The Lady
”ကျမ ပြည်ပခရီးစဉ်တွေ စ သွားလို့ရချိန်က စပြီး
ကျမ နိုင်ငံအချို့ကို သွားခဲ့ပါတယ်။
အင်မတန်မှ တိုးတက်နေပါတယ်ဆိုတဲ့နိုင်ငံတွေထဲ ရောက်တဲ့အခါတိုင်း ကျမ ကိုယ့်ကိုကိုယ် ပြန်မေးပါတယ်။
ဒီလို ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ကျမ အထင်ကြီးသလား . . .မက်မောသလားဆိုတာ။
ကျမ ဟာဝိုင်ရီ ရောက်တုန်းကဆိုရင် ကမ်းစပ်မှာ ထိုင်ပြီး ပစိဖိတ်သမုဒရာကို ကြည့်ပြီး စဉ်းစားဖူးတယ်။ ဟာဝိုင်ရီဟာ ပထဝီအနေအထားအရလည်း
အင်မတန်မှ လှပသာယာတယ်။ လူမှုအသိုင်းအဝိုင်းကလည်း တစ်ယောက်ကိုတစ်ယောက် ချစ်ခင်လေးစားမှုတွေနဲ့ အပြန်အလှန် တည်တည်ငြိမ်ငြိမ်ရှိတယ်။
အင်မတန်မှ နေချင်စရာကောင်းတဲ့ နေရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ကျမ နေရရင် ကျေနပ်မလား. . . ပျော်မလားလို့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တဲ့အခါကျတော့ ကျမ မပျော်နိုင်ဘူး။
ကျမရဲ့ မြန်မာပြည်ထဲမှာပဲ မြန်မာပြည်သူတွေနဲ့ ဆင်းရဲလည်းအတူတူ ရုန်းကန် လှုပ်ရှားနေရတာကိုပဲ ကျမ ကျေနပ်တယ်။
ဆင်းရဲတာကို ကျေနပ်မှာ မဟုတ်ဘူးနော်။ ဆင်းရဲတာကို ဘယ်သူမှ ကျေနပ်စရာမလိုဘူး။
အဲ့ဒီ ဆင်းရဲတွင်းထဲကနေ
အတူတူ ရုန်းထွက်ချင်စိတ် ရှိစွာနဲ့ နေရတာကို ကျေနပ်တာပါ။”
——————————————–
ထိုစကားကို ကျွန်တော့်ရဲ့”သူမ”က စင်္ကာပူနိုင်ငံရောက်တုန်း စင်္ကာပူရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ်မှာ ထုတ်ဖော်ပြောဆိုခဲ့သည်။
သူမ ဘယ်လောက်စွန့်လွှတ်အနစ်နာ ခံတတ်ကြောင်း သူမ၏ စိတ်ကို လှစ်ခနဲ တွေ့လိုက်ရသည့် ရင်တွင်းစကား ဖြစ်သည်။
သူမသည် ဘယ်နေရာရောက်ရောက် ဘယ်သူ့ကိုမဆို ရင်တွင်းစကားသာ ဆိုတတ်သည်။
သူမ ပြောသမျှ မိန့်ခွန်းတိုင်းလိုလိုသည် စာရွက်ကြီး ကြည့်ကြည့်ပြီး ပြောခဲ့တာ မရှိ။ ဒိုးဒိုးဒေါက်ဒေါက်ဖြင့် သူမ ပြောလိုက်သမျှ စကားလုံးများသည် စာရွက်ထဲမှာ အစီအစဉ်တကျ စီစဉ်ထားသော စကားများမဟုတ်ပါ။
သို့သော် နားထောင်လို့ ကောင်းရုံမျှမက အားတက်သရော ထောက်ခံရသည်အထိ ပြောင်မြောက်သပ်ရပ်လှပါသည်။
သူမက မြန်မာပြည်ထဲမှ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ထွက်ခွါသွားရသော လူငယ်များနှင့် အမြဲလိုလို စကားလက်ဆုံကျတတ်သည်။
တစ်ခါမှာတော့ သူမကို ပြည်ပရောက်မြန်မာကလေးတွေက ပြောပြကြသည်။
”မြန်မာဆိုရင် အရင်တုန်းက အထင်မသေးရဲကြပေမဲ့ အခုတော့ မြန်မာနိုင်ငံသားတွေ အထင်သေးခံရတယ်။ အနှိမ်ချ ခံရတယ်” တဲ့။
သူမက ပြန်ပြောသည်။
”နိုင်ငံသားတစ်ယောက်ဟာ ပြည်ပမှာ ကိုယ့်နိုင်ငံရဲ့အခြေအနေအရ မကောင်းအပြောခံရတယ် . . .အနှိ်မ်ခံရတယ်. . . အထင်သေးတာခံရတယ်ဆိုလို့ရှိရင်
ကိုယ့်နိုင်ငံကိုက မကောင်းလို့လို့ချည်းပဲ
ထိုင် အပြစ်တင်မနေပါနဲ့။
ကိုယ့်နိုင်ငံကြောင့် ကိုယ်အထင်သေးခံရနေတဲ့အစား
ကိုယ့်ကြောင့် ကိုယ့်နိုင်ငံ အထင်သေး မခံရအောင်သာ နေပြလိုက်စမ်းပါ”တဲ့။
သူမ၏ အတွေးတွေက လွတ်မြောက်နေသည်။
အကြိမ်ကြိမ်အခါခါ နှစ်ပေါင်းများစွာ အကျဉ်းချခံထားရသူပင်ဖြစ်သော်ငြားလည်း
စစ်အာဏာရှင်များသည်ကား သူမ၏ ခန္ဓာကိုယ်ကိုသာ အကျဉ်းချ၍ ရသည်။
သူမ၏ စိတ်နေသဘောထားနှင့် ဉာဏ်ပညာကိုတော့ အာဏာရှင်တို့ အကျဉ်းမချနိုင်ခဲ့။ လက်နက်မြှောက်ကာ အရှုံးပေးခဲ့ရသည်။
သူမသည် လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင်မကိုင်ပါဘဲ စစ်အာဏာရှင်တွေကို ကြောက်ရွံ့ခြင်းကင်းစွာ ရင်ဆိုင်ခဲ့သည်။
သူမသည် မှန်သည့်ဘက်မှနေ၍ အကြောက်တရားမှလည်း လွတ်မြောက်နေသည်။
သူမသည် ဉာဏ်အမျှော်အမြင်ကြီးစွာ . . .
ထို့အပြင် တည်ငြိမ်ရင့်ကျက်စွာဖြင့်. . .
မရင့်ကျက်သော/ ဉာဏ်အမျှော်အမြင်နုံနည်းသော ဘောင်ဘင်ခတ်သူတွေကိုလည်း တစ်လှမ်းချင်းပင် အေးဆေးသက်သာစွာ ကျော်တက်ပစ်လိုက်သည်။
သူမကို အညွန့်ကျိုးအောင် ချိုးခဲ့သူများကိုပင် မေတ္တာတရားဖြင့် ငြိမ်းချမ်းစွာ အနိုင်ယူလိုက်သည်။
သူမ သိထားသမျှ နိုင်ငံရေးအတတ်ပညာကို ထုတ်သုံးဖို့အချိန်ကျသည်နှင့် စနစ်တကျ အသုံးချပြလိုက်သည်။
သူမသည် အပြောသမားချည်းသက်သက်မဟုတ်ကြောင်း၊ အလုပ်နှင့် သက်သေပြနိုင်ကြောင်းကိုလည်း ရှင်းပြစရာမလိုအောင်ပင် တစ်ထစ်ချင်း/ တစ်ဆင့်ချင်းလုပ်ဆောင်ပြသွားသည်။
သူမက ရေရှည်အကျိုးကို မျှော်ကိုး ကြည့်မြင်တတ်သည့်အပြင် လုပ်သင့်တာကို မှန်မှန်ကြီး တစိုက်မတ်မတ်လုပ်ခဲ့သူသာ ဖြစ်သည်။
မြန်မာ့ဂဇက်ရွာသူ လုံမလေးမွန်မွန်က ဆိုသည်။
”ကိုယ့်အိမ်က အသက်ငါးဆယ်ကျော် အမေကိုတော့ အေးအေးသက်သာ နေစေချင်တယ်။ အသက် ၇ဝ ကျော်နေတဲ့အမေအိုကြီးကိုကျတော့ မြန်မာပြည်တိုးတက်ရေးအတွက် လုပ်ပေးပါအုန်းလို့ တောင်းဆိုချင်တယ်. . . ” တဲ့။
ကျွန်တော့်မိတ်ဆွေသူငယ်ချင်း မွန်မွန် ပြောတာ မှန်ပါသည်။ ကျွန်တော်သည်လည်း အိမ်မှ မိခင် အသက်ငါးဆယ်ကျော်ကို နားနားနေနေ နေစေချင်သလောက် အသက်၇ဝကျော်နေသည့် သူမကိုတော့ နိုင်ငံရေးလောကမှ အနားမယူစေချင်သေး။
သူမ ကျန်းမာရေးကိုလည်း ဒေါင်ဒေါင်မြည်နေစေချင်သေးသည်။
တိုင်းပြည်တစ်ခုလုံး၏အရေးတွေကို ထိုအမယ်အိုကြီး၏ ပုခုံးပေါ် တင်ထားစေချင်သေးသည်။
အဘက်ဘက်မှ ပျက်စီးယိုယွင်းနေသော
”စစ်အာဏာရှင်တို့၏ စားကြွင်းစားကျန်နိုင်ငံ”မှသည်. . .
”ရွှံ့တော ပြာတောထဲမှ ရုန်းထွက်တောက်ပလာသောနိုင်ငံ”ဖြစ်သည်အထိ သူမ စွမ်းဆောင်ပေးစေချင်သေးသည်။
ကျွန်တော်တို့သည် သူမအပေါ် အများကြီး မျှော်လင့်ပြီး သူမဆီက အများကြီး လိုချင်မိနေသဖြင့်
သူမကို အားနာလှသော်လည်း သူမသည်သာလျှင် ”တိုင်းပြည်ကို ချောက်ထဲမှဆွဲတင်နိုင်မည့်လက် ပိုင်ရှင်” ဟု ယုံကြည်ကိုးစားနေမိသည်မဟုတ်လား။
သူမက တိုင်းပြည် ပြန်လည် ထူမတ်နိုင်ရေးအတွက် အခြေခံအုတ်မြစ်ကို ချပေးသွားပေါ့။
အဲ့သည်နောက် တိုင်းပြည်ကို သူမ ချန်ရစ်ခဲ့မည့် အနာဂတ်ခေါင်းဆောင်များ(သူမကို အတုယူအားကျပြီး သူမကဲ့သို့ပင် စိတ်ချယုံကြည်လို့ ရမည့်ခေါင်းဆောင်များ)နှင့် ဆက်၍ မြင့်သည်ထက်မြင့်အောင် တည်ဆောက်ပေါ့။
ကျွန်တော် ယခုအချိန်တွင် အသက် ၂၉ ပြည့်တော့မည်။ ကျွန်တော့်အသက် ၄၀/၅ဝ လောက် ရောက်သောအခါ ကျွန်တော့်သား/သမီး/တူ/ တူမများကို ပြန်ပြောပြရမည့်ကိစ္စများထဲတွင် သူမအကြောင်းက မပါမဖြစ် ဖြစ်ပါသည်။
ထိုအချိန် ထိုခေတ်တွင် သူမ သက်ရှိထင်ရှား ရှိနေမည် မဟုတ်တော့ပါ။
သို့သော် တကယ့်သူရဲကောင်းတို့သည်
လူ သေသော်လည်း နာမည်မသေဘဲ သမိုင်းရာဇဝင်အစောင်စောင်ထက်မှာ အက္ခရာမှတ်တမ်းတို့ တင်ကျန်ရစ်ပါလိမ့်မည်။
ထို့အပြင် နှစ်ပေါင်း ဆယ်စုနှစ်ငါးခုကျော်တဲ့အထိ စစ်အာဏာရှင်အစိုးရ၏ လက်အောက်မှ အဖိနှိပ်ခံတိုင်ပြည်ကို သူမ ဦးဆောင်၍ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့ကြောင်း. . .
သူမ၏ ဇွဲ၊သတိ္တ၊ ဉာဏ်ပညာနှင့် စီမံခန့်ခွဲတတ်မှုတို့ကြောင့် စစ်အာဏာရှင်အစိုးရမှသည် အရပ်သားအစိုးရ ဖြစ်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့ကြောင်း. . .
ဂုဏ်ရှိန်ကြီးမြင့်လှစွာသော ”သူမ၏ ခေတ်”တွင်
ကျွန်တော် ”လူ”ဖြစ်ခဲ့ဖူးကြောင်း နောင်လာနောင်သားတို့ကို ပြန်ပြောပြရမည်။
ဟုတ်ပါသည်။
ကျွန်တော် ရည်ညွှန်းသည့် ”သူမ” ဆိုသည်မှာ . . .
သင်တို့အားလုံး သိသည့် ”သူမ”သာ ဖြစ်ပါသည်။
သူမကို ကျွန်တော် ချစ်ခင်မြတ်နိုး တန်ဖိုးထားကြောင်းကို ဤအက်ဆေးဖြင့် မှတ်တမ်းချန်ရင်း လေးစားစွာဖြင့် ဦးညွတ်ပါသည်။
****************************
သင့်အေးရိပ်
မတ်လ ၃၀၊ ၂၀၁၆
31 comments
ခင်ဇော်
March 31, 2016 at 9:36 am
ကျေနပ်တယ်။
ဗိုလ်ချုပ်အောင်ဆန်းခေတ်ကို မမှီပေမဲ့ အမေစု ခေတ်မှာ လူလားမြောက်တာ။
အားရတယ်။
ပီတိဖြစ်တယ်။
စိတ်ချမ်းသာတယ်။
:chit:
Thint Aye Yeik
March 31, 2016 at 11:18 am
အမေစုဟာ ကျနော်တို့မျိုးဆက်အတွက် ဆုတော်လာဘ်တော်အဖြစ် ရှိနေတဲ့အရာ
😆
လုံမလေးမွန်မွန်
March 31, 2016 at 1:58 pm
အရင်က ဗိုလ်ချုပ်အကြောင်း ပါးစပ်အဟောင်းသားနဲ့ နားထောင်ပြီး မမီခဲ့ရလေခြင်းလို့ ဖြစ်ခဲ့တာ..
ခု အမေစုအကြောင်းကို နောင်လာနောင်သားကလေးတွေကို ပြန်ပြောပြခွင့်ရပြီ…
ခံစားချက်ရှိတယ်ဟ.. ကိုယ်က နိုင်ငံရေးအကြောင်းပြောလိုက်မယ်ကြံရင် ၈၈ ကို ကြုံဖူးလို့လား… စာအုပ်ထဲက စာတွေဖတ်ပြီး ဝင်မပြောနဲ့… ဘာညာဆိုပြီး ပွားခံရတာ.. ၉ဝ မှ မွေးလာတဲ့ ကိုယ့်ကိုကိုယ်တောင် အားငယ်သွားမိတယ်.. ဟိဟိ
Thint Aye Yeik
April 1, 2016 at 1:58 pm
နာကတော့ ၈၈ ကို ကပ်သီးလေး (သီသီလေးမှ တကယ့်သီသီလေး)
မှီလိုက်တယ်။ သို့သော်. . .၈၈ တုန်းက တစ်နှစ်သားပဲ ရှိသေးလို့
ဘာမှ မမှတ်မိလိုက်။
:k:
မြစပဲရိုး
March 31, 2016 at 2:27 pm
အခုချိန်မှာ အာဏာ နဲ့ လုပ်ပိုင်ခွင့် ရသွားပြီဖြစ်တဲ့ တို့များ လေဒီ နဲ့ အစိုးရသစ် ကို အကောင်းပြောတာလဲ ပြောကြတာပေါ့။
အဖား ဘက် ရောက်မသွားအောင်လဲ သတိရှိကြဖို့ လိုမလားဘဲ။
မဟုတ်ရင် တစ်ချို့ အခြေမခိုင်သူများ အောက်ခြေလွတ် ပြုတ်ကျနိုင်သည်။
ထင်တိုင်းမပေါက်ရင်လဲ အလွန်အမင်း စိတ်မပျက်ဖို့။ အပြုသဘော၊ ဖျက်သဘော ဝေဖန်ရေး တွေကိုလဲ သည်းခံဖို့ လိုမယ်။
အစပိုင်း ကာလမှာ အလယ် အလတ် လမ်း က နေပြီး ဝေဖန်ကြ၊ ကြည့်ကြ၊ ပြောကြဖို့ အရေးကြီးတယ် ထင်ရဲ့။
အရေးကြီးတာက တော့ မကူညီချင်နေ မနှောက်ယှက်ဖို့ တော့လိုမယ်။ ကွ ကိုယ် အရင်ဆုံးမ နေရတာ။
ဒီတော့ ပါးစပ်ပိတ်ထားပြီး ကိုယ့်အလုပ်ကို ပြန်အာရုံစိုက်တာက ပိုကောင်းမလားဘဲ။
PS – ဒီအစိုးရ မဟုတ်တာ လုပ်လို့ ကတော့ သူများထက် ပိုပြီး အော်ရမယ်။
မဟုတ် ရင် “ကထူးဆန်း” ရဲ့ မဲ့ ပြုံး ပြုံး နေ မှာ ကို မြင်ရမစိုးလို့။ :-))))))))))))))))))))))) 😉
Thint Aye Yeik
April 1, 2016 at 1:56 pm
အကောင်းပြောစရာတွေက များလွန်းတော့ ဘယ်လိုပြောပြော ဖားပြီး မြှောက်ပြောနေတယ် ထင်စရာရှိပါ့ အရီးရေ
ဒါမယ့် ပြောစရာကလည်း အကောင်းပဲ များနေတော့ ဘယ်လိုလုပ်မလဲ။
ဒါမယ့် အပြစ်ပြောစရာ တွေ့ရင်လည်း ဝေဖန်ရမှာပေါ့။
😆
မြစပဲရိုး
April 1, 2016 at 10:18 pm
“ဖား တယ်” ဆိုတာ ဆက်ဆက် ကို ပြောတာဝုတ်ဘူးလေ။
အရင်က တောက်လျှောက်အပုတ်ချလာတဲ့ လူများ တစ်ချို့ အသံချက်ချင်းပြောင်းတာ ကို ပြောတာပါ။
:-)))
ကထူးဆန်း
April 4, 2016 at 6:22 pm
🙂 🙂
မဲ့ ပြုံ းလေး တော့ ပြုံ းခွင့် ပြု ပါ အရီး ..
မြစပဲရိုး
April 4, 2016 at 10:22 pm
အခုတော့ ခဏလေး အောင့်ထားပေးပါဦး ကထူးဆန်းရယ်။
အဲဒီလို ပြုံးဖို့ အချိန်ရောက်လာရင် ကျွန်မ ကိုယ်တိုင် ကိုယ်ကျလာပြီး ဝန်ချတောင်းပန်ပွဲ လုပ်ပါ့မယ်။
အဲဒီကျ အားပါးတရ ပြုံးပါ။ စတိုင်ကျကျ မဲ့ နိုင်ဖို့ အခုထဲ က မှန်ကြည့်တိုင်း ပြုံး လေ့ကျင့်နေရင်တော့ ရပါတယ်။ 😀
ကျွန်မ ကတော့ Facebok ထဲ ဟိုးအရင်ထက်ပိုပြီး ပွစိတက် လာတဲ့ နိုင်ငံရေးဆရာ့ ဆရာကြီး များကြား မှာ မျက်စိသူငယ် နားသူငယ် ဖြစ်နေပြီမို့ ကိုယ့် အဆင့်ကိုသိပြီး ပါးစပ်ပိတ်ထားတာက ပိုပြီး ကောင်းပါတော့မယ်။
😉
kai
March 31, 2016 at 2:30 pm
အဟမ်း….
ဒီဝက်ဘ်ဆိုက်က .. ဒီခေတ်ပြောင်းကို အဆင့်ဆင့် ကိုင်တိုင်ပါဝင်ကပြ သရုပ်ဆောင်ခဲ့တဲ့သက်သေရှင်ပေါ့..။
ဟုတ်ပါ့.. မင်န်ဘာအားလုံး… ခရက်ဒစ်ရပါတယ်…။
နောင်သမိုင်းတချိန်မှာ.. ပြောကျန်ရစ်နေမှာပါ.. ကျန်ရစ်အောင်လုပ်မှာပါ..။
ဒေါ်စုနဲ့တွေ့ဖြစ်ခဲ့ရင်.. ပြောကိုပြောပြမှာပါ..။ :k:
မြစပဲရိုး
March 31, 2016 at 2:39 pm
မျက်နှာချင်းဆိုင် တွေ့ရင် အဖားမလွန် ဖို့ ကြိုပြီးပြောထားဗျစီ။
ကျွန်မကတော့ သူ့ကို တစ်ခါလောက် လေး ဖက်ထားလိုက်ချင်တာပါဘဲ။ အဲဒါလေးတော့ ပြောပေးနော်။
ဒါပေသည့် ယနေ့မှ စပြီး သူတို့ အတွက် ဘာကိုမှ “မဖာ” တော့ပါကြောင်း။
😉
လုံမလေးမွန်မွန်
March 31, 2016 at 3:05 pm
မဲပေးတဲ့နေ့ကအကြောင်း ပို့စ်ရေးလို့ ရလား တဂျီး…
kai
April 1, 2016 at 2:15 pm
ရေးပေါ့…။
စိတ်ထဲမတော့.. အရီးလတ်လိုပဲ…သဘောထားနေမိပါကြောင်း..။ နည်းနည်းပိုလို့တောင် ဇတ်ကြမ်းတိုက်ချင်ကြောင်း…။
.. ယနေ့ကစ၍ နောက်၅နှစ်တိုင်တိုင်.. ဒေါ်စုအစိုးရ.. တခုခုမှားရင်.. အမြင်မတော်ထင်ရင်.. ထောက်မည်..။ ဝေဖန်မည်ဖြစ်ပါကြောင်း… လို့..။ :k:
ခင်ဇော်
March 31, 2016 at 3:26 pm
တညားတော့ ခုဆို စိတ်အေးလက်အေး ……
မူလ ရည်မှန်းချက် တဂျီးဆိုက် ကို အစားအသောက် ဆိုက် ပြောင်းမယ် ဆိုတဲ့ အကြံကို ဆက်လက်လှုပ်ရှားတော့မယ်။
နိုင်ငံရေး အကြောင်း မီပြောတော့ဘူးး
:mrgreenn:
Thint Aye Yeik
April 5, 2016 at 2:32 pm
ရည်ရွက်ချက် ကြီးမား….ထာဂျာ….
:k:
လုပ်လိုက်လေ.. ကြာသလားလို့…
ဒါမယ့် ရွာကို တောင်ပိုင်းနဲ့ မြောက်ပိုင်းတော့ ခွဲခြမ်းခွင့်ပေးပါ..
အနော်က အနော့်အပိုင်းမှာ ကဗျာရွာ ဖြစ်အောင် လုပ်မယ်…
မမဂျီးက မမဂျီး အပိုင်းမှာ အစားအသောက်ရွာဖြစ်အောင်လုပ်ပေါ့။
တခြားသူတွေအတွက်လည်း… အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ခွဲပေးဖို့ တောင်းဆိုလာရင် ခွဲပေးအုန်းမှနော့….
ဒါမှ ဖက်ဒရယ်ရွာ ပီသမပေါ့… ။
:mrgreenn:
ခင်ဇော်
April 5, 2016 at 2:38 pm
ရပါတယ်။
ရပါတယ်။
ရသလောက် ဆွဲဆောင်ကြတာပေါ့။
ဟိ။
အစိုးရသစ်ရဲ့ သင်္ကြန် အားစမ်းပွဲ အပြီးမှာ
ခင်ဇော် လည်း အားစမ်းဗျဇီ။
:mrgreenn:
kai
April 5, 2016 at 2:55 pm
ကဗျာတွေ..ဆုပေးစနစ်နဲ့လုပ်ရင်တော့ ..ဆုရသူတွေကို.. သတင်းစာမှာပုံနှိပ်ဖေါ်ပြဖို့.. ကြိုးစားမယ်..။
သိပ်အရှည်ကြီးတွေတော့ ဖြစ်လို့မရဖူးပေါ့…။ အကြောင်းရေ ၂ဝလောက်အများဆုံး ကန့်သတ်နိုင်ရင်ကောင်းမယ်..။
ဒါမှမဟုတ်.. ဟိုက္ကုကဗျာလို..
ပြဿနာက.. ဘယ်သူ(တွေ)က ကြီးကြပ်ဆုပေးမလဲ…. ဆိုတာ..။
လုံမလေးမွန်မွန်
April 5, 2016 at 4:46 pm
အကယ်ဒမီပွဲကိုကြည့်ပြီး စဉ်းစားမိတာလား ဘဂျီး
kai
April 5, 2016 at 5:40 pm
ဟုတ်ပါ့..။ ပြဿနာတွေဖြစ်စေတယ်လေ..။
ယူအက်စ်မှာကျ.. အော်စကာပေးတာကို.. ဘယ်သူတွေပေးနေသလဲ မကျေညာဖူး..။
လူထောင်ချီက.. Vote လုပ်ကြတာတဲ့..။
ဒါတောင်.. ဒီနှစ်ဆို.. အမဲတွေရတာနည်းလို့.. ပြဿနာတွေဖြစ်သေး..။
အရင်ကကျော်စွာဦးကြီးမိုက်
March 31, 2016 at 3:28 pm
အားဖြည့်ချင်လို့မလာပြီးထည့်ပေးတာပါ
———————————————
Chan Nyein Moe
1 hr ·
ဒေါ်စု နိုင်ငံပြင်ပမှာပြောတဲ့ မိန့်ခွန်းမှန်သမျှကို
ဘာသာပြန်ပြပီး ဖေ့ဘုတ်ပေါ် တင်ပေးကြသူတွေ
အထဲ အာဘော်အမိဆုံး ဆောင်းပါးရှင်ရဲ့ စာမွန်
=================================
Written by Spring Flowers
ဒီနေ့ အန်တီပြုံးနေပုံက တကယ့်ကို လှိုက်လှိုက်လှဲလှဲဘဲ ။
အဲဒီအပြုံးအတွက် ပေးခဲ့ရတဲ့တန်ဖိုး ဘယ်လောက်များသလဲ တိတိကျကျ မှန်းဆဖို့ ခက်လိုက်တာ ။
အဲဒီအပြုံးထဲမှာ
-၁ဝ နှစ်အရွယ် ကင်မ်ရဲ့ အမေကို လွမ်းလို့ ငိုတဲ့ ညတွေ ဘယ်လောက်များခဲ့မလဲ ။
-မကြာခင်ပြန်လာမယ်လို့ ပြောခဲ့ပြီး လုံးဝပြန်မလာတော့တဲ့အမေအပေါ်
နားမလည်နိုင်ဖြစ်နေတဲ့ ၁၂ အရွယ် အလက်ဇန်းဒါးရဲ့ ကရုဏာဒေါသတွေ ဘယ်လောက်များခဲ့မလဲ ။
-ရာနဲ့ချီရေးပို့ပြီး မရောက်ခဲ့တဲ့ မိုက်ကယ်လ်ရဲ့ စာတွေထဲက အားပေးစကားတွေ ၊ လွမ်းဆွတ်ခြင်းတွေ ဘယ်လောက်များခဲ့မလဲ ။
-အကြိမ်ကြိမ်တောင်းခဲ့တဲ့တွေ့ခွင့်တွေ အကြိမ်ကြိမ်ပယ်ချခံရတဲ့အခါတိုင်း ဖြစ်ခဲ့ရတဲ့ မိုက်ကယ်လ်ရဲ့မချင့်မရဲဖြစ်မှုတွေ ဘယ်လောက်များခဲ့မလဲ ။
-အဖေသေအံ့မူးမူးနေရက်တွေမှာတောင် မလာတဲ့အမေအပေါ် လူမမယ်သားနှစ်ယောက်ရဲ့နားမလည်နိုင်မှုတွေ ဘယ်လောက်များခဲ့မလဲ ။
-ဝေဒနာအလူးအလှိမ့်ခံစားနေရတဲ့အဖေကို ကြည့်နေရတဲ့ မိခင်မဲ့ သားနှစ်ယောက်ရဲ့ ဝမ်းနည်းအားငယ်မှုဟာ ဘယ်လောက်များခဲ့မလဲ ။
သူသိပ်ချစ်ခဲ့တဲ့ဇနီးကိုနောက်ဆုံးအကြိမ်တွေ့သွားချင်တယ်ဆိုတဲ့မိုက်ကယ်လ်ရဲ့ မပြည့်ခဲ့တဲ့ဆန္ဒဟာ ကင်ဆာဝေဒနာကြားမှာ ဘယ်လောက်ကြီးမားခဲ့မလဲ
-လင်ယောက်ျားသေမှာကို ကြိုသိနေတဲ့အန်တီဟာ မျက်နှာကို ဟန်မပျက်ဖုံးဖိရင်း ရင်ထဲက ပူလောင်မှုနဲ့ ဘယ်လောက်လွန်ဆွဲခဲ့ရသလဲ ။
-မိဘမရှိဘဲကျန်ခဲ့မယ့်ဥမမယ် စာမမြောက်သားနှစ်ယောက်အတွက် အန်တီရဲ့ ပူပင်မှုဟာ ဘယ်လာက်ကြီးမားခဲ့မလဲ။
-ထောင်ပေါင်းများစွာသောအကျယ်ချုပ်နေ့ရက်တွေကို ရူးမသွားအောင် ဖြတ်သန်းဖို့လိုအပ်တဲ့ စိတ်ဓါတ်ဆိုတာကရော ဘယ်လိုပါလိမ့်။
-နေပူကျက်ကျက်အောက်က ကားထဲ ၁၃ ရက်လောက်ပိတ်မိတဲ့အခါ ဖြစ်လာတဲ့ကိုယ်ခန္ဓာရဲ့ ပင်ပန်းဆင်းရဲမှုဆိုတာ ဘယ်လိုပါ့လိမ့်။
-ဘာလုပ်လုပ် လိုက်နှောက်ယှက်ခံရတဲ့အခါ
ဖြစ်လာတဲ့စိတ်တိုဒေါသထွက်တာတွေကို ခံနိုင်ဖို့လိုတဲ့ စိတ်ရှည်သီးခံမှုဆိုတာက ဘယ်လိုပါလိမ့် ။
-ကိုယ့်ကိုသတ်ဖို့ကြိုးစားတဲ့သူအပေါ် ဒေါသနဲ့မတုံ့ပြန်မိအောင်လေ့ကျင့်ထားတဲ့စိတ်ဆိုတာ ဘယ်လိုပါ့လိမ့် ။
-၁ရ သမီးရဲ့ ဖြတ်လတ်ပုံဟန်ဆောင်ပြီး မနက်ကနေည အလုပ်လုပ်နေတဲ့ ၇၁ နှစ်အရွယ်တစ်ယောက်ရဲ့ ပင်ပန်းနွမ်းနယ်မှုဟာ ဘယ်လိုပါလိမ့် ။
…….
ဒါတွေကို ဇာတ်နာအာင်ရေးနေတာ မဟုတ်ဘူး ။
ဒါတွေကို စဉ်းစားနားလည်ပေးတာဟာ သူရဲကောင်းကိုးကွယ်မှုလည်း မဟုတ်ဘူး ။
ဒါတွေကို ကိုယ်ချင်းစာကြည့်ဖို့ကြိုးစားတာဟာ ပုဂ္ဂိ္ဂုလ်ရေးကိုးကွယ်မှုလည်း မဟုတ်ဘူး။
”ထူးခြားနေတဲ့စိတ်ဓာတ်တစ်ခုကို လေ့လာကြည့်ရင်း တဖြည်းဖြည်းဖြစ်လာတဲ့ချစ်ခင်ယုံကြည်မှုပါ ”
-ဦးဇောတိက ပြောဖူးတဲ့ ” တကယ်စိတ်ပိုင်းဖြတ်ပြီးလုပ်ရင် လူတစ်ယောက်ရဲ့စွမ်းအားဟာ အဆုံးမရှိဘူး ” ဆိုတဲ့သဘောတရားကို မျက်ဝါးထင်ထင် မြင်ရတာလို့ဘဲ ထင်တယ် ။
အဲဒီသဘောတရားကို ကိုယ့်တိုင်းပြည်က အမျိုးသမီးတစ်ယောက်မှာ မြင်ခွင့်ရနေတယ် ။
မရှိတော့တဲ့သူရဲကောင်းတွေအကြောင်းကို စာဖတ်ရင်းမှန်းဆတွေးတောရတာမျိုးမဟုတ်ဘဲ သူက ကိုယ်တို့နဲ့ခေတ်ပြိုင်သက်ရှိထင်ရှားရှိနေတယ် ၊
ရွေးချယ်မှုတစ်ခုအတွက် ဂုဏ်မဖော်ဘဲ ရေကုန်ရေခမ်းလုပ်ခဲ့တာအပေါ် အံ့ဩမှုလည်း ဖြစ်တယ် …..
ဒေါ်စုကို ချစ်ခင်တယ် ဆိုတာ ကိုယ့်အတွက်တော့ အဲဒါတွေကနေ
တဆင့် ဖြစ်လာတဲ့သဘောကျလေးစားမှုဆိုရင်လည်း မမှားပါဘူး ။
တာဝန်သိပ်ကျေလွန်းပါတယ် အန်တီ ။
မှန်တာပြောရရင် ဒီနေ့ပျော်ရွှင်မှုမှာ ” မဖြစ်နိုင်ဘူးလို့ ထင်ရတာတွေ ဖြစ်လာခဲ့တဲ့အတွက်” အံ့ဩမှုတွေလည်း ပါပါတယ် ။
ပျော်ပေမယ့် ဒီနေ့ဟာ ခရောင်းလမ်းတစ်ခုရဲ့အဆုံးမဟုတ်တာကိုလည်း နားလည်ပါတယ် ။
အန်တီကတော့ မီးဇာကုန်ဆီခန်းတဲ့အထိ အန်တီ့ရဲ့ရွေးချယ်မှုအတွက် ဆက်လုပ်သွားမှာကိုလည်း သိနေပါတယ် ။
သိပ်ချီးမွှမ်းခံရတာကို မကြိုက်တဲ့အန်တီ့ကို စကားလေးတစ်ခုတော့ တိုတိုတုတ်တုတ် ပြောချင်ပါတယ် ။
……………….အရာအားလုံးအတွက် ကျေးဇူးပါ အန်တီ……………..
https://www.facebook.com/nyein.moe
Thint Aye Yeik
April 1, 2016 at 2:01 pm
ထိထိမိမိ ရေးထားတာလေးက ပီပြင်သမို့ စိမ်းထားပေးတယ် ဦးကြီးရေ
အားဖြည့်ပေးလို့ ဇူးဇူးဗျို့
kai
April 1, 2016 at 2:20 pm
Michael Vaillancourt Aris (27 March 1946 – 27 March 1999
မြန်မာပြည်မယ်.. တပ်မတော်နေ့ဆိုပြီး..ချီတက်ပွဲလုပ်တော့.. ဒေါ်စုကိုမဖိတ်တာလားတော့မသိ…။ စစ်သားတွေကြားမယ်.. ဒေါ်စုမတွေ့ရဘူး…။
ဘယ်တွေ့မလဲ.. ဒေါ်စုက..NLD ပါတီထဲ.. တော်လှန်ရေးနေ့အခမ်းအနားလုပ်နေတာကိုး…။
အဲဒီနေ့.. မတ်လ ၂ရရက်နေ့က.. မိုက်ကယ်အဲရစ်.. ဆုံးတာ.. ၁ရနှစ်ပြည့်တဲ့နေ့..။
မြစပဲရိုး
March 31, 2016 at 10:31 pm
အစိုးရသစ် အတွက် ဝေဖန်မှု တွေ ဆက်လုပ်ဖို့ ရွာထဲ ” ကြောင်ကြောင်” အထူး လိုပါတယ်။
စိတ်ကြိုက်သာ ဝေဖန်တော့ကွယ်။ နောက်က မီးထိုးပေးပါ့မယ်။
အမွှီး မီးလောင် ရင်တော့ မသိ။ ကြည့်sရှောင်ပေါ့။ နော။ 😉
Thint Aye Yeik
April 1, 2016 at 2:00 pm
ဝုတ်ဘာဒယ် ဝုတ်ဘာဒယ်
နိုင်ငံရေး ရှေ့ဖြစ်ဟော ပရောဟိတ် ကြောင်ကြီး ရဲ့ ဝေဖန်အကြံပေးမှုတွေလည်း
ရွာထဲ ရှိနေဖို့ လိုပါသေးတယ်
:k:
ကျော်စွာခေါင်
April 2, 2016 at 9:33 pm
”နိုင်ငံသားတစ်ယောက်ဟာ ပြည်ပမှာ ကိုယ့်နိုင်ငံရဲ့အခြေအနေအရ မကောင်းအပြောခံရတယ် . . .အနှိ်မ်ခံရတယ်. . . အထင်သေးတာခံရတယ်ဆိုလို့ရှိရင်
ကိုယ့်နိုင်ငံကိုက မကောင်းလို့လို့ချည်းပဲ
ထိုင် အပြစ်တင်မနေပါနဲ့။
ကိုယ့်နိုင်ငံကြောင့် ကိုယ်အထင်သေးခံရနေတဲ့အစား
ကိုယ့်ကြောင့် ကိုယ့်နိုင်ငံ အထင်သေး မခံရအောင်သာ နေပြလိုက်စမ်းပါ”တဲ့။
အမေ့ ဆုံးမအားပေးစကားတွေက အားအင်အပြည့်ပါ…
သူမလဲ နိုင်ငံခြားမှာ နေခဲ့ဘူးတာမို ့ အထင်သေးခံရခြင်း အတွေ ့အကြုံလဲ ရှိကောင်းရှိနိုင်မှာပါ..
စာတွေ ့စကားထက် ကိုယ်တွေ ့စကားကပိုပြီး အနှစ်သာရ ပြည့်စုံပါတယ်..
အမေနဲ ့နော်ဝေနိုင်ငံကို နိုဗယ်လ် ဆုလာယူတုန်းက တစ်ခါတွေ ့တယ် …နောက် ပြင်သစ်အထိလိုက်သွားရင်း ထပ်တွေ ့တော့…ဦးခေါင်လက်ကို ၁ မိနစ်ကျော်ကျော် ဆုပ်ကိုင်ထားပြီး မျက်လုံးခြင်းဆုံပြီး အမေမှာတယ်..
သား အခုလုပ်နေတဲ့ အလုပ်တွေကို မနားဘဲ ဆက်လုပ်ပါနော်…..တဲ့..။
တပည့်မရှား တစ်ပြားမရှိတဲ ့ပန်းချီဆရာဟာ…
အဲ့ဒီ အားပေးစကားတွေကြောင့် ပန်းချီကလပ်တခုလုံး မြန်မာနိုင်ငံသားကို အထင်မသေးရဲအောင်
သိမ်းပိုက်ပစ်ခဲ့တာပေါ့……။
အမေ့စကားက တန်ဘိုးကြီးပြီး အားအင်ပြည့်စေတယ်..။
Thint Aye Yeik
April 3, 2016 at 3:15 pm
ဦးခေါင်ရည်
ထူးထူးခြားခြား ရွာထဲမှာ ပြန်တွေ့ရပြီ။
.ပျော်လိုက်တာ။
ဦးခေါင် ပြောပြတဲ့ အမေစုရဲ့ အားပေးစကားအကြောင်း ကြားရတာလည်း ကြက်သီးတောင် ထမိတယ်
အဲ့လို ပညာ ဉာဏ်ရည်ပြည့်ဝပြီး ဂုဏ်ရှိန်တင့်တဲ့ လူထုခေါင်းဆောင်တစ်ယောက်ရဲ့
လက်ဆွဲနှုတ်ဆက် အားပေးစကား အပြောခံဖူးချင်လိုက်တာာာ
ဝင့်ပြုံးမြင့်
April 7, 2016 at 2:59 am
ဟေး ကိုခေါင် ပြန်ဝင်လာတယ်
အောင် မိုးသူ
April 4, 2016 at 12:56 pm
အသက်ရာကျော်ထိ ကျန်းမာစွာရှိနေပါစေ
Thint Aye Yeik
April 5, 2016 at 3:28 pm
kai says:
ကဗျာတွေ..ဆုပေးစနစ်နဲ့လုပ်ရင်တော့ ..ဆုရသူတွေကို.. သတင်းစာမှာပုံနှိပ်ဖေါ်ပြဖို့.. ကြိုးစားမယ်..။
သိပ်အရှည်ကြီးတွေတော့ ဖြစ်လို့မရဖူးပေါ့…။ အကြောင်းရေ ၂ဝလောက်အများဆုံး ကန့်သတ်နိုင်ရင်ကောင်းမယ်..။
ဒါမှမဟုတ်.. ဟိုက္ကုကဗျာလို..
“Haiku” is a traditional form of Japanese poetry. Haiku poems consist of 3 lines. The first and last lines of a Haiku have 5 syllables and the middle line has 7 syllables. The lines rarely rhyme
ပြဿနာက.. ဘယ်သူ(တွေ)က ကြီးကြပ်ဆုပေးမလဲ…. ဆိုတာ..။
——————————————————————
ကျနော် ငါးကိုယ် ခွဲနိုင်တဲ့တစ်နေ့….
ငါးကိုယ်ခွဲ=တစ်ဖွဲ့ ဖွဲ့ပစ်လိုက်မယ်…
အခုကတော့…. ဟပ်ချိ ု းးးးးးးးး
😆
Wow
April 6, 2016 at 11:49 am
ကိုယ့်သက်တန်းမှာတော့ ဒီမိုကရေစီခေတ်မြင်ရတော့ပါမလားလို့ အမေစုကျေးကြာင့် လူဖြစ်ကျိုးနပ် ဂုဏ်ယူတယ်
ဝင့်ပြုံးမြင့်
April 7, 2016 at 2:57 am
”ကိုယ့်အိမ်က အသက်ငါးဆယ်ကျော် အမေကိုတော့ အေးအေးသက်သာ နေစေချင်တယ်။ အသက် ၇ဝ ကျော်နေတဲ့အမေအိုကြီးကိုကျတော့ မြန်မာပြည်တိုးတက်ရေးအတွက် လုပ်ပေးပါအုန်းလို့ တောင်းဆိုချင်တယ်. . . ” တဲ့။
မွန်မွန် အဲစကားပြောတာ မှတ်မှတ်ရရ ရှိနေခဲ့တယ်။