ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၅ (ချစ်စရာ့ ဘောလယ် – ၂)

CourageJune 28, 20151min4468

DSC02136 copy

ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၅

ချစ်စရာ့ ဘောလယ် – ၂

 

ဒီတစ်ခေါက်တော့ တစ်ခြားကဗျာအကြောင်းကို မရေးတော့ပါဘူးလေ။ အရင်တစ်ပတ်က စကားပဋိညဉ်ခံထားတဲ့အတိုင်း လှိုင်ထိပ်ခေါင်တင်ရဲ့ ဘောလယ်ကို ပြန်ခြေတဲ့ ပြန်တောင်းပန်တဲ့ “ဖူးပွေ့လက်တင်” ဘောလယ်လေးအကြောင်းပဲ ရေးပါမယ်။ ရေးမယ်ဆိုတော့ ရှည်ရှည်ဝေးဝေးတွေ စကားပုလ္လင်မခံတော့ပါဘူး။ အခုပဲ ဇာတ်လမ်းစပြီဗျာ။

“ဟဲ့ ဟဲ့ မြင်းခံတော်ကြီး မြင်းခံတော်ကြီး”

“မှန်ပါ။ ဖဝါးမလပ် ခစားလျှက်ပါ ဘုရား”

“ထပ်ထားလေးက ကိုယ့်တော့အကြောင်း ဘောလယ်တစ်ပုဒ် စပ်ဆိုထားတယ်ဆိုပါ့လား”

“မှန်ပါ။ အလွန်ပင် ရသမြောက်လှကြောင်းပါ”

ခန်းမဆောင်ကို အရှေ့နှင့်အနောက် လူးလားလျှောက်နေရင်း အိမ်ရှေ့စံကိုယ်တော်ကြီးက ဆက်ပြောသည်။

“အိန်းအိန်း။ ရသမြောက်ပုံကတော့ ဆိုဖွယ်ရာဘယ်ရှိမလဲကွဲ့။ ထိပ်ထားလေးဆိုတာကလဲ အခြားသူမှမဟုတ်တာ။ ကျေးဇူးရှင် ရွှေဘိုမင်းကြီးရဲ့ အနောက်နန်းမတော်မိဖုရား မမြလေးရဲ့ သမီးတော်မို့လားကွဲ့။ မယ်တော်ဖြစ်သူရဲ့ အနုပညာသွေးတွေက သူ့ခန္ဓာထဲ လှည့်ပတ်လျက်ရှိလေတယ် မဟုတ်ပေလား”

“မှန်ပါ။ သန္ဓေစစ်တဲ့ မန္ဒေဖြစ်ကြောင်းပါ ဘုရား”

“အေးအေး။ ထားဦးတော့ ထားဦးတော့။ ကိုယ်တော်စိတ်တွင်းမှာတော့ ထိပ်ထားလေးရဲ့ ရွှေနားတော်သွင်း ဘောလယ်ကို နားထောင်ရတာ ရင်ထဲမချိလှတယ်ကွဲ့”

“အကြောင်းစုံကို ရွှေနှုတ်ဖျားက မိန့်ကြားတော်မူပါ”

“ဒီလိုကွဲ့။ ဒီလို။ ထိပ်ထားလေးရဲ့ စာထဲမှာ တွေ့ရသလောက်တော့ ကိုယ်တော့်ကို အတော်လေး စိတ်ခုနေဟန်တူသကွဲ့။ ကိုယ်တော်က သူ့ကို ဆူရက်လေခြင်း ဓါးကို ကိုင်ကာပင် မာန်မဲရက်နိုင်လေခြင်းဆိုပြီး အတော်စိတ်မကောင်းဖြစ်နေဟန်တွေ တွေ့နေရတယ် ကွဲ့”

“ဘယ်သူမပြု မိမိမှုပါဘုရား”

“အေးကွယ်။ ဒီတော့ ကိုယ်တော့်အနေနဲ့လဲ ထိပ်ထားလေးရဲ့ အမျက်တော်ပြေစေဖို့၊ အထင်လွဲနေတာတွေကို ပြန်လည်ခြေပါ့လိုတယ်ကွဲ့။ သို့ပေမယ် ထိပ်ထားလေးက ကိုယ်တော်ကိုတွေ့ခွင့်ပေးဖို့မဆိုနဲ့ သူ့ရဲ့ ဆောင်တော်မှာတောင် မနေပဲ ကြွေးမယ်မယ်ရဲ့ အဆောင်မှာ သွားနေနေတော့ ကိုယ်တော့်အတွက် ဒီအကြောင်းတွေ ပြောဖို့ မခွင့်မသာဖြစ်နေလေရဲ့”

“မှန်ပါ။ ဣတိ္ထယတွေကို စိတ်အတိအကျ မှန်းမရကြောင်းပါ”

“ဟုတ်လေစွ။ ဟုတ်လေစွ မြင်းခံတော်ကြီး။ ဒီတော့ကွယ် ကိုယ်တော့အနေနဲ့ ထိပ်ထားလေးကို ခွင့်လွှတ်စေကြောင်း ဘယ်လို ပြောရမယ်ဆိုတာကို အတော်လေး အတွေးရ ကြပ်နေသကွယ်”

“မှန်လှပါ။ ကျွန်တော်မျိုးကြီးကို လျှောက်တင်ခွင့်ပြုပါ ဘုရား”

“ခွင့်ပြုပါတယ်ကွယ် ခွင့်ပြုပါတယ်”

“ဒီလိုပါဘုရား။ ထိပ်ထားလေးက ကိုယ်တော့်အပေါ်မှာ စိတ်ခုနေကြောင်းကို တေးချင်းသီဖွဲ့ ရေးသားခဲ့တယ် မဟုတ်ပါလား ဘုရား။ ဤသို့သော အကြောင်းများကို ထောင်ရှု့ချင်းအားဖြင့် ကိုယ်တော့်အနေဖြင့်လဲ ကိုယ်တော့်စိတ်တွင်းရှိနေသော စကားလုံးကို တေးချင်းသီဖွဲ့ကာ ပြန်လည်ပြောဆိုခြင်းသည် အသင့်တော်ဆုံး ဖြစ်နိုင်ကြောင်းပါ”

“အိန်း ကောင်းလေစွ။ ကောင်းလေစွ”

အိမ်ရှေ့စံ ခန်းမအလယ်ရှိ ညောင်းစောင်းတွင် အသာအယာ ထိုင်လိုက်သည်။ ပြီးမှ လေးတွဲ့သော လေသံဖြင့်

“အင်း တေးချင်းဖွဲ့သီတာတော့ ဟုတ်ပါပြီ။ သို့ပေမယ့် ကိုယ်တော်က ဒီအနုပညာအရေးဘက်တော့ အတော် ပါရမီနုံချာလှတယ်လေ ။ ဒီကိစ္စကြီးက မဖြစ်နိုင်ပါဘူး”

“မှန်ပါ။ ကိုယ်တော်ကြီးသာ ခွင့်ပြုမယ်ဆိုရင် ကျွန်တော်မျိုး လျှောက်တင်စရာရှိပါတယ်”

ခေါင်းတစ်ခါခါဖြင့် ပြောနေသော အိမ်ရှေ့စံအား မြင်းခံတော်ကြီးက လျှောက်တင်၏။

“အေးအေး။ ဆိုစမ်းပါဦး”

“ဒီလိုရှိပါတယ် ဘုရား။ လှိုင်ထိပ်ထားဆီသို့ ဆက်သတော်မူမယ့် တေးချင်းအား ကိုယ်တော်ကြီးအနေနဲ့ ကိုယ်တိုင်မရေးနိုင်ရင်တောင်မှ ကိုယ်စားရေးခိုင်းလို့ ဖြစ်ပါတယ် ဘုရား”

“အေး ဟုတ်ပေသားပဲ။ ဆက်ပြီ တင်စမ်း။”

အိမ်ရှေ့စံ၏ ရွှင်ပြသွားသော မျက်နှာကိုမြင်လိုက်ရာ မြင်းခံတော်ကြီး အားတက်သွားပြီး

“မှန်ပါ ကျွန်တော်မျိုးထံမှာ မောင်မောင်ဘ အမည်ရှိတဲ့ ညီတစ်ယောက်ရှိပါတယ်ဘုရား။ သူက ကဗျာတို စာတိုလေးတွေရေးခြင်းမှာ လက်စလက်နရှိသူပါ။ အကယ်၍များ ကိုယ်တော်ကြီးသာ ဆန္ဒရှိမယ်ဆို သူ့အား တေးချင်းတစ်ပုဒ် ရေးခိုင်းနိုင်ကြောင်းပါ”

“ဟဲ့ဟဲ့ မင်းရဲ့ ညီက စိတ်ရောချရရဲ့လား”

“မှန်ပါ သူ့ဆန်စားလို့ ရဲကြောင်းပါ။ ကျွန်တော်မျိုးရဲ့ ညီဆိုသူမှာလဲ ကျွန်တော်မျိုးနဲ့မခြား ကိုယ်တော့်အပေါ်မှာ သစ္စာစောင့်သိသူပါ”

“အိန်း ဝမ်းမြောက်လှတယ်ကွယ်။ ကဲ ကဲ။ ပြောနေကြာရော့မယ်။ အခုပဲ တေးချင်းဖွဲ့သီဖို့ မောင်မင်းညီကို ရှေ့တော်သွင်းစေ”

အိမ်ရှေ့စံကိုယ်တော်အား ရိုသေစွာ ဂါရဝပြုကာ မြင်းခံတော်ကြီး ခန်းမအတွင်းမှ ထွက်ခွာသွားသည်။

များမကြာသောအချိန်အတွင်းမှာပင် မြင်းခံတော်ကြီးနှင့် အတူ သူ၏ညီဖြစ်သူ မောင်မောင်ဘပါ အိမ်ရှေ့စံထံ အခစားဝင်လာခဲ့သည်။

မောင်မောင်ဘကို မြင်လျှင်မြင်ချင်းပဲ အိမ်ရှေ့စံမှ

“ဟိတ် မောင်မောင်ဘ။ ထိပ်ထားလေးရေးသားတဲ့ နာဂဆဒ္ဒန်ဘောလယ်ကို နားထောင်ပြီးပြီလား”

“မှန်လှပါ။ ၏၊သည်၊ မရွေးပင် ပြန်လည်ရွတ်ဆိုပြနိုင်ကြောင်းပါ”

မောင်မောင်ဘ၏ စကားကို အိမ်ရှေ့စံ သဘောကျစွာ ပြုံးရင်း

“ဝမ်းမြောက်လှသကွဲ့။ အိန်း ရှည်ရှည်ဝေးဝေးတွေ မမိန့်တော့ဘူးကွယ်။ ဒီထိပ်ထားလေးရဲ့ တေးချင်းကို ပြန်လည်ချေပမယ့် တေးချင်းတစ်ပုဒ်လောက် ကိုယ်တော့်ကိုယ်စား မောင်မင်းကို ရေးစေလိုတယ်ကွယ်။ ဒီအမှုကို မောင်မင်း ထမ်းဆောင်နိုင်ပါ့မလား”

“မှန်ပါ။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ နှလုံးသွေးများဖြင့်ပင် ရေးသားကာ အမှုတော်ကို ထမ်းပါ့မယ်ဘုရား”

“ကောင်းလေစွ။ ကောင်းလေစွ”

အိမ်ရှေ့စံမှ အနားတွင်ရှိသော မောင်းမတစ်ဦးအား မောင်မောင်ဘထံသို့ ပေရွက်နှင့် ကညွတ်ပေးရန် မိန့်လိုက်သည်။

မောင်မောင်ဘမှ ပေရွက်ကို ကြမ်းပြင်တွင်ချ ကညွတ်ကို ကိုင်ကာ အဆင်သင့်အနေအထားဖြင့် နေပြီနောက်

“မှန်လှပါ။ ရေးသားလိုသည်များကို မိန့်ကြားပေးတော်မူပါ ဘုရား”

“အိန်း အိန်း”

လေသာပြတင်းအား ငေးစိုက်ကြည့်နေသော ကိုယ်တော်ကြီး အတန်ကြာမှ

“အင်း။ တေးချင်းဖွဲ့သီမယ်ဆိုရင်တော့ ထိပ်ထားလေး မျက်မာန်ရှနေတဲ့ သီလဝင်ဓါးကို စွဲမိတဲ့ ကိစ္စကိုတော့ မပါမဖြစ် ပါအောင်ရေးမှဖြစ်မယ်”

“မှန်ပါ။ တစ်ရွေးသားမှ မကျန်စေရကြောင်းပါ”

“အိန်း အိန်း။ ဒီလိုကွဲ့။ ဒီလို”

ရီဝေသောမျက်ဝန်းများဖြင့် နှုတ်ဖျားမှမဟုတ် နှလုံးသွေးမှ စီးကျလာသော စကားလုံးများ ပွင့်ကျလာတော့သည်။

(ဤတွင် ဖူးပွေ့လက်တင် အစချီ ဘောလယ်တွင်ပါဝင်သော အကြောင်းအရာများအား အိမ်ရှေ့စံ ကနောင်ကိုယ်တော်ကြီးမှ မိန့်ကြားတော် မူလေသည်/စကားချပ်)

“ထိပ်ထားလေးရယ်။ မောင်တော့်မှာ အုံးစက်ရာဝင်လို့ မျက်စိကိုမှိတ်လိုက်ပြီဆိုတာနဲ့ ထိပ်ထားလေးရဲ့ မျက်နှာကိုပဲ အမြဲတွေ့နေရတယ်ကွယ်။ မောင်တော်လေ နဖူးပေါ်လက်တင်ကာ စဉ်းစားမိတိုင်း အမြဲလို ငေးငိုင်ကာနေရပါပြီ။ အသဲတွေလဲ ကွဲကျေရလုပါပြီ။ မပြေနိုင်တဲ့ အလွမ်းတွေနဲ့ နှလုံးသားတစ်ခု လောင်ကြွမ်းနေရပါပြီလေ။

ထိပ်ထားရယ်။ အထင်တော့ မလွဲလိုက်ပါနဲ့။ မောင်တော်လေ မောင်တော်ရဲ့ လက်သုံးတော်ဓါးကို စွဲကိုင်တယ်ဆိုတာ ထိပ်ထားကို နိုင်ချင်လိုလို့ မဟုတ်ပါဘူး။ အနိုင်ယူချင်လို့ မဟုတ်ပါဘူး နှမရယ်။ မောင်တော့်ရဲ့ အကျင့်၊ လက်အောက်ငယ်သားတွေနဲ့ ထိတွေ့ရာမှာ အမြဲလိုလို ပြတ်သားခဲ့တဲ့ မောင်တော်ရဲ့ ဝသီပါနေတဲ့ ဒီအကျင့်ကြောင့် ယောင်မှားကာ ကိုင်ခဲ့မိခြင်းပါ။ နှမတော်ကိုလေ နာကျင်စေလိုတဲ့ ဆန္ဒမရှိရိုးအမှန်ပါကွယ်။ ပြီးတော့လေ နှမကို ဆူဆဲ အော်ငေါက်ခဲ့တာကလဲ မချစ်လို့မှ မဟုတ်တာပဲကွယ်။ ဒေါသအလျောက် ပြောဆိုမိခြင်းပါထိပ်ထားရယ်။ မောင်တော်ရဲ့ အမှတ်မဲ့မှားခဲ့တဲ့ အမှားကို ငြိုးမာန်ဖွဲ့ဆင်ချင်နဲ့လေ။

ထိပ်ထားရယ်။ မောင်တော် အသက်တစ်မျှချစ်ရတဲ့ နှမတော် စိတ်ပြေဖို့ဆို မောင်တော့်ရဲ့ လက်စွဲတော် သီလဝင်ဓါးကို နှမတော် လက်တွင်းသို့ အပ်နှင်းလိုက်ပါ့မယ်။ ပိုင်းဖို့ရန်ရွယ်ခဲ့တဲ့ အမောင့်ကို မကျေနပ်ဘူးဆိုရင် အခုပင်ချက်ချင်းပင် ပိုင်းခုတ်လိုက်ပါ။ နှမရဲ့ ကျေနပ် ခွင့်လွှတ်မှုကိုရမယ်ဆိုရင် အမောင်ရဲ့ အသက်ကိုတောင် ပေးဝင့်ပါတယ်။

ထိပ်ထားရယ်။ မောင်တော်ဟာ ပုထုဇဉ်လူသားပေမို့ ကိလေသာအမိုက်မှောင်ထဲ ငါးပါးမာန်ကို ခါးပိုက်ထောင်ထဲ ထည့်ထားခဲ့သူပါ နှမရယ်။ ဒါကိုပဲ အပြစ်အသွင်မြင်ပြီး သွေဖယ်ကာတိမ်းလို့ မေတကယ်ပင်စိမ်းတော့မှာလားကွယ်။ နှမရဲ့ အမုန်းဒါဏ်ကိုတော့ အမောင်မခံယူလိုပါဘူး။ နှမရဲ့ အမုန်းနဲ့ အသက်ဆက်ရမယ့်အစား အသက်ခန္ဓာဇီဝိန်ငြိမ်းသွားခဲ့တာမှ ပိုကောင်းပါဦးမယ်။ နှလုံးသွေးကို အစိမ်းရောင်ချယ်လို့ စိမ်းတယ်လို့ မှတ်ပြီလား။ စိမ်းရက်နိုင်ပြီလားနှမရယ်။ စိမ်းရှာပြီလား လှိုင်ထိပ်ထားရယ်”

ဪ…။ မောင်ကာကြီးတို့ နိုင်ငံအတွက် သိပ္ပံပညာနဲ့ ပတ်သက်ပြီး စွန့်ဦးအကောင်အထည်ဖေါ်သူလို့ ပြောရမယ့် ကနောင်မင်းသားကြီးထံမှာလဲ ဒီလို အနုအရွ အတွေးလေးတွေ ရှိနေပါသေးလားလို့ စဉ်းစားမိတော့ တော်တော့ကို ကျေနပ်မိပါတယ်။ တစ်ကယ်တန်း ဒီ ဖူးပွေ့လက်တင် ဘောလယ်မှာပါတဲ့ အဖွဲ့နဲ့စာသားတွေဟာ ကနောင်ရဲ့စကားလုံးလို့တော့ မောင်ကာကြီး မဆိုချင်ပေမယ့် အကြောင်းအရာအားဖြင့်တော့ ကနောင်ရေးစေလိုတဲ့ အကြောင်းတွေဆိုတာကတော့ သေချာပါတယ်။ ဒါကြောင့်မို့လဲ ကဗျာကိုပြန်ပြီး စကားပြေပြန်ရာမှ ကနောင်ကိုယ်တော်တိုင် ပြောတဲ့ပုံစံနဲ့ ရေးလိုက်ရခြင်းပါ။ စာဆိုဖြစ်သူ မောင်မောင်ဘရဲ့ အနုပညာကို မျက်ကွယ်ပြု လှစ်လှူရှု့လိုခြင်းမဟုတ်ပါ။ ကနောင်ကိုယ်တိုင် သူ့ခံစားချက်ကို ပြောနေသလို ရေးပြမှသာ ဖူးပွေ့လက်တင်ရဲ့ အနှစ်သာရ ပိုပေါ်လွင်မယ်လို့ ထင်မိလို့ပါ။ သိကျတဲ့အတိုင်း မောင်ကာကြီးဆိုတဲ့ သကောင့်သားကလဲ တွေးချင်သလိုတွေ ရေးချင်ရာရေးတဲ့သူမို့လား။

ပြီးတော့လေ အပြန်အလှန် စကားပြောတဲ့ပုံစံနဲ့ ရေးခဲ့တာကလဲ မောင်ကာကြီးက ဇာတ်ပွဲတွေ အငြိမ့်တွေ အရမ်းကြိုက်တာလေ။ ဒီတော့ ကိုယ့်ပါကို ဇာတ်ကြောင်းလေးစဉ် စကားပြောလေးတွေဖြည့်ပြီး ရေးကြည့်တာပါ။ စကားလုံး နေရာမကျတာတွေ အသုံးလွဲမှားတာတွေ အများကြီးလဲ ပါမယ်ဆိုတာသိပေမယ့် သိတယ်မို့လား… မောင်ကာကြီးလေ…။

ဘာရယ်တော့ မဟုတ်ပါပဲ ကနောင်နဲ့ လှိုင်ထိပ်ထားလေးရဲ့ ဘောလယ်အကြောင်းကို နှစ်ပတ်ဆက်တိုက်ရေးဖြစ်သွားခဲ့ပါပြီ။ ဒါကလဲ ဒီကဗျာလေးနှစ်ပုဒ်ရဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ နောက်ခံဇာတ်ကြောင်းနဲ့ အလွန်ကို နှစ်လိုဖွယ်ရှိတဲ့ အဖွဲ့တွေကြောင့် ဖြစ်မှာပါ။ မောင်ကာကြီးလို ဘာမသိညာမသိသူအတွက် ဘောလယ်လို ကဗျာမျိုး အဖွဲ့ဆန်းတဲ့ကဗျာမျိုးကို နှစ်ပတ်ဆက် ရေးဖြစ်သွားစေခဲ့တာဟာ လှိုင်ထိပ်ခေါင်တင်နဲ့ မောင်မောင်ဘဆိုတဲ့ စာဆိုနှစ်ဦးရဲ့ အနုပညာစွမ်းအားကြောင့်ဖြစ်မှာပါ။

အချုပ်အနေနဲ့ဆိုရမယ်ဆိုရင်တော့ နာဂဆဒ္ဒန်နဲ့ ဖူးပွေ့လက်တင် စာဆိုနှစ်ဦးကို ဒီစာနဲ့ပဲ ဂါရဝပြုလိုက်ချင်ပါတယ်။ စာဆိုတို့ရဲ့ အနုပညာစွမ်းအားမျိုး အနည်းဆုံး ရွေးတစ်စေ့လောက်မျှ မောင်ကာကြီးရဲ့ သွေးထဲစီးဝင်နိုင်ပါစေ လို့လဲ ဆုတောင်းပါတယ်။

အဲ နိဂုံးမချုပ်ခင် နာဂဆဒ္ဒန်လို အမျှော်စိုက် ကဗျာရေးမယ့်သူလေးကို မြန်မြန်တွေ့ရပြီး ဖူးပွေ့လက်တင်လို ကဗျာ ရေးရခြင်းမှ ကင်းဝေးရပါစေလို့လဲ ဆန္ဒပြုပါရစေ။   ။ လွန်တာရှိရင် ဝန္ဒာမိပါ။

အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်

Courage

 

ဖူးပွေ့လက်တင် အစချီ ဘောလယ်

ဖူးပွေ ့လက်တင်။ တွေ ့မြင်ချင်ရေးငယ်နှင့်။ နေ့စဉ်ပင်ဆွေးပါရ။ ငေးငိုမိမှိုင်။ လဲမလို့-သဲညှို ့ခွေယိုင်။ မပြေနိုင်ကြွမ်းတယ်လေး။ လွမ်းဗျာထုဆိုင်။ ။

လက်သုံးတော်ဓားကိုလ။ ယောင်မှားကာကိုင်။ နိုင်ချင်လိုလို့-ဟုတ်ပါဘဲ။ နှုတ်အာရဲတယ်လို ့အပြစ်တင်။ မချစ်ပြင်ပြင်။ ချစ်ရင်
အကျိုးကိုလေး။ ငြိုးမာန်ဖွဲ့ဆင်။   ။

သတ်တော်မူရက်ထာဖြင့်။ အသက်ကိုပင်။ ကျေနပ်အောင်စီရင်၍။ ပြုချင်တော်တိုင်း။ ခုခင်နော်ဆိုင်းပါနှင့်။ ပိုင်းဘို ့ရယ်။ မြရိုးသီလဝင်။ သံစက်သွားကိုလေးထားအပ်ပမယ်။  ။

ငါးပါးမာန်တက်သူမို ့။ ရက်စက်လေတယ်။ သက်သက်ကယ်သွေဖယ်လို ့။ မေတကယ်စိမ်း။ သေလွယ်မှငြိမ်းမှာထင့်နွဲ့ယိမ်း နွဲ့ယိုင်၊ မြစိမ်းလဲ့ခိုင်။သန္ဓေနှစ်ကယ်လေး။ စိမ်းရှာဖြစ်နိုင်။   ။

8 comments

  • မြစပဲရိုး

    June 28, 2015 at 1:13 pm

    . ကဗျာ အကြောင်း နဲ့ ဘာမှတော့ မဆိုင်ဘူး။
    ဒါပေမဲ့ တွေ့လိုက်မိတာလေး က ရှေးခေတ်အချိန်မှာ အဲလို ကဗျာတွေ။ စာတွေ ကို အသီအဖွဲ့ ကျွမ်းကျင်သူများ အတော်နေရာ ရကြတယ် ထင်ရဲ့။
    ဘာဘဲဖြစ်ဖြစ် အဲဒီ စာတွေကဘဲ မြန်မာ့ရာဇဝင်ထဲဂန္ဓဝင် ကျန်ခဲ့တာ။

    . မောင်ကာကြီးပြောတဲ့ “သိပ္ပံပညာနဲ့ ပတ်သက်ပြီး စွန့်ဦးအကောင်အထည်ဖေါ်သူ” တွေ ကတော့ အတော်လေး မရှိသလောက်ဘဲ လားမသိ။
    ဒါမျိုးလေး စစ်တမ်းကောက်ကြည့်ထားသင့်တယ်။
    ဒါပေမဲ့ ပုဂံ က ဘုရားတွေကြည့်ရင်လဲ အင်ဒုံနီယာပိုင်း တော့ တော်တာဘဲ။

    . ပြသနာ က မြန်မာ ရှေးမင်းများ က ဘယ်လို လူတန်းစား ကို အားပေးခဲ့သလဲ ပေါ်မူတည်ပြီး ပညာရပ်ဆိုင်ရာကျွမ်းကျင်သူ တွေ များခြင်း/မများခြင်း ဖြစ်စေခဲ့ သလားဘဲ။

    • Courage

      July 4, 2015 at 7:55 pm

      အဲ ဲ ဲ ဲ ဲ ဲ ဲ သမိုင်း ကိုပြန်လှမ်ကြည့်ရင် နှလုံးရည်သူရဲ့ကောင်းထက် လက်ရုံးရည် သူရဲ့ကောင်းတွေကိုပဲ နေရာပေးချီးမြှောက်ခဲ့တာ တွေ့ရတယ်ဗျ။ ရာဇဓိရာဇ်ဆို သူ့မိဖုရားကို လဂွန်းအိမ်ဆီ ဂုဏ်ပြုတဲ့အနေနဲ့ ပေးခဲ့တာ မှတ်မိရဲ့။
      နှလုံးရည်ကို အားမပေးတာတော့ ကနောင်ကိုယ်တော်တိုင်တောင် ရေမြုပ်ဗုုံးစမ်းသက်တာကို ရပ်ခဲ့ရတာလေ။

  • ကိုကာကြီး ရေ

    ဒီပိုစ်လေးကို ဖတ်ပြီး ကျနော် ပိုစ်တစ်ပုဒ်တင်ထားပါတယ်။

    ကွဲလွဲချက်လေး တွေ့လို့ပါ

    • Courage

      June 29, 2015 at 7:02 am

      ဟုတ်ကဲ့။ ကြည့်လိုက်ပါ့မယ်။

  • Courage

    June 29, 2015 at 7:04 am

    ကဗျာစာသား မှားယွင်းမှုအနည်းငယ် ရှိနေပါတယ်။
    လေးပေါက် တင်ထားတဲ့ “နား အကြား စိတ်နဲ့မှတ်” မှာ မူရင်းစာသားကို တွေ့နိုင်ပါတယ်။
    တောင်းပန်ပါတယ်… … …

  • Alinsett @ Maung Thura

    June 30, 2015 at 9:15 am

    ကဗျာအကြောင်း စာအကြောင်း အတော်(အတော့်ကို) ပြောနိုင်တဲ့ ကိုကာကြီး
    အဲ
    အဲ
    ကဗျာအကြောင်း စာအကြောင်းဆို အတော်(အတော့်ကို) နားထောင်နိုင်တဲ့ ကျုပ်

    :kwi:

    • Courage

      July 4, 2015 at 7:56 pm

      ရေးနိုင်သလောက်လဲ ရေးသွားပါဦးမယ်။
      ဖတ်နိုင်သလောက်လဲ ဖတ်ပေးပါဦးလို့။

Leave a Reply