စက်ဘီးအစား ကားဝယ်ပေးပါ ( ရွှေကူမေနှင်း )

“စက်ဘီးသမားတစ်ယောက်ကို ပြိုင်ကားမောင်းသူဖြစ်အောင် လုပ်မပေးနိုင်ဘူး”

အထက်ပါစကားကို တစ်ချို့ကအမှတ်တမဲ့နဲ့ ကြားလိုက်ကြမှာ မဟုတ်ပါဘူး။

ဒီစကားကိုပြောသူက “ဖရိုက်ဒရစ်” ဆိုတဲ့လူပါ။ ဂျာမနီအမျိုးသားဖြစ်ပါတယ်

၂၀၁၅- မြန်မာ ယူ-၂ဝ ဘောလုံးအသင်းနည်းပြကြီးပါပဲ။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ခမျာ အခုမှပြန်လည်ပျိုးထောင်ရတဲ့ ကလေးသင်း (ယူ-၂၀) အတွက်

ကမာ္ဘ့နည်းစနစ်တွေနဲ့ အရှင်မွေးနေ့ချင်းကြီးဖြစ်ပါစေတော့ဆိုပြီး နာမည်ကြီးတဲ့ဂျာမနီနည်းပြကို

ငှားရမ်းခဲ့ရှာတာပါ။ ငွေဘယ်လောက်ကုန်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

နည်းပြကိုငှားပြီး ဒီကလေးတွေကို နိုင်ငံခြားမှာသွားရောက်လေ့ကျင့် ခဲ့ကြတာပါ။

ကမာ္ဘ့ဖလားခြေစစ်ပွဲအောင်ပြီး၊ ကမာ္ဘ့ဖလားဝင်ခွင့် ရခဲ့တယ်။

နယူးဇီလန်မှာကန်တယ်။ ၃ ပွဲလုံးမရှုနိုင်မကယ်နိုင်အောင်ရှုံးခဲ့တယ်။

ဒီလိုရှုံးရတာဟာ သူ့တာဝန်လို့နည်းပြက တရားဝင်တောင်းပန်ခဲ့တယ်။

ဒါပေမဲ့ အထက်မှာတွေ့တဲ့စကားကိုတော့ ပြောဖြစ်အောင်ပြောခဲ့ပါသေးတယ်။

“စက်ဘီးသမားတစ်ယောက်ကို ပြိုင်ကားမောင်းသူဖြစ်အောင်မလုပ်ပေးနိုင်ဘူး”တဲ့။ မှန်ပါတယ်။ ငြင်းဖို့မဖြစ်နိုင်ပါဘူး။

ကျွန်မတို့ကလေးတွေဟာ စက်ဘီးသမားလေးတွေပါ။ ပြိုင်ကားမမောင်းတတ်ပါဘူး။

ဒါဟာကလေးတွေအပြစ် မဟုတ်ပါဘူး။ ကျွန်မတို့မိဘတွေရဲ့အပြစ်ပါ။

ကျွန်မတို့က သူတို့ကိုစက်ဘီးပဲ ဝယ်ပေးနိုင်ခဲ့တာကိုး။ ပြိုင်ကားမဝယ်ပေးနိုင်ခဲ့ဘူးလေ။

စိတ်ထဲမှာရှုံးတာကို ဝမ်းမနည်းဘဲ၊ အပြောခံရတာကိုဝမ်းနည်းလိုက်တာ။

ငါတို့အပြောခံရလေခြင်း။ ဟုတ်တာမှန်တာမို့ ဘာမှလည်းပြန်မချေပနိုင်ဘူး။ငုတ်တုတ်ငုံ့ခံနေရပြီ။

ဟုတ်ပါတယ်။ ၂၀၁၅ ကလေးတွေဟာစက်ဘီးပဲစီးနေရတာပါ။

ဒါပေမဲ့တိုလွန်းတဲ့ ဆယ်စု လေးစုကျော်တုန်းကတော့၊ အင်္ဂလန်လုပ်စစ်လက်ကျန် ဂျစ်ကားလေးတွေစီးခဲ့ရဘူးတက်လို့ ပြန်ပြောချင်တယ်။

အဲ့ဒီတုန်းက “မြန်မာနိုင်ပြီ” ဆိုတဲ့ဂုဏ်ပြုပွဲ သီချင်းဆက်တဲ့အချိန်ပေါ့။

မြန်မာလက်ရွေးစင်ဘောလုံးသင်းဆိုတာ၊ အာရှမှာခေါင်းထောင်ခဲ့တယ်။

မြန်မာလူမျိုးဆိုတာကလည်း၊ ဘောလုံးဟေ့ဆိုရင် ကလေးလူကြီးလူမျိုးမရွေးအားပေးတတ်ကြတယ်၊

ကိုယ်တိုင်ကလည်းကစားကြတယ်။ ကိုယ်တိုင်ကစားပုံက မူကြိုအရွယ်ကနေ အဖိုးကြီးတွေအထိပါပဲ။

ဘောလုံးပြိုင်ပွဲတွေ လုပ်တယ်။

လူငယ်အသင်းနဲ့ အဘိုးကြီးအသင်းပြိုင်ကန်တယ်။ ပွဲနာမည်က “ကညာပျိုနဲ့ ဇရာအို”တဲ့။

ဇရာအိုကြီးတွေဖြစ်တဲ့အတိုင်း ကစားကြတာပါ။

ရွာအလိုက်ပြိုင်တဲ့အခါ တစ်ရွာနဲ့ တစ်ရွာအပြိုင်အားပေးကြတာ၊ ရွာဘုန်းကြီးတွေကိုယ်တိုင်လည်း ပါတယ်။

ကွင်းထဲဆင်းမကန်ရုံတစ်မယ်ပဲ။ အိုးစည်ဒိုးပတ်တွေနဲ့။ သံချပ်တွေနဲ့။ မိန်းမတွေဆိုရှေ့ဆုံးမှာ ကတာ။

အားကစားသမားတွေခမျာ ဘောလုံးဝတ်စုံဝယ်မဝတ်နိုင်ပါဘူး။ ပုဆိုးခါးတောင်းကျိုက်ပြီး ကန်တာလေ။

ရွာတစ်ရွာနှင့် တစ်ရွာဘယ်လိုခွဲသလဲဆိုတော့၊ ခုလိုအနီဝတ်စုံ၊ အဖြူဝတ်စုံ ဘယ်ဟုတ်မလဲ။

တစ်သင်းက အကျီင်္ဝတ်ထားရင် ကျန်တစ်သင်းကအကျင်္ီချွတ်တယ်။ ဒါမှလူချင်းကွဲပြားအောင်ပေါ့။

အဲ့သလိုကျေးရွာတွေမှာတောင် ဝက်ဝက်ကွဲဝါသနာပါခဲ့ကြတာပါ။

ကလေးတွေကလည်းနေ့တိုင်း ဘောလုံးကန်ကြတယ်။

ဘောလုံးမဝယ်နိုင်တဲ့အခါ ရှောက်ပန်းသီး (ကျွဲကောသီး) ကိုဘောလုံးလုပ်ကန်ရတယ်။

အဲ့တုန်းကရှောက်ပန်းသီးက တစ်လုံးမှဆယ်ပြားကိုး။ ကျောင်းတိုင်းမှာဘောလုံးကွင်းရှိတယ်။

တစ်မြို့လုံးနဲ့ဆိုင်တဲ့မြို့မဘောလုံးအသင်းရှိတယ်။ ရပ်ကွက်အလိုက်ကန်ကြတယ်။ ဌာနဆိုင်ရာအလိုက်ကန်ကြတယ်။

ရဲအသင်းတဲ့။ ရုံးပေါင်းစုံတဲ့။ စစ်တပ်အသင်းတဲ့။ ဒိုင်းကတော ့နယ်ပိုင်ဒိုင်းတဲ့။

အဲ့ဒီအသင်းတွေကနေ လူကောင်းတွေရွေးထုတ်ပြီး မြို့နယ်လက်ရွေးစင် အသင်းဖွဲ့တယ်။

မြို့နယ်အလိုက် ပြိုင်ကြတယ်။ အကြီးအကျယ်အားပေးကြတယ်။ ဒိုင်းကခရိုင်ဝန်ဒိုင်းတဲ့။

အဲ့သိလိုမြို့နယ်တွေထဲကမှ လူစွာတွေကောက်ယူပြီး ပြည်နယ်အသင်း၊ တိုင်းအသင်းဖွဲ့တာဖြစ်တယ်။

(ကြုံတုန်းကြွားရရင် ကျွန်မသားကြီးရဲ့အဖေက ကချင်ပြည်နယ် လက်ရွေးစင်ဖြစ်ဘူးတယ်။

မြန်မာ့လက်ရွေးစင်ဟန်သိန်း (အကောက်ခွန်) ဆိုတာက ကျွန်မရဲ့ “မတ်လေးပါ”။)

ဒီလိုအောက်ခြေကစပြီး ကစားနိုင်အောင် ဖန်တီးပေးသူကတော့ အစိုးရပါ။

အစိုးရက အော်ဂနိုင်ဇာဆိုတဲ့ အားကစားရေးမှုးတွေကို မြို့နယ်တိုင်းမှာခန့်ထားတယ်။

ကြုံ့ခိုင်ရေးမှုလို့လည်းခေါ်တယ်။ (ကြုံ့ခိုင်ရေးပါတီမပေါ်သေး။) လစာအထက်တန်းပြဆရာနှုန်းလို့သိရတယ်။

ဒါ့အပြင်အထက်တန်းကျောင်းတွေမှာ ကာယဆရာဆိုတာရှိတယ်။သူကအလယ်တန်းပြဆရာ လစာရတယ်။

ကျောင်းစာသင်ချိန်ဇယားထဲမှာ “ကာယချိန်” ဆိုတာရှိပါတယ်။ သောကြာနေ့နောက်ဆုံး နှစ်ချိန်ကို ကာယချိန်လိုသတ်မှတ်ပြီး

တစ်ကျောင်းလုံးကစားရတယ။် မကစားလို့မရဘူး။ ကြိုက်တာကစားလို့ရတယ်။

ထုတ်ဆီးတိုးမလား၊ ဖန်ခုန်မလား၊ ယောကျာ်းတွေက ဘောလုံးကန်ပေါ့။

ကျောင်းမှာဘောလုံးတွေ၊ ပိုက်တွေပေးထားတယ်။

မြို့နယ်အားကစားမှုး ဆီမှာလည်း ဘေလုံးတွေ၊ ကြက်တောင်ရိုက်တဲ့ဟာတွေ၊ ပိုက်တွေ၊ လှံတံ၊ သံလုံး၊ သံပြား အကုန်ရှိတယ်။

အစိုးရက ဖြည့်ဆီးထားပေးတာလေ။ အားကစားမှုးက တစ်မြို့လုံးမှာရှိတဲ့ကျောင်းတွေ၊ ရပ်ကွက်တွေလှည့်ပြီး သင်ပေးတယ်။

ပစ္စည်းတွေချပေးတယ်။ ဒီနည်းနဲ့ဆိုတော့ အားကစားကောင်းတွေ ထွက်လာတာဘယ်ဆန်းပါမလဲ။

ကျွန်မတို့ငယ်ငယ်က၊ ဘောလုံးပွဲအားပေးတဲ့ပရိသတ်တောင် ဘောလုံးဝေါဟာရတွေကိုသိကြတယ်။

စည်းမျဉ်းတွေသိကြတယ်။ ဝေါဟာရအခေါ်အဝေါ်တွေတောင် အင်္ဂလိဂ်လိုခေါ်တာပါ။

ဥပမာ- ဂိုးသွင်း = ဂိုးရှုတ် …။ ( ရှ…ရှု…လို့ခေါ်ကြတာ)

– ဂိုးသမား = ဂိုးကီပါ

-ဘယ်တောင်ပံ = လက်ဖ်ဝင်း

-ညာတောင်ပံ = ရိုက်ဝင်း

– အလယ်လူ = စင်တာဖေါဝပ်

– နောက်တန်း = ဖူလ်းဘက်ခ်

-လူကျွံ = မင်းနောက်

-ဒေါင့်ကန်ဘော = ကော်နာ

– ဒိုင်လူကြီး = ရယ်ဖရီ

– စည်းကြပ်ဒိုင် = လိုင်းစ်မင်း……စသဖြင့်ဖြစ်ပါတယ်။ အဲ့သလောက်လူထု ကြားမှာပျံ့နှံ့ခဲ့တာပါ။

ဒီလိုအခြေခံနယ်ပယ်ကစပြီး စိတ်ဝင်စားခဲ့ကြတာမို့၊ အရှေ့တောင်အာရှကျွန်းဆွယ်ပွဲတိုင်း ရွှေပိုင်ရှင်တွေဖြစ်ခဲ့တာပေါ့။

အခုအခါမှာဆိုတော့….

အားကစားရေးမှုးဆိုတာကြားတောင်မကြားဖူးဘူး။

ကာယဆရာဆိုတာလည်း ဘာအဓိပ္ပာယ်မှန်းမသိ။

အဓိကအချက်က အားကစားကွင်းမရှိတော့ဘူး။

နမူနာပြောရရင်…..လှိုင်အားကစားကွင်းကို ရန်ကုန်ယူနိုက်တက်က သိမ်းသွားတယ်။

အဲ့ဒီလှိုင်ကွင်းဆိုတာ မဆလ လက်ထက်မှာတောင်အလံရောင်စုံလွင့်ပြီး ဘောလုံးပြိုင်ပွဲတွေလုပ်ခဲ့တဲ့နေရာပဲ။

ကမာရွတ် ရ ရက်ကွက်က ဘောလုံးကွင်းကြီးကိုတော့ စပယ်ခြံနဲ့လဲပစ်ခဲ့တယ်။

စပယ်ခြံကလူတွေ ကိုဘောလုံးကွင်းမှာ တိုက်တန်းလျားဆောက်ပေးပြီး၊ စံပယ်ခြံကိုအကွက်ချ ရောင်းစားတယ်။

ဟိုတယ်တောင်ဆောက်တယ်။ ရလဒ်ကတော့ ရပ်ကွက်လူထု ဘောလုံးကစားကစားခွင့် ဆုံးရှုံးသွားခြင်းပါပဲ။

ဒီလိုဆုံရှုံးမှုအတွက်လူစု ပြီးဆန္ဒဖော်ထုတ်ကြဖို့တိုင်ပင်ကြပါသေးတယ်။

ဒါပေမဲ့ ၈ပူး ကိုကိုကြီးတောင် သူငယ်ငယ်ကကစားခဲ့တဲ့ အားကစားကွင်းမှာ ကြံ့ခိုင်ရေးပါတီက ရှစ်ထပ်တိုက်လာဆောက်လို့

ကန့်ကွက်ဆန္ဒပြတာ၊ ပုဒ်မ-၁၉ နဲ့တရားစွဲခံရတယ်။ ဒါနဲ့ကမာရွတ်က မပြဖြစ်တော့တာပါ။

ဒီလို ကျွန်မတို့ကလေးတွေအဖြစ်ဆိုးရတာဟာ၊ အစိုးရမှာပဲ တိုက်ရိုက်တာဝန်ရှိပါတယ်။

အထူးသဖြင့် ၈၈ နောက်ပိုင်းမှာ ပေါ်လာတဲ့ “‘ဒယ်ဗလိုပါ” အမည်ခံခရိုနီတွေရှိသမျှ ကစားကွင်းတွေကိုသိမ်းယူဖို့၊

အစိုးရကပဲလက်သိပ်ထိုးခဲ့တာပါ။

နာနတ်တောသချိင်္ုင်းဟောင်း “နာနတ်တောအားကစားကွင်း။ မည်သူမဆိုကစားနိုင်သည်။”ဆိုတဲ့ဆိုင်းဘုတ်ဆိုပျောက်သွားပြီ၊

ဘောလုံးဥက္ကဌရဲ့နိုဗိုတယ်ဟိုတယ်ဝင်းထဲပါသွားပြီ။

အနာသိရင် ဆေးရှိသတဲ့။

အခု ယူ-၂ဝ ရှုံးရခြင်းမှာအနာသိရပြီလေ

နောက်တစ်ခုကတော့၊ ဒီကလေးတွေအမေရိကန်နဲ့ကစားတဲ့ပွဲမှာ

“ကိုယ်ကခေါင်းနဲ့တိုက်ဖို့ကြံလိုက် သူကရင်ဘတ်နဲ့ဆီးပြီး ထိန်းလိုက်” ဆိုတာမျိုးကြုံရတယ်။

ဒါဟာအရပ်အမောင်းကိစ္စ။

မြန်မာကလေးတွေဟာ နှစ်ပေါင်း ၃ဝ အတွင်းသိသိသာသာ အရပ်ပုလာတယ်။ ကြုံလှီလာတယ်။ အာဟာရမပြည့်ဝလို့ပါပဲ။

အခုမှသမ္မတကြီးခမျာ ဆင်းရဲနွမ်းပါးမှုလျော့နည်းအောင်ဆိုပြီး ကြွေးကြော်တာဟာ၊ နှစ်ပေါင်းဆယ်စုသုံးစုနောက်ကျသွားပါပြီ။

ဝမ်းနည်းတယ်။

ရှက်လည်းရှက်တယ်။

စက်ဘီးစီးသမားတဲ့။

ရက်ရက်စက်စက်၊ မထောက်မညှာပြောရက်လေခြင်း။

ဟုတ်ကဲ့။

ကျွန်မတို့ပြိုင်ကားမဝယ်ပေးနိုင်လို့၊ စက်ဘီးအစုတ်ကလေးပဲ စီးနေကြတာပါ။

ပြိုင်ကားမဝယ်နိုင်ပေမယ့် အရင်ကလို အင်္ဂလန်ဂျစ်ကားလေးရှိရင်လည်း၊ ဒီလောက်မျက်နှာ မငယ်နိုင်ပါဘူး။

ကဲ…. အစိုးရတာဝန်။

စက်ဘီးအစား ကားဝယ်ပေးပါ။

( ရွှေကူမေနှင်း )
Myanmar-Gazette ( July – 2015 )

1

14 comments

  • ဇီဇီခင်ဇော်

    June 24, 2015 at 4:24 pm

    ဗီယက်နမ်နဲ့ ထိုင်းက ကစားသမားတွေ အရပ်အမောင်းတွေနဲ့ ကိုယ်လုံးတွေက မိုက်တယ်လို့ ပြောလည်းပြောချင်တယ်။
    ပြောလည်း ပြောလိုက်ပြီ။

    :k:

  • Ma Ma

    June 24, 2015 at 4:54 pm

    ကားဝယ်ပေးဖို့တောင်းဆိုတာကို ထောက်ခံတယ်။
    ဒါပေမယ့် နည်းပြကြီးရဲ့ပြောစကားကတော့ နည်းနည်းလွန်နေတယ်လို့ထင်တယ်။
    ကားမောင်းတဲ့သူတွေနဲ့ယှဉ်ရမှာကို နည်းပြကြီး မသိဘူးလား။
    ကားမောင်းတဲ့သူတွေနဲ့ ယှဉ်ချင်လို့ သူ့ကိုခေါ်တာကို နည်းပြကြီး မသိဘူးလား။

    သူ့အနေနဲ့ ကမာ္ဘဖလားအဆင့်မရှိတဲ့အသင်းကို တာဝန်ယူထားရဆိုရင် ရှုံးမှ ဒီလိုပြောမယ့်အစား အစောကြီးကတည်းက ဒီစကားကို ပြောထားသင့်တယ်။

  • မြန်မာဘောလုံးအဆင့်အတန်း နိမ့်ကျလာတာ ကြာပေါ့၊

    ပထမဆုံးပြောရရင် တိုင်းစွဲ ဒေသစွဲ စိတ်ဓါတ်နဲ့ ရန်ကုန်တိုင်းကို အခြားတိုင်းနဲ့ပြည်နယ်တွေ မယှဉ်နိုင်အောင်
    လုပ်ချိုးတဲ့ဇာတ်လမ်းကနေစရမှာပါဘဲ။

    ပြည်နုယ်နဲ့တိုင်းဘောလုံးပွဲ ဆိုတာ အကောင်းဆုံးပွဲတွေပေါ့။
    အဲဒီမှာခြေစွမ်းပြနိုင်တဲ့ အခြားတိုင်းနဲ့ ပြည်နယ် နဲ့ ကစားသမားကို ပမာဏလက်ရွေးစဉ် ဆို ဆွဲစိလိုက်တယ်။
    ပြီးတော့ မြန်မာလက်ရွေးစဉ်အသင်းထဲလဲ ကောင်းကောင်းမွန်မွန်ဝင်ကစားခွင့်မရဘူး။
    ကိုယ့်ဒေသ ပြိုင်ပွဲမှာလဲ ဝင်ကန်လို့ မရ ဘူး
    ဒါနဲ့ ဘဲ အသက်တွေကြီးပြီး ဘောလုံးသမားဘဝ ပျောက်သွားကြတယ်။

    နောက်တစ်ချက်
    အားကစားသမား အနေနဲ့ နိုင်ငံခြားထွက်ရင် ပစ္စည်း ဝယ်ဘို့အခွင့်အရေး ရတယ်။
    အဲတော့ တော် တော် မတော် တော် အမျိုးတော်ရင် အကပ်ကောင်းရင် လက်ရွေးစင် အဖြစ်နဲ့
    နိုင်ငံခြားထွက်ဘို့ ရွေးလိုက်တာဘဲ

    နောက်ဆုံးတစ်ချက်ကတော့
    ဇာတိပုည ဂုဏ်မာနတွေနဲ့ ဘဲ လက်သီးလက်မောင်းတန်းနေကြတာ
    အရပ်အမောင်း နဲ့ ခွန်အားက နောက်မှာကျန်ခဲ့ပြီ
    ဒါကို ပြုပြင်ရမှာ
    အမဲသား မစားလို့ တော့ လာမပြောနဲ့
    အမဲသားမစားဘဲ အရပ်အမောင်းကောင်းနေတဲ့သူတွေလဲရှိပါ့

    • kai

      June 25, 2015 at 2:07 pm

      အမဲသားက..ဘယ်ကထွက်သလည်းဆိုတော့.. နွုားကထွက်သဗျ..
      နွားက..နို့လည်းထွက်တယ်..

      အဲဒီအကောင်ကို.. မစားကောင်း..မသတ်ကောင်း ယုံကြည်ကြတဲ..အိနိ္ဒယမှာတောင်.. သူတို့သက်သတ်လွတ်ထဲ..နို့နဲ့ဆိုင်တာတွေ. ထည့်စားခွင့်ပြုတယ်..
      အမဲသားကို ကမ္ဘာမှာ ဒုတိယအတင်ပို့ဆုံးနိုင်ငံ.

      ဆိုတော့.. တိုတိုလိုရင်းပြောရရင်.. ဒီလို.. ကိုပေါက်ရေ…
      အမဲသားကိစ္စကို.. မြန်မာပြည်မယ်..စကားလုပ်ပြောနေရတာကိုက.. ပြည်ဖျက်နမိတ်ပဲ….
      ကျိန်စာ.

      • မြစပဲရိုး

        June 25, 2015 at 3:39 pm

        . မြန်မာပြည် မှ အမဲသား တော်ရုံမစားတာ က အကြောင်းရှိခဲ့ပါတယ်။
        . နွား တွေက အသားစားဖို့ မဟုတ်ဘဲ ခိုင်းနွား တွေ လို ဖြစ်နေတာ ကိုး။
        . အဲဒီ နွား တွေ နဲ့ လယ်ထွန်ပြီး စပါးစိုက်ရတာ မို့ နွား က ကျေးဇူးရှိတဲ့ သဘော နဲ့ မစားကြတာပါ။

      • ကိုခိုင်ရေ ကျုပ်ကတော့ အကုန်စားသဗျ

        ဘာအယူမှ မရှိဘူး

        အမဲသားစားခြင်း မစား ခြင်း က ထက် ခန္ဓာကိုယ်ဖွံထွားအောင်လုပ်ဘို့ကအဓိကဘဲလို့ ဆိုချင်တာပါ

  • Alinsett @ Maung Thura

    June 24, 2015 at 10:28 pm

    အန်တီရွှေကူ အခုနောက်ပိုင်း
    လူသိ ပိုများလာတယ်
    လက်စွမ်း(ကလောင်စွမ်း) ပို ထက်လာတယ်လို့ ပြောနိုင်တာပေါ့
    ပြီးတော့ အခုတလော အန်တီ စာပေတာဝန်တွေ ပိုများလာတယ်ထင့်
    ကျန်းမာ လွတ်လပ်ပါစေကြောင်းးး

  • မြစပဲရိုး

    June 24, 2015 at 11:14 pm

    အန်တီရေ
    အဲဒီ နည်းပြကြီးကသာ “”စက်ဘီးသမားတစ်ယောက်ကို ပြိုင်ကားမောင်းသူဖြစ်အောင်မလုပ်ပေးနိုင်ဘူး” လို့ ပြောနေတာ။
    တကယ်တော့ ရွှေပြည်ထဲ မှာ နွားလှည်းမောင်း တဲ့ သူ က လဲ အလွယ်လေး ပိုက်ဆံထိုးရုံ နဲ့ ကားမောင်းခွင့် ရနေပါတယ်။
    တရားဝင်ဖြစ် နေဖို့ သိပ်ရှည်ရှည်ဝေးဝေး ကြိုးစားဖို့ မလိုပါ။ အလွယ်နည်း လိုက်နိုင်ကြနေတာလေ။

    ရန်ကုန် က တက်စီဒရိုင်ဘာလေး တစ်ယောက် ကို အင်တာဗျူး ကြည့်တာ
    ရွာမှာ ကိုင်းလုပ်နေကျ ဟာ ဘယ်လို မှ အလုပ် မဖြစ် လို့ မြို့တက်လာပြီး ကားမောင်းတာတဲ့။
    အရင်က နွားလှည်းဘဲ မောင်းဖူးတာ ကို ရမ်းသမ်းပြီး တက်မောင်းကြည့်ရင်း အလုပ်ဖြစ်သွားတာတဲ့။
    .အခုနောက်ပိုင်း အော်တိုဂီယာ တွေ နဲ့ မို့ နဲနဲရဲ ရင်ကို ကား က မောင်းလို့ ရနေတာ။
    ဒါပေမဲ့ လမ်းစည်းကမ်း တွေ လဲ မသိ၊ အဆိုးဆုံး က လမ်းတွေ မသိတာဘဲ။
    သူက ပြန်ပြီး လမ်းမေး နေတော့ တာ။
    ကားလိုင်စင် လဲ လာဘ်ပေးရင် ရသတဲ့။
    ဟိုး အရင်က ယာဉ်မောင်းလိုင်စင်ရဖို့ ရေးဖြေ ရော ဖြေရပါတယ်။ လက်တွေ့လဲ မောင်းပြရပါတယ်။
    အခုမှာတော့ ဘာမှ ကျွမ်းကျင်ဖို့ မလို။ ပိုက်ဆံပေးရင် ဒေါက်တာ တောင် ဖြစ်နေတဲ့ အချိန်ကိုး။

    ဘာမှတော့ သိပ် မဆိုင်ပေမဲ့ ကြုံတုန်း လေး။

    PS – ကိုမျိုး လက်စသတ်တော့ ကျွန်မ ရဲ့ ဘောလုံးသမားနာမည် က ကိုမျိုး ဦးလေး ဖြစ်နေတော့တာပါလား။
    ကမ္ဘာကြီးက အကျဉ်းလေး။ lol:-)))

    • တောင်ပေါ်သား

      June 25, 2015 at 9:38 am

      မမချွိ
      မြန်မာမှာလည်း အရပ်အမောင်းကောင်းသူ ရှိပ ၊ ဒါပေမယ့် မကန်တတ်တော့ ဘယ်လိုလုပ်ရပါ့ ၊

      အန်တီမမ
      အဲဒီနည်းပြက သူ တာဝန်စယူကတည်းက ပြောဘူးတာရှိတယ် ၊
      အတတ်နိူင်ဆုံး ကြိုးစားမယ် ၊ အများကြီးတော့ မမျှော်ပါနဲ့ဦး တဲ့ ၊

      ကိုပေါက်ရေ
      ကိုးရီးယားတို့ ဂျပန်တို့က ကစားသမားတစ်ချို့ ဥရောပလိဂ်တွေမှာတောင် ခြေစွမ်းပြနေကြချိန်
      မြန်မာကတော့ အာဆီယံမှာတောင် ဗိုလ်မဖြစ်နိူင်သေးဘူး ၊ ရေရှည်လုပ်ရမယ့်ကိစ္စကြီးပါ ၊

      အလက်ဆင်း
      ငါ့အမေကျန်းမာလွတ်လပ်စေဖို့ ငါက ဈေးသွား ထမင်းဟင်းဝင်ချက်နေရတာလေ ၊ 🙁

      အရီးရေ
      ဟိုပြိုင်ပွဲတွေမှာက လိုင်စင်မဲ့ ဝစ်သောက် နဲ့ လျှောက်ရမ်းလို့ ရဘူးလေ ၊

      ဒါနဲ့ အရီး ကျနော့်ဦးလေးနဲ့ တွေ့ချင်လို့လားဟင် 🙂

  • manawphyulay

    June 25, 2015 at 12:58 pm

    ဖဘမှာ နာမည်ကြီးနေတဲ့ပိုစ့်လေးပဲ။ အစိုးရကလည်း ပြန်ပြောမှာပေါ့ စက်ဘီးအစားသာ ကားဝယ်ပေးရရင် ခုတောင် လမ်းတွေ ဒီလောက်ကြပ်နေတာ ဘယ်သူမှ သွားလို့လာလို့ရမှာမဟုတ်ဘူးလို့လေ… 😛

  • အောင် မိုးသူ

    June 25, 2015 at 1:59 pm

    မြန်မာ့အားကစား ကမ္ဘာ့တက်လှမ်းရမည်တဲ့ သီချင်းတောင် စာသားလေးပြောင်းသွားတယ်နော်။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    June 26, 2015 at 7:05 pm

    ဒီဆောင်းပါးကို ဖေ့ဘုတ်ပေါ်မှာ ဦးမျိုးတင်ထားတာ မြင်ကတည်းကိုက အတော်သဘောကျခဲ့တာ…
    ပြောမယ် ပြောမယ် နဲ့ မပြောဖြစ်ခဲ့ … ( လိုင်းစုတ်နေတာကြောင့်လည်းပါသဗျ)
    အခု ပြန်ကောင်းပြီမို့ … အသေအချာ မန့်ပါ့မယ်..။

    ၁).. ရွှေခေတ်…
    အချက်အလက်အတွက် ဦးမျိုး မာမီကိုကျေးဇူးဗျို့…
    လူငယ်တွေ တသက်လုံးမှတ်လာ သိလာတာက လွတ်လပ်ရေးခေတ်ဦးမှာ ရွှေအလီလီရပြီး
    အောင်မြင်ခဲ့တယ်ဆိုတာ …သူတို့ပဲ ကွပ်ကဲမှု ကောင်းလို့ တော်လို့လိုလို
    ခုမှ အင်္ဂလိ လက်ကျန် အမွေ ဆိုတာ သိခဲ့ရတယ်… တိုင်းနဲ့ ပြည်နယ် အနှံ့တို့ အော်ဂနိုက်ဇာတို့ စသည်ပေါ့
    အဲ့သည့်အတွက် ပါ..

    ၂)..တောရော မြို့ပါ ..
    ကျနော်တို့ ငယ်ငယ်က ရပ်ထဲ ရွာထဲ ညနေတိုင်ဆို အရွယ်ကောင်း အမျိုးသား အမျိုးသမီးတွေ
    လမ်းပေါ်မယ် ဘောလုံးကန် ထုပ်ဆီးတိုး စသည် ကစားကြတာ ဘေးကနေ အားကျငေးမောဖူးတယ်…
    ခုတော့ ဒါမျိုးမတွေ့ရတော့… စီးပွားရေးက ပိုကျပ်လာတာကိုး…
    တအိမ်လုံး စာမသင်နေရင် အလုပ်လုပ်ရတဲ့ခေတ် ဆိုတော့…

    ၃).. ကစားကွင်းတွေကိစ္စ..
    ဒါကတော့ အားလုံးသိပြီး ကိစ္စမို့ အထွေအထူး မပြောလိုတော့…
    ပြောချင်တာက သချင်္ ိုင်းတောင် သိမ်းရင် အစားပြန်ပေးရတာပဲ..
    ဤဘောလုံးကွင်း တွင် ဘောလုံးမကစားရ ဆိုင်းဘုတ် ချိတ်တာမျိုးကတော့… လက်သင့်ခံနိုင်ဖွယ်ရာ မရှိ
    အနည်းဆုံးတော့ ကွင်းကြီးတွေ မရနိုင်သေးရင် လေ့ကျင့်ရေးကွင်းမျိုးတွေ ဖူဆဲလ်ကွင်းမျိုးတွေ ပေးထားနိုင်သင့်တယ်
    အသင်းကြီးတွေ လက်ဝါးကြီးအုပ်ထားတဲ့ လက်ရှိကွင်းတွေမှာလည်း ကွင်းအားနေတဲ့အချိန်တွေ အပျော်တမ်းအသင်းတွေကို
    အခကြေးငွေယူပြီး ပေးကစားသင့်ပါတယ်..။

    ၄).. လူကောင်ကွာခြားချက်..
    ပြီးခဲ့တဲ့ ၂၀၁၄ ကမာ္ဘ့ဖလား ပြန်သတိရကြည့်မိတော့
    အရင်ကလို အာရှ အသင်းတွေ အနောက်က အသင်းတွေနဲ့ လူကောင်မကွာတော့သလောက်
    မြင့်မားလာကြတယ်ဗျ… အရင်ကဆို (၁၉၉ဝ ပြည့်လွန် နောက်ပိုင်းတွေ) လူကောင်ကွာတယ်
    ဒါပေမယ့် အာရှအသင်းတွေက မြန်တယ် စိတ်ဓါတ်ကောင်းတယ် တသင်းလုံးမခိုမကပ် နဲ့ ကစားတယ်…
    မကွာတာကတော့ ရလာဒ်ပိုင်းပါပဲ… ၁၉၉၀-၂၀၀ဝ တွေတုန်းကလည်း အုပ်စု ရှုံးထွက် လောက်နဲ့ ထွက်ရတာများတယ်
    ယခုလည်း ထိုနည်းလည်းကောင်းပဲ …..ရှုံးဆဲပဲ (လူကောင်ထွားလာတာ အားသာချက် တခုပေမယ့်) ရလာဒ်ပိုင်းအတွက်တော့
    လူကောင်သက်သက်က အဖြေမဟုတ်… (ထွားရင်တော့ ကောင်းသပေါ့ဗျာ)

    စကားမစပ် ဟိုနေ့ကထိုင်းနဲ့တောင် လူကောင်ကွာနေတာ တွေ့တော့ ရင်ထဲမကောင်း
    ယနေ့ နည်းပြတွေ ကစားသမား ခေတ်က သူတို့နဲ့ လူကောင်မကွာသေး.. (ခြေကတော့ သည်လောက် သည်လောက် ပါပဲ)
    ပြန်တွက်ကြည့်တော့ အနှစ် ၂ဝ … လူကောင် ကွာအောင် (ပေမီဒေါက်မီဖြစ်အောင် တည်ဆောက်ဖို့က ) အနှစ် ၂၀
    ဂျန်နရေးရှင်း ၁ဆက်စာ

    အာဟာရပညာရှင် သဂျီး နဲ့ နွားအကြောင်း မဆွေးနွေးလိုတော့
    😛

    ၅).. ဘောလုံး စကေးလ်
    လူကောင်က အဖြေမဟုတ်ဘူးဆိုရင် ဘောလုံးစကေးလ် က အဖြေပေါ့…
    ဟုတ်တယ် ဘောလုံး စကေးလ် ကအဖြေ
    သည်နေရာမှာ အပေါ်ကပြောခဲ့တဲ့ .. အော်ဂနိုက်ဇာ .. ဘောလုံးကွင်း ကိစ္စ စသည် အဓိက ပေါ့လေ…
    ဖြည့်ပြောချင်တာကတော့ နည်းပြ ကိစ္စဗျ..
    ကမာ္ဘနဲ့ ချီပြီးတော့ ပြောရရင် ဘောလုံးဘိုးအေ အင်္ဂလန်လောက် ဘောလုံးကွင်း ငွေကြေး နဲ့ ပံ့ပိုးမှု အားကောင်းတဲ့ ဘောလုံးတိုင်းပြည်ရှိဦးမလား
    ဒါပေသည့် သည်ဘက် နှစ် ၄-၅ဝ အတွင်း ဂျာမန် ပြင်သစ် စပိန် နဲ့ အီတလီ တို့လောက် ဘာကြောင့် မအောင်မြင်သလဲ ဆိုတဲ့မေးခွန်း
    (ဥရောပအသင်းအချင်းချင်း ယှဉ်မှာမို့ တောင်အမေရိကအသင်းတွေ ချန်ထားခဲ့ပါသည်)
    အေ-အဆင့်ရနည်းပြ အရေအတွက်မှာ ဟိုနိုင်ငံတွေထက် …ဘယ်နိုင်ငံထက် ဆို ဘယ်နှဆ စသည်ဖြင့် အဆ နဲ့ချီပြီးကို နည်းပါးပါသတဲ့
    ဒါဆို ရှင်းပါတယ် အဖြေက …
    ပိုညံ့တဲ့ နည်းပြတွေနဲ့ ကြီးပြင်းလေ့ကျင့်လာခဲ့ရင် စီနီယာအဆင့် ရောက်တဲ့အခါ ယှဉ်မရတော့ဘူးဆိုတာ…
    နောက်ဆုံးတော့လည်း meet-the-ball မိသဘောပါ..။

    ဆိုတော့ အား-ကာ ဖွံ့ဖြိုးဖို့ ပညာရေးကို ပြန်လှည့်ကြည့်တော့…
    ပညာရေးအဆင့်မြှင့်တယ် မြှင့်တယ် ဆိုပြီး အထက်တန်းကဟာတွေ အောက်တန်းချသင်
    အောက်တန်းမှာ ဖတ်စာအုပ်တွေထူကုန်.. စာသင်ချိန်ကမလောက် ဖွံ့ဖြိုးရေးအချိန်တွေ မပေးနိုင်တော့ စာသင်ပစ်..
    ဖွံ့ဖြိုးရေးက လုပ်မှမလုပ်တာ ဆိုပြီးဖွံ့ဖြိုးရေးဆရာခန့်ဖို့ ထားဖို့ လက်တွန့် …
    သူများလို နိုင်ငံတကာအဆင့် နည်းပြတွေ ကိုယ့်တိုင်းရင်းသားထဲက ဖွံ့ဖြိုး တိုးတက် လာဖို့ မပြောနဲ့
    အခြေခံအဆင့် ပီတီဆရာတောင် နေရာပေးဖို့ မရှိမှတော့ဗျာ…

    ဘာပဲဖြစ်ဖြစ် တနေ့တော့ … တနေ့ပေါ့..ဗျာ..

  • ​ဒေါ် လေး

    June 26, 2015 at 9:31 pm

    ဘောလုံးဝါသနာ မပါလို့နားမလည်
    ဒါမဲ့အသေ အချာ ပိုစ်ရော မှတ်ချက်ရော ဖတ်သွားတယ်

  • ဦးကြောင်ကြီး

    June 28, 2015 at 12:27 am

    ယောက္ခထီး အမေဆို ဘီလို ခေါ်သဲ ပါပါ မျိုး… စီနီယာ ယောက္ခမရား…။ ဒါနဲ့ ရှေ့ဒန်း နှောက်တန်း ဘောသမှားဒွေက လိင်ဒူခြသူဒွေရား… မြင်ရဒါ ယင်ခုံဆရာ..။

Leave a Reply