သူတောင် မမြင်လိုက်ရပါဘူး။
စာသင်ရွယ်ရောက်တဲ့ ကလေးစာသင်ခန်းထဲ ရောက်မလာရင် ကျောင်းသားကို ဖမ်းရမလား၊ မိဖကိုပဲ အရေးယူရမလား၊ အစိုးရကိုပဲ အရေးယူ ရမလား၊ တိုင်းပြည်မွဲနေသမျှ စာသင်ရယ်ကလေး
တွေအားလုံး စာသင်ဖို့ဆိုတာ မအောင်မြင်နိုင်သေးပါဘူး။ ခုအခါ မူလတန်း
ပညာ မသင်မနေရဆိုတဲ့ အဆင့် မအောင်မြင်သေးဘဲ အလယ်တန်းပညာ မသင်မနေရ ဥပဒေပါ ပြဌာန်းဖို့ တောင်းဆို
ကြမယ်ဆိုတော့ ”ဝမ်းသာရမလား၊ ဝမ်းနည်းရမလား” ဆိုတာလို ဖြစ်
နေပါတယ်။
နှစ်ဆင့်လုံး တပြိုင်တည်း အောင်မြင်အောင် တွန်းဆောင် ဖော်ဆောင်နိုင်ရင် အတိုင်းထက်အလွန်ပေါ့။ ဒါကလဲ ပြည်တွင်းစစ်ရပ် ၊ စစ်အသုံး လျှော့မှ ဖြစ်မှာပါ။
စာမတတ်သူ ပပျောက်ရေး၊ မူလတန်းပညာ မသင်မနေရ၊ ကြွေးကြော်သံတွေဟာ ပြည်တွင်းငြိမ်းချမ်းရေးလို နှစ်ပေါင်း ၆ဝ – ၇ဝ ကြာခဲ့ပါပြီ။
အဟောသိကံ ! အဟံသိကော !
မောင်စွမ်းရည် (၂၀၁၅ ၊ မေ ၁၃)
မှတ်ချက်။ ။ မြန်မာ့ဂဇက် ဇူလိုင်ထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။
6 comments
Ma Ma
June 19, 2015 at 9:59 am
ကျမတို့ငယ်ငယ် စာတတ်မြောက်ရေး လှုပ်ရှားမှုက စစ်အတွင်းကာလ စာမသင်ခဲ့ရတဲ့ အမေတို့အရွယ်တွေကို သင်ပေးတာမို့ ခုခေတ်မှာတော့ မလိုလောက်တော့ဘူးထင်တာပဲ။
ခုခေတ်မှာ မူလတန်းပညာ မသင်မနေရ၊ အလယ်တန်းပညာ မသင်မနေရ မအောင်မြင်တာကတော့ ဆင်းရဲမွဲတေမှုရဲ့ ပြယုဂ်တစ်ခုလို့သာ…. 🙁
ဇီဇီခင်ဇော်
June 19, 2015 at 10:10 am
Credit to Tin Nyunt
https://www.facebook.com/tin.nyunt.338/posts/830792180338597?pnref=story
~~~~~~~~~~~~
မိန်းမတွေသွားကြ
ကိုယ့်တိုင်းပြည်သမ္မတနဲ့ သမ္မတကတော် (First Lady) တို့ ပညာရေးနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်နေတယ်။ ဘယ်လောက်လှုပ်ရှား နေတယ်ဆိုတာ သိချင်လွန်းလို့ အင်တာနက်ထဲရှာကြည့်မိတယ်ဗျ။ အမေရိကန်သမ္မတ ကတော်ရဲ့ ပညာရေးလှုပ်ရှားမှုသတင်းပဲဖတ်လိုက်ရတာကြောင့် သက်ပြင်းကို ဖြည်းဖြည်းချင်း ချလိုက်မိပါရဲ့။
အမေရိကန်သမ္မတကတော်ဟာ ဒီလ ၁၅ ရက်နေ့က လန်ဒန်ကိုသွားတယ်။ ရိုးရိုးသွားတာမဟုတ်ဘူး။ ပညာရေး အတွက် ဗြိတိန်ကို သွားစည်းရုံးတာ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတိုင်း ပညာသင်ကြားခွင့်ရရေးကို ထောက်ပံ့ပေးနိုင်ရေး ဝန်ကြီးချုပ်ဒေးဗစ် ကင်မရွန်နဲ့ သွားဆွေးနွေးတာ အောင်မြင်သွားတယ်။ အမေရိကန်နဲ့ ဗြိတိန် ဒေါ်လာ သန်း ၂၀ဝ ကို အမျိုးသမီးများ ပညာသင်ကြားနိုင်ရေးအတွက် ထောက်ပံ့ပေးတော့မယ်ဆိုတာ မင်္ဂလာစကားပဲဗျ။
တစ်ကမ္ဘာလုံးဆိုတော့ မြန်မာနိုင်ငံက ပရောဂျက်ပြစားချင်တဲ့သူတွေ ခေါင်းမထောင်လိုက်ပါနဲ့။ မြန်မာနိုင်ငံ အတွက် မပါဘူးဗျ။ ကွန်ဂိုနိုင်ငံက အသက် ၁ဝ နှစ်က ၁၈ နှစ်အတွင်း အမျိုးသမီးပေါင်း ၇၅၅၀၀ဝ ဦးကို ငါးနှစ်ကျော် ပညာသင်စရိတ်တွေ ထောက်ပံ့ပေးနိုင်အောင် ဒေါ်လာ သန်း ၁၈ဝ လောက်သုံးမယ်လို့ သတင်း ထုတ်ပြန် သွားတာကို ဖတ်လိုက်ရပါတယ်။
တစ်ကမ္ဘာလုံးမှာ ကျောင်းနေပညာသင်ရမယ့်အရွယ် အမျိုးသမီး ၆၂ သန်းလောက်ဟာ ကျောင်းပြင်ပမှာ ရောက်နေကြရတယ်။ အကျိုးဆက်တွေကတော့ အရွယ်မတိုင်မီ အိမ်ထောင်တွေကျ၊ ကိုယ်ဝန်ဆောင်၊ စီးပွားရေးအဆင်မပြေ၊ အိမ်ထောင်တွေကွဲ၊ လူကုန်ကူးခံရ၊ HIV/ AIDS တွေရကြနဲ့ အားလုံးရဲ့ တရားခံဟာ ပညာမတတ်တာနဲ့ ပညာမသင်ကြားနိုင်တာတွေကြောင့် ဖြစ်ရတာလို့ သုံးသပ်ကြပါတယ်။
ဒါကြောင့် အမျိုးသမီးတွေ ဘဝလွတ်မြောက်ရေးအတွက် ပညာသင်ကြားနိုင်အောင် “Let Girls Learn” ဆိုပြီး သူတို့စီမံချက်နဲ့ လုပ်နေကြတာ။
မြန်မာပြည်မှာလည်း ကျွန်တော်ထင်ပါတယ် “Let Girls Go” ဆိုပြီး လုပ်နေတယ်လို့။ ဘယ်ကို Go နေကြတယ် ဆိုတာတော့ မပြောတော့ပါဘူးဗျာ။
၁၇.၆.၂၀၁၅
kai
June 19, 2015 at 10:42 am
မစ်ရှဲအိုဘားမားက.. ကလေးတွေအတွက်တော်တော်လုပ်ပေးပါတယ်..။
ကျမ်းမာရေးမှာ…အမေရိကန်ကလေးတွေအဝလွန်နေသမို့.. ကလေးကျောင်းတွေမှာ.. အချိုတွေ..အဆီအဆိမ့်တွေမကျွေးဖို့ကန်င်ပိန်းလုပ်တာအောင်မြင်တယ်…။
မက်ခ်ဒါနယ်ဆိုင်တွေမှာလည်း.. ကလေးတွေအတွက် ကလေးမီနှူးထဲ ဒိန်ချဉ်ထုတ်တို့.. ပန်းသီးတို့ထည့်ခိုင်းတာသူပဲ…။
အခုတော့.. ပညာရေးဖက်ပေါ့…။
တကယ်တော့.. ဟီလာရီကလင်တန်ကစလို့.. သမ္မတကတော်ကလည်း.. သမ္မတဖြစ်နိုင်ချေရှိတယ်လို့.. တွေ့လာပြီးတဲ့နောက်.. ဖတ်စ်လေဒီတွေ ပိုအလုပ်လုပ်လာကြတယ်လို့ထင်တာပါပဲ..။
မြန်မာသမ္မတကတော်ကြီးကရော..။ ရှိတဲ့ခြံထွက်… သရက်သီးလေးများ.. ကလေးကျောင်းတွေကို အလှူမလုပ်ချင်ဖူးလား.. သိချင်..။ :k:
Courage
June 19, 2015 at 5:38 pm
ဆရာ့စကားနဲ့ ပြောရရင်
အဟောသိကံ ပြဿနာကို အဟောသိကံ အဖြစ်ပဲထားနေလို့လဲ အဟောသိကံ ဆက်ဖြစ်နေတာ ပေါ့
kai
June 20, 2015 at 2:34 pm
…. ခြေလှမ်းကျယ်လွန်းနေတယ်လို့.. ဆိုလိုချင်နေတာလား.. မသိ..။
ဆိုလိုချက်… မိအောင်..ဖမ်းနိုင်ပါ၏…။
Alinsett @ Maung Thura
June 21, 2015 at 4:12 pm
ဆရာစွမ်းက…
အတွေး ရဲရဲ…
အရေးရဲရဲ…
.ပြည်တွင်းက ဆရာတွေထဲ…အဲ့လို အတွေးရဲတဲ့သူတွေ တပုံကြီး ရှိမှာပဲ…
ဒါမယ့်… အတွေးရဲသလောက် အရေးရဲခွင့် မရရှာကြထင့်…
ကိုယ့်တိုင်းပြည်အကျိုးကို အဝေးကနေ… ရဲရဲဝံ့ဝံ့ အကျိုးဆောင် ပေးနေသူတွေနဲ့…
.ပြည်တွင်းကနေ… မပြောရဲ မဆိုရဲ မျိုသိပ်နေရသူတွေ…
ဘယ်အဖြစ်က ပိုကောင်းမလဲ….