၈ကြိမ်မြောက် မြန်မာရုပ်ရှင်ပွဲတော်အခမ်းအနား – Los Angeles
Network of Myanmar American Association ကကျင်းပတဲ့ ၈ကြိမ်မြောက် မြန်မာရုပ်ရှင်ပွဲတော်အခမ်းအနား ဖွင့်ပွဲကို ၂၀၁၅၊ စက်တင်ဘာ၁၉၊ ညနေ၆နာရီခွဲကLos Angeles က Downtown Independent Theater မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားအတွက် Media Sponsor ကို Myanmar Gazette က တာဝန်ယူပါတယ်။ ဒီပွဲမှာပြဖို့ မှတ်တမ်းတင်ရုပ်ရှင်ကားတွေကို ရွေးချယ်သူတွေကတော့ အကယ်ဒမီမေဝင်းမောင်၊ ဂျာမန်ဒါရိုက်တာနဲ့ရုပ်ရှင်ထုတ်လုပ်သူု Yasmin C. Rams နဲ့ ကိုသခင်ဘွား(အယ်ဒီတာချုပ်၊ ထုတ်ဝေသူ Myanmar Gazette သတင်းစာ) တို့ဖြစ်ပါတယ်။
အခမ်းအနားမစမီ တက်ရောက်လာတဲ့ပရိသတ်တွေကို ရိုးမမြန်မာစားသောက်ဆိုင်က မြန်မာစားစရာတွေနဲ့ဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ အခမ်းအနားမှူးအဖြစ် Adrian Zaw ကဆောင်ရွက်ပြီးအဖွင့်နှုတ်ခွန်းဆက်စကားနဲ့ကျေးဇူးတင်စကားကို NetMAA
အသင်းဥက္ကဌ ကိုအောင်မင်းနိုင်က ပြောကြားခဲ့ပါတယ်။ Mr. Georges Chamchoun, Executive director from the Asian World Film Festival က Asian World Film Festival အကြောင်းပရိသတ်ကို မိတ်ဆက်ပြောကြားပြီး ယခုပြသည့် မှတ်တမ်းရုပ်ရှင်ကား များထဲက အကြိုက်ဆုံးတကားကို Asian World Film Festival အတွက်ရွေးချယ်မည်ဖြစ်ကြောင်းပြော
ကြားခဲ့ပါတယ်။ အဲ့ဒီ့နောက် အခမ်းအနားကို တက်ရောက်လာသူ ကိုအောင်မျိုးမင်း (Equality Myanmar Executive Director) အတွက် အသင်းရဲ့ အမှတ်တရဂုဏ်ပြုဆုုကို အသင်းကိုယ်စား အကယ်ဒမီဒေါ်မေယုမှ ပေးအပ်ခဲ့ပါတယ်။
ဒါရိုက်တာ Khin Maung Kyaw ရဲ့” When the boat comes in ” ဇာတ်ကားကို ပထမဆုံးပြသတဲ့အခါ သံဖြူဇရပ်ရွာကလေးတွေကပင်လယ်လုပ်သား တွေရဲ့ဘဝ၊ ငါးခြောက်၊ ပုဇွန်ခြောက်လုပ်ကိုင်ရုန်းကန်ရတဲ့မိသားစု၊ ဆင်းရဲလို့ကျောင်းနေရတာ မပျော်တဲ့ကလေးမလေး၊ တသက်လုံးတံငါသည်အလုပ်လုပ်စားမယ်စိတ်မကူးခဲ့ပေမယ့် ပင်လယ်ထဲငါးဖမ်းရင်း ဘဝဆက်နေရတဲ့အိမ်ထောင်ဦးစီး၊ ညနေစောင်းချိန် မိုးညိုပြီဆို လင်ယောက်ျားတံငါလှေပြန်အလာ ပင်လယ်စပ်ထွက်မျှော်ရတဲ့အမျိုးသမီးတွေဘဝ၊ မြို့ပေါ်က ကုန်စည်ဒိုင်က လာဝယ်တဲ့အခါ ပေးချင်သလိုပေးတဲ့ဈေး၊ နောက်ဆုံး နေပြည်တော်က ပို့လိုက်တဲ့အမိ်န့်စာနဲ့ ဇာတ်ကားကို အဆုံးသတ်ထားပါတယ်။ ဒါရိုက်တာ Nwaye Zar Chi Soe, Mine Aung Lin Tun, Pyae Zaw Phyo တို့ရိုက်ကူးတဲ့ Traveller ကားကတော့ ခြေတဘက်မသန်စွမ်းတဲ့ ကျေးရွာသူမိန်းကလေးတယောက်ရဲ့ မသန်စွမ်းသူများအတွက် အခွင့်အလမ်းနည်းပါးတဲ့မြန်မာပြည်မှာ ဘွဲ့ရပြီး အလုပ်ရသည်အထိ ရုန်းကန်ခဲ့ရပုံအကြောင်း ရိုက်ကူးထားပါတယ်။ တတိယကား ” This land is our land ” ကိုတော့ ဒါရိုက်တာ Sai Kong Kham ကရိုက်ကူးထားပြီး နှစ်ရှည်လများသစ်တောထိန်းသိမ်းခဲ့သူတောင်သူဦးကြီး တဦးရဲ့ ရုတ်တရက်မည်သူမည်ဝါမှန်းမသိရသူတွေက ကြိုးဝိုင်းလာဝိုင်းတဲ့အခါ အနီးအနားကရွာသားတွေကလည်း အရိုအသေမရှိတော့ဘဲ သစ်တွေလာခုတ်ကြတဲ့ပုံ၊ သစ်တောပြုန်းတီးခြင်းကြောင့်သဘာဝပတ်ဝန်းကျင်ပျက်စီးမှန်းသိပေမယ့် လုပ်စားစရာမရှိတဲ့အခါ သားသမီးတွေကို အငတ်မထားနိုင်တာကြောင့် သစ်ခုတ်ရပုံ၊ ဘယ်ကိုဖြန့်ဝေမှန်းမသိရသော ရေအားလျှပ်စစ်လုပ်ငန်းကြောင့် ကျေးရွာများကို အတင်းအဓမ္မပြောင်းရွှေ့ခိုင်းပုံ၊ အနာဂတ်ရင်သွေးကလေးငယ်များ
ကျောင်းကိုနေ့စဉ်သွားနေပေမယ့် ကြီးလာရင်ဘာလုပ်ကြမလဲဆိုတဲ့မေးခွန်းကို နေ့စဉ်မြင်တွေ့နေရတဲ့သူတို့မိသားစုနဲ့နီးစပ်ရာ ပတ်ဝန်းကျင်ကလူကြီးများလုပ်ကိုင်စားသောက်နေရတဲ့အလုပ်တွေလုပ်မယ်လို့သာဖြေကြပြီး တနှစ်ထက်တနှစ်ကြီးလာတဲ့မြစ်ရေမှာ ကျေးရွာတွေမြုပ်တဲ့အခန်းလေးနဲ့ အဆုံးသတ်ထားပါတယ်။
တတိယကား This kind of love ကိုတော့ ဆန်ဖရန်စစ်စကိုမြို့နေ ဒါရိုက်တာ Jeanne Hallacy က ရိုက်ကူးထားပြီး ထိုင်းနယ်စပ်မှာ ၂၄နှစ်တာနေထိုင်ခဲ့ပြီးမှ မြန်မာပြည်ကို ပထမဆုံးပြန်လာခဲ့သူ လိင်တူချစ်သူတဦးပါလို့ လူ့အဖွဲ့အစည်းမှာ ရဲဝံ့စွာဖွင့်ဟသူု ၈၈၈၈မျိုးဆက်ကျောင်းသားဟောင်းနဲ့ ABSDF အဖွဲ့ဝင်ဟောင်း၊ မြန်မာပြည်လူ့အခွင့်အရေး အတွက်လှုပ်ရှားတိုက်ပွဲဝင်သူ ကိုအောင်မျိုးမင်းရဲ့ တော်လှန်ရေး၊ အချစ်၊ ကလေးလူငယ်များကို ပညာပေးပြုစုပျိုးထောင်ပေးပုံ ဘဝဇာတ်ကြောင်းကို ဘာသာရေး၊ လိင်၊ အသားအရောင်ခွဲခြားမှုအထောက်အထားများ နဲ့ယှဉ်ပြီး ရိုက်ကူးထားပါတယ်။
ဆရာတင်မိုးကဗျာ နောက်ခံအသံနဲ့ ကိုအောင်မျိုးမင်းရဲ့ရုပ်သေးအကကကွက်ရိုက်ချက်တွေက ဒီဇာတ်ကားတခုလုံးရဲ့ အနုပညာအမြောက်ဆုံးရိုက်ချက်လို့ မြင်မိပါတယ်။ မန္တလေးမြို့မှာ ရဲတပ်ဖွဲ့ရဲ့အဖမ်းအဆီးအပြင် လူ့အခွင့်အရေးချိုးဖောက်မှုခံရသော လိင်တူုချစ်သူများရဲ့ ရဲစခန်းမှာ သူတို့ဘယ်လို နှုတ်ဖြင့်၊ ကိုယ်ထိလက်ရောက်ဖြင့် အနိုင်ထက်စီးခံရပုံတွေကို ဖွင့်ဟပြောဆိုခံရပုံတွေကလည်း လူ့အခွင့်အရေးကို နားလည်ကိုယ်ချင်းစာတတ်သူ ပရိသတ်များရင်ထဲအရောက် ရိုက်ကူးပြခဲ့ပါတယ်။ အချို့ Gay တွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ အခန်းအချို့မှာ အာမေဋ်ိတ်သံ၊ ရယ်သံတချို့ ပရိသတ်ထဲက ထွက်ထွက်လာတဲ့အခါမှာ မြန်မာလူ့အဖွဲ့အစည်းအများစုရဲ့ လက်ခံနိုင်မှုအတိုင်းအတာနဲ့အလှမ်းဝေးတဲ့ အမေရိကန်ပရိသတ်တချို့က ဘာလို့ရယ်ကြတာလဲဆိုတာကို နားမလည်ဟန်နဲ့ လှမ်းကြည့်တဲ့အကြည့်တွေကိုလည်း တွေ့ခဲ့ရပါတယ်။ Brokeback Mountain, Milk ဇာတ်ကားတွေကြည့်စဉ်က ပိတ်ကားပေါ်ပြနေတဲ့ အခန်းတိုင်းအခန်းတိုင်းနဲ့အတူ အသက်ကို အမြန်၊ အနှေးလိုက်ရှုတတ်တဲ့၊ မတူညီ ကွဲပြားမှုကို မရှုံချဘဲ ကျယ်ကျယ်ပြန့်ပြန့်လက်ခံတတ်တဲ့ယဉ်ကျေးမှုမျိုး ကိုတန်ဖိုးထားကျင့်သုံးသူ လူမျိုးခြားပရိသတ်တွေကတော့ ဒီဇာတ်ကားအဆုံးမှာ ကိုအောင်မျိုးမင်းကို ချီးကျူးကျေးဇူးတင်စကားဆိုကြပါတယ်။ အနုပညာနဲ့မဝေးလှတဲ့ မြန်မာ ပရိသတ်တွေကလည်း ဒီဇာတ်ကားကို နှစ်သက်ကြတယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားအပြီးမှာ ကိုအောင်မျိုးမင်းနဲ့ ပရိသတ်တွေအမေးအဖြေလုပ်ပါတယ်။
အမေရိကန်ပရိသတ်တွေ မေးကြတာများပါတယ်။နောက်ဆုံးပြတဲ့ဇာတ်ကားကတော့ Dr. Marilyn Metta နဲ့ Chris Gosfield တို့ရိုက်ကူးထုတ်လုပ်တဲ့ How I became a refugee ဖြစ်ပါတယ်။ ပြတဲ့အချိန်မှာ ည၁ဝနာရီကျော်ပြီမို့ ပရိသတ်တချို့ပြန်ကြပါတယ်။ ဒီဇာတ်ကား ဟာလည်း ပြည်တွင်းစစ်ကြောင့် ဩစတြေးလျနိုင်ငံကိုပြောင်းရွှေ့အခြေချလာသူ ချင်းတိုင်းရင်းသားမိသားစု အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားအားလုံးကို အင်္ဂလိပ်စာတမ်း ထိုးပါတယ်။
အခမ်းအနားက ည၁ဝနာရီမှာ ပြီးဆုံးပြီး Network of Myanmar American Association ရဲ့ ၈နှစ်တာရုပ်ရှင်ပွဲတော်မှာ မြန်မာမှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကားများဟာ နိုင်ငံတကာအဆင့်မီ၊ နိုင်ငံ
တကာပရိသတ်ရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး တနှစ်ထက်တနှစ်ပိုပြီးအားရမိတယ်
လို့ အမေရိကန်ပရိသတ်တဦးက ဆိုပါတယ်။ အမေရိကားနေမြန်မာ ပရိသတ်တွေကလည်း မြန်မာမှတ်တမ်းတင်ရုပ်ရှင်ကားများနဲ့
အရင်နှစ်တွေကစိမ်းနေသလိုရှိပေမယ့်လည်း ဒီနှစ်မှာပိုမိုရင်းနှီးမှုရှိလာပြီး လက်ခံအားပေး လာတာကို တွေ့ရတာမို့ နောက်နှစ်မှာလည်း နိုင်ငံတကာက လက်ခံအသိအမှတ်ပြုတဲ့ မြန်မာမှတ်တမ်း တင်ကားတွေ ဆက်လက်ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်။
မှတ်ချက်။ ။မြန်မာ့ဂဇက်အောက်တိုဘာလ ၂၀၁၅တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။
13 comments
မြစပဲရိုး
September 26, 2015 at 2:54 pm
ဇာတ်နာအောင် ရိုက်ပြထားတာ မဟုတ်တဲ့
တကဲ့ ဇာတ်လမ်း တွေ ဟာ ပြည်တွင်းမှာ စစ်စစ်ကြီး ရှိတယ် ဆိုတာ ကို
. မြန်မာပြည်ထဲ က
တစ်ချို့သော သူများ လုံးဝ မသိဘူး။
တစ်ချို့က တော့ မသိဟန်ဆောင် ကျောခိုင်းထားကြ လေရဲ့။
ဂျက်စပဲရိုး
September 28, 2015 at 2:23 pm
တစ်ခါသား အမေ ပြောပြဖူးတယ်။
သူတို့ အလုပ်လုပ် တဲ့ စက်ရုံ နား မှာ နေ့စားဆင်းတဲ့ အမျိုးသမီးကြီး တစ်ယောက်
နေ့တွက် မှန်မှန် မရတာလား အဖြတ်ခံရတာလားပဲ
အဲ့ဒါ ရေရွတ်နေတာတဲ့။
“ဒီ ပိုက်ဆံ ၁၀၀ဝ နဲ့ ငါတို့က ဘာကို ဘယ်လို သွားစားရမှာလဲ ကလေး အတွက် က ရှိသေးတယ်” ဘာတယ် ညာတယ် ပေါ့လေ။
အဲဒီ အသံတွေ ကို ခုထိ နားထဲ ကြားနေတုန်း။
pooch
September 26, 2015 at 4:43 pm
လင့်တွေရှိရင်ပေးလို့ ရရင်ပေးပါအုန်း ကြည့်ချင်လို့
naywoon ni
September 26, 2015 at 9:11 pm
ပြည်တွင်းမှာရုံတင်တဲ့ကားတွေထင်လို့ ကျော်သွားတော့မလို့
ဖော် အုံးသီး အိတ်သပို့စ် တွေကိုး ကောင်းပါတယ်လေ ။ နို့မို့ဆို ရှက်စရာတွေဖြစ်ကုန်မှာ 🙂
Ma Ma
September 26, 2015 at 11:04 pm
ဟုတ်ပ့ါ။ အဘနီပြောသလိုပဲ။
ပြည်တွင်းမှာတော့ ထူးမခြားနားတွေချည်းပဲမို့ စိတ်ဝင်စားမှုနည်းနေကြတုန်းပဲ။
ဦးကြောင်ကြီး
September 26, 2015 at 11:33 pm
သဂ ျီးက အပုမ်းဂ ျီးလား သိဝူးနော ်… ဟုတ်ရင် ဒီဇင်ဘာအားလာဘ်ရက် လာဘ်ဗီးဂက်စ်ထွက် ကဲရအောင်လှေ။။ ဒေါ်ညို ကို ရိပ်သာပို့ထားရိုက်…။ သဂ ျီးနဲ့ ခြေဆန်းပွဲ ကံကြည့်ခြင်သယ်..။
ဇီဇီခင်ဇော်
September 27, 2015 at 10:23 am
ရှာ ကြည့် အူးးမှ
Shwe Ei
September 28, 2015 at 1:48 pm
-မြန်မာရုပ်ရှင်ပွဲတော်ကို မြန်မာပြည်မှာ ဘာလို့မလုပ်တာတဲ့လဲ ???
kai
September 28, 2015 at 1:57 pm
အခုတော့..ပြည်တွင်းမှာ.. လုပ်နေကြပါပြီ…။
အရင်.. NetMAA ကစလုပ်တဲ့.. လွန်ခဲ့တဲ့.. ၈နှစ်ကတော့.. လုပ်ခွင့်လည်းမရှိ..။
ဘယ်သူကမှလည်းစိတ်မဝင်စား..။
ဒီလိုနဲ့..ပြုစုပျိုးထောင်ပေးရတာပါပဲ..။
အခုလည်း.. မြန်မာ LGBT ကို.. ကမ္ဘာတန်းထိ…တဆင့်မြင့်ပေးမယ်စိတ်ကူးကြောင်း…။
ကြားထဲ.. Women Rights ပါထည့်မှာဖြစ်ပါကြောင်း…။
ဒီရွာထဲရှိတဲ့.. LGBT များ.. အမျိုးသမီးကြီးပွားရေးဝါဒီများ.. ဆောင်းပါး.. စာ..ဗီဒီယို.. လှုပ်ရှားမှုတွေစစေချင်ပါကြောင်းရယ်..။ :k:
ဦးကြောင်ကြီး
September 28, 2015 at 2:00 pm
အူးခိုင် အိုးလှုပ်ကတာ ရိုက်တင်ပါလား…
@QUIL@
September 29, 2015 at 7:40 am
ရည်မှန်းချက်တယ်ကြီးသကိုး
လုံမလေးမွန်မွန်
September 29, 2015 at 12:53 pm
အိမ်က ညီမတွေ ကြည့်လို့ မြန်မာကားတွေ ကြည့်မိပါတယ်… ပေါလိုက်တာလို့ ပြောနေရတာပဲ… အခြောက်ရယ်.. ကလပ်သွားတာရယ် မပါရင် မြန်မာကား မဖြစ်ဘူးထင်တယ်…
အောင် မိုးသူ
October 2, 2015 at 9:58 am
အဲ့သည်မှာ ပြသွားတဲ့ ရုပ်ရှင်တွေကို ကြည့်ချင်ပါ့