” သံယောဇဉ်အဖွဲ့ “
“သံယောဇဉ်အဖွဲ့”
တကယ်တမ်းပြောရရင် အိမ်မွေးတိရိစာ္ဆန်တွေနဲ့ ကျနော်ယဉ်ပါးခြင်းမရှိခဲ့။
အိမ်မှာမွေးထားတဲ့ခွေးတွေကြောင်တွေရှိပေမယ့် ကျနော်က ဖာသိဖာသာနေတတ်သူ။
ဒါပေမယ့်လည်းတိရိစာ္ဆန်မုန်းတီးသူတော့လဲမဟုတ်။
ပွတ်သီးပွတ်သတ် တယုတယ မနေတတ်သူ လို့ဆိုကြပါစို့။
ပြီးခဲ့တဲ့ နှစ်ကတော့ အလုပ်တာဝန်အရ တစ်မြို့တစ်ရွာကို သွားနေရပါတော့တယ်။
ကျွန်တော်နဲ့အတူနေတဲ့ သူက “ငါးချစ်သူ”။
အိမ်မှာရွှေငါးတွေကို ကန်ကြီး ကန်သေးတွေနဲ့မွေးထားတဲ့သူ။
နေ့စဉ် နေ့တိုင်း ငါးတွေကို အစာကျွေးတာ
ငါးအညစ်အကြေးတွေကို ဆယ်ပြီးလွှင့်ပစ်တာ သူ လုပ်သပေါ့။
ငါးကန်အကြီးထဲမှာ ဗိုက်ပူပူငါးလေးတွေနဲ့ခေါင်းလုံးလုံးထူထူငါးလေးတွေက
ခြောက်ကောင်ရှိပါတယ်။
မြူနီစပါယ်ငါးလို့ခေါ်တဲ့ ရေညှိတွေကိုစားတဲ့ အမဲရောင်ငါးကတစ်ကောင်။
စဉ့်အင်တုံကြီးထဲမှာတော့ ဒေါင်းမြီးကွက်လိုငါးလေးတွေ
အနီရဲရဲငါးလေးတွေက အကောင်နှစ်ဆယ်ကျော်လောက်။
လက်ဆေးကန်နားက မှန်ကန်လေးထဲမှာတော့ ငါးပေါက်စလေးတွေက
အုံခဲနေလိုက်တာ ဘယ်နှစ်ကောင်မှန်းမသိလောက်အောင်များပါတယ်။
မနက်မနက်ဆိုရင်အစောကြီးထပြီး ငါးတွေကိုအစာကျွေးရပါတယ်။
ငါးအကြီးအတွက်ကတော့ ဘူုးကြီးနဲ့ထည့်ထားတဲ့ ငါးစာနီညိုရောင်အလုံးလေးတွေ။
ငါးအလတ်တွေအတွက်တော့ ဘူးအသေးလေးထဲကငါးစာအမူန့်တွေ။
မွေးခါစ ငါးပေါက်လေးတွေအတွက်ကတော့ ကြက်ဥကိုပြုတ်။
အကာအဖြူရောင်ကိုဖယ်။
အထဲကအဝါနှစ်ကလေးတွေကို ရေနည်းနည်းနဲ့ဖျော်ပြီးအစက်ချပေးရပါတယ်။
သူကတော့ မနက်တစ်ခါ ညတစ်ခါ မှန်မှန်ကြွေးပါတယ်။
သူကသာနေ့တိုင်း ငါးတွေနဲ့အလုပ်ရှုပ်နေပေမယ့်ကျနော်ကတော့
ငါးတွေနဲ့ခပ်ကင်းကင်း။
ဒါပေမယ့် ညပိုင်းမှာတော့ ကြည်လင်နေတဲ့ကန်ထဲမှာမြူးထူးပြီး
ကူးခတ်နေတဲ့ငါးလေးတွေကိုမြင်ရတာတော့ စိတ်အေးချမ်းပါတယ်။
တစ်ရက်ကျနော်အလုပ်ကပြန်လာတော့ ကန်ထဲမှာ ငါးအမဲရောင်လေးသုံးကောင်
ကိုတွေ့ရပါတယ်။
အသစ်ထပ်ဝယ်လာတာဖြစ်နိုင်ပါတယ်။
သူက အချိန်အားရင် ငါးဆိုင်သွားငါးကြည့် သူကြိုက်ရင်ဝယ်လာတတ်ပါတယ်။
နောက်ရက် ညနေ ပိုင်း ရောက်တော့ ငါးကလေးတွေက ကန်ထောင့်မှာစုပြီး
ငြိမ်နေတာကို တွေ့ရပါတယ်။
နောက်ကန်ရေပြင်မှာ အစာလုံးလေးတွေပေါလောမျောနေတာ မြင်ရပါတယ်။
ခါတိုင်းဆို အဲလို့ အစာအကျွင်းအကျန်တွေမရှိဘဲသူတို့ ငါးချေး အမျှင်ရှည်တွေဘဲတွေ့ရတာပါ။
သူပြန်လာတဲ့ညပိုင်းရောက်တော့ ရေသံတွေကြားလို့ အခန်းထဲကထွက်ကြည့်လိုက်တော့
ကန်ထဲက ငါးတွေကို ရေချိုးဇလုံထဲကိုပြောင်းထည့်နေတာတွေ့ရပါတယ်။
“ငါးတွေက မိူကပ်နေတာ
ရာသီဥတုပြောင်းသွားတာမသိလိုက်ဘူး။
ငါးကန်ကို အပူပေးမှဖြစ်မယ်” လို့သူပြောပါတယ်။
ရေချိုးဇလုံထဲကို ရေဖြည့်ပြီး ခရမ်းရောင်ဆေးတွေထည့်တာကိုမြင်လို့မေးကြည့်တော့
“ဒီရွှေငါးတွေအတွက် အိုင်အိုဒင်းပါတဲ့ဆေးက ဆေးစွမ်းကောင်းဘဲ”လို့ပြောပါတယ်။
ဒါပေမယ့် နောက်နေ့မနက်ရောက်တော့ ငါးအမဲအသစ်တစ်ကောင်ရယ်
ငါးအဟောင်း ဘိုက်ဖောင်းလေးတစ်ကောင်ရယ် ပေါလောမျောနေတာတွေ့ရပါတော့တယ်။
အဲဒါနဲ့သူက ကန်ရေလှယ်ရအောင်ဆိုတာနဲ့သူနဲ့ကျနော်ပိုက်တွေသွယ် ပြီးကန်ကိုသန့်ရှင်းရေးလုပ်
ရေအသစ်လဲ
အပူချောင်းတွေထည့်
အောက်ဆီဂျင်ပိုက်တွေချ
ရေသန့်ဆေးတွေ
အိုင်အိုဒင်းဆေးတွေထည့်ပြီးမှ ရေချိုးဇလုံထဲကငါးတွေကို
ကန်ထဲပြန်ထည့်ကြပါတယ်။
အဲနေ့ညနေက ကျနော်အလုပ်ကပြန်ရောက်တော့သူက ငါးကန်နားမှာငါးတွေကိုကြည့်နေပါတယ်။
“ငါးတွေကသိပ်အခြေအနေမကောင်းဘူး။
ဆေးစိမ်ပြီးမှ ပြန်ထည့်ထားတာ။
ငါးကရေမကူးဘဲငြိမ်နေရင်
အစာ မစားဘူးဆိုရင် သူနေမကောင်းလို့သာမှတ်ပေတော့”
လို့ ပြောပြနေပါတယ်။
အဲတော့မှ ဟိုနေ့ညနေက ကျနော်အလုပ်ပြန်ချိန်ငါးတွေငြိမ်နေတာကို ပြန်မြင်မိပါတယ်။
“ကျနော်ဝယ်လာတဲ့ ငါးအသစ်က မှိူပါလာတာနေမှာ။
အဲဒီမိူက အပူချိန် 30ဒီဂရီကျော်မှ သေတာ”လို့ဆက်ရှင်းပြပါတယ်။
ဒါပေမယ့်လဲကန်ထဲက ငါးသုံးကောင်ထပ်ပြီးသေသွားပါတယ်။
ဒါနဲ့ဘဲ သူငါးဆိုင်ကို သွားပြီး ဘာဆက်လုပ်ရမယ်ဆိုတာမေးပြီး
ဆေးတွေဝယ်လာပါတယ်။
ဒီတစ်ခါတော့အဝါရောင်ဆေးရည်တွေထည့်ပြီးငါးတွေကိုစိမ်ထားပါတယ်။
ဒီဆေးထဲကို သုံးနာရီထက်ပိုပြီး မစိမ်ရဘူးလို့လဲဆိုပါတယ်။
ဒါကြောင့်သုံးနာရီလောက်ဘဲစိမ်ပြီး ငါးတွေကို ပြန်ဆယ်ပြီးကန်ထဲပြန်ထည့်ရတာပေါ့။
နောက်ရက်တွေမှာတော့ ငါးတွေ ကပုံမှန်အတိုင်းပြန်ဖြစ်ပြီး ကျွေးထားတဲ့အစာတွေလဲကုန်
ငါးတွေကလဲမြူးတူးပြီးကူးခပ်နေတာမြင်တော့စိတ်ချမ်းသာရပြန်ပါတယ်။
တစ်ရက်ကျနော်အလုပ်ပြန်လာတော့ အိမ်မှာမီးပျက်နေပါတယ်.။
မီးပြန်လာတဲ့အခါငါးကန်ကိုကြည့်လိုက်တော့ ငါးကန်ကကြည်ကြည်လင်လင်မရှိဘဲ
စိမ်းညစ်ညစ်အရောင်ထနေပါတယ်။
ကန်အနားကိုသေချာကပ်ကြည့်လိုက်တော့ ငါးတွေက
ပက်လက်လန်တဲ့အကောင်ကလန်
ပတ်ချာလည်တဲ့အကောင်ကလည်
တစ်စောင်းကူးတဲ့ကောင်က ကူး နဲ့ ရေပေါ်ပေါလောမျှောနေပါတယ်။
အဲဒါနဲ့သူ့ဆီဖုန်းအမြန်ဆက်ပြီးအကျိုးအကြောင်းပြောပြရပါတယ်။
“မီးပျက်တာကြာတော့ အောက်စီဂျင်ပြတ်တာနေမှာ။
ငါးတွေကိုဆယ်ပြီး ဇလုံးထဲထည့်လိုက်ပါ”လို့ပြောတာနဲ့
ငါးတွေကိုဆယ်။
ရေဇလုံထဲထည့်လိုက်တဲ့ပေမယ့်လည်းငါးတွေက ပေါလောမျှောတုံး။
ပါးဟက်လေးလှူပ်ပဲ့လှူပ်ပဲ့နဲ့မောကြီးပန်းကြီးအသက်ရှုနေတာကို
မြင်ရတော့ သနားမိပါတယ်။
ကျနော်က သူ့ဆီထပ်ဖုန်းဆက်ရပြန်ပါတယ်အခြေအနေမကောင်းဘူးပေါ့။
သူက စိတ်မပူနဲ့ ငါးတွေ ရေမွန်းသွားတာ နေမှာ ပြန်ကောင်းလာမှာလု့ိ
ဖြေပေမယ့် ပက်လက်လန်နေတဲ့ငါးတွေမြင်နေရတဲ့ကျနော်က
နေလို့ထိုင်လို့မရ။
နောက်နာရီဝက်လောက်ကြာမှငါးတွေက ပုံမှန်ပြန်ကူးတာကိုမြင်ရမှ
စိတ်ချလက်ချနေနိုင်ပါတော့တယ်။
ဒီလိုနေရင်းနဲ့ဘဲ တစ်ရက်တော့ သူခရီးရက်ရှည်ထွက်ဘို့ အကြောင်းဖန်လာပါတယ်။
ကန်ထဲမှာငါးအကြီး ခြောက်ကောင်ကျန်နေပါသေးတယ်။
အဲတော့ ငါးစာကြွေးဘို့ က ကျနော့်တာဝန်လိုဖြစ်လာပါတော့တယ်။
မနက်ဆိုစောစောထ ။
ငါးကန်ထဲလွှတ်ထားတဲ့ရေပိုက်ကိုပိတ်။
ငါးချေးတွေ အစာဟောင်းတွေကိုဆယ်။
အစာကျွေး။
အစာတွေကုန်ပြီဆိုမှ ရေပိုက်ကိုပြန်ဖွင့်။
ငါးအသေးလေးတွေရဲ့ကန်ကိုလဲ အစာတွေကြွေး။
ငါးပေါက်စနလေးတွေကတော့ ထပ်ပေါက်ထားတော့
သူတို့ကိုလဲ ကြက်ဥအနှစ်ကျွေးရတာပေါ့။
ပြီးတော့မှကန်အောက်ခြေမှာကပ်နေတဲ့ ကြက်ဥအညှိတွေကိုဆယ်ရပါတယ်။
ဒါကတော့ မနက်တစ်ခါ ညတစ်ခါ နေ့တဒူဝလုပ်ရတဲ့အလုပ်ဖြစ်လာတော့
ထူးပြီးလဲမပင်ပန်းတော့ပါဘူး။
ကျနော်အလုပ်ကပြန်လာလို့ငါးကန်နားရောက်ပြီဆိုတာနဲ့ငါးတွေက
အစားစာရတော့မယ်ဆိုတာသိနေပါပြီ။
ကျနော်ရောက်ပြီဆိုတာနဲ့ကူးချင်သလိုကူးနေတဲ့ငါးတွေက အပေါ်တက်လာပြီး
ပါးစပ်ကလေး ဟစိဟစိ လှုပ်ပြီး ပလပ်ပလပ်နဲ့ အစာတောင်းပါတော့တယ်။
အစာကျွေးပြီးဆိုတာနဲ့ အကြီးဆုံးငါးကြီးနှစ်ကောင်က အမြီးတွေယမ်းပြီး
ရေပြင်မှာ ကူးခပ်ပြီး
အသံတွေထွက်အောင်လုပ်ပါတော့တယ်။
သူတို့တင်မဟုတ်ပါဘူး အင်တုံထဲက ငါးအလတ်တွေကလဲ ထိုနည်း၎င်း။
အစာကျွေးချိန်ရောက်တာနဲ့ အပေါ်တက်လာပြီးမျက်စေ့နောက်လောက်အောင်
ကူးပြတတ်ပါတော့တယ်။
ကြာတော့လည်း ဒီငါးလေးတွေအပေါ်မှာသံယောဇဉ်ဖြစ်လို့လာတာအမှန်ပါဘဲ။
သူတို့လှူပ်ယှားကူးခတ်နေရတာကိုမြင်ရတာက လဲကြည်နူးစရာတစ်ခုဖြစ်လို့နေပါတယ်။
ညတရေးနိုးထရင်လဲ ငါးတွေကူးနေသလားငြိမ်ကုတ်နေသလားကြည့်ရတာအမောပါဘဲ။
ရက်ကြာလာရင်လဲအလုပ်က ကလေးတစ်ယောက်ကိုခေါ်ပြီး
ငါးကန်တွေရေလဲရ
ရေစစ်ဘို့ထည့်ထားတဲ့ ဖော့စတွေညစ်ပတ်နေရင်အသစ်လဲရနဲ့
အမြဲဂရုစိုက်နေရပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်လောက်က ကျနော်အလုပ်ပြန်လာတော့ ကန်ရေနောက်နေပါတယ်။
နေ့လည်က မီးပျက်သွားတယ်ထင်ပါတယ်.။
ကမန်းကတန်းသွားကြည့်တော့ ငါးတစ်ကောင်ကတော့ပက်လက်လန်နေပါတယ်။
အဲဒါနဲ့ ကန်ထဲကို နောက်ထပ် အောက်စီဂျင် ပိုက်လေးတွေကို ထပ်ချ။
ငါးတွေကိုလဲ ရေဇလုံထဲကို ဆယ်ပြီး ထည့်ထားလိုက်ပါတယ်။
ညအိပ်ခါနီးတော့ ငါးကလေးတွေကိုသွားကြည့်တော့ နည်းနည်းအခြေအနေကောင်းတာနဲ့
ကန်ထဲကိုပြန်ပြောင်းထည့်လိုက်ပါတယ်။
ပြီးတော့မှသူတို့အတွက် အစာထည့်ပြီး ကျနော်လဲ အိပ်ယာဝင်သပေါ့။
မနက်အိပ်ယာနိုးတော့ ငါးတစ်ကောင်ပျောက်နေတာနဲ့ရှာကြည့်တော့
ကန်အထက်ဒေါင့်နားမှာ ပက်လက်ကလေးလန်ပြီး သေနေတာကိုတွေ့ရပါတယ်။
ဒါနဲ့သူတို့ကိုအစာကျွေးပြီးအလုပ်သွားပါတယ်။
နေ့လည်ခဏပြန်လာ ကူဘို့ အလုပ်က ကလေးနှစ်ယောက်ကိုခေါ်ပြီး
ရေအသစ်လဲ ပြီး ပြန်ထည့်ပေးထားခဲ့ပါတယ်။
သူတို့ကိုအစာအသစ်ထပ်ထည့်ပြီးပြန်လာခဲ့ပါတယ်။
ကျနော်ညနေအလုပ်က ပြန်လာတော့ ငါးလေးတွေက ကန်ဒေါင့်မှာကပ်နေပါတယ်။
သူတို့ကိုကျွေးထားတဲ့အစာတွေကလဲ မကုန်ဘဲ ရေထဲမှာပေါလောမျှောနေပါတယ်။
ဒါနဲ့ဘဲ ငါးတွေကို ဆယ် ပြီး ဇလုံထဲပြောင်းဆေးအပြာရောင်ထည့်ပြီး စိမ်ထားလိုက်ပါတယ်။
ညသန်းခေါင်ရောက်တော့ သူတို့ကိုပြန်ဆယ် ကန်ထဲ ထည့်ပြီး ကျနော်လဲ အိပ်ယာဝင်ခဲ့ပါတယ်။
မနက်ကြည့်လိုက်တော့ တစ်ကောင်က ပေါလောမျောပြီး နေပြန်ပါပြီ။
သေတော့ မသေးသေးဘူး အသက်ရှုတာဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေပါတယ်။
တစ်ကောင်ကတော့ ပုံမှန်အတိုင်းမသွားနိုင်ဘဲ စောင်းငန်း စောင်းငန်းနဲ့ကူးနေပါတယ်။
ပုံမှန်အတိုင်းတည့်သွားလိုက် ပက်လက်လန်သွားလိုက်။
ပြန်တည့်သွားလိုက် တစ်ပါတ်လည်သွားလိုက်နဲ့ မြင်ရတာ အတော်လေးစိတ်ဆင်းရဲပါတယ်။
ဒါနဲ့ဘဲ သူတို့ကို ဆယ် ပြိးဆေးပြန်စိမ်ရပါတယ်။
ခဏနေလို့ကြည့်လိုက်တော့ အစက ပက်လက်လန်နေတဲ့ အကောင်လေးက ပြန်တည့်ပြီး ဖြည်းဖြည်းခြင်းကူးလို့နေပါတယ်။
အစက စောင်းလိုက်တဲ့လိုက်ဖြစ်နေတဲ့ကောင်ကတော့ ငြိမ်ကုတ်လို့နေပါတယ်။
ကျနော်လည်း အလုပ်သွား နေ့လည်တစ်ခေါက်ပြန်လာကြည့်တော့
အခြေအနေဆိုးတဲ့ကောင်က ကောင်းပြီး သိပ်မဆိုးတဲ့အကောင်က သေသွားပါပြီ။
အသက်မဲ့နေတဲ့ ငါးကလေး က ရေထဲမှာပေါလောမျော နေပါတယ်။
အဲဒီတော့မှ ငါးကန်ကိုအပူပေးဘို့ ကျနော်သတိရလိုက်ပါတယ်။
ဒါနဲ့ဘဲ ငါးကန်ထဲကို အပူချောင်းကို 31 မှာထားပြီး ငါးတွေကိုကန်ထဲပြန်ရွှေ့ထားလိုက်ပါပြီး
အလုပ်ကိုပြန်လာခဲ့ပါတယ်။
ညနေရောက်တော့ အကြီးဆုံးငါးနှစ်ကောင်က ယက်ကန်ယက်ကန်နဲ့ဘေးတစ်စောင်းဆွဲနေပါတယ်။
အသက်ရှူနေတာကလဲ ဖုတ်လိူက် ဖုတ်လိူက် နဲ့မြင်ရတာ အတော်သနားစရာကောင်းလွန်းပါတယ်။
ကြွေးထားတဲ့ အစာတွေလဲကုန်အောင်မစား။
အဲဒါနဲ့ ကန်ထဲက ပြန်ဆယ်ပြီးဆေးစိမ်ပြီး ထားလိုက်ရပါတယ်။
ည ရောက်တော့ အခြေအနေပြန်ကောင်းတာနဲ့ကန်ထဲကို့ပြောင်းထည့်လိုက်ပါတယ်။
ကန်ထဲမှာ ငါးခြောက် ကောင်ဘဲ ကျန်ပါတော့တယ်။
မနက်မိုးလင်းလို့ကြည့်လိုက်တော့ ငါးနှစ်ကောင်က ရေထဲမှာလည်နေပါတယ်။
ပက်လက်လန်လိုက်
တည့်သွားလိုက်နဲ့ဖြစ်နေတဲ့ အသေးနှစ်ကောင်ကို ဆယ်ပြီး ဆေးစိမ်ရပြန်ပါတယ်။
နေ့လည်မှာကျနော်အိမ်တစ်ခေါက်ပြန်လာပြီးကြည့်ချိန်မှာတော့ ကန်ထဲက ငါးအကြီးကပုံမှန်နေပေမယ့်
ဆေးစိမ်ထားတဲ့အကောင်ငယ်လေးကောင်မှာ နှစ်ကောင်က ပေါလောမျောနေပြန်ပါပြီ။
ကျနော်မှာ ထမင်းတောင်စားချင်စိတ်မရှိ အောင် စိတ်မကောင်းဖြစ်မိပါတယ်။
ဒါနဲ့ ငါးတွေအားလုံးဆယ်။
ဇလုံထဲကိုပြောင်း ဆေးဝါရည်နည်းနည်း ထည့်ပြီး အားလုံးကိုစိမ်ထားလိုက်ပါတယ်။
ဆေးရည်စိမ်ထားတုံး ငါးလေးတွေကိုကြည့်တော့ အကြီးကောင်က အခြေအနေကောင်းပေမယ့်
အငယ်နှစ်ကောင်ကတော့ စောင်းသွားလိုက်တည့်သွားလိုက်နဲ့ပါဘဲ။
စိတ်မချပေမယ့်လဲ သူတို့ကိုထားခဲ့ရပြန်ပါတယ်။
ဒါနဲ့ဘဲ ကျနော်အလုပ်ကို ပြန်သွားလိုက်ပါတယ်။
ညနေရောက်တော့ ကျွေးထားတဲ့အစာလဲကုန်တော့ နည်းနည်းစိတ်အေးရပါတယ်။
ည ရောက်တော့ အားလုံးအခြေအနေကောင်းတာနဲ့ ကန်ထဲကို ပြန်ဆယ်ထည့်လို်က်ပါတယ်။
သူတို့ကိုကန်ထဲ ထည့်ပေးတော့ ရေထဲမှာ ကူး နေကြပါတယ်။
သူတို့ဘာသာ သူတို့ ကူးနေပေမယ့် ကျနော်စိတ်ထဲမှာတော့ သူတို့က
ဘယ်အချိန် ပြန်ပြီး တစောင်းဆွဲမလဲလို့ တွေးမိပါတယ်။
ညတစ်ရေးနိုးမှာ ငါးလေးတွေကို ထကြည့်တော့ ကန်ဒေါင့်နားလေးမှာ
စုပြီး ငြိမ်နေပါတယ်။
ကျနော်လာတော့ သူတို့ ကျနော်ဘက်ကို လှည့်လာကြပါတယ်။
သူတို့ကတော့ သူတို့ ဘာသာဘာ မျက်လုံးပြူးပြူးလေးတွေဖြစ်နေပေမယ့်
ကျနော်ကို အသနားခံပြီး ကြည့် နေတယ်လို့ ခံစားရပါတယ်။
ပါးစပ်ကလေးတွေက ဟစိ ဟစိ ဖြစ်နေတာမြင်ရပြန်တော့
“ ကျနော်တို့နေလို့မကောင်းဘူး ကယ်ပါအုံးဗျာ”လို့ ပြောနေတယ်ထင်မိပါတယ်။
ကျနော်လဲ သူတို့ ကို ရပ်ကြည့် နေမိပါတယ်။
ကျွေးထားတဲ့ အစာတွေမကုန်တော့ အခြေအနေသိပ်မဟန်ဘူးလို့ထင်မိပါတယ်။
ဒီနေ့ မနက်မိုးလင်းလို့ ကျနော်အိပ်ယာထတော့ ကျန်နေတဲ့လေးကောင်ထဲက ငါးအကြိးဘဲ
အခြေအနေကောင်းပါတယ်။
ကျန်တဲ့သုံးကောင်က တစ်စောင်းကူးနေပါတယ်။
အဲဒါနဲ့ ကျနော်လဲ အခြေအနေမကောင်းတဲ့သုံးကောင်ကိုဆယ် ဇလုံထဲထည့်
ပြီးဆေးအပြာစိမ်ထားလိုက်ပြီးအလုပ်ကိုထွက်လာခဲ့ပါတယ်။
ဒီနေ့မှာအလုပ်ကလဲ အရမ်းရှုပ်။
ဧည့်သည်တွေလာတော့ ဧည့်ခံရနဲ့အိမ်တစ်ခေါက်ပြန်ကြည့် ဘို့လုံးဝအချိန်မရလိုက်ပါဘူး။
အလုပ်သာလုပ်နေရတယ် စိတ်တွေက ငါးတွေဆီမှာ။
လူလိုသာ စကားပြောတတ်ရင် ဖုန်းဆက်ပြီးနေကောင်းလား ဘာလား
သတင်းမေးလို့ရပါမယ်။
အခုတော့ စကားမပြောတတ်တဲ့ငါးလေးတွေဖြစ်နေပြန်တော့
ဘာမှလုပ်မရ။
ကျနော်ညနေအိမ်ပြန်ရောက်ရင်
ရေထဲမှာကူးခတ်ပြီး ပြန်နေကောင်းနေကြမလား
ပက်လက်မျောပြီး ကြိုဆိုနေကြမလား
စောင်းငန်းစောင်းငန်းနဲ့ ကူးလိုက် ပြောင်းပြန် လန်လိုက် နဲ့ဘဲအသက်ရှင်ရေးအတွက်
ရုန်းကန်နေကြမလားလို့
တွေးရင်းနဲ့ စိတ်မောလာပါတယ်။
သံယောဇဉ် ဆိုတာများ တယ် ခက် ပါကလားနော်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
3-10-201
9 comments
ဦးကြောင်ကြီး
October 4, 2015 at 11:45 pm
အိမ်မွေးတိရိစာ္ဆန် ပိတ်လှောင်မွေးတာ တင်စားခ ျီးမွှမ်းဖို့ မသင့်။ သတ္တဝှါဒိုင်းမှာ လှုပ်ရှားသွားလာဖို့ လိုအပ်တဲ့ နယ်မြေအတိုင်းအတာရှိတယ်။ တခါ တခါ စဉ်းစားမိတယ်.. နိုင်ငံခြား ထွက်ခွင့် ရှင်သန်ခွင့်ရတာ ကောင်းပါအိ သို့သော ်မိဝေးဖဝေး ဖြစ်တာ နို့ပြတ်စ ကြောင်လေးတွေကို သူ့အမေနဲ့ ခွဲပြီး ကိုယ့်စီခေါ်ထားတဲ့ အကုသိုလ်မ ျား ဖြစ်လေမလားလို့။ အပြစ်မဲ့ ထောင်က ျ အခန်းက ျဉ်းလေးထဲမှာ အခ ျို့ဆို အနှစ်၂ဝနော ်.. အခုလည်း ခင်မြားတို့ ငါးတွေကို လာဘ်တထွာလောက်ရှိတဲ့ ကန်ထဲအလှမွေး.. ပြောတော့ ကံ၊ကံ၏အက ျိုး ယုန်တဲ့ ဗုဒ္ဓဘာသာဝံမြှားဒဲ့။ အူးမာမွပ် ခင်မ ျား မှန်ဒယ်.. မြန်တ ျန့်မှာ သာသနာ မထွန်းကားဒေါ့..
ကိုပေါက်(မန္တလေး)
October 5, 2015 at 4:38 pm
လက်တစ်ထွာမကပါဘူးအေ
လေးဘေ ရှည်တယ်
တောင်ပေါ်သား
October 5, 2015 at 3:22 pm
ကျနော်လည်း ငါးမွေးထားတယ် ကိုပေါက်ရေ
ရေစစ်စက်နဲ့ဆိုတော့ ရေက တစ်ပါတ်တစ်ခါလောက်ပဲ လဲရတယ်
အစာထုပ်က တစ်ထောင်တဲ့ ၊ တစ်လလောက်ခံတယ်ဗျ ၊
ငါးကတော့ ရွှေငါး ဆယ်ကောင် နဲ့ အိန်ဂျယ် ရှစ်ကောင် ၊
နောက် ဘာနာမည်မှန်း မသိတာက လေးကောင် ၊
သံယောဇဉ်ကတော့ ဖြစ်သဗျ ၊
သားက ခွေးသိပ်လိုချင်တာ ၊ တိုက်ခန်းဆိုတော့ ခွေးအစား ငါးနဲ့ သူ့ကိုချော့ထားရတယ် ၊
ဝင့်ပြုံးမြင့်
October 6, 2015 at 11:37 pm
.ဦးမျိုးရ ။ အိမ်ဂျယ်က သိပ်နုတာ။ ရွှေငါးနဲ့ရောရင် ပသာဒရှိပေမယ့် အိမ်ဂျယ်အတွက် မကောင်းဘူး။ ကျမကလည်း ငါးဝါသနာအိုး ဟီး။ အလုပ်မနိုင်လို့ မမွေးနိုင်တာ။ ဒါတောင် မနေနိုင်လို့ မွေးထားသေးတယ်
ဝင့်ပြုံးမြင့်
October 6, 2015 at 11:33 pm
.ရွှေငါးမွေးတာ ဘာနဲ့မှကို မတူအောင် လက်ဝင်တယ်။ ခေါင်းသိပ်စားတာ။ ရွှေငါးဆိုရင် အစာထုပ်ထဲက အစာခြောက်ကျွေးတာများရင် ဝမ်းမှန်မှန်ချူ ပေးရတယ်။ အဲလို တစောင်းဆွဲတာ ငါးတွေ ဝမ်းချုပ်တာ ဖြစ်နိုင်တယ်။ ငါးအမည်းတွေက မှိုကျတတ်တယ်။ အဲဒါ အိုင်အိုဒင်း စိမ်ရင် ခဏပဲ စိမ်ရတာ။ နေ့စဉ်ရက်ဆက် မစိမ်ရဘူး။ ငါးကို ဝမ်းချူ တာက ပိုသတိထားရတယ်။ ကျမကတော့ အကြမ်းခံငါးပဲ မွေးတယ်။ ဘယ်တော့မှ အစာခြောက်မကျွေးဘူး။ ဈေးဝယ်တဲ့အခါ ပုဇွန်ကို ၂ရက်တစ်ခါလောက် ဝယ်ဖြစ်တာဆိုတော့ ပုဇွန်ဥလေးတွေ ကျွေးတယ်။ အကောင်းဆုံးက တီပါ။ ဒါပေမယ့် တီက ထိန်းသိမ်းဖို့ မလွယ်။ ပုပ်တတ်လို့။
ကိုပေါက်(မန္တလေး)
October 6, 2015 at 11:39 pm
ဟုတ်တယ် မပြုံးရေ
အတော် လက်ဝင်တယ်
ခြောက်ကောင်က လေးကောင်ဘဲ
ကျန်တော့တယ်
အခု ဆားကျွေးထားပါတယ်
ဒီမှာက အစာခြောက်ဘဲအဆင်ပြေတယ်
ကျန်တာကမလွယ်
Ma Ma
October 7, 2015 at 11:01 am
ကိုယ်တိုင်တော့ ကရိကထမခံနိုင်လို့ ငါးမွေးတာ ဝါသနာမပါဘူး။
သူများမွေးထားတာတွေ့ရင်တော့ သဘောကျတယ်။
ရေထဲမှာ ကူးနေတဲ့ငါးလေးတွေကိုကြည့်ပြီး တချိန်လုံးကူးခတ်နေရတာ မပင်ပန်းဘူးလားလို့ တွေးမိတယ်။
ငါးတွေ ဘယ်လိုအိပ်ကြသလဲ၊ ဘယ်လိုအနားယူကြသလဲ မသိဘူး။
ကိုပေါက်(မန္တလေး)
October 7, 2015 at 2:28 pm
မမ ရေ
ကရိကထ များတာတော့အမှန်။
သူတို့က မျက်လုံးမပိတ်တော့အိပ်မအိပ် မသိနိုင်ဘူး။
ည ည မလှုပ်ဘဲ စုပြီးငြိမ်နေရင် အိပ်တယ်လို့ထင်ရတာဘဲ။
Mike
October 8, 2015 at 4:04 pm
.သံယောဇဉ်တော့တတ်နိုင်သလောက်နဲအောင်နေတာကောင်းပါ၏