ဆွေမျိုးတော်ခွင့် ရရပါလို၏
ပဏ္ဍိတာရာမ၊ရွှေတောင်ကုန်း ဆရာတော်ကြီးသက်တော်(၉၄) နစ်ပြည့်ဝိဇာတမင်္ဂလာအတွက် ရည်မှန်းပူဇော်ပါသည်။
ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာကို ကလျာဏမိတ္တဖြစ်တဲ့ သူငယ်ချင်း ကြောင့် စပြီး ရောက်ခဲ့ဖူးတာ အခုဆို ရနှစ်နီးပါ ရှိသွားပါပြီ။
လေးနှစ်ဆက်တိုက်လည်း သင်္ကြန် တရားစခန်းတွေ ဝင်ဖြစ်ခဲ့ပါတယ်။အခုတော့ တရားစခန်းမှာ အားမထုတ်နိုင်တာ ကြာပါပြီ။
ရန်ကုန် ရွှေတောင်ကုန်းမှာ ရှိတဲ့ ကျောင်းကိုတော့ အိမ်နီးချင်းဖြစ်တဲ့ ဆရာတော်ကြီးရဲ့ ကပ္ပိယ ဒေါက်တာဝင်းနိုင်ထွန်း အကျိုးဆောင်မှုကြောင့် ဆွမ်းအလှူများ အကြောင်းသင့်တိုင်း လှူဖြစ်ပြီး ရောက်မိပါတယ်။
အလှူလုပ်ဖြစ်တိုင်း ဆရာတော်ကြီးက တရားဟောပေးလို့ နီးနီးစပ်စပ် ဖူးတွေ့ရပါတယ်။
ဒါပေမယ့် ဆရာတော်ကြီးက ကိုယ့်ကို မမှတ်မိပါဘူး။
ဒါလည်း မဆန်းပါဘူး။ကိုယ်က ကျောင်းကို အလှူရှိမှ ရောက်တဲ့ အပြင် မှတ်မိလောက်စရာ ဘာမှလည်း ထူးခြားစွမ်းဆောင်ရည် ရှိတာ မှ မဟုတ်ပဲလေ။
ဇွန်လ ၂၆ရက်မှာ ပဏ္ဍိတာရာမကျောင်းက အရှင်သုနန္ဒ(မြစ်သား) Su Da ရဲ့`အကြွေးတောင်းသော ဒကာမကြီး´ ဆိုတဲ့ စာမှာ ဆရာတော်ကြီးက ဒေါ်စုကို `သမီး၊သမီး´ လို့ ခေါ်ဝေါ်သုံးစွဲတာ သတိထားမိပါတယ်။
ဒေါ်စုလို ထင်ရှားတဲ့ လူထု ခေါင်းဆောင်မို့လို့ ဆရာတော်ကြီးက သမီးလို့ ခေါ်တယ်ဆိုပြီး သမာန်ကာရှန်ကာတွေးလိုက်မိပါတယ်။
မကြာသေးခင်က မိတ်ဆွေမိသားစုရဲ့ ဆွမ်းအလှူမှာ တရားနာ သွားတော့ ဧည့်သည်မိန်းကလေးတယောက်ကို တရားနာ ပရိသတ်ထဲ တွေ့ရပါတယ်။
ဆရာတော်ကြီးက အဲဒီ မိန်းကလေးကို `သမီးက ဒီအလှူရှင်တွေနဲ့ ဘယ်လို ပတ်သက်လဲ´ လို့ နှုတ်ဆက်တာကြားတော့ တော်တော် အံ့ဩသွားပါတယ်။
ဒါ့အပြင် တရားဟောရင်း` သမီးရော ဒီအကြောင်းတွေ သိလား၊ဘယ်အရွယ်ကတည်းက သိလဲ ´စသဖြင့် ပြုံးပြုံးရွှင်ရွှင်မေးတာတွေ့ရတော့ ဘယ်လိုလူမျိုးတွေကို ဆရာတော်ကြီးက သားသမီးလို့ အသိအမှတ်ပြု သလဲ သိချင်လာပါတယ်။
ဒီမိန်းကလေးက ၁၈နှစ်သမီးကတည်းက ဆရာတော်ကြီးထံမှာ တရားအားထုတ်ဖူးပါတယ်။ ဆရာတော်ကြီး ကျေနပ်လောက်အောင် အချိန်လည်းပေး၊ကြိုးလည်းကြိုးစားအားထုတ်သူ ဖြစ်လို့ အသိအမှတ်ပြု ခံရတာပါ။
အဲတော့မှ ဒေါ်စုကို ဘာ့ကြောင့် သမီးခေါ်လဲ ရိပ်စားမိပါတယ်။
ဒေါ်စုရဲ့ ပညာအရည်အချင်း၊နိုင်ငံရေးအရည်အချင်းတွေကို အသိအမှတ်ပြုပြီး ခေါ်တာ မဟုတ်လောက်ပါဘူး။
ဆရာတော်ကြီးက ဘာပဲ သွားလှူလှူ အချိန်ပေးပြီး တရားချီးမြှင့်လေ့ရှိပါတယ်။
တရားနာ ပရိသတ်မှာ တရား အခြေခံ ဘယ်လောက်ရှိသလဲ အမေးအဖြေလေးတွေ လုပ်ပြီးမှ ကိုယ့်ရင်ထဲနဲ့ ကိုယ့်မြေပေါ် ဗုဒ္ဓအဆုံးအမတည်အောင် ကြိုးစားကြဖို့ အမြဲ တိုက်တွန်းတတ်ပါတယ်။
ဘယ်နေရာမှာ ဘယ်လောက်လှူပြီးပါပြီ ဆိုတာကို ဘယ်တော့မှ အသိအမှတ်မပြုပါဘူး။
တရားအားမထုတ်ထားပဲ လှူတဲ့ ဒါနဟာ လိုတာကို သိပြီး လှူတဲ့ အလှူမဟုတ်လို့ အကျိုး များသင့်သလောက် မများဘူးလို့ ပြောပါတယ်။
ဒီပရိသတ်ထဲက တရားအားထုတ်ဖူးကြလားလည်း အမြဲမေးပါတယ်။
သင်္ကြန်တွင်းလောက် အားထုတ်ဖူးပါတယ် ဆိုရင် နှစ်စဉ် မပျက်မကွက်ဆိုတာကိုတောင် မကျေနပ်ပါဘူး။
ဆရာတော်ကြီး တရားတွေကို ပြန့်ပွားအောင် ဖြန့်ပေးပါတယ်ဆိုရင် ဂျီးထူတဲ့ ဆပ်ပြာသည် ဖြစ်နေအုံးမယ် လို့ သတိပေးဖူးပါတယ်။
`စူဠသောတာပန်ဖြစ်လည်း သံသရာမှာ စိတ်မချရသေးဘူး။
ဝိပဿ နာဉာဏ်တွေ ရထားပါတယ်ဆိုလည်း အားမထုတ်ရင် ပြန်လျှောကျတာပဲ။
မဂ်ဉာဏ်မှ မရသေးရင် စိတ်ချလက်ချနေလို့ မရဘူး။
လောကုတ္တရာ သရဏဂုံ တည်သည်ထိ အချိန်ပေး အားထုတ်ကြပါလို့ လေးလေးနက်နက် တိုက်တွန်းလေ့ရှိပါတယ်။
လောကမှာ သွေးသားတော်စပ်တာဟာ တကယ့် ဆွေမျိုး မဟုတ်သေးဘူး။
တရားအားထုတ်ထားမှ ဆွေမျိုး အစစ် ၊ဓမ္မဆွေမျိုး တော်တယ်´
လို့ မိန့်ပါတယ်။
အဲဒီနေ့ တရားဟောအပြီးမှာ အချိန်ရှိတုန်း၊ကျန်းမာရေးလေးကောင်းတုန်း၊အခွင့်အခါသင့်တုန်းမှာ ပြည့်စုံကျေနပ်သည်အထိ ကြိုးစားအားထုတ်နိုင်ကြပါစေ လို့ ဆုပေးသွားပါတယ်။
အဲဒီတရားနာပြီးနောက်
သိနားလည်သည့် အချိန်မှစ၍ ပြုဖူးသမျှ ဒါန သီလ ဘာဝနာ နည်းနည်းလေးရဲ့ အကျိုး အဖြစ် ဆရာတော်ကြီး သက်တော်ထင်ရှားရှိခိုက် ကိုယ်လည်း ဒီဘဝ မချုပ်မီ ပြည့်စုံကျေနပ်သည်ထိ အားထုတ်ခွင့်ရပြီး ဓမ္မဆွေမျိုး တော်ရပါလို၏ လို့ ဆုပန်မိပါတယ်။
အခုထိတော့ ဂျီးထူတဲ့ ဆပ်ပြာသည်ဖြစ်နေသေးတာကိုလည်း အားနာ ရှက်ရွံ့မိပါတယ်။
……………………………………………………………………………………………………………………………………………………………………………………..
အရှင်သုနန္ဒ(မြစ်သား) ရဲ့ `အကြွေးတောင်းသော ဒကာမကြီး ´ စာနဲ့ ဓာတ်ပုံ ကို ဖတ်စေချင်လို့ ကိုးကားတင်ပြပါတယ်။(ခွင့်ပြုချက်တောင်းထားပေမယ့် အရှင်က ဝါတွင်းသုံးလ တရားအားထုတ်နေချိန်ဖြစ်တဲ့အတွက် တရားဝင်ခွင့်ပြုချက်တော့ မယူရပါ၊ဒါပေမယ့် အရင်လည်း ခွင့်တောင်း မျှဝေနေကျဆိုတော့ ခွင့်ပြုမှာပဲလို့ ယူပြီး ကိုးကားလိုက်ပါတယ်)
အကြွေးတောင်းသော ဒကာမကြီး
******************
ကုသိုလ်ပြုတယ်ဆိုတာ အချိန်ရာသီနဲ့ လိုက်ပြီးလည်း ပြုတတ်ရတယ်။ ဒါမှ ကာလဒါန ဖြစ်တော့မပေါ့။ ကုသိုလ်ပြုသည့်နေ့တိုင်း မိမိ လိုက်ပါသွားခဲ့ဖူးသည်။ ဒကာမကြီးကား သံဃာတော်များကို ခုတုန်းလုပ်၍ နိုင်ငံရေးအကြောင်း မပြော။
သူမ လျှောက်ထားသည်က ဆရာတော်ဘုရားကြီးထံမှ တပည့်တော် အကြွေးရစရာ ရှိပါသည်ဘုရားတဲ့။ ဒီတော့ ဆရာတော်ဘုရားကြီးက ဘာတုန်း သမီးရဲ့ဟု မေးတော်မူသည်။ တို့တော့ ဘာမှ ပေးရန်မရှိပါဘူးဟု ခက်ပြုံးပြုံးလေး မိန့်လေသည်။
အရင်တစ်ခေါက်က အခွင့်ကြုံရင် အင်္ဂုလိမာလအကြောင်း ဟောပြောပေးမယ်လို့ မိန့်ထားတာ။ ခုထိ မဟောရသေးဘူးလေဘုရား။ အဲဒါ အကြွေးပေါ့။ တပည့်တော် နာယူချင်ပါသည်ဘုရားတဲ့။အော် မြတ်ဗုဒ္ဓ၏တရားတော်ကို တကယ်မြတ်နိုးတာပါလား။
အော် ဒီက သမီးကို စိတ်ပူလို့ပါ။ ဒေါသအမျက်တွေ ထားပြီး သူတစ်ပါးကို ထိခိုက်စေမည့် အလုပ်တွေ မလုပ်ရအောင် မြတ်စွာဘုရားရှင်၏ မေတ္တာ၊ ကရုဏာတော် ကြီးမားပုံလေးတွေ ပြောပြဖို့ ရည်မှန်းထားတာပါ။
အကျယ်ချုပ်က လွတ်ပြီးနောက်ရက်မှာ ဦးဇင်းတို့ ရိပ်သာသို့ ဒကာမကြီး တိုက်ရိုက်ရောက်လာပါသည်။ အစိုးရခေါင်းဆောင်ပိုင်းအပေါ်မှာ အမျက်ဒေါသ မထားဘဲ မိမိလုပ်စရာ ရှိသည်များကိုသာ သတိထား ပြုလုပ်သွားဖို့ ဆရာတော်ကြီးက တိုက်တွန်းတော်မူခဲ့သည်။
အကျယ်ချုပ်အတွင်းကာလတုန်းကလည်း သတိပဋ္ဌာန်ဘာဝနာတရားရှုမှတ်ပွားများနေခဲ့သည်ဟု လျှောက်ထားခဲ့သည်။ ဒါဆို အားလပ်ရင် တရားလာဝင်ပါဟု မိန့်တော့ မှန်ပါဘုရား ဝန်ခံကတိပြုသွားသည်။
မကြာလိုက်ပါ။ တရားလာဝင်ပါသည်။ အချိန်မှန် တရားမှတ်ပါသည်။ ညနေတိုင်း ဆရာတော်ကြီးကိုယ်တိုင် တရားဆွေးနွေးသည်။
ဆရာတော်ကြီးက ရိုးရိုးသားသားနဲ့ မေတ္တာရှေ့ထားပြီး အများအကျိုးပြုဖို့၊ အမျက်ဒေါသမထားဖို့ တိုက်တွန်းခဲ့သည်။ ဒကာမကြီးကလည်း လိုက်နာခဲ့သည်။ အတူလက်တွဲ လုပ်ဆောင်ခဲ့သည်။ ခွင့်လွှတ်သည်းခံခဲ့သည်။
တစ်ခါက ဒကာမကြီးလျှောက်ထားသည်မှာ သူမနဲ့ အနီးကပ်ထိုင်ရသည့် လွှတ်တော်အမတ်ဆိုသူသည် သူမကို အကျယ်ချုပ်ချခဲ့သည့် သူဖြစ်နေသည်။ သူမက ပျော်ပျော်ပဲ နှုတ်ဆက် ပြောဆိုပါသည်။ ထိုသူကလည်း အစ်မဟု ခေါ်ပြီး စကားပြောဖြစ်ကြသည်ဟု ဆိုသည်။ ဒါကိုပဲ တပည့်တော်မက ဝမ်သာရပါသည်ဘုရားတဲ့။ ကဲဗျာ အတုယူစမ်း။ ခွင့်လွှတ်တတ်လိုက်တာ။
ဤကဲ့သို့သော ဆရာတော်ကြီးများ၏ အဆုံးမများကို ပိုင်ပိုင်နိုင်နိုင်ရရှိထားသော၊ သူ့အသက်အရွယ်နဲ့သူ ရင့်ကျက်ပြည့်စုံနေသော ဒကာမကြီးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဗုဒ္ဓသာသနာဝင်များကို ရက်ရက်စက်စက် လုပ်မည်ဆိုတာကို တွေးကြည့်တိုင်း မိမိနားမလည် ဖြစ်ရပေသည်။
ဒါပေမဲ့လည်း ပြောတဲ့သူက ပြောသလို ယုံတဲ့သူကလည်း ယုံနေကြတော့ ဦးဇင်းတို့တစ်တွေ ကမ႓ာ့အလည်မှာ မျက်နှာငယ် အထင်သေးခံကြရအုန်းမယ်ပေါ့လေ။ သိပ်တော့ မထူးပါဘူး။ နှစ် (၆ဝ)ကျော်ကျော် အတွေ့အကြုံ ရှိထားတော့ နည်းနည်းခံသာသေးတာပေါ့။
ဒကာမကြီးရေ့ ဘဝအဆက်ဆက်၊ သံသရာအဆက်ဆက်မှာ အဲဒီလို ဝဋ်ကြွေးတွေ မပါလာရအောင်၊ အခုဘဝမှာပဲ ဆင်းရဲတွေ အဆုံးသတ်ဖို့၊ မဟုတ်တရား ပြောဆိုစွပ်စွဲခြင်းဘေးက လွတ်ဖို့၊ ညစ်ပတ်မှုအရှုပ်အထွေးကြားကနေ ဦးဇင်းတို့ ရိပ်သာဆီသို့ ဒုတိယတစ်ခေါက် အပြီးသာ လာရောက်လှည့်ပါ။အကျိုးခုနှစ်ပါးနဲ့ပြည့်စုံနေသည့် သတိပဋ္ဌာန်ဘာဝနာတရားကိုသာ အားထုတ်လှည့်ပါတော့။
ဒါမှလည်း ဘဝအမောတွေ ပြေမည်လေ—–။
Su Da (မြစ်သား)
15 comments
padonmar
August 10, 2015 at 2:45 am
ကိုယ့်ရဲ့ ဖွဘုတ်မှာ မရှိတဲ့ ဆွေမျိုးတွေ အတွက် ဒီမှာ လာတင်ပါတယ်။
ဦးကြောင်ကြီး
August 10, 2015 at 9:23 am
အနော ့်ကို ပေါဒါရား ခိုနီဒုံ…….
..လုံဗီဒေါ်
..စုန်စီပေ ျာ ်
..ယုံကြည်အော ်
..ဂုဏ်ညီလေ ျာ ်..
Shwe Ei
August 10, 2015 at 9:47 am
-တီဒုံရေ တရားအားထုတ်ဖို့ဝေးလို့…ဘုရားဆွမ်းမှန်မှန်ကပ်ဖို့တောင်
-ကွကို မနည်းပြန်သတိပေးနေရတဲ့ အချိန်မှာ … ဒီလိုပို့စ်တွေဖတ်ရရင်
-အသိတရားပြန်ဝင်လာသလို ခံစားရလို့ကျေးဇူးတင်ပါတယ်..
-အားလပ်ချိန်ကို အပျော်အပါးအတွက်ဘဲ အသုံးချချင်တဲ့စိတ်ကို ချိုးနှိမ်နိုင်ဖို့
-အတော်ကြီး ကြိုးစားရပါအုံးမယ်လို့.. 😀
kai
August 10, 2015 at 2:25 pm
အဲဒါလေးတော့ ထောက်ခံတယ်…
လူ့အသိဉာဏ်မှာ.. အလွှာတွေရှိသလိုပဲ..
ကိုယ်က.. အလွှာတလွှာထဲရောက်ရင်.. လယ်ဗယ်တူအလွှာထဲက…သူကိုအလိုလိုသိနားလည်သွားတယ်…. လို့ထင်မိတယ်..။
aye.kk
August 10, 2015 at 5:30 pm
သံသရာမှာ၊ဆွေမျိုးမတော်စပ်ဘူးတာမရှိသလို၊
ရခဲလှတဲ့လူ့ဘဝမှာ၊ဓမ္မဆွေမျိုးဖြစ်ခွင့်ရတာတန်ဘိုးအရှိဆုံး။။။
ဇီဇီခင်ဇော်
August 11, 2015 at 9:27 am
ဒီ နေရာမှာတော့ ဆွေမျိုးမဟုတ်တောင် ဆရာ တပည့် လောက် ဆက်ဆံရေးနဲ့ လိုက်လာပါတယ် လို့။
:chit:
အောင် မိုးသူ
August 11, 2015 at 10:03 am
ဓမ္မမိတ်ဆွေ ဆွေမျိုးများ
Ma Ma
August 11, 2015 at 10:22 am
ဆယ်မိုင်ကုန်းတောစခန်းရိပ်သာမှာ မလေးရှားဆရာတော်နဲ့ ကြုံခဲ့ဖူးတုန်းက ဟောခဲ့တဲ့တရားကလည်း စိတ်ထဲစွဲသွားအောင် သဘောကျခဲ့ဖူးတယ်။
ဆရာတော်က …………….
=ဒါနနဲ့ ပတ်သက်လို့ ဆွမ်းအလှူ၊၊ သင်္ကန်းအလှူ၊ ကျောင်းအလှူတွေ လှူခဲ့ဖူးရင်
=သီလနဲ့ပတ်သက်လို့ ၅ပါး ၈ပါး သီလတွေ ဆောက်တည်ခဲ့ဖူးရင်
=ဘာဝနာနဲ့ ပတ်သက်လို့ အလျဉ်းသင့်သလို ရှု့မှတ်ပွားများထားဖူးရင်
ကုသိုလ်တွေ အတော်စုံပြီလို့ ဆိုနိုင်ပေမယ့် မရဖူးသေးတဲ့ကုသိုလ်ကို ရအောင်ယူဖို့လိုသေးတယ်တဲ့။
မရဖူးသေးတဲ့ကုသိုလ်ဆိုတာ မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ်ပေ့ါ၊ အဲဒါကို ရအောင်ကြိုးစားပါတဲ့။ 🙂
ဓမ္မဆွေမျိုးတော်ရပါလို၏ ဆိုတဲ့ ဆုတောင်းကို သဘောကျတယ်။
ကိုယ်တိုင်လည်း ဓမ္မဆွေမျိုး တော်ရပါလို၏ လို့ ဆုတောင်းပါတယ်။
Mike
August 11, 2015 at 11:27 am
.အာတီဒုံက စာရေးတော်တော်ကောင်းတယ်…လိုရင်းကိုလည်းပေါ်လွင်အောင်ရေးတတ်တယ်
.က ျုပ်တော့ဆွေမျိုးတော်ဖို့အတော်ဝေးသေးတာကိုသတိပြုမိလိုက်တယ်..ကေ ျးဇူးပါ
မြစပဲရိုး
August 13, 2015 at 5:54 pm
kai says:
” လောကမှာ သွေးသားတော်စပ်တာဟာ တကယ့် ဆွေမျိုး မဟုတ်သေးဘူး။
တရားအားထုတ်ထားမှ ဆွေမျိုး အစစ် ၊ဓမ္မဆွေမျိုး တော်တယ်´ ”
အဲဒါလေးတော့ ထောက်ခံတယ်…
လူ့အသိဉာဏ်မှာ.. အလွှာတွေရှိသလိုပဲ..
ကိုယ်က.. အလွှာတလွှာထဲရောက်ရင်.. လယ်ဗယ်တူအလွှာထဲက…သူကိုအလိုလိုသိနားလည်သွားတယ်…. လို့ထင်မိတယ်..။
++++++++++++++++++
မပြောတော့ဘူးလို့ဘဲ။
အဲဒီ အကြောင်းကို ပြန်ပြီး ခေါင်းထဲ ပြောနေတာ တွေ က နှောက်ယှက် နေလို့ အံ ထုတ် လိုက်ပါတယ်။
သူကြီး ကတော့ ကန့်လန့်တိုက်နေကျ မို့ အကြောင်းမဟုတ်။
အစ်မဒုံ ကလဲ ဒီ ဇော်ကန့်လန့်ညီမ ကို သိပြီးမို့ စိတ်ဆိုးမယ် မဟုတ်လို့ မှန်းပြီးသားပါ။ :-))
ဒီနေရာ မှာ သူကြီးမင်း သဘောတူ ပေမဲ့ ကျွန်မ သဘောမတူပါ။
အဲဒီလို တူရာလို့ ကွ ကိုယ် သတ်မှတ်ထားတဲ့ အလွှာ တွေ ဘဲ စု ပြီး အမျိုးတော် နေရင် ကမ္ဘာကြီး မှာ အလွှာ တွေ ကွဲ ပြီး ခြား မြဲ ခြား နေမှာဘဲ။
ကျွန်မ ရဲ့ မေးခွန်းက “လယ်ဗယ်တူအလွှာ” ဆိုတာ ကို ဘာနဲ့ တိုင်းပြီး သတ်မှတ် မှာလဲ?
ဒါက သူကြီး ဖြေပေါ့။
ကျွန်မ အနီးဆုံး ဥပမာ ပေးမယ်။
ဒီ ရွာထဲ မှာစု နေတိုင်း အားလုံး ရဲ့ အတွေးအခေါ် တွေ ဟာ “”လယ်ဗယ်တူ” လို့ သတ်မှတ် နိုင်သလား။
ပညာမှာ ဘွဲ့ တွေ ထပ်နေ သူချင်း ရဲ့ အတွေးအခေါ် ကရော လယ်ဗယ်တူ ရာ ဖြစ်တာလား။
ဒီမှာ ပြသနာ က ပညာတတ်မိန်းမ တစ်ယောတ် နဲ့ အတွေးအခေါ် ဟာ တစ်နေမှာ မှာ ကောင်းနိုင်ပေမဲ့ နောက် တစ်နေရာ လိုမျိုး မှာ ညံ့ နိုင်တယ်။
ဒီလိုဘဲ လမ်းဘေးမှာ လူခေါ်နေ တဲ့ မိန်းမ မှာလဲ သူများ ထက် ပိုပြီး မြင့်တဲ့ အတွေးအခေါ် မရှိဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။
အဲဒီလို လူတစ်ယောက်ချင်းမှာ တောင် မှ ကောင်းတာ ဆိုးတာ တွဲ ပြီး လယ်ဗယ်မညီ တာ ကို တစ်ခြားသူ နဲ့ ဘယ်လို ညီ တယ် ပြောနိုင်မလဲ။
ဒီတော့ လူ ဆိုတာ ကိုယ့်ဟာ ကို အရင် ကျကျနန အရင် သိအောင်လုပ်သင့် တယ်။
ပြီးမှ သူများ တွေ ကို တန်းညှိပေါ့။
ဒါပေမဲ့ ကျွန်မတို့ လို သာမာန် ပုထုဇဉ် မပြော နဲ့ လူ ထက် ပိုမြင့်ပါတယ် ဆို တဲ့ ရဟန်း တွေမှာ တောင် စိတ်ဓာတ် နိမ့်ကျမှု တွေ၊ အဆင့်ခွဲ အဆင့်ခြား မှု တွေ မြင်နေတာ မို့ ဘယ်ဟာမျိုး ကို လယ်ဗယ်တူ လို့ သတ်မှတ် မှာလဲ။
အစ်မဒုံ အတွက် ကတော့ “တရားအားထုတ်ထားမှ” ဆိုတဲ့ စကား ကို မေးချင်ပါတယ်။
“တရားအားထုတ်” တယ်ဆိုတာ တရားဖွင့်ပြီး အဲဒီ ရှေ့မှာ ငုတ်တုတ်ထိုင် ပြ နေတာ မြင်ရင် တရားအားထုတ် နေတယ်လို့ ခေါ်နိုင်မှာပါ။
ဒါပေမဲ့ အဲဒီလို “တရားအားထုတ်” တိုင်း တရားရ တယ် ခေါ်နိုင်မယ် မထင်ပါ။
ကျွန်မ ငယ်တုန်းက တရားစခန်းဝင်တတ်ပါတယ်။
အဲဒီမှာ တွေ့ရတာ တွေ က သိပ်ပြီး တရားကျဖို့ ကောင်းပါတယ်။
တစ်ချို့ တရားစခန်းလာတာ ဖော်ရှိုး ပါ။
သူတို့ တရားရ မယ် မထင်ပါ။ ရစရာလဲ မရှိ။
ဘာလို့လဲ ဆိုတော့ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း ဆိုတာ တစ်ချို့သော သူတို့ ဆီမှာ မတွေ့ရလို့ပါဘဲ။
ထစ်ကနဲဆို စန်းစန်းတင့် တွေ ဖြစ်လိုက်ကြတာ။
ပါးစပ်က မေတ္တာသုတ်ရွတ်ပြီး လက်တွေ့မှာ စာနာစိတ် မရှိသူ တွေ လဲ အများပါ။
အဲဒီလူ တွေ က တရားကျောင်း မလာနိုင် သူ တွေ လဲ အပုတ်ချတတ်တယ်။
တစ်ချို့ မြေးထိန်း နေရတာမို့ တရားကျောင်း မသွားနိုင်ရင် ကိုယ့်အတွက်ကိုယ် တော့ မယူဘူး ပြောကြတယ်။
မှန်သင့်သလောက်မှန်မှာပါ။
ဒါပေမဲ့ မြေးထိန်းရင်း တရားမှတ် သတိအမှတ်လေး နဲ့ နေနေကြ တဲ့ အဖွားကြီး တွေ ကိုလဲ မြင်ဘူးပါတယ်။
ဒါကတော့ ကိုယ့် အခြေအနေ နဲ့ မို့ ဘယ်ဟာကောင်းတယ်၊ မကောင်းဘူး ပြောဖို့ ခက်ပါတယ်။
တရားစခန်းမှာ တကယ်တရားလုပ် သူများ လဲ ရှိတာ တွေ့ပါတယ်။
ပြောချင်တာက တရားရှိ/မရှိ ဆိုတာ သိပ်ပြီး ထူးထူးခြားခြား စစ် နေစရာ မလိုပါဘူး။
ပထမဆုံး မှတ်ကျောက် က သတ္တဝါ တွေ အပေါ် ဘယ်လောက် မေတ္တာထား သည်းခံ ခွင့်လွှတ် နိုင်တယ် ဆိုတာပေါ်မှာ မြင်နိုင်ပါတယ်။
ဒီတော့ လိုရင်းကို ပြန်ဆွဲရရင် “တရားအားထုတ်မှ ဆွေမျိုးတော်ချင်သလား”
ငါပြောသလို လုပ်မှ ငါ နဲ့တူ မှ ငါ့ဆွေမျိုး ဆိုရင် အဲဒါ အတန်းအစားတစ်ခု ခွဲလိုက်တဲ့ သဘောမို့ လူ့အဖွဲ့အစည်း မှာ လူ တွေ ကို နှိမ်သလို ဖြစ်သွားနိုင်မယ်။
အမှန်ဖြစ်သင့်တာက
ဘယ်လို အယူအဆ ဘယ်လို အမူအကျင့် ဖြစ်စေ ကိုယ်နဲ့ ပေါင်းသင်း ဆက်ဆံ ရမှတော့ ကိုယ့် ဆွေမျိုး ကြီးပါဘဲ။
အဲဒီ ရေစက်ဆုံ ရတဲ့ ဆွေမျိုး အချင်းချင်းကြား မှာ “တကယ်ဘဲ တရား ရ နေသူ ဖြစ်နေရင် “Unconditional love နဲ့ ဘယ်လို အခြေအနေ လယ်ဗယ် တွေ မထားဘဲ ချစ်သင့်တာ မဟုတ်လား။
မဟုတ်ရင် ဘယ် ဘာသာဝင် ဖြစ်ဖြစ် မေတ္တာတရား မရှိ စာနာမှု ကင်း ပြီး ကိုယ့် ယုံကြည်ရာမှာဘဲ လစ်မစ် တွေ ထား နေရင် လူ တွေ ကို Unconditional love နဲ့ မချစ်နိုင် တော့ဘူး။
သူ့အယူ ကိုယ့် အယူ အပြန်အလှန် မလေးစားတော့ဘူး။
ဒီမှာတင် လောကကြီး က မ အေးချမ်းတော့ဘူး။
ခရစ်ယာန် တစ်ယောက် ဟာ တရားအားထုတ် မှာ မဟုတ်ဘူး။
ဒါကြောင့် ဒီကောင် တော့ တရားမရှိ လို့ နိဗ္ဗာန်မရောက် ဘူး လို့ ပြောလို့ ဘယ်လို ရမှာလဲ။
နိဗ္ဗာန် ရောက်တယ် ဆိုတာ အကောင်အထည် နဲ့ ပြလို့ မှမရတာ။
ဒီလိုဘဲ ခရစ်ယာန် တစ်ယောက် ကလဲ ဘုရားသခင်ကို မယုံ ရင် မယုံသူများ ငရဲကျမတဲ့။
ဒီမှာတင် လက်ရှိ မြေကြီး ပေါ်မှာ ရပ် နေသူချင်း မမြင်နိုင် တဲ့ အနာဂါတ် အတွက် ရန်သူ ဖြစ်ကြလေသတည်းပေါ့။ lol:-))))
တွေးမိတာလေးပါ။
ဒီလို ပြောချိန် ကိုယ့်ဟာကို ကျွန်မ မြင် ကြည့်ပါတယ်။
ကျွန်မ တရား မရ သေးပါဘူး။
“Unconditional love” နဲ့ လဲ လူတွေ ကို မချစ်နိုင်သေးပါ။
ကျွန်မ ကို လာပြီး လစ်မစ် ထား ရင် ကျွန်မ ကလဲ ပြန်ပြီး လစ်မစ် သတ်မှတ်ပါတယ်။
ကိုယ့်နဲ့ သဘောမတွေ့ရင် ပက်ကနဲ ရန်တွေ့တတ်တာ ကို က သည်းခံအား မကောင်းလို့ပါ။ 😉 lol:-))
kai
August 14, 2015 at 1:29 pm
ကွန်ပြူတာမှာ.. စီပီယူက.. i3, i5, i7 ဆိုသလိုပဲ.. လူဦးနှောက်လည်း.. တွက်ချက်တဲ့စွမ်းရည်တွေကွာတယ်လို့.. ယုံကြည်တယ်…။
xeon cpu ရှိတဲ့server ကို.. တခုခုတင် run လိုက်တာနဲ့.. ဘာစိပီယူရှိနေလည်းသွားကြည့်နေစရာမလို.. တန်းသိသလိုပ…။
… ကျုပ်ပြောချင်တဲ့အလွှာက.. အဲဒါပါပဲ..
အလွှာအမြင့်က.. အလွှာနိမ့်ကို.. နှိမ်ချ ခွဲခြားဆက်ဆံနေရန်လည်းအကြောင်းမရှိ..။
ဆိုတော့…
ဘုန်းကြီးက.. လူထက်ပိုမြင့်တယ်… ဆိုတာမျိုး.. ရုပ်ကိုကြည့်ပြီးဆုံးဖြတ်တာတော့.. လုံးဝလက်မခံ..။
padonmar
August 13, 2015 at 10:15 pm
-ကွကိုယ် စိတ်ပါတုန်းလေး ပို့စ်ကို ခိုးတင်ပြီး အေးရာအေးကြောင်းနေမလို့ဟာ အဲဒီ ဂျီမလတ် အစဆွဲတော့ ပြန်မန့်ရပြီ။
-သဂျီးနဲ့ ဆိုင်ရာ သွသူရှင်းစေသဒီး။
-ကိုယ်ကို ကန့်လန့်တိုက်တာတော့ ကိုယ်ရှင်းမှရတော့မယ်။
-တရားအားထုတ်တယ်ဆိုတိုင်း ဘာသာတရားလို့ ပြောတိုင်း တကယ် လိုက်နာ ကျင့်သုံးသူကိုပဲ ပြောတယ်လို့ မှတ်ပေးကြပါနော်။
-တကယ်တမ်း တရားတော်ကို လေးလေးစားစား လိုက်နာ ကျင့်သုံးတဲ့သူနဲ့ အများအထင်ကြီးအောင် ရိပ်သာဝင်တဲ့သူ၊အလှူလုပ်တဲ့သူနဲ့ သောမနဿ သဟဂုတ် ကြက်သွန်ကြော်များများနဲ့ အုပ် ဆိုတဲ့ အဘိဓမ္မာသမားယောင်ယောင်တွေရယ်ကို ခွဲမြင်ပေးကြပါနော်။
-ရိပ်သာမှာ ရက်ရှည် တရားအားထုတ်ခြင်းဆိုတာကို ဘာလို့ အသားပေးပြောနေလဲဆိုတော့ အခုခေတ်ကြီးက ရှေးကလို တရားနာရုံနဲ့ အပြည့်အဝရဖို့ မလွယ်တော့ပါဘူး။
-ရိပ်သာမှာ စားစရာနေစရာမပူမပင်၊မိသားစုအလုပ်အကိုင်အပူတွေကို ဖယ်ပြီး အားထုတ်ရင် စိတ်တည်ငြိမ်မှု ပိုရတယ်ဆိုတာ မငြင်းသာပါဘူး။
-ရိပ်သာမှာတောင်မှ ဝင်ကာစမှာ ချည်တိုင်က ရုန်းနေတဲ့ နွားကလေးလို စိတ်တွေက အပြင်ကိုပဲ ရုန်းထွက်နေတာ။ရက်ကြာတော့မှ ငြိမ်လာပါတယ်။
-ဒါ့ကြောင့် ရက်ရှည် ဆိုတဲ့ စကားကို သုံးရပါတယ်။
-ဒါ့အပြင် ကြိုးစားအားထုတ်တယ် ဆိုတာကလည်း အရေးအကြီးဆုံးပါပဲ။
-လူက ငြိမ်နေပေမယ့် စိတ်က ကမာ္ဘပတ်နေတာပါ။
-သို့သော် တကယ် စိတ်တည်ငြိမ်လာပြီဆိုရင် အမူအရာက ဟန်ဆောင်ငြိမ်တာနဲ့ အများကြီး ကွာပါတယ်။
(လောကမှာ အတုက အစစ်ထက် ပေါလေတော့ လူတွေက ကြိုးစားအားထုတ်တဲ့သူကို မတွေ့ဘဲ ယောင်တောင်ပေါင်တောင်တွေပဲ တွေ့ကြတော့တာပါပဲ။)
-တရားအားထုတ်ထားမှ ဆွေမျိုး ဆိုတာကလည်း တရားကို တကယ်လိုက်နာ အားထုတ်ရင် အားထုတ်သလောက် သူ့ရဲ့ စိတ်ဟာ ယဉ်ကျေးလာပါတယ်။ယဉ်ကျေးသူဟာ ယဉ်ကျေးသူနဲ့ပဲ အပေါင်းအသင်းလုပ်ချင်ပါတယ်။
-အမတို့ငယ်ငယ်က အမေတို့ မိတ်ဆွေ ဦးကြီး တယောက်ကို သိပ် အမြင်ကပ်တာပဲ၊ သူမို့ အိမ်လာရင် ရှိတဲ့ ဟင်းတွေ မုန့်တွေ အတင်း နှိုက်စား၊စည်းကမ်းမရှိ၊ ကိုယ်ဆရာဝန်ဖြစ်ချိန်မှာ သူ့မိန်းမကို ဆေးစစ်ပေးရတော့ ကာလသားရောဂါပိုးရှိနေလို့ လင်မယား နှစ်ယောက်စလုံး ဆေးကုပေးရပါတယ်။ ဒါပေမယ့် နောက် ၁ဝနှစ်လောက်မှာ သူရဟန်းခံပေးတဲ့ ပဉ္ဇင်းကောင်းမှုနဲ့ တရားအားထုတ်ပြီးသွားတဲ့အခါ သူ့ရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာတွေ အကုန်ပြောင်းလဲသွားပြီး တကယ့်ကို ကြည်ညိုစရာ ဖြစ်သွားပါတယ်။ သေသည်အထိ ရှစ်ပါးသီလမြဲသွားပါတယ်။ကိုယ်ကတောင် အိမ်မှာ လာတည်းပါ၊ထမင်းစားပါ အတင်းခေါ်ရပါတယ်။
-တကယ်လေးလေးစားစား လိုက်နာရင် လိုက်နာသလောက် လူ့အဆင့်အတန်းကို မြှင့်တင်ပေးတဲ့ တရားပါ။
-လူလောကီနယ်ထဲမှာ တရားအသိနဲ့ နေရင်လည်း တရားအားထုတ်သူပါပဲ။
-အဲဒီလို တရားကို တကယ်အားထုတ်တဲ့အခါမှာ လူသားအားလုံးပေါ်တင်မက ကျန်သက်ရှိတွေအပေါ်ပါ မလတ်ပြောတဲ့ Unconditional love နဲ့ နေနိုင်သွားပါမယ်။
-ဆရာတော်ကြီးမှာ ကောင်းစေချင်တဲ့ စိတ်ဆန္ဒကတော့ ဘယ်သူ့အပေါ်မဆို ရှိမှာပဲ။ဒါ့ကြောင့်လည်း သူတွေ့ရှိတဲ့ အမှန်တရားကို သူတပါးလည်း တွေ့စေချင်လို့ အချိန်မဆွဲဖို့ လူတိုင်းကို တိုက်တွန်းတာပေါ့။
-မြတ်စွာဘုရားလည်း သူ့ရဲ့ ရဟန်းတွေရော၊တိတ္ထိတွေရော အပေါ် မေတ္တာတူတူထားတာပဲ။ဒါပေမယ့် ဆိုဆုံးမတဲ့အခါ ဘိက္ခဝေ(ငါ၏ချစ်သားရဟန်းများ) လို့ သုံးတာနဲ့
ဘော-(အချင်းတို့) ဆိုပြီး သုံးနှုန်းတာ ကွာပါတယ်။
ဟေသီ
August 14, 2015 at 11:23 am
ဟုတ်တယ် အစ်မဒုံ (သူများခေါ်သလို အလွယ်လိုက်ခေါ်လိုက်ပြီနော်)။ အစ်မဒုံပြောလို့ ဝါတွင်းတော့ ဥပုသ်စောင့်လိုက်အုံးမယ်။ စိတ်အေးချမ်းသာ ရချင်လို့ပေါ့။ အဲ မမြစပဲရိုး အပြောနဲ့ အစ်မဒုံရဲ့ အဖြေ နှစ်ခုကို ဖတ်ပြီးသကာလ ကျွန်မရဲ့ ယုံကြည်ချက်ကတော့ နှစ်ယောက်စလုံးနဲ့ ထပ်တူမကျသလို မကွဲပြားဘဲ တစ်ချို့အယူအဆက တူပြီး တစ်ချို့အယူအဆက အတော်လေးကို ကွဲပြားစွာခံယူ ထားတယ်လို့ ပြောချင်ပါတယ် ရှင့်….
manawphyulay
August 14, 2015 at 11:52 am
ဆရာတော်က အပြီးသာ ခေါ်ပေမယ့် အမေစုက အပြီး မလာနိုင်သေးဘူးထင်တယ်နော်… မနောတို့လည်း ဘယ်တော့များမှ ဒီသံသရာဝဋ်ဆင်းရဲက လွတ်မလဲမသိဘူးနော်။
ဦးကြောင်ကြီး
August 14, 2015 at 11:57 am
လူယဉ်ပီးမှ ပြောဒယ်လား… ယအူးမဲ ဒီမိုကရေစီ