ဒါလေးတွေ ပြောချင်လို့ (၁)
.ပြီးခဲ့တဲ့လ(ဧပြီ/၂၀၁၆)ကမှ အသစ်ထွက်ထားတဲ့ စာအုပ် တစ်အုပ်ကို
ဖတ်မိပါတယ်။
အဲဒီစာအုပ်ကို ဖတ်ရင်း… ဆင့်ပွါးပြောချင်လာတာလေးတွေ ရှိလို့… ဒီပိုစ့်ကို ရေးပါမယ်။ ပိုစ့်က အပိုင်းတွေ အဆက်တွေနဲ့ ဖြစ်သွားနိုင်ပါတယ်။
ဒါပေမဲ့… ပိုစ့်တစ်ပုဒ်နဲ့တစ်ပုဒ် အချိတ်အဆက် မိစရာ သိပ်မလိုတဲ့အတွက်…
အဆက်မပြတ် လိုက်မဖတ်နိုင်သူတွေအတွက်လည်း အကြောင်းတိုက်ဆိုင်ရာ ပိုစ့်ကို ဖတ်မိရုံနဲ့… တစ်စုံတစ်ခု တွေးစရာ ရသွားရင် ကျေနပ်ပါပြီလို့…။
စာအုပ်ကတော့ သုတစာပေအမျိုးအစားဖြစ်ပြီး ဘဝဒဿ န/အဆိုအမိန့်တွေကို ကျစ်ကျစ်လျစ်လျစ် စုစည်းတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။
လက်ရှိကမ္ဘာမှာ ထင်ရှားကျော်ကြားတဲ့ ခေါင်းဆောင်များ ပြောဆိုရေးသားခဲ့တဲ့ အဆိုအမိန့်များမို့…. ကျနော့်ထက် အသက်အရွယ်/ဉာဏ်ပညာ ကြီးမားပြီး အတွေ့အကြုံရင့်ကျက် ခိုင်ကျည်နေတဲ့ လူကြီးသူမတွေဖတ်ဖို့လို့…မရည်ရွယ်ပါဘူး။
ကျနော်ကိုယ်တိုင်အတွက်ရယ်….
ကျနော့်လိုပဲ…ဘဝအကြောင်း တွေးခေါ်စဉ်းစားပြီး…
တတ်စွမ်းသလောက် လေ့လာစရာ လိုနေသေးတယ်လို့…ယူဆရတဲ့
ညီငယ် ညီမငယ် စာဖတ်သူများအတွက်ရယ်…ဆိုပါတော့…
ကျနော်လည်း ကိုယ့်ကိုယ်ကို ရေလောင်းပေါင်းသင်တဲ့အနေနဲ့… ပြန် Share ခြင်း ဖြစ်ပါတယ်။
ဒီရွာထဲက ကျနော့်သမိုင်းထဲမှာ… ဒီပိုစ့်တွေလည်း မှတ်တမ်းကျန်ရစ်ခဲ့စေလို….
စာအုပ်အမည်က …
”အကြီးကျယ်ဆုံးခေါင်းဆောင်တို့၏ အကျော်ကြားဆုံး အဆိုအမိန့်များ” ဖြစ်ပါတယ်။
စုစည်းတင်ပြ ဘာသာပြန်ပေးသူကတော့… ဆရာ ဝေဇင်ဦး ဖြစ်ပြီး…
စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်ဝေ ဖြန့်ချိခဲ့ပါတယ်။
အတတ်နိုင်ဆုံး ကျစ်လျစ်အောင် စုစည်းတင်ပြထားတဲ့ စာအုပ်ထဲက အဆိုအမိန့်များနဲ့… မိတ်ဆက်ပေးပါရစေ။
===============
၁။ ကြီးမြတ်သူတွေအတွက်…ပေးဆပ်ရတဲ့အဖိုးအခက…
တာဝန်ယူရခြင်းပဲ ဖြစ်ပါတယ်တဲ့။
တာဝန်တွေကို တနေ့တခြား ပိုယူနိုင်လာတာနဲ့တပြိုက်နက်တည်းမှာပဲ… ကျနော်တို့ဟာ နဂိုတုန်းကထက် ပိုမိုကြီးထွားလာတယ်လို့ ခံစားရပါတယ်။
တခါတရံမှာ တာဝန်တွေပိပြီး စိတ်ထွက်ပေါက် ရှာတတ်ပေမဲ့ တာဝန်ယူမှုတစ်ခုခု မရှိရင်… ဘဝဟာ အဓိပ္ပာယ်မရှိ ရှင်သန်နေတာပဲလို့တောင်… တွေးမိပါတယ်။
အနည်းဆုံးတော့… လူသားတစ်ယောက် ဖြစ်ခဲ့ပြီ။
လူသား တာဝန် ကျေခဲ့သင့်ပြီ။
===========================
၂။ ဘဝမှာ အရေးအကြီးဆုံး သင်ခန်းစာဟာ အနုံညာတတွေသည်ပင်လျှင် တစ်ခါတစ်ရံမှာ မှန်တတ်တယ်ဆိုတာပါပဲ တဲ့။
သူပြောတဲ့ …အသေးအဖွဲကလေးတွေကိုတောင် သတိထားသင်ခန်းစာယူရမယ်ဆိုတဲ့ သင်ခန်းစာအပြင်….
ကျနော့်မှာလည် သင်ခန်းစာတစ်ခု ရှိပါတယ်။
ကိုယ်က အနုံညာတတစ်ယောက်ဘဝနဲ့ အမှန်တရားကို ဆုပ်ကိုင်ပြတဲ့အခါ…
ကိုယ့်ကို အထင်ကရတွေက အသိအမှတ်မပြုတာမျိုး… မခံစားနိုင်အောင် ဖြစ်ဖူးတယ်ဆိုပါစို့…။
.ကောင်းပြီ။ ကိုယ်က အထင်ကရတစ်ယောက် ဖြစ်လာပြီဆိုတဲ့အချိန်ကျရင်…
အနုံညာတ(သုည)တွေရဲ့ အမှန်တရားဟာ..အမှန်တရားဖြစ်တယ်ဆိုရင်..အသိအမှတ်ပြုပေးဖို့…
===========================
၃။ အရာရာကို တတ်သိနားလည်ဖို့ အသင့်ရှိပေမဲ့…သင်ကြားပေးခံရတာကိုတော့ အမြဲတမ်းနှစ်သက်လိုလားမနေဘူး တဲ့။
တတ်သိနားလည်ဖို့..ရင်ဘက်နဲ့ ဉာဏ်မျက်စိကို ဖွင့်ထားလေ့ရှိတဲ့ သူတစ်ယောက်ဟာ တဖြည်းဖြည်းနဲ့…
သင်ကြားပေးခံရသူအဖြစ်ကနေ…
သင်ကြားပေးသူအဖြစ်ကို ရောက်သွားမှာ မလွဲပါပဲ။
ဗမာတွေရဲ့ ဘာသာရေးနွယ်တဲ့အယူအဆအရတော့….
ဆိုဆုံးမ,ရလွယ်သူ…သင်ကြားနာခံလွယ်သူ ဖြစ်အောင်နေရမယ်…တဲ့။
(လောကနီတိထဲမှာကိုက… ပါနေတာ။)
ကျနော်ထင်တာတော့… ဗမာတော်တော်များများဟာ …
ပညာမာန မရှိပဲ…အဲဒီအစားတလွဲမာနတွေ ထားနေသလားလို့…။
==========================
၄။ ကမ္ဘာတဝန်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေနဲ့ နိုင်ငံတွေကတော့ ခြင်္သေ့ပမာ ရဲရင့်ကြပေမဲ့… သူတို့ကိုယ်စား ဟိန်းဟောက်ခွင့် ရခြင်းကတော့…ကျုပ်ရဲ့ ကံကြမ္မာကောင်းပါပဲတဲ့။
.ဒီလူကြီးရဲ့ ကိုယ်ရည်သွေးမှုကို ကြည့်ပြီး အားကျလိုက်တာ။ ဆိုတော့…ခြင်္သေ့လိုကျင့်ပေမဲ့…အားရပါးရ ဟိန်းဟောက်ခွင့်ရဖို့တော့..ကံကြမ္မာကောင်းနဲ့ ကြုံဖို့ လိုအုန်းမယ်။
.နေစမ်းပါအုန်း… ကံကြမ္မာကောင်းကို ကျုပ်တို့လည်း ကိုယ့်ဘာသာ ကောင်းတဲ့အလုပ်နဲ့ လုပ်ယူလို့… မရဘူးလို့တော့…ဘယ် ပြောနိုင်မလဲ ချာချီကိုကိုရယ်…။
================================
၅။ သူ့မှာ ကျုပ်မကြိုက်တဲ့ အားသာချက်တွေ အများကြီး ရှိပေမဲ့ ကျုပ်ကြိုက်တဲ့ အားနည်းချက်တော့ တစ်ခုမှ မရှိဘူး ဆိုပါလား။
ဒီလူကြီးဟာ …သူတပါးရဲ့ အားသာချက်တွေကိုတောင်(သူ့အနေနဲ့) အားမရဘဲ သူများထက်ပို အားသာချင်သူ။ ဒါ့အပြင်… အားနည်းချက်တွေ ရှိနေမှာကို သဘောမကျသူ ဆိုပါစို့။
(ကျနော်ကတော့ ကျနော့် တနိုင်တပိုင်အတွေးအခေါ်နဲ့….)
”သူတပါးရဲ့ အားနည်းချက်ဟာ ကိုယ့်ရဲ့ အားသာချက် ဖြစ်နေရမယ်”ဆိုပြီး…
ကြိုးစား အားထုတ်ချင်စိတ်တွေ ပေါက်လာရပါတယ်။
===========================
၆။ စကားလုံးတွေ မျိုချရလို့ အစာမကြေတာမျိုး… ကျုပ် တစ်ခါမှ မဖြစ်ဖူးဘူးတဲ့။
ဟိုက်ရှားဘား…လို့တောင် ထအော်မိတယ်။
ကျနော်ကိုယ်တိုင်တောင် ဟိုတုန်းက…စကားလုံးတွေကို မျိုချပြီး.. အစာမကြေတာတွေ ဘာတွေ ဖြစ်ဖူးတာကိုး။
တချို့ဆို… စကားလုံးတွေကို မျိုချပြီး.. အစာမကြေရုံတင်မက…ရင်ပြည့်ရင်ကယ်တွေဖြစ်….
ခံနိုင်ရည် ပိုလို့ မရှိရှာသူတွေဆို…စကားလုံးတွေကြောင့်ပဲ…ဝမ်းလျှောဝမ်းပျက်တွေပါ..ဖြစ်ကုန်တာ မြင်ဖူးတယ်။
အခုတော့ …ရှင်းသွားပြီ….။ ကိုယ့်ကို ထိခိုက်နစ်နာစေမယ့် စကားလုံးတချို့ကို… စားစရာ..မျိုချပစ်စရာလို့ကို… ယူဆစရာမလိုဘူး။
ကိုယ့်အတွက် ကောင်းရာကောင်းကျိုး စကားလုံးတွေကိုတော့… ကြေညက်နေအောင် ဝါးစားပစ်ရမယ်။
စားသုံးရန်မသင့်ဆိုတဲ့ စကားလုံးတွေနဲ့… အာဟာရဖြစ်ရန် စားသုံးပါ…ဆိုတဲ့ စကားလုံးတွေကို ခွဲခြားတတ်တဲ့ ဉာဏ်ပညာတော့ လိုမယ်။
============================
၇။ သတ္တိဆိုတာ မရှိရင်တော့ တခြားအားလုံးသော အားချက်တွေဟာ အဓိပ္ပာယ်မဲ့ ဖြစ်ကုန်မှာပေါ့ ဆိုပဲ။
ကျနော်ဆိုတဲ့ ချာတိတ်က အရင်ကဆိုရင်…”သတိ္တတော့ ရှိပါတယ်။ ထုတ်မသုံးရဲဘူး…”ဆိုတဲ့ စိတ်နဲ့…တွန့်ဆုတ်ခဲ့ဖူးတာ။
အခုကစပြီး… ကိုယ့်သတ္တိ ထုတ်ဖို့ ခက်ခဲတဲ့အချိန်မှာတောင်…သူများဆီက သတ္တိငှားပြီး ရှိပစ်လိုက်မယ်။
အဲ..အဲ…သတ္တိဆိုတာ..အရှိန်လွန်သုံးမိရင်လည်း မိုက်ရူးရဲ ဖြစ်တတ်တယ်…ဆိုတော့…သတ္တိအတွက် အသိဉာဏ်ပညာကို ဘရိတ်အဖြစ်…သို့မဟုတ် ရီမုဒ်ကွန်ထရိုးအဖြစ် သုံးရမယ်။
============================
၈။ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးအရှိဆုံး ရင်းနှီးမြှုပ်နှံမှုဟာ…ကလေးတွေကို နို့ဝဝလင်လင် တိုက်ကျွေးခြင်းပါပဲ တဲ့ဗျား။
အဲဒါလေး ဖတ်ပြီး…ကျနော့်ကိုယ် ကျနော်ရော…ကျနော့်ဘေးပတ်ဝန်းကျင်က အောက်ခြေလူတန်းစား ကလေးတွေကိုပါ… ဝေ့ကြည့်လိုက်တာ….
ဟာဗျာ…….
ကျနော်တို့ဟာ…အာာဟာရဆိုတဲ့နို့ရည်တင် ဝဝလင်လင် မသောက်ခဲ့ရတာမဟုတ်။ ပညာဆိုတဲ့နို့လည်း အာသာမပြေခဲ့ဘူး။
.လာမယ့်အနာဂတ်မှာတော့…
ကျနော်တို့ရဲ့မိခင်နိုင်ငံကြီး..
ကိုယ်ခံအားကောင်းပါစေ…။ နို့ထွက်ကောင်းပါစေ။
===============================
၉။ ရှေ့ကို အဝေးကြီး မျှော်ကြည့်ခြင်းဟာ အမှားတစ်ခုဖြစ်ပါတယ်။ ကံကြမ္မာဆိုတာ တစ်ကြိမ်တစ်ခါမှာ ဆက်ထုံးတစ်ခုကိုသာ ဖြေရှင်းနိုင်ပါတယ်တဲ့။
အနာဂတ်ရဲ့ မရေရာမသေချာနိုင်မှုတွေကို မျှော်လင့်နေမယ့်အစား အခုလက်ရှိကာလမှာ ရင်ဆိုင်ရတာတွေကိုပဲ… အမိအရဖမ်းယူ ဆုပ်ကိုင်ပြီး ဖြေရှင်းကျော်လွှားဖို့ တိုက်တွန်းတာပေါ့လေ။
.ကောင်းပါတယ်။ ဒီနေ့ ဖြည်လိုက်နိုင်တဲ့ဆက်ထုံးကို ကြည့်ပြီး…မနက်ဖြန်မှာလာမယ့် ကံကြမ္မာဆက်ထုံးကို ဆက်ဖြည်ဖို့ အားမွေးယူသွားရင်းနဲ့ပဲ…. အနာဂတ်ကို ဒီနေ့နဲ့ ချိတ်ဆက်သွားရမှာပေါ့။
=========================
အခြား ခေါင်းဆောင်တွေရဲ့ အဆိုအမိန့်တွေဆီကို ဆက်လက်ချီတက်ကြည့်ပါအုန်းမယ်။
ချစ်ခင်လေးစားလျက်….
သင့်အေးရိပ်
(၂၀၁၆/မေလ ၂၅)
15 comments
ခင်ဇော်
May 25, 2016 at 5:18 pm
ဖတ်ပြီးး စာအုပ် ပိတ်လိုက်တာနဲ့
ခေါင်းထဲ ဘာမှ မကျန်တဲ့ မမဂျီးးလို အမျိုးအစားနဲ့စာရင်
ဆက်ဆက် က လူငယ် သလောက် တော်တယ်..
အဖိုးတန် ပါတယ်..
နောင် တချိန် ပြန်ကြည့်ကြည့်လို့ အမြင်တစ်မျိုးပြောင်းရင်လည်းး မှတ်တမ်းး နောက်တစ်ခုပါပဲ
??????
Thint Aye Yeik
May 25, 2016 at 5:39 pm
ဟုတ်။ ဒီအချိန် ဖတ်မိပြီး…ဒီအချိန်တွေးမိတဲ့အတွေးလေးတွေနဲ့…ဖတ်ဖူးတဲ့ အဆိုအမိန့်တွေကို တွဲချိတ်ထားလိုက်တာ…။ နောင်တချိန် ပြန်ဖတ်ရင်… အတွေးက ပြောင်းချင် ပြောင်းသွားမှာ။
ဒါနဲ့…နောင်တချိန်မှာ…ဒီပိုစ့်ထဲက…ပုံတွေ ရှိဖို့ မသေချာလို့…
ပုံထဲက စာသားကိုပါ…ချ ရေးထားလိုက်တယ်လေ။
:k:
ဂျစ်စူ
May 25, 2016 at 11:26 pm
အင်း
အွီးဆက် ပြောမှ နို့ဆာလာတယ်
ပတ်ဝန်းကျင်ကို အကျိုးမပြုနိုင်သေးတာ
ငယ်ငယ်က နို့ မသောက်ရပဲ မုန့်တွေပဲ စွတ်စားခဲ့မိလို့လား
ဘာလား
Thint Aye Yeik
May 26, 2016 at 5:23 pm
အခုနေ နို့မှုန့်တွေ ဖျော်သောက်ရင်ကောာာ
kai
June 10, 2016 at 2:49 pm
မြန်မာတွေငယ်စဉ်ကလေးဘဝမှာ.. အသားမစားရ..။ ငါးမစားရ.. ။ သက်သတ်လွတ်…၊ သီလစောင့်ခိုင်း.. ဘာညာတွေက… တော်တော်ဆိုးတဲ့အတွေးအခေါ်တွေပါ..။ အဟာရနဲ့ဗီတာမင်တွေကို အဲဒီအရွယ်လေးမှာ.. တွန်းပြီးကျွေးရ..စားရတာဖြစ်ပါတယ်..။
လူ့ဦးနှောက်ဟာ.. မွေးစကနေ.. ၅နှစ်သားလောက်အထိ အဖွံ့ဖြိုးဆုံးဖြစ်ပြီး.. လူကြီးတယောက်အရွယ်ရဲ့ ၈၀%လောက်ကို အဲဒီအချိန်လေးမှာရယူရတာပါ..။
ဆိုတော့…
အဲဒီအသက်ကျော်သွားရင်.. ပြန်မရ..( အစားပြန်မရ)
((သားသမီးရှိသူများ.. အထူး(အထူး) သတိထားကြစေလို..။ ))
ဆိုလိုချင်တာက.. ဒီလိုဝန်းကျင်မှာမွေးဖွားကြီးပျင်းလာရတဲ့.. .(သက်သက်ညှာညှာပြောရရင်) မြန်မာတွေ အများစုဦးနှောက်က.. ကမ္ဘာတန်းမှီဖို့ အင်မတန်ခက်သွားတာဖြစ်ပါတယ်…။
မျိုးဆက်တခုစာ အခုက(အခုက) အပြင်းအထန်စလုပ်မှ.. သူတို့တွေအရွယ်ရောက်မယ့်.. နောင်.. အနှစ်၃၀-၄ဝ မှာ တိုင်းပြည်ဟာ စံချိန်မှီသူများနဲ့ရှိနေမှာပါ…။
ကျန်တာဆက်တွေးကြည့်ကြပေါ့..။ :k:
မြစပဲရိုး
May 26, 2016 at 4:49 am
ကိုအောင်ဆန်း ကို အင်မတန်မုန်းတဲ့ ၊ လူသားချင်း အသားအရောင်ခွဲခြားဆက်ဆံခဲ့တဲ့၊ စစ် ကို ခုံမင်တဲ့၊ အာဏာရှင်ဆန်ဆန် အစွန်းထွက် လူကြီးပေါ့။
သူသာ ဝန်ကြီးချုပ် ဆက်ဖြစ်နေရင် မြန်မာပြည် လွတ်လပ်ရေး အတွက် ခက်ခဲ့နိုင်တာ။
ချာချဲလ် လို့ အသံထွက်တယ် ထင်မိရဲ့။
သို့ပေမဲ့ ချာချီ ဆိုလဲ ချာချီပေါ့။ ပြသနာတော့ မဟုတ်ပါဘူးလေ။ 😉
Thint Aye Yeik
May 26, 2016 at 5:22 pm
သူ့အကြောင်း ကျနော် သိပ်မသိဘူး အရီး
😆
အရင်ကကျော်စွာဦးကြီးမိုက်
May 26, 2016 at 10:09 am
.ဘာကြောင့်မှန်းတော့မသိ…အဆိုအမိန့်တွေကို ငယ်ငယ်ကသဘောကျပေမဲ့…
.ခုတော့သဘောမကျချင်တော့ဘူးဗျ….ကိုယ့်အတွေး၊ ကိုယ့်အဆိုအမိန့်နဲ့ပဲနေတော့တယ်…
.တချို့အဆိုအမိန့်ထုတ်သူတွေဟာ ကိုယ်တိုင်တော့အဆိုအမိန့်အတိုင်းမလုပ်တာတွေ့ဖူးလို့ပါ.. :))
Thint Aye Yeik
May 26, 2016 at 11:31 am
ဦးမိုက် ပြောတဲ့စကားလေးက မှတ်သားစရာ။
ကျနော်လည်း ဒီစာအုပ်ထဲက တချို့အဆိုအမိန့်တွေကို ငဘောမတူ။ ကန့်လန့်တိုက် တွေးမိတာတောင် ရှိပါ့။
ဒါကြောင့် ကောင်းမယ်ထင်တာလေးတွေကိုပဲ ရွေးပြီး Share လိုက်တာ။
😆
kai
May 28, 2016 at 11:21 pm
ဟုတ်ပါ့..
အဆိုကတော့…အိုကေ..
အမိန့်တော့မလိုချင်..
Thint Aye Yeik
May 31, 2016 at 7:41 am
အမိန့်တွေ သဘောမကျချင်တဲ့သူကိုမှ လက်ဆောင်ပေးမိတဲ့စာအုပ်က. . .
:k:
ဆိုတော့ အမိန့်တွေကို ဖယ်ပြီး. . .အဆိုတွေကို ဆယ် ယူပေါ့နော
ယူမယ်ဆို ရတာပဲဟုတ် ?
uncle gyi
June 3, 2016 at 4:39 pm
ပညာမာန မရှိပဲ…အဲဒီအစားတလွဲမာနတွေ ထားနေသလားလို့…။
အမှန်ပဲ
Thint Aye Yeik
June 3, 2016 at 5:41 pm
ဝင်ဖတ်ပေးသွားတဲ့အတွက် ကျေးဇူးပါ အန်ကယ်ကြီး
အောင် မိုးသူ
June 10, 2016 at 10:32 am
အဲ့စာအုပ်လေး လက်ဆောင်ပေးပါ။ ဟိဟိ
Thint Aye Yeik
June 10, 2016 at 11:16 am
ဟိဟိ
အဲ့စာအုပ်က ဘုကို လက်ဆောင် ပေးလိုက်တယ် ထင်လို့တုန်း
အမေဒီးကားကနေ လာတဲ့ ချာတိတ်ကြီးတယောက်ကို ပေးလိုက်ပြီ။
လိုချင်ရင် သယ်ရင်းရဲ့မွေးနေ့ကျရင် မွေးနေ့လက်ဆောင်အဖြစ် အဲ့စာအုပ် ထပ်ဝယ်ပေးမယ်။
:k: