ဘဝအတွက် ကြည့်မှန်များ
ကျွန်မတို့ဟာ အခြားလူတစ်ယောက်ရဲ့ အမှားကို အလွယ်တကူ ရှာနိုင်ပေမဲ့.. မိမိကိုယ်ကို ဘယ်နေရာမှာ မှားနေသလဲ၊ ဘယ်နေရာမှာ လိုနေတာများရှိနေမလဲ ဆိုတဲ့ အမှန်တရားကိုတော့ ရှာတွေ့ဖို့ ခက်ခဲတတ်ပါတယ်.. ဘာလို့ဆိုရင် ငါဆိုတဲ့ အတ္တအစွဲလေး ရှိနေတတ်ကြလို့ပါဘဲ.. ငါကောင်းကောင်း လုပ်နေရက်သားနဲ့၊ ငါမဟုတ်တာ မလုပ်ဘူး၊ ငါလုပ်တာ မှန်နေသားဘဲ ဆိုတဲ့ ဆင်ခြေတွေက မိမိရဲ့ အမှားတွေ၊ လိုအပ်ချက်တွေကို ဖုံးလွှမ်းထားတာမို့ ကိုယ်တိုင်က အလွယ်တကူ မြင်ဖို့ ခက်ပါတယ်။ ဥပမာ လူတွေအားလုံးနီးပါးက တစ်စုံတစ်ယောက်ကို သူ့ရဲ့ လုပ်ရပ်ဟာ မှားနေတယ်၊ မသင့်တော်ဘူး၊ အပြစ်ရှိတယ်လို့ ဝိုင်းပြီးပြောနေ၊ ဝေဖန်နေကြပေမဲ့ သူကိုယ်တိုင်ကတော့ အပြစ်လုံးဝမရှိပါ၊ သူလုပ်တာ မမှားပါ ဆိုတဲ့ မိမိကိုယ်ကို ကာကွယ်တဲ့ စကားလုံးတွေ တွင်တွင်သုံးပြီး အမှားကို လုံးဝ ဝန်မခံတဲ့ ဖြစ်ရပ်တွေ တွေ့ဖူး၊ ကြုံဖူးကြပါလိမ့်မယ်.. လူတိုင်းမှာ မိမိကိုယ်ကို အကောင်းမြင်စိတ်တွေ ရှိတတ်ကြတာကြောင့်ဘဲ ဖြစ်ပါတယ်.. အကောင်းမြင်တာဟာ မကောင်းဘူးလို့ မဆိုလိုပေမဲ့ အကောင်းမြင်လွန်းတဲ့စိတ် လွန်ကဲသွားတဲ့အခါမှာ သူတစ်ပါး ပြောသမျှစကားကို အမှန်မထင်ဘဲ မိမိသာလျှင် အမှန်၊ မိမိလုပ်သမျှသာလျှင် အဟုတ်ဆိုတဲ့ စိတ်မျိုး ( Over confident) သိပ်များသွားပြီ ဖြစ်ပါတယ်။
ဒီတော့ ကျွန်မတို့ဟာ မိမိကိုယ်ကို ပြန်မြင်ဖို့ အတွက် ကြည့်မှန်တစ်ချပ် လိုပါတယ်.. ကိုယ့်ရဲ့ ရုပ်ကို မြင်ဖို့တော့ တကယ့်ကြည့်မှန်ကို သုံးပြီး မြင်နိုင်ပေမဲ့လို့ မိမိရဲ့ စိတ်၊ မိမိရဲ့အမှား၊ မိမိလုပ်ရပ်၊ မိမိရဲ့ လိုအပ်ချက်တွေ မြင်နိုင်ဖို့ ဆိုရင်တော့ ပတ်ဝန်းကျင်ဆိုတဲ့ မှန်တစ်ချပ်က မဖြစ်မနေ လိုအပ်လာပြီ ဖြစ်ပါတယ်.. ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်မှာ ပတ်ဝန်းကျင်က ဘယ်လိုတုံ့ပြန်တယ်၊ ဘယ်လိုဝေဖန်တယ်ဆိုတာ နားထောင်ဖို့ လိုအပ်ပါပြီ။ ပတ်ဝန်းကျင်ပြောသမျှစကား အားလုံး အမှန်ဖြစ်ရမယ်လို့ မဆိုလိုပေမဲ့ ကိုယ့်ပတ်ဝန်းကျင်က စစ်မှန်တဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေရဲ့ စကားသံဟာ ကိုယ့်အတွက် မှန်တစ်ချပ်လို အသုံးဝင်ပါလိမ့်မယ်။ ကိုယ်မမြင်လိုက်တဲ့ ကိုယ့်ရဲ့အမှား၊ ကိုယ်မထင်ထားတဲ့ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို သူတို့တွေဆီက ကြားသမျှနဲ့ ပြန်လည်ချင့်ချိန်ပြီး တိုင်းတာ ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်.. မှားတဲ့နေရာတွေကို ပြင်သင့်တာ ပြင်ပြီး၊ လိုနေတဲ့နေရာတွေကို ဖြည့်ရမှာ ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖတ်လိုက်ရတဲ့ ဇာတ်လမ်းလေးတစ်ခုကို ပြန်လည် ပြောပြချင်ပါတယ်… ဇာတ်လမ်းလေးက ဒီလိုပါ။ မတ်ခ် နဲ့ ဂျွန် ဆိုတဲ့ သူငယ်ချင်း၂ယောက်ဟာ သိပ်ကို ချစ်ခင် ရင်းနှီးကြသူတွေဖြစ်ပြီး ကျောင်းတွေ အတူတူတက်လို့ ကျောင်းပြီးသွားကြတော့ အရောင်း ကုမ္ပဏီကြီးတစ်ခုမှာ အရောင်းကိုယ်စားလှယ်များ အဖြစ် တစ်ချိန်တည်း အလုပ်ဝင်ကြပါတယ်.. သူတို့ ၂ယောက်လုံးဟာ အလုပ်ကြိုးစားကြသူများ ဖြစ်ပြီး လူတိုင်းကလည်း သူတို့၂ယောက်ကို ချီးကျူးကြပါတယ်။
အလုပ်ဝင်ပြီးလို့ ၂နှစ်လောက်အကြာမှာတော့ သူဌေးဟာ ဂျွန့်ကို လက်ထောက်မန်နေဂျာရာထူး တိုးပေးလိုက်ပြီး မတ်ခ်ကိုတော့ ရာထူးတိုးမပေးဘဲ ချန်ခဲ့ပါတယ်.. အလုပ်အတူတူဝင်တာခြင်း ၊ အလုပ်ကို ကြိုးစားတာခြင်းလည်း တူကြပါရက်နဲ့ ရာထူးမတိုးဘဲကျန်ခဲ့တဲ့ အတွက် မတ်ခ်ရဲ့ စိတ်ထဲမှာ ဘယ်လိုမှ မကျေမချမ်းနိုင် ဖြစ်နေပြီး ဒီအလုပ်မှာ ဆက်လုပ်ဖို့ကိုလဲ ဆန္ဒမရှိတော့ဘဲ ဖြစ်နေပါတယ်.. ဒါကြောင့် အလုပ်ထွက်တော့မယ်လို့ ဆုံးဖြတ်ပြီး အလုပ်ထွက်စာကို သူဌေးဆီ သွားတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်.. သူဌေးထံရောက်တဲ့အခါ တစ်ပြိုင်တည်း အလုပ်ဝင်တာချင်းလည်းတူပြီး အလုပ်ကိုလဲ ကြိုးစားရဲ့နဲ့ သူ့ကိုတော့ နေရာပေး၊ တန်ဖိုးထား၊ အသိအမှတ်ပြုတာမျိုး မရှိတဲ့အတွက် အလုပ်ထွက်မဲ့ အကြောင်း သူဌေးကို ပြောပါတယ်။
မတ်ခ်ရဲ့ သူဌေးဟာ ဂျွန်ရော မတ်ခ်ရော အလုပ်ကြိုးစားတာကို သိပါတယ်.. ဒါပေမဲ့ သူတို့၂ယောက်ရဲ့ ခြားနားချက်ကို သူဌေးက ကောင်းစွာ သဘောပေါက်ထားလေတော့ ဂျွန်ကို့ ဘာကြောင့် ရာထူးတိုးပေးပြီး မတ်ခ်ကိုကျတော့ ဘာကြောင့် ရာထူးမတိုးသလဲဆိုတဲ့ အဖြေကို သူကောင်းကောင်းပေးနိုင်ပါတယ်.. ဒီတော့ သူဌေးက မတ်ခ်ကို အလုပ်မထွက်ခင်မှာ သူခိုင်းတာလေး တစ်ခု လုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်.. “ကုမ္ပဏီရဲ့ အနီးဆုံး ဈေးတစ်ခုကို သွားပြီး အဲဒီဈေးမှာ ဖရဲသီးရောင်းသူ ရှိမရှိ သွားရောက်စုံစမ်းပေးပါ” လို့ ခိုင်းလိုက်တာပါ။ မတ်ခ်ဟာ သူဌေးခိုင်းတဲ့အတိုင်း ဈေးကိုသွားပြီး ဖရဲသီး ရောင်းသူရှိမရှိ သွားစုံစမ်းပြီးတော့ ပြန်လာပါတယ်.. ပြီးတော့ သူဌေးကို “ဈေးထဲမှာ ဖရဲသီးရောင်းသူရှိပါတယ်” လို့ ပြောတော့ သူဌေးက “တစ်ကီလိုကို ဘယ်ဈေးလဲ” လို့ မေးပြန်တဲ့အခါမှာ မတ်ခ်က မဖြေနိုင်တော့ပါဘူး.. ဒီတော့ ဈေးကို တစ်ခါပြန်သွားပြီး တစ်ကီလို ရောင်းဈေးကို မေးပြီးပြန်လာကာ “တစ်ကီလိုကို ဝ.၂ဒေါ်လာ ရောင်းပါတယ်” လို့ သူဌေးကို ပြန်သတင်းပို့ပါတယ်။
ဒီတော့ သူဌေးက “ကောင်းပြီ မင်းကို ခိုင်းတဲ့အတိုင်းဘဲ ဂျွန့်ကိုခိုင်းပြမယ်.. မင်း စိတ်ရှည်ရှည်နဲ့ ခနလောက် စောင့်ကြည့်ပါ” လို့ ပြောပြီး မတ်ခ်ကိုခိုင်းတဲ့ အတိုင်းဘဲ ဂျွန့်ကိုလဲ ဖရဲသီးရောင်းသူ ရှိမရှိသွားကြည့်ဖို့ သူဌေးက ခိုင်းလိုက်တဲ့ အခါမှာ ဂျွန်ဟာ ဈေးကို ထွက်သွားပါတယ်.. မကြခင် သူပြန်ရောက်လာတော့ “ ဈေးထဲမှာ ဖရဲသီးရောင်းသူ တစ်ဦးတည်းသာ ရှိပြီး တစ်ကီလိုကို ဝ.၂ ဒေါ်လာနဲ့ ရောင်းနေပါတယ်.. ၁၀ဝကီလိုယူရင် ၁၈ဒေါ်လာနဲ့ ထားပေးမှာ ဖြစ်ပြီး ဖရဲသီးသည်ဆီမှာ စုစုပေါင်း လက်ကျန်အလုံး ၃၄ဝ ကျန်ရှိနေသေးကြောင်းနဲ့ စားပွဲပေါ်မှာ ဖရဲသီး ၅၈လုံး၊ တစ်လုံးကို ၁၅ကီလိုစီ အလေးချိန်ရှိကြောင်း၊ လွန်ခဲ့တဲ့ ၂ရက်ကမှ ရောက်လာတဲ့ ဖရဲသီးတွေဖြစ်ပြီး နီရဲချိုမြနေတဲ့ အရည်အသွေးကောင်း ဖရဲသီးများ ဖြစ်ပါတယ်” လို့ သူဌေးကို အပြည့်အစုံ ပြန်လည် သတင်းပို့ပါတော့တယ်။
ဒီတော့မှ အစအဆုံး နားထောင်နေတဲ့ မတ်ခ်ဟာ သူဌေးသွယ်ဝိုက်ပြီး ညွှန်ပြလိုက်တဲ့ သူကိုယ်တိုင် မမြင်နိုင်ခဲ့တဲ့ သူ့လိုအပ်ချက်၊ သူ့အမှားကို ကောင်းစွာ နားလည်သွားပြီ ဖြစ်ပါတယ်.. သူနဲ့ ဂျွန်ရဲ့ကြားက ကွဲပြားခြားနားချက်ကိုလည်း ကောင်းကောင်းကြီး သဘောပေါက်သွားပါပြီမို့ အလုပ်ထွက်စာကို ပြန်လည်ရုပ်သိမ်းပြီး ဂျွန့်ဆီကနေ သူရဲ့ လိုအပ်ချက်တွေကို သင်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီဇာတ်လမ်းလေးထဲကလိုပါဘဲ ကျွန်မတို့ဟာ မိမိကိုယ်ကို အမှန်ကိုမြင်ဖို့ ခက်ခဲတာမို့ အခြားသူများရဲ့ လမ်းညွှန်ချက်၊ အပြုသဘောဆောင်တဲ့ ဝေဖန် အကြံပေးချက်တို့ကိုလဲ လက်ခံယူနိုင်ဖို့ မိမိရဲ့ စိတ်တံခါးများကို ဖွင့်ထားဖို့ လိုအပ်ပါသေးတယ်.. “No one is perfect” ဆိုတဲ့စကားလေးအတိုင်း လောကမှာ အရာရာ ပြည့်စုံစွာ သိသူ၊ တတ်မြောက်သူ ဆိုတာ မရှိတဲ့အတွက် အခြားသူများဆီက ကိုယ်မသိသေးတာ၊ မတတ်သေးတာတွေကို သင်ယူဖို့၊ အခြားသူများရဲ့ ဝေဖန်အကြုံပြုချက်များကို လက်ခံနိုင်ဖို့ ကြိုးစားရပါဦးမယ်။ ကိုယ်မမြင်နိုင်တာတွေကို မြင်နိုင်ဖို့အတွက် ဝေဖန်အကြံပြုမဲ့ မိတ်ဆွေကောင်းဆိုတဲ့ ကြည့်မှန်များဟာ ဘဝအတွက် အရေးပါတဲ့နေရာမှာ ရပ်တည်နေတတ်ပါတယ်.. ဒီတော့ ကျွန်မတို့တွေဟာ ကိုယ့်ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကြည့်မှန်နဲ့တူသော မိတ်ဆွေကောင်းတွေကို ရရှိလာတဲ့အခါမှာ တန်ဖိုးထားကြဖို့နဲ့၊ ကိုယ့်အတွက် သင့်တော်မဲ့ မိတ်ဆွေကောင်းဆိုတဲ့ ကြည့်မှန်တွေကို လက်လှမ်းမှီရာ ကိုယ့်ဝန်းကျင်မှာ ရှာဖွေကြပါစို့လားရှင်။
3 comments
researcher
August 26, 2010 at 8:46 am
ကျွန်တော်တို့ငယ်ငယ်က ဖတ်စာထဲသင်ရတဲ့ ဘုရင့်ယောက်ဖကို ခွေးကြည့်ခိုင်းတဲ့ဟာလိုမျိုးပေါ့။ တင်ပြပုံကောင်းပါတယ်။
မန်း ရိပ်
August 26, 2010 at 2:37 pm
အမှန်ပဲ ဥပမာက ဘုရင်ယောက်ဖကို ခွေးကြည့်ခိုင်းတဲ့ဟာမျိုးပဲ
ဆိုလိုရင်းကတော့ အတူတူပဲ
်ဘဝ မှာ ကြည့်မှန်များကို ရှာဖွေကြည့်သင့်တယ်
HayMonChan
September 21, 2010 at 5:23 pm
မှတ်သားသွားပါသည်